Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၂၄)

ဆိုင်ထဲကနေချက်ချင်းဆိုသလို ကားသော့ကို ဆွဲယူကာ အိမ်သို့ တန်းပြန်လာခဲ့လိုက်သည်။ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့ပြီး အိမ်ထဲလှမ်းဝင်လိုက်တော့ ဆိုဖာပေါ်တွင် သောကမျက်နှာနှင့် ထိုင်နေသည့် မိခင်ဖြစ်သူ ဒေါ်ခင်မာလာနှင့် အရင်ဆုံး ထိပ်တိုက်တွေ့လေသည်။

"သား... ပြန်လာပြီလား"

ခမ်းနား ပျက်ယွင်းနေသည့် မျက်နှာပေးကို အတတ်နိုင်ဆုံး ပြန်ပြင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ကာ—

"ဟုတ်တယ် မေမေ။ ကလေးရော... ငိုနေသေးလား"

ဒေါ်ခင်မာလာက သက်ပြင်းအရှည်ကြီးတစ်ချက် ချရင်း ခေါင်းခါပြရှာသည်။

"ငိုရတာ မောလို့ ထင်ပါရဲ့၊ အိပ်ပျော်သွားပြီ။ မေမေ နေ့ခင်းကျရင် နာမည်ကြီးဆရာမတစ်ယောက်ဆီ သတိုးလေးနဲ့ ပတ်သက်ပြီး ဗေဒင်သွားမေးမလို့ သားရဲ့"

မေမေ့ကို နားမလည်နိုင်သလို ကြည့်လိုက်ရင်း ခမ်းနားက မျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်ကာ—

"ဒီခေတ်ကြီးထဲမှာ ဒါတွေကို မေမေ ယုံကြည်နေသေးတာပဲလား"

"မယုံလို့ မရဘူး သားရဲ့။ ညက မေမေအိမ်မက်ထဲမှာ မေမေတို့အရွယ် အမျိုးသမီးတစ်ယောက် ငိုနေတာကို မြင်ရသလို၊ စနိုး ငိုနေတာကိုလည်း တွေ့တယ်။ ပြီးတော့ စနိုးက မေမေတို့ကို လက်အုပ်ချီပြီး တောင်းပန်နေတဲ့ ပုံစံမျိုးကြီးမို့လို့ သားရဲ့... စိတ်ထဲ တနုံ့နုံ့နဲ့ မကောင်းလွန်းလို့ပါ"

မေမေ့စကားကြောင့် ခမ်းနား အံကို တင်းတင်းကြိတ်လိုက်မိသည်။ ရင်ထဲက သက်ပြင်းအပူကို ခပ်ဖွဖွချလိုက်ရင်း—

"မေမေ အဆင်ပြေသလိုသာ လုပ်ပါ၊ ကျွန်တော် အပေါ်ထပ်မှာ လုပ်စရာလေးရှိလို့ သွားဦးမယ်"

ပြောပြောဆိုဆိုနှင့် ထရပ်လိုက်သော သားဖြစ်သူ၏ ကျောပြင်ကို ကြည့်ပြီး ဒေါ်ခင်မာလာ စိတ်မကောင်းစွာ သက်ပြင်းချမိပြန်သည်။

'ငါ့သားလေးကို အင်္ဂလန်သာ မလွှတ်ခဲ့ရင် ဒီလိုတွေ ဖြစ်ပါ့မလား...။ အဖေကရော ဘယ်လိုတွေများ နောက်ကွယ်က စီစဉ်ခဲ့လို့ ခမ်းနားတစ်ယောက် စနိုးကို လက်ထပ်ခဲ့ရပါလိမ့်...'

မိခင်ဖြစ်သူတစ်ယောက် သံသယစိတ်တို့ဖြင့် ကျန်ရစ်ခဲ့စဉ်...။

🍀🍀🍀🍀

အခန်းထဲတွင် စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် အဆက်မပြတ် ထုတ်သောက်နေရင်း တစ်နာရီနီးပါးခန့် မျက်မှောင်ကုတ်ကာ စဉ်းစားနေမိသည်။ စက်ရုံနှုတ်ဆက်ပွဲညက သူ တစ်ခွက်တည်းသာ သောက်ခဲ့ရုံနှင့် လူမှန်းသူမှန်းမသိအောင် မူးပြဲသွားခဲ့သည်တဲ့လား...။ မဖြစ်နိုင်တာ။

အတွေးတို့က လွန်ခဲ့သော တစ်နှစ်ကျော် အတိတ်ဆီသို့ တရွေ့ရွေ့ ပြန်လည်လွင့်မျောသွားတော့သည်။...

🕣🕣

"မြေး... ခမ်းနား။ ဘိုးဘိုးကြီး ဒီည ပွဲကို မလိုက်နိုင်တော့ဘူးကွယ်။ ဝန်ထမ်းတွေအတွက် လိုအပ်တာမှန်သမျှကို မြေးကပဲ သေချာကြည့်ပြီး အစီအစဉ်ဆွဲပေးလိုက်ပါဦး"

ခမ်းနား အင်္ကျီကြယ်သီးကို တပ်နေရင်း ဘိုးဘိုးကြီးကို လှမ်းကြည့်ကာ—

"ဟုတ်ကဲ့ ဘိုးဘိုးကြီး။ ကျွန်တော် အကုန်အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်။ ဘိုးဘိုးကြီး နေမကောင်းဘူးဆိုရင် ကျွန်တော်တို့ Family Doctor ဂျက်ဆင်ကို ခေါ်လိုက်ရမလား"

ဦးဧရာကျော်က ခေါင်းခါပြရင်း—

"ရတယ် မြေး... အသက်အရွယ်အရ အနားယူချင်တာပါကွယ်။ ကျန်တာတော့ ထွေထွေထူးထူး မရှိပါဘူး။ စက်ရုံက ကိစ္စမှန်သမျှကတော့ မြေးကို လွှဲထားလို့ရပြီဆိုတော့ ဘိုးဘိုး စိတ်ချရပါပြီ။ မြန်မာပြည်က ရုံးခွဲတွေအတွက်ကလည်း စိတ်ချရတဲ့ မောင်ထက်လူ ရှိနေတော့ အဆင်ပြေပါတယ်"

"ဟုတ်ကဲ့"

ဘိုးဘိုးကြီးနှုတ်ဖျားက 'မြန်မာပြည်' ဆိုသည့် စကားလုံး ထွက်လာသည်နှင့်... သူ ကတိတွေ အထပ်ထပ်ပေးပြီး ပစ်ထားခဲ့မိသည့် ယမုံ့မျက်နှာလေးက ရုတ်တရက် အစားထိုး ဝင်ရောက်လာကာ မျက်ဝန်းတို့တွင် ဆွေးရိပ်သန်းသွားရသည်။ ၅ နှစ်ကျော်... ၅ နှစ်ကျော်တိုင်တိုင် သူမထံ သူ အဆက်အသွယ် မလုပ်ဖြစ်ခဲ့။ သူမကရော သူ့ကို စိတ်နာကျည်းနေလောက်ပြီလား...။ ဒါမှမဟုတ် ၅ နှစ်ဆိုသည့် အချိန်ကာလအတွင်း အသစ်တစ်ယောက်တောင် တွေ့နေလောက်ပြီလား...။

ရင်ထဲ ဆစ်ခနဲ နာကျင်သွားရကာ အသက်ရှူရ ကြပ်တည်းလာသည်။ ဒီနေ့ဒီအချိန်ထိ နှလုံးသားထဲတွင် 'မြတ်လေးယမုံ' ဆိုသည့် မိန်းကလေးတစ်ယောက်တည်းကိုသာ အမြတ်နိုးဆုံး ချစ်ခဲ့ပေမယ့်... ဘာ့ကြောင့် ဦးနှောက်က ဒီအချစ်ရေးကို ဦးစားပေးဖို့ လက်မခံခဲ့ရတာလဲ။ ဒီထက်မက ပိုမိုအောင်မြင်ဖို့အတွက် အချစ်ကို ခေတ္တဘေးဖယ်ထားချင်ခဲ့သည့် မိမိကိုယ်ကိုယ်သာ အပြစ်တင်ချင်တော့သည်။

"ခမ်းနား..."

"..."

"ခမ်းနား..."

ဘိုးဘိုးကြီး၏ ခေါ်သံခပ်ဆတ်ဆတ်ကြောင့် ခမ်းနား အတွေးစကို အမြန်ဖြတ်လိုက်ပြီး—

"ဟုတ်ကဲ့... ဘိုးဘိုးကြီး"

ဦးဧရာကျော်က မြေးဖြစ်သူ၏ ယောက်ျားပီသသည့် ကိုယ်ဟန်အရပ်အမောင်းနှင့် ချောမောပြေပြစ်သော မျက်နှာကို စိုက်ကြည့်ရင်း—

"မြေးမှာ ချစ်သူတွေ ဘာတွေ ရှိနေပြီလား"

"ဗျာ..."

ဘိုးဘိုးကြီး ရုတ်တရက် မေးလိုက်သည့် စကားကြောင့် ခမ်းနား ရင်ထဲ ယမုံ့ကို ပြေးမြင်မိရင်း ဘာစကားမှ မဆိုဘဲ ခဏ တိတ်ဆိတ်သွားရသည်။

"ရှိနေရင်လည်း ဘိုးဘိုးကြီးကို မိတ်ဆက်ပေးဦးလေ။ မသေခင်လေး မြေးချွေးမကို မြင်သွားချင်လို့ပါ။ တကယ်လို့ မရှိသေးဘူးဆိုရင်လည်း မောင်စိုးထွဋ်ရဲ့ သမီးလေး နှင်းပွင့်ဖြူကို မြေး စိတ်မဝင်စားဘူးလား။ သူလေးက လိမ္မာသလို လှလည်း လှတာပဲလေ"

ခမ်းနား အပြတ်အသတ် ခေါင်းခါလိုက်ရင်း—

"ကျွန်တော့်မှာ ချစ်ရတဲ့သူ ရှိပါတယ် ဘိုးဘိုးကြီး... မြန်မာပြည်မှာ ကျန်ခဲ့တာပါ"

"ဟေ..."

ဦးဧရာကျော် အံ့ဩသွားရပြီး မြေးဖြစ်သူကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်မိကာ—

"မင်းမှာ ချစ်ရမယ့်သူ ရှိတယ်ဟုတ်လား။ မြန်မာပြည်မှာ ကျန်နေခဲ့တာဆိုရင် အတော်ကြာပြီပေါ့။ သူနဲ့ရော အဆက်အသွယ် ရရဲ့လား"

ဘိုးဘိုးကြီးမေးခွန်းကြောင့် ခမ်းနား သက်ပြင်းချလိုက်ရင်း—

"ကျွန်တော့်ဘက်က တမင်ကို မဆက်သွယ်ဘဲ နေခဲ့တာပါ ဘိုးဘိုးကြီး"

"ဟေ... ဘာလို့လဲ မြေးရဲ့"

"ကျွန်တော် အခုအချိန်မှာ ဒီလောက်အထိ အလုပ်ထဲ အာရုံစိုက်နိုင်တာက အချစ်ကို ခဏမေ့ထားလို့ပဲ။ သူ့အသံကို သာ ကြားလိုက်ရရင် ကျွန်တော် အလုပ်တွေကို ပစ်ပြီး မြန်မာပြည်ကို ချက်ချင်း ပြန်ချင်မိမှာ အသေအချာပဲ...။ ဒါ့ကြောင့် မြန်မာပြည်ကို အပြီးပြန်တဲ့အချိန်ကျမှ သူသာ တစ်ယောက်တည်း ကျွန်တော့်ကို စောင့်နေသေးရင်... သူ ကျေနပ်တဲ့အထိ တောင်းပန်ပြီး လက်ထပ်ခွင့် တောင်းပါ့မယ်"

ဦးဧရာကျော်က သက်ပြင်းရှည်ကြီးကို လေးလံစွာ ချလိုက်ပြီး—

"အဲ့ဒီလိုတော့ မဟုတ်သေးဘူးလေ မြေးရယ်... မင်း စဉ်းစားတာ မှားနေပြီ။ မိန်းမဆိုတဲ့အမျိုးက သူတို့ချစ်တဲ့သူဆီက ဂရုစိုက်မှု၊ ကြင်နာမှုနဲ့ အလေးပေးမှုကို အမြဲလိုချင်ကြတာကွ။ မင်းက ဒီလောက်အကြာကြီး ပစ်ထားပြီးမှ မြန်မာပြည်ပြန်မှ ချော့မယ်ဆိုတော့..."

ခမ်းနား နှုတ်ခမ်းလှုပ်ရုံမျှ နာကျင်စွာ ပြုံးလိုက်ရင်း လက်ကနာရီကို တစ်ချက်ကြည့်ကာ—

"ကျွန်တော် သွားတော့မယ် ဘိုးဘိုးကြီး... အရမ်းနောက်ကျနေပြီ"

"အေးအေး မြေး... အရမ်းလည်း မသောက်နဲ့ဦးနော်"

"ဟုတ်ကဲ့"

ပြောပြောဆိုဆိုဖြင့် ခမ်းနား အိမ်ထဲက ထွက်လာခဲ့သည်။ ပေါ်တီကိုအောက်တွင် အသင့်ပြင်ထားသည့် ကားထဲ ဝင်ထိုင်လိုက်သည်နှင့် ကားလေးက မောင်းထွက်သွားခဲ့လေတော့သည်။

🍀🍀🍀🍀🍀

လမ်းတစ်လျှောက် မောင်းနှင်လာခဲ့သည့် ကားလေးသည် စက်ရုံနှုတ်ဆက်ပွဲကျင်းပရာ ရာပြည့်ဟိုတယ်ကြီးဆီသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုညက မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည့် ပါတီပွဲကြီးထဲတွင် ခမ်းနားတစ်ယောက် ဝန်ထမ်းများကို နှုတ်ဆက်ရင်း ဝတ္တရားအရ အဖျော်ယမကာခွက်ကို ကိုင်မြှောက်ထားခဲ့မိရင်း စက်ရုံရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောပြီးနောက်အင်းကျီ ရင်ဘက်အိတ်ကပ်ထဲက မြည်လာတဲ့ ဖုန်းကို ထုတ်ယူကြည့်လိုက်တော့ မေမေ့ဆီကမို့ ထိုလူအချို့ကို နှုတ်ဆက်လိုက်ရင်း အပြင်ခဏထွက်ဖို့ လျှောက်လာခဲ့လိုက်သည်၊

"သမီး ... အဆင်သင့်ဖြစ်ပြီလား"

လူသူရှင်းသည့် ကော်ရီဒါထောင့်စွန်းတွင် ဦးစိုးထွဋ်က ဘေးဘီကို ဝေ့ဝဲကြည့်ရင်း သမီးဖြစ်သူ စနိုး၏လက်ထဲသို့ ဆေးမှုန့်အနည်းငယ်ပါသော ထူးခြားသည့် ဖန်ခွက်ကို ကမ်းပေးလိုက်သည်။ စနိုး၏မျက်နှာတွင် စိုးရိမ်တုန်လှုပ်မှုအချို့ ယှက်သန်းနေသော်လည်း အခြေအနေအရ နောက်ဆုတ်၍ မရတော့မှန်း သိနေသည်။

"စိတ်ချပါ ဖေဖေ... သမီး ဘယ်လိုလုပ်ရမလဲ သိပါတယ်"

စနိုးက အပြုံးတစ်ခုကို မျက်နှာပေါ် ပြင်ဆင်လိုက်ရင်း ခမ်းနားရှိရာ ဝိုင်းဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားခဲ့သည်။

"ကိုကို .. စနိုးတို့တစ်ခွက်လောက်တော့ ဂုဏ်ပြုသင့်တယ်မလားဟင်"

မျက်နှာချင်းဆိုင် ရောက်လာသည့် စနိုးက ဖန်ခွက်ချင်း တိုက်ရန် ကမ်းပေးလာသည်။ ခမ်းနားအနေဖြင့် ငြင်းဆန်ရန် မကောင်းသဖြင့် စနိုးကမ်းပေးလာသည့် ဘရန်ဒီခွက်ကို ယူကာ တစ်ငုံမျှ အသာမော့သောက်လိုက်မိသည်။

ပြင်းရှရှအရသာနှင့်အတူ လည်ချောင်းထဲ စီးဆင်းသွားပြီးနောက်... မရှေးမနှောင်းမှာပင် ခမ်းနား၏ ဦးနှောက်တစ်ခုလုံး ရုတ်ချည်း ထုံထိုင်းသွားရသည်။ မျက်လုံးအစုံက ဝေဝါးလာပြီး ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြင့် လောကကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရကာ... နောက်ဆုံးတွင်တော့ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့လေတော့သည်။

🕣🕣🕣

"အင်း..."

ခမ်းနား ညည်းတွားသံနှင့်အတူ လေးလံလွန်းလှသည့် မျက်ခွံ အစုံကို အသာချင်း ဖွင့်ကြည့်လိုက်မိသည်။ နဖူးကြောတို့က တင်းကနဲ ကိုက်ခဲနေဆဲ။ အဖြူရောင် မျက်နှာကျက်နှင့် ဆန်းပြားသည့် မီးဆိုင်းကြီးကို မြင်လိုက်ရကတည်းက ဒါဟာ သူ့အိမ်က အခန်းမဟုတ်မှန်း သိလိုက်ရသည်။

သူ ဘယ်ရောက်နေတာလဲ?

ထိုစဉ် ဘေးနားဆီမှ ရှိုက်ကြီးတငင် ငိုရှာသည့် မိန်းကလေးတစ်ယောက်၏ အသံကြောင့် ခမ်းနား ခေါင်းကို အမြန်စောင်းကြည့်လိုက်မိသည်။ စောင်ပုံထဲတွင် ကိုယ်လုံးတီးနီးပါးဖြင့် ပုခုံးလေးနှစ်ဖက် တုန်ရီကာ မျက်ရည်အဖြာဖြာ ကျနေသည့် စနိုး ဖြစ်နေသည်။ အိပ်ရာခင်းပေါ်က သွေးကွက်အချို့နှင့် အဝတ်အစား ဗရပွဖြစ်နေသည့် အခန်းအခြေအနေကို မြင်လိုက်ရသည့်အခါ ခမ်းနား၏ နှလုံးသွေးတို့ ရုတ်ချည်း ရပ်တန့်သွားမတတ် တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

"စနိုး... မင်း... မင်း ဒါ ဘာဖြစ်တာလဲ! ငါ... ငါ ဘာတွေလုပ်မိတာလဲ?"

ခမ်းနား တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံဖူးသည့် ထိတ်လန့်မှုကြောင့် အသံတွေပါ တုန်ရီကုန်သည်။ စနိုးကတော့ ဘာစကားမှ မပြောဘဲ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ ပို၍ပင် သည်းထန်စွာ ရှိုက်ငိုနေတော့သည်။ မိမိကိုယ်ကို ငုံ့ကြည့်လိုက်တော့လည်း ဗလာကျင်းနေသည့် ခန္ဓာကိုယ်ကြောင့် ခမ်းနား ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ဆို့နင့်သွားရသည်။ တစ်ခွက်တည်းနှင့် ယစ်မူးပြီး သူ ဤမျှအထိ ရိုင်းစိုင်းမိသွားလေသလားဟူသော အတွေးက သူ့ဦးနှောက်ကို ဓားနှင့်မွှန်းသလို နာကျင်စေခဲ့သည်။

🍀🍀🍀🍀🍀

ဟိုတယ်ခန်းမအပြင်ဘက် ကားပေါ်၌ ထိုင်နေသည့် ဦးစိုးထွဋ်ကတော့ လက်ထဲက ဒီဂျစ်တယ်ကင်မရာလေးကို ကြည့်ရင်း ကျေနပ်အားရစွာ ပြုံးနေခဲ့သည်။ ကင်မရာမျက်နှာပြင်ပေါ်တွင်တော့ ကုတင်ထက်၌ သတိမေ့လျက် ရှိနေသော ခမ်းနားနှင့် စနိုးတို့၏ ရိုးရာပျက်ကွက်နေသည့် ဓာတ်ပုံများ အစီအရီ ရှိနေသည်။

'ဒီတစ်ချက်တော့... တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲဟေ့'

ဦးစိုးထွဋ် ရင်ထဲတွင် ကျေနပ်နေမိသည်။ ဤအကွက်သာ အောင်မြင်သွားပါက သမီးဖြစ်သူ စနိုးသည် သူဌေးကတော်ကြီး ဖြစ်လာတော့မည်ဖြစ်ပြီး၊ စနိုး၏ဗိုက်ထဲက ကလေးအတွက် အဖေသည်လည်း တရားဝင် 'ခမ်းနားသွင်ပြင်' သာ ဖြစ်လာတော့မည်။

ထို့ထက် ပို၍အရေးကြီးသည်က... အခုတလော သူ့ဆီကနေ ငွေညှစ်ပြီး ခြိမ်းခြောက်နေသည့် 'တေဇမိုး'။ ထိုကောင် တောင်းသမျှ ငွေကို ဥက္ကဋ္ဌကြီး ဦးဧရာကျော်ထံမှ သမီးကိစ္စ အကြောင်းပြကာ အပိုင်တောင်းယူပြီး ပေးပစ်လိုက်ရုံရုံသာ။ ထို့နောက်... ငွေရလို့ သွေးကြွနေမည့် တေဇမိုးကို လူမသိသူမသိ လက်စဖျောက် သုတ်သင်ပစ်ရန် အခွင့်အရေးကောင်းကြီးကိုလည်း တစ်ပါတည်း ဖန်တီးနိုင်တော့မည် ဖြစ်သည်။

'ဒီဓာတ်ပုံတွေကို သုံးပြီး ဥက္ကဋ္ဌကြီး ဦးဧရာကျော်ကို ဘယ်လိုမျက်နှာပျက်အောင် စည်းရုံးရမလဲဆိုတာသူအပိုင်တွက်ပြီးသားမို့ ၊

တေဇမိုးတောင်းတဲ့ ပိုက်ဆံကို ပေးပြီး တေဇမိုးနဲ့ စနိုးတို့ ဖြစ်ပျက်ခဲ့တဲ့ sex tape စတစ်‌ကိုသာ သူရအောင်တောင်းဖို့ ခေါင်းခဲနေမိသည်၊ရှိသမျှ အရာတွေကိုလည်း တေဇမိုး ‌ခြိမ်းခြောက်ငွေညစ်ခဲ့လို ရောင်းချပေးခဲ့ပြီမို့ လက်ရှိဘဝက အတော်ဆိုးဝါးနေခဲ့ရသည်၊အဲ့ဒီထက် ဆိုးတာက မလိမ္မာတဲ့ သမီး‌မှာက တေဇမိုးနဲ့ ရတဲ့ ကိုယ်ဝန်က ရှိနေပြန်သတဲ့လား..

ဦးစိုးထွဋ်သည် ကားစတီယာရင်ကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းတစ်ချက် ရိုက်လိုက်ရင်း၊ အမှောင်ထုထက် ပိုမိုနက်မှောင်သည့် အကြံအစည်ကြီးဖြင့် ဥက္ကဋ္ဌကြီး၏ အိမ်ရာဆီသို့ ဦးတည်မောင်းနှင်သွားခဲ့လေတော့သည်။

« ရှေ့အခန်း - အပိုင်း(၂၃) နောက်အခန်း - အပိုင်း (၂၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ