Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၂)

ဦးစိုးထွဋ် သမီးငယ် ဓာတ်ပုံလေးကို ကြည့်ရင်း ပါးပြင်ထက် မျက်ရည်တို့ စီးကျကာ စိတ်ထောင်းလို့ ကိုယ်ကျေ ဆိုသလို စိတ်ထိခိုက်ရတာ များတဲ့ အတွက် လပိုင်းအတွင်း အရွယ်ကျအိုစာလာရသည်

'ဖေဖေဖေမှားတာပါ သမီးရယ် ဖေဖေ သမီးရဲ့မိုက်ရူးရဲမှုကို အလိုမလိုက်သင့်ဘူး ဖေဖေ့ အမှားတစ်ခုကြောင့် သမီးငယ် စောစောစီးစီးကြွေလွင့်ရတယ် ကွယ်

ဖေဖေလူကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့အမှားတွေကို လုပ်ခဲ့မိတယ်ကွယ် ဥက္ကဌကြီးကိုလည်း နောက်တမလွန်ရောက်မှ ကျွန်တော် တောင်းပန်ပါရစေ သူဌေးလေးကိုတော့ ဒီအမှန်တရားတွေ မသိအောင် ကျွန်တော် ဖုံးကွယ်ထားပါရစေတော့လား!

စိတ်ထဲရေရွတ်ရင်း တိတ်တဆိတ်ငိုနေမိသည်၊

တီ တောင်....

ခြံတံခါးဘဲလ်တီးသံကြောင့် ဦးစိုးထွဋ် သမီးငယ်ဓာတ်ပုံကို ချထားလိုက်ပြီး အားယူထလိုက်ကာ အိမ်ရှေ့ထွက်လာခဲ့သည်!

ခြံတံခါးရှေ့ဟူဒီအနက်ရောင်ခေါင်းစွပ်လျက် ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့်ယောက်ျားတစ်ယောက်ကို တွေ့တော့ ဦးစိုးထွဋ် မျက်မှောင်ကြုတ်သွားရင်း

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ ကွဲ့"

လူငယ်က တဖြေးဖြေးချင်းခေါင်းမော့လာပြီးဦးစိုးထွဋ်ကို စိုက်ကြည့်ကာခပ်လွန့်လွန့်ပြုံးပြလိုက်သည်မို့ ဦးစိုးထွဋ် မျက်လုံးအစုံ ပြူးကျယ်သွားရကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း

"ဟင်.... မင်း.. မင်း ဘာလာလုပ်ပြန်ပြီလဲ ငါတို့ဆီ"

ဦးစိုးထွဋ် လက်တွေ တုန်ယင်ကာ ရှေ့က လူငယ်ကို လက်ညိုးထိုးပြီးပြောတော့ လူငယ်က

"အဟွန်း.... ဟွန်း...ယောက္ခမကြီးကလည်းဗျာ အိမ်ထဲ ခေါ်မထိုင်တော့ဘူးလား "

ဟင်

"မင်း... မင်းလိုချင်တဲ့ငွေတွေ ငါပေးပြီးပြီလေ မင်းကတိဖျက်တာလား တေဇမိုး"

ဟား ဟား...

တေဇမိုးက ခေါင်းမော့ရယ်လျက်ဖြင့် ရှေ့က ဦးစိုးထွဋ်ကို မလေးမခန့်ကြည့်လိုက်ကာ

'ကဲ ယောက္ခမကြီး ခြံတံခါးဖွင့်လိုက် ဒီမှာ မတ်တပ်ရပ်နေလို့ ခင်ဗျားရဲ့ ရွှေသားမက် ခမ်းနားသွင်ပြင်လာလို့ တွေ့သွားရင် အလိမ်အညာတွေကို သံသယ ဝင်နေဦးမယ် "

"မင်း.."

ရှေ့ဆက်မပြောရဲတော့သည့် စကားလုံးတွေက ဦးစိုးထွဋ် လည်ချောင်းဝ တွင် တစ်စို့လာကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ခြံတံခါးကို ဖွင့်ပေးလိုက်သည်၊

တေဇမိုးက ခပ်လှောင်လှောင်မျက်နှာပေးဖြင့် ရှေ့ကနေလျောက်သွားရင်း အိမ်ထဲ အရင်ဝင်သွားလိုက်ကာ ဧည့်ခန်းထဲက ဆိုဖာထက်မှာ ခြေချင်းချိတ်လျက်ဝင်ထိုင်လိုက်သည်၊

သူ့ရှေ့က မျက်နှာချင်းဆိုင် ဦးစိုးထွဋ်ရဲ့မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး

"စနိုး ဆုံးတာ ဘာလို့ ကျွန်တော့်ကို အကြောင်းမကြားတာလဲ"

တေဇမိုး စကားကြောင့် ဦးစိုးထွဋ် မျက်နှာလွဲလျက်ဖြင့်

"သူလဲ ဆုံးပြီးပဲ မင်းတောင်းသမျှလည်း ငါအကုန်ပေးခဲ့ပြီးပြီပဲ ဘာလို့ အခုပေါ်လာပြန်တာလဲ တေဇမိုး ငါ့ကို အေးအေးချမ်းချမ်းနေခွင့်ပြုပါကွာ ငါတောင်းပန်ပါတယ်"

ကျစ် ...

"ခက်ပြီဗျာ စနိုးမှာကျွန်တော်နဲ့ရထားတဲ့ ကလေးရှိနေတာပဲ ဘာလို့ ဖုံးကွယ်ချင်နေရတာလဲ ကျွန်တော် ကလေးကို ကျွန်တော် တွေ့ချင်တာပေါ့ "

မင်း...

ဦးစိုးထွဋ် မျက်လုံးတွေ မူးမိုက်ပြာဝေတက်သွားရင်း တေဇမိုးက်ု လက်ညိုးထိုးလျက်ဖြင့်အရာအားလုံး အမှောင်ဖုံးလျက် ပစ်လဲကျသွားရသည်၊

🍀🍀🍀🍀🍀

ဖေဖေမူးလဲသွားလို့ ဆေးရုံရောက်နေသည်တဲ့။ ဆေးရုံက ယမုံ့ကို ဖုန်းဆက်လို့ ယမုံ လိုက်လာခဲ့ရပြန်သည်။ ဆေးရုံရှေ့ ကားပါကင်တွင် ကားကို အမြန်ထိုးရပ်လိုက်ရင်း ကားပေါ်က ဆင်းကာ ကောင်တာက ဝန်ထမ်းတွေကို ဖေဖေရှိသည့် အခန်းမေးပြီး ခြေလှမ်းတို့ကို သွက်နိုင်သမျှ သွက်အောင် လှမ်းကာ အမြန်ထွက်လာခဲ့လိုက်သည်။

ဘယ်လောက်ပဲ ယမုံတို့ သားမိအပေါ် မကောင်းခဲ့ဖူးဆိုပါစေ ဖအေက ဖအေပဲမို့ ယမုံ့ စိုးရိမ်စိတ်က အတော်ကို မြင့်တက်နေရသည်။

VIP လူနာခန်းတံခါးကို အသာတွန်းဖွင့်ကာ ဝင်လာခဲ့တော့ ဖြူဖျော့ ခြောက်သွေ့နေသည့် မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဖေဖေ့ကို တွေ့လိုက်ရသဖြင့် ယမုံ့ရင်ထဲ မချိအောင် ခံစားလိုက်ရသည်။ နဂိုကထက် သိသိသာသာ အိုစာကျုံ့ဝင်သွားသည့် ဖေဖေ့လက်ကို အသာဆုပ်ကိုင်ရင်း ယမုံ စိုးရိမ်တကြီး မေးမိသည်။

"ဖေဖေ... ဖေဖေ ဘယ်လိုဖြစ်ရတာလဲဟင်"

ဦးစိုးထွဋ် မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်တော့ ဘေးတွင် ပူပန်တကြီး ရောက်နေသည့် သမီးကြီး ယမုံ။ အတိတ်က မိမိရဲ့ မတရားမှုတွေ၊ လျစ်လျူရှုမှုတွေကို ခံခဲ့ရသော်လည်း အခက်အခဲကြုံချိန်တွင် အပြေးအလွှား ရောက်လာတတ်သည့် သမီးကြီးကို မြင်တော့ ဦးစိုးထွဋ် ရင်ထဲ နောင်တလှိုင်းတို့က အလိပ်လိပ် တက်လာရသည်။ ပါးပြင်ထက် မျက်ရည်ပူတို့က တားမနိုင် ဆီးမရ စီးကျလာရင်း သမီးဖြစ်သူ၏ လက်ကို တုန်ယင်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ကာ အသံတုန်တုန်ဖြင့် အကြိမ်ကြိမ် တောင်းပန်ရှာသည်။

"ဖေဖေ... ဖေဖေ မှားခဲ့တာပါ သမီးရယ်... ဖေဖေ့ကို ခွင့်လွှတ်ပါ၊ သမီးတို့ သားမိအပေါ် ဖေဖေ သိပ်ကို မတရားခဲ့ဘူး၊ သမီး စိတ်ဆင်းရဲအောင်ပဲ ဖေဖေ အမြဲလုပ်ခဲ့မိတယ်...ဖေဖေတစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် ဖေဖေ သိပ်မှားခဲ့တာ..."

"တော်ပါတော့ ဖေဖေရယ်... ပြီးခဲ့တဲ့ကိစ္စတွေ ယမုံ မေ့ပစ်လိုက်ပါပြီ၊ အခု ဖေဖေ ဘာလိုဖြစ်ပြီးမူးလဲသွားတာလဲ ဆေးရုံကို ဘယ်သူက ပို့ပေးတာလဲ"

ယမုံကမေးလိုက်ပေမယ့် ဦးစိုးထွဋ်ကတော့ဘာမှပြန်မဖြေသေးပဲ ခေါင်းကိုသာ ရမ်းရင်း ရင်ဘတ်ထဲက အလုံးကြီးကို အမြန်ချချင်နေသည့်အလား...

ယမုံမျက်နှာကိုညိုးလျော်စွာကြည့်ပြီး

"သမီး..ဖေဖေဆန္ဒက်ု နောက်‌ဆုံးအနေနဲ့ လိုက်လျောပေးပါ သမီးရယ် ဖေဖေ့မှာ အသက်ရှင်ရမယ့် အချိန် လည်း သိပ်မကျန်တော့ပါဘူး ကွယ်"

ဟင် !

ဖေဖေ့စကားကြောင့် ယမုံနားမလည်သလို ဖြစ်သွားရပြီး ..

"ဖေဖေ ဆန္ဒဆိုတာက ဘာလဲ သမီးကို ခမ်းနားသွင်ပြင်နဲ့ လက်ထပ်ပြီး စနိုးရဲ့ ကလေးကို စောင့်ရှောက်ဖို့ ဆိုတဲ့ စကားတော့ မပြောနဲ့နော် ယမုံ လုံးဝ လက်မခံဘူး"

ယမုံ့စကားကြောင့် ဦးစိုးထွဋ် မျက်ရည်တွေ ရစ်ဝိုင်းလာကာ

"သမီးရယ် ဖေဖေရဲ့ နောက်ဆုံးအချိန်လေးမှာ ဒီဆန္ဒလေးတစ်ခုကိုပဲ လိုက်လျောပေးပါ ဖေဖေ့ အတွက် အချိန်သိပ်မကျန်တော့ဘူး သမီးရဲ့"

ပြောရင်းဦးစိုးထွဋ်က ကုတင်ပေါ်ကနေ အတင်းထပြီး ရှိခိုးတောင်းပန်မတတ် လုပ်နေသဖြင့် ယမုံ အလန့်တကြား ဆွဲထိန်းလိုက်ရသည်။

"ဖေဖေ... ဘာတွေပြောနေတာလဲ၊ အချိန်မရှိတော့ဘူးဆိုတာ ဘာကိုပြောတာလဲဟင်"

ယမုံ့ရဲ့ သံသယမျက်ဝန်းတို့ကို ကြည့်ရင်း ဦးစိုးထွဋ် မျက်နှာလွှဲကာ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ ပြီးမှ ကြေကွဲဖွယ် အမှန်တရားကို ဖွင့်ဟလိုက်ရတော့သည်။

"ဖေဖေ့မှာ... အရိုးကင်ဆာ ရောဂါ ရှိနေတာ လပိုင်းလောက် ရှိပြီ သမီး၊ နောက်ဆုံးအဆင့် ရောက်နေပြီမို့... ဖေဖေ့မှာ နောက်ဆုံး ကျန်ရှိနေတဲ့ အချိန်လေးပဲ ရှိတော့တယ်၊ အဲ့ဒါကြောင့် သမီးကို အပူကပ်ပြီး တောင်းဆိုရတာပါ သမီးရယ်..."

"ဟင်..."

ထိုစကားလုံးက ယမုံ့ခေါင်းကို တူနဲ့ ထုလိုက်သလိုမျိုး အုန်းခနဲ မြည်ဟည်းသွားစေသည်။ အရာအားလုံးက ရုတ်ချည်းဆိုသလို ရပ်တန့်သွားကာ အသက်ရှူဖို့တောင် မေ့လျော့သွားရသည်။ သူမ မုန်းခဲ့ဖူးတဲ့၊ စိတ်နာခဲ့ဖူးတဲ့ ဖေဖေက အခုတော့ ကင်ဆာဝေဒနာကို တစ်ယောက်တည်း ကြိတ်ခံစားနေရပြီး သေအံ့ဆဲဆဲ အခြေအနေ ရောက်နေပြီတဲ့လား။

ရင်ထဲက ဆို့တက်လာသည့် ဝမ်းနည်းပူဆွေးမှုတို့က လည်ချောင်းဝတွင် တစ်စို့လာကာ စကားလုံးအဖြစ် ထွက်မလာတော့ဘဲ အသံတိတ် ငိုကြွေးခြင်းဖြင့်သာ အစားထိုးလိုက်ရသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှိုက်သံတို့ အပြင်သို့ ထွက်မလာစေရန် လက်ဖဝါးဖြင့် အတင်းအုပ်ပိတ်ထားမိသော်လည်း မျက်ဝန်းအစုံမှ မျက်ရည်တို့ကတော့ အတားအဆီးမဲ့စွာ ဒလိမ့်ဒလိမ့် စီးကျလာချေပြီ။

ဖေဖေ့ကို ကြည့်လိုက်၊ အားကိုးရာမဲ့ဖြစ်ကျန်ခဲ့မယ့် စနိုးရဲ့ သားလေးအကြောင်းကို တွေးလိုက်ရင်း ရှေ့ဆက်ရမယ့် လမ်းတွေက ဘာကြောင့် ဒီလောက်အထိ မှုန်မှိုင်းရှုပ်ထွေးနေရတာလဲဆိုတာ ယမုံ စဉ်းစားမရတော့ဘဲ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားရလျက် အခန်းထောင့်တွင် အသံတိတ် ကမ္ဘာပျက်နေမိပါတော့သည်။

🍀🍀🍀🍀🍀

ရုံးခန်းအတွင်းရှိအလုပ်စားပွဲထက်တွင် စာရွက်စာတမ်းအချို့ကို ကြည့်ရင်း ခမ်းနားသွင်ပြင် တစ်ယောက်တည်း စဉ်းစားခန်း ဝင်နေမိသည်။ မကြာသေးမီကမှ စားသောက်ကုန်လုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုပြီးတဲ့ ကိစ္စရပ်များကြောင့် အချက်အလက်များကို ကြည့်‌ေနရင်း အလုပ်စားပွဲပေါ်တွင် တုန်ခါလာသည့် ဖုန်းမျက်နှာပြင်ကြောင့် ကြည့်လိုက်တော့... အင်္ဂလန်တွင် ကျောင်းတက်စဉ်က ခင်မင်ခဲ့သည့် သူငယ်ချင်းဖြစ်သူ အဲလက်စ် ဆီကမို့

ခမ်းနား ဖုန်းကို အမြန်ပင် လက်ခံဖြေကြားလိုက်သည်။

"ဟေး... အဲလက်စ်၊ မင်းဆီက ဖုန်းလာလိမ့်မယ်လို့ မထင်ထားဘူးဗျာ၊အလုပ်တွေ အဆင်ပြေရဲ့လား"

ဖုန်းတစ်ဖက်မှ အဲလက်စ်၏ ရယ်မောသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာပြီးနောက် ရင်းနှီးကျွမ်းဝင်လှသည့် အင်္ဂလိပ် လေယူလေသိမ်းဖြင့် ပြန်လည်ပြောဆိုလာသည်။

"ငါကတော့ အဆင်ပြေပါတယ် ခမ်းနား၊ မင်းကော မြန်မာနိုင်ငံ ပြန်ရောက်ကတည်းက ကုမ္ပဏီအလုပ်တွေနဲ့ အားရဲ့လား၊ ပြီးတော့... မင်းရဲ့ အိမ်ထောင်ရေးကိစ္စတွေကော အဆင်ပြေရဲ့လား"

"အင်း ဒီလိုပါပဲ အဲလက်စ်ရာ... လက်ရှိတော့ အလုပ်တွေရော၊ စိတ်ရှုပ်စရာတွေရော နည်းနည်းများနေတာနဲ့ပဲ လုံးချာလိုက်နေတယ်"

ခမ်းနား သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း အလုပ်စားပွဲက ရုံးထိုင်ကုလားထိုင်နောက်မှီဆီ ခေါင်းမှီချလိုက်သည်။ သို့သော် ဖုန်းတစ်ဖက်မှ အဲလက်စ်၏ လေသံက ရုတ်တရက် တည်ငြိမ်လေးနက်သွားကာ...

"ဒါနဲ့ ခမ်းနား... ငါ မင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောမလို့ ဖုန်းဆက်လိုက်တာ၊ မင်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက အင်္ဂလန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့တယ်"

"ထူးဆန်းတဲ့ အဖြစ်အပျက် ဟုတ်လား... ဘာလဲ အဲလက်စ်"

ခမ်းနား မျက်မှောင်ကြုတ်သွားရင်း ပျင်းရိပျော့ခွေနေသည့် ကိုယ်နေဟန်ထားကို ချက်ချင်း ပြန်လည်မတ်လိုက်ကာ အလုပ်စားပွဲပေါ် လက်တင်ရင်း စိတ်ဝင်တစား နားထောင်မိသည်။

"မင်းမှတ်မိလား ခမ်းနား၊ ငါတို့ ကျောင်းတက်တုန်းက မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ နောက်ခံမိသားစု အကြောင်းအရာတွေကို ကျောင်းမှတ်တမ်းဌာနမှာရော၊ လုံခြုံရေးဘက်မှာရော ငါ့အဖေရဲ့ အရှိန်အဝါနဲ့ အကာအကွယ်ပေးပြီး ဖုံးကွယ်ပေးထားခဲ့တာလေ"

"အင်း... မှတ်မိတာပေါ့၊ အဲ့ဒါ ဘာဖြစ်လို့လဲ"

"အေး... ပြီးခဲ့တဲ့ အပတ်က လူတစ်ယောက်ငါ့ဆီလာပြီး မင်းအကြောင်းကို လာစုံစမ်းသွားတယ် "

ခမ်းနား မျက်မှောင်ကြုတ်လိုက်ရင်း

"ဘယ်သူလဲ အဲလက်စ် သူက "

"နာမည်က... တေဇမိုး တဲ့!"

"တေဇမိုး!!"

ခမ်းနား နှုတ်ခမ်းဝမှ ထိုနာမည် ထွက်လာသည်နှင့်အတူ မျက်ဝန်းအစုံက စူးရှတောက်ပလာကာ အလုပ်စားပွဲပေါ်က ကလောင်တံကို တင်းတင်းဆုပ်လိုက်မိသည်။ 'တေဇမိုး' ဆိုသည့် နာမည်ကို သူ လုံးဝ မကြားဖူးပါ။ သို့သော် ထိုသူက အဂ်လန်ထိ ခြေဆန့်ပြီး မိမိ၏ အတိတ်ကို လိုက်လံမွှေနှောက်နေသည်ဆိုကတည်းက ရိုးသားသည့် ရည်ရွယ်ချက် မဟုတ်သည်ကတော့ သေချာလှသည်။

"ဟုတ်တယ် ခမ်းနား၊ အဲ့ဒီ 'တေဇမိုး' ဆိုတဲ့လူက မင်းရဲ့ အကြောင်းအရာတွေကို တော်တော်လေး စိတ်ဝင်တစားနဲ့ စုံစမ်းသွားတာ၊ မင်း မြန်မာပြည်မှာ ရန်သူတွေ ဘာတွေ ရှိနေတာလား၊ သတိထားဦးနော် သူငယ်ချင်း၊ ငါကြည့်ရသလောက် အဲ့ဒီကောင်က သာမန်ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ဘူး"

"ကျေးဇူးပါပဲ အဲလက်စ်ရာ... မင်း သတင်းပေးလို့ ငါ ကြိုတင်ပြင်ဆင်ရတာပေါ့၊ ငါ့ဘက်က အခြေအနေကို သေချာ ပြန်စိစစ်လိုက်ပါ့မယ်"

ဖုန်းချလိုက်ပြီးသည်အထိ ခမ်းနား၏ ရင်ထဲတွင် ဒေါသနှင့် သံသယတို့က အလိပ်လိပ် တက်လာရသည်။

'တေဇမိုး... တေဇမိုးဆိုတာက ဘယ်သူလဲ ငါ့အသိထဲမှာတော့ ဒီနာမည်မျိုးမရှိဘူး"

ခမ်းနား စားပွဲပေါ် လက်ထောက်ရင်း စာရွက်စာတမ်းတွေကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေမိသည်၊

« ရှေ့အခန်း - အပိုင်း(၂၁) နောက်အခန်း - အပိုင်း(၂၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ