"မမ ဒီနေ့အတွက် Green Leaf Hotel က
ကာနေရှင်း ပန်း ရောင်စုံ ပန်းစည်းအစီးနှစ်ဆယ်အမှာစာပို့ထားတယ် မမ ပိုက်ဆံရှင်းဖို့ မမ k pay
နံပါတ်ကိုပါ တောင်းလို့ ပေးလိုက်တယ်နော် "
ယမုံ လက်ကိုင်အိတ်ကို စားပွဲပေါ်တင်လိုက်ရင်း ကေသာ့ စကားကို ခေါင်းညိတ်ပြလိုက်ကာ ဖုန်းကို ထုတ်ယူလိုက်ပြီး Tea House မန်နေဂျာ ကိုသန့်ဇင်ကို ဖုန်းခေါ်လိုက်သည်၊
"ဟလို အစ်မ "
တစ်ဖက်က ကိုသန့်ဇင် ထူးသံကြားလိုက်ရသည်၊သူမဆိုင်ရဲ့ ဝန်ထမ်းတွေကို ယမုံက မိသားစုလိုပဲ ဆက်ဆံတဲ့ အတွက် ယမုံက ကိုသန့်ဇင်ထက် အသက်ငယ်သော်ငြားလည်း ယမုံ့ကို လေးစားမှုဖြင့် အစ်မ ဟုသာခေါ်ကြလေသည်၊
"အင်း ကိုသန့်ဇင် ယမုံ ပြောစရာရှိလို့
ဆယ်နာရီလောက်ကျရင် ဒီဘက် ပန်းဆိုင်ထဲကို ခဏလောက် လာပေးလို့ ရမလား ယမုံညက စဉ်းစားတာလေး တစ်ခုရှိလို့ လုပ်ငန်းလေး တိုးချဲ့ဖို့လေ အဲ့ဒါ ကိုသန့်ဇင်နဲ့ တိုင်ပင်ချင်လို့ "
"ဟုတ်ကဲ့ အစ်မ ကျွန်တော် ဆယ်နာရီလောက်ကျရင် လာခဲ့ပါမယ် "
"အင်းအင်း"
ယမုံ ဖုန်းချလိုက်ပြီးသည်နှင့် ကေသာနဲ့ငုဝါဘက်ကို ပြန်လှည့်လိုက်ကာ
"ဒီနေ့ ကာနေရှင်းပန်းရောင်းစပ် တွေ အတော်လှတယ်နော် တစ်စည်းဘယ်လောက်နဲ့ ရောင်းဖို့ ဈေးပြင်ထားလဲ ကေသာ"
"ဆယ်ပွင့်တစ်စည်းကို နှစ်သောင်းခွဲ မမ "
ယမုံခေါင်းညိတ်ပြလိုက်ပြီး
"Green Leaf Hotel အတွက် အစီးနှစ်ဆယ်စာလုံလောက်လား ကာနေရှင်း ရောင်စုံက "
"လောက်တယ် မမ သူ့တို့အတွက် ဖယ်ထားပြီးရင်း လက်လီ ငါးစီးကျန်မယ် "
ပန်းတွေကြားမှာ နေရတာ ယမုံရဲ့စိတ်ပင်ပန်းမှုကိုပြေပျောက်စေတာမို့ ယမုံဒီအလုပ်ကိုသဘောကျမိသည်၊မိတ်ဟောင်းတွေ မပျက်သလို မိတ်သစ်တွေလည်း ရလာတာ မနည်းတာမို့ ယမုံ ပန်းဆိုင်လေးက ဘာပန်းရောက်ရောက် မကုန်တာ မရှိပေ ၊ပန်းခြောက်ထပ် ပန်းစိုကိုသာဦးစားပေးထားသည့် ဆိုင်မို့ ပန်းစည်းသမားများကလည်း ယမုံ ဆိုင်ကိုသာ အော်ဒါလာအပ်ကြတာ များလေသည်၊
ယမုံ ပန်းစည်းဝိုင်းစည်းပေးဖို့ ကာနေရှင်းအဖြူလေးကို လှန်းယူတော့ ဆိုင်ရှေ့ ကားတစ်စီးရပ်လာတာ တွေ့တာနဲ့ လှမ်းကြည့်လိုက်သည်၊
ကားတံခါးဖွင့်ကာဆင်းလာသည့် အသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေသည့် အမျိုးသမီးကြီးက ခမ်းနားရဲ့ မိခင် အန်တီမာလာခင် ပင်ဖြစ်လေသည်၊
ယမုံ့နည်းအတူကေသာနဲ့ငုဝါကပါ ဆိုင်ထဲလှမ်းလာတဲ့ထိုအန်တီကို ဝိုင်းကြည့်နေကြရင်း
"မမ ပန်းလာဝယ်တဲ့သူလား မသိဘူးနော်"
ကေသာက ထည့်ပြောလိုက်သည်၊မှန်တံခါးကို တွန်းဖွင့်ပြီးဝင်လာသော ဒေါ်မာလာခင်က ယမုံကို တွေ့တော့ နှစ်လိုဖွယ်ပြုံးပြနှုတ်ဆက်တာမို့ ယမုံသက်ပြင်းသဲ့သဲ့ချရင်း အနည်းငယ်ပြုံးပြနှုတ်ဆက်လိုက်သည်၊
ခမ်းနားနဲ့သူမ ဖြစ်ခဲ့တဲ့ပြဿနာမှာ အန်တီမာလာခင်နဲ့မှ မသက်ဆိုင်ခဲ့တာ၊ ယမုံတို့ ကျောင်းတတ်တုန်းက ခမ်းနားက ယမုံကိုရော ကျော်ဇင်လတ်ကိုပါ အိမ်အလည်ခေါ်သွားလို့ ဒေါ်မာလာခင်နဲ့ ယမုံတို့ ဆက်ဆံရေးက အရမ်းစိမ်းသက် မနေပေ ၊
အန်တီမာလာခင်က ခမ်းနားရဲ့ အကြောင်းအရာတွေထဲ ဝင်ရောက်စွက်ဖက်လေ့ မရှိတာကို ယမုံသိသင့်သလောက်တော့ သိထားပါသည်၊
"ယမုံ အန်တီဝင်လာလို့ ရတယ်မဟုတ်လား"
ရုတ်တရပ် အန်တီမာလာခင့်စကားကြောင့် ယမုံအနည်းငယ် ငြိမ်သက်သွားပြီးမှ
"ဟုတ်ကဲ့ ရပါတယ် အန်တီ လာပါ အထဲကို ဝင်ထိုင်ပါ"
ဒေါ်မာလာခင် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ယမုံခေါ်တဲ့နောက် ဝင်လိုက်သွားလေသည်၊
ပန်းဆိုင်အတွင်းဘက် အခြမ်းမှာ ယမုံ့နားနေခန်းနဲ့ ဧည့်ခန်းက သီးသန့်ရှိတာမို့ အန်တီမာလာခင်ကို ယမုံ အထဲသို့ ခေါ်သွားလိုက်သည်၊
"ထိုင်ပါ အန်တီ "
ယမုံ စကားကြောင့် ဒေါ်မာလာခင် ခေါင်းညိတ်လျက် ဝင်ထိုင်လိုက်ရင်း
"သမီး ပန်းဆိုင်ထဲကို ဝင်လိုက်တာနဲ့ အန်တီ စိတ်ညစ်တာတွေတောင် ပြေပျောက်သွားသလိုပဲ
မွေးရနံ့ရော ပန်းလှလှ လေးတွေရော ဆိုတော့ တကယ့်ကို စိတ်ချမ်းသာစရာပဲ "
အန်တီမာလာခင်ရဲ့ စကားလုံးလှလှတွေကြောင့် ယမုံနှုတ်ခမ်းလေးအနည်းငယ်ကွေးရုံ ပြုံးလိုက်သည်၊ပြီးနောက် ဆိုလိုရင်းကိုပဲ ဒဲ့မေးဖို့ ဆုံးဖြတ်လိုက်ကာ
"အန်တီ ဒီကိုလာတာ ပန်းဝယ်ဖို့ တော့မဟုတ်ဘူးထင်တယ်နော်"
ယမုံဒဲ့တိုးစကားကြောင့် ဒေါ်မာလာခင်ပြုံးနေရာမှ မိက်နှာ အနည်းငယ်ပြေလျော့သွားကာ ယမုံကို အပြစ်မကင်းသလို မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်ကာ
"သမီးပြောသလိုပါပဲ အန်တီ ပန်းဝယ်ဖို့ လာတာ မဟုတ်ပါဘူး ကွယ် ရှေ့မျက်နှာနောက်ထားပြီး ပြောချင်တာကတော့ နားနဲ့မနာ ဖဝါးနဲ့ နာပါကွယ် "
ပြောရင်း ယမုံ့မျက်နှာကို အကဲခတ်သလိုကြည့်တော့ ယမုံက အပြုံးအရယ်မရှိသည့် ပကတိမျက်နှာဖြင့် ဒေါ်မာလာခင်ကို စိုက်ကြည့်နေလေသည်၊
"သတိုးလေးက သမီးမြင်တဲ့အတိုင်းပဲ အမိဝမ်းက ကျွတ်ကတည်းက မိခင်နို့ရည်ဆိုတာ ဘာမှန်းမသိ၊ မိခင်ရင်ငွေ့ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ကလေးတစ်ယောက်ပါ ပြီးတော့ ကျန်းမာရေးကလည်း အသက်အန္တာရာယ်ကိုတောင် စိုးရိမ်ရတဲ့ အနေအထားပါ "
"အန်တီဆိုလိုခြင်တဲ့ အဓိပ္ပါယ်က...."
ယမုံက စကားဖြတ်ပြောရင်း ဒေါ်မာလာခင်ကို တည့်တည့်ကြည့်ပြီး ပြန်မေးလိုက်သည်မို့ ဒေါ်မာလာခင် ယမုံကို ပြောမယ့်စကားတွေ လည်ချောင်းဝ တွင် တစ်စို့ပျောက်ကွယ်သွားရပြီး
စက္ကန့်ပိုင်းလောက် အတွင်းကို ချာချာလည်သွားရပြီးမှ ပြောဖို့ စီစဉ်ထားတဲ့ စကားတွေ လမ်းကြောင်းပြောင်းဖို့သာ တွေးလိုက်ရသည်၊
"ဆိုလိုခြင်တာကတော့ သမီးရယ် ကလေးက အန်တီတို့ သွေးသားလည်ဟုတ်သလို သမီးတို့ရဲ့ သွေးသားဆိုလည်း မမှားပါဘူးကွယ် ကလေးဆိုတာမျိူးက အပြစ်ကင်းစင်ပါတယ်
သမီးဘက်ကာ သတိုးလေးကို မကြာခဏလာရောက်ကြည့်ရှူပေးမယ် ဆိုရင် မိခင်မေတ္တာငတ်မွတ်နေတဲ့ ကလေးက နွေးထွေးတဲ့ ရင်ငွေ့ကို ခံစားမိမှာပဲအခုက ကလေးက ညဘက်တွေ ရော နေ့ဘက်တွေရော ခဏခဏငို ကျန်းမာရေးက ချူချာရတဲ့ အထဲ နို့ဘူးက ပုံမှန် မသောက်တဲ့ အခါကျတော့ ပေါင်ချိန်လည်း တိုးမလာဘဲ သက်ဆိုးမရှည်မှာ တောင် စိုးရိမ် ရတယ်ကွယ်"
ယမုံ ညိမ်သက်စွာစဉ်းစားလိုက်ရင်းဒေါ်မာလာခင်ကို တစ်ချက် ပြန်ကြည့်ကာ
"ကလေးကို လာရောက်ကြည့်ရှုဖို့က ယမုံလည်း အားနေတာ မဟုတ်တော့ အန်တီကို အတိအကျ အဖြေ မပေးနိုင်ဘူး ဖြစ်နေတယ် "
ဒေါ်မာလာခင် အပြစ်မကင်းသလို ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး
"အန်တီ နားလည်ပါတယ် သမီးလက်ခံဖို့ ခဲယဉ်တယ် ဆိုတာ ဒါပေမယ့် သမီးရယ် သမီးတူလေး မျက်နှာကိုပဲ ကြည့်ပေးပါလို့ အန်တီတောင်းဆိုပါတယ်ကွယ်၊
ကဲ သမီးလည်း အလုပ်တစ်ဖက်နဲ့ ဆိုတော့ သမီးအချိန်တွေကို အန်တီ ဖြုန်းသလို ဖြစ်နေပြီ သမီးအချိန်ယူပြီး စဉ်းစားပေးပါ နော် အန်တီကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ အန်တီ"
ဒေါ်မာလာခင် ပြန်ဖို့သာ စဉ်းစားလိုက်ပြီး ဆိုဖာက ထလာခဲ့လိုက်သည်၊ ပြောဖို့ လာတာက ကလေးမျက်နှာကို ငှဲ့ပြီး ခမ်းနားနဲ့ လက်ထပ်ပြီး ကလေးကို နှစ်ယောက် အတူစောင့်ရှောက်ဖို့၊ ယမုံမျက်နာကို ကြည့်ပြီး လမ်းကြောင်းပြောင်းသွားတဲ့ စကားက ကလေးကို လာရောက်ကြည့်ရှုဖို့ သာ ပြောရဲခဲ့သည်၊ကိုယ့်ဘက်က ပြစ်မှုကျုးလွန်သူတွေ မဟုတ်လား?
🌻🌻🌻🌻🌻
"မြတ်လေးယမုံ "
နောက်က ခေါ်သံကြားလို့ လှည့်ကြည့်တော့ Green leaf hotel သူဌေး လွင်ပြင်မုန်း ဖြစ်နေတာကို ယမုံတွေ့လိုက်ရသည်မို့ လူမူရေး အရပြန်လည်ကာ ခေါင်းညိတ် နှုတ်ဆက်မိသည်၊
ခမ်းနားနဲ့ အရပ်အတိမ်းမယိမ်းဆိုပေမယ့် ခမ်းနားက အရပ်ပိုရှည်မည်ဟု ထင်ရပြီး ယမုံတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်းလောက် ရှိမယ်လို့ လည်း ထင်ရသည်၊
ရှပ်လက်ရှည် အနက် ကို ရင်ဘက်က ကြယ်သီးနှစ်လုံးဖွင့်ထားကာ ဘောင်းဘီ အနက်ကို တွဲဖက် ဝတ်ဆင်ထားပြီး ယမုံ ရှေ့ကို လျှောက်လာတာကို တွေ့ရလေသည်၊အမြဲတမ်းပြုံးယောင် သမ်းနေတဲ့ မျက်နှာက ယမုံကို တွေ့တော့
"ဈေးလာဝယ်တာလား ယမုံ "
သူမ လက်ထဲက အထုပ်တွေကို ကြည့်ပြီး မေးလိုက်တာမို့ ယမုံ ခေါင်းညိတ်ပြလိုက်ရင်း
"ဪ အင်း ဟုတ်တယ် အိမ်အတွက်လိုအပ်တာလာဝယ်တာ "
လွင်ပြင်မုန်းက ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးယမုံမျက်နှာကို ပြန်ကြည့်ကာ
"ယမုံ အချိန်အားရင် ကျွန်တော် တစ်ခုခု လိုက်ကျွေးပါရစေ ဒီနားမှာ စားသောက် ဆိုင်ကောင်းကောင်းရှိတယ် မိတ်ဖြစ်ဆွေဖြစ်ပေါ့ "
ယမုံ သက်ပြင်းသဲ့သဲ့ချလိုက်ကာလွင်ပြင်မုန်းကို ပြန်ကြည့်လိုက်ပြီး
" အားတော့ နာပါတယ် ကျွန်မ ဒီကပြန်ရင် အလုပ်အပ်ထားတဲ့ မဂ်လာပွဲ အတွက် ပန်းတွေ စီစဉ်ပေးရဦးမှာမို့ နောက်မှပဲ...."
သူမ ဒုတိယ အကြိမ်ငြင်းပယ်လိုက်သည်မို့ လွင်ပြင်မုန်းပြုံးချက် လည်ဂုတ်ကို တစ်ချက် ပြန်ပွတ်လိုက်ရင်း
"ယမုံရယ် ကျွန်တော်က မိတ်ဆွေဖြစ်ချင်လို့ပါ ဗျာ ဆယ်မိနစ်လောက် တောင် အချိန်မရဘူးလား ကျွန်တော် သူငယ်ချင်းတွေက လည်း ကျွန်တော် ဟိုတယ် ဖွင့်ပွဲလုပ်တုန်းက ယမုံ ပန်းအလှ ဆင်ပေးတာကို သဘောကျ ကျလို့ အဲ့ဒါ ယမုံ ဆိုင်လိပ်စာကို မေးနေကြတာ မိတ်ဖြစ်ဆွေ ဖြစ်လေးတောင် ခဏလောက် အချိန် မပေးနိုင်ဘူးလား "
ဒီတစ်ခါမှယမုံ တကယ်ကို အကြပ်ရိုက်သွားရသည် ၊မှန်တာပြောရရင် သူ့ဟိုတယ်ဖွင့်ပွဲ ပန်းအလှ ဆင်ပြီးကာမှ ယမုံ ဆီ အလုပ်တွေ လာအပ်ကြတာ ပန်းအလှ ဆင်အဖွဲ့ထဲ ဝန်ထမ်းသစ်တွေတောင် ခေါ်ထည့်ထားရသည့် အဖြစ် မဟုတ်ဘူးလား! ပထမ တစ်ခါ တုန်းကလည်း ယမုံ ငြင်းခဲ့တယ် အခုဒုတိယ အကြိမ် ယမုံ ထပ်ငြင်းတာမို့ ယမုံ အနည်းငယ် အားနာ စိတ် ဝင်လာရတာက အမှန်ပင်
"ယမုံက အချိန်အများကြီးတော့ မရဘူး ဆယ်မိနစ်လောက်ပဲ အချိန်ရမယ် "
လွင်ပြင်မုန်း မျက်နှာ ပြုံးသွားရပြီး
"တကယ်ကို ကျေးဇူးပါ ဗျာ ဟိုမှာ မြင်နေရတဲ့ ကော်ဖီဆိုင် ကို သွားရအောင် နော် အဆင်ပြေလား ယမုံ"
ယမုံ ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ ပြေပါတယ် ခဏပဲကို"
နှစ်ယောက်သား စကားပြောရင်း ဆိုင်ထဲ ဝင်လာခဲ့ကြသည်၊ဆိုင်ထဲ ရောက်တော့ လွင်ပြင်က ယမုံ့အတွက်ခုံ ဆွဲထုတ်ပေးရင်း
"ဒီမှာထိုငိ ယမုံဘာသောက်မလဲ ကျွန်တော်မှာလိုက်မယ် "
"ရပါတယ် ဘာပဲ ဖြစ်ဖြစ် ကျွန်မ အဆင်ပြေပါတယ်"
"ကောင်းပြီ ဒါဆို ကော်ဖီနဲ့ ကိတ်ကျွန်တော် မှာလိုက်တော့မယ် "
ယမုံခေါင်းညိတ်ပြလိုကိရင်း မိမိကို တစ်ယောက်ယောက် ကြည့်နေသည်လို့ ခံစားမိသဖြင့် ဆိုင်ထဲ ကို ဝေ့ကြည့်လိုက်တော့
ဆွေးမြည့်စွာ ကြည့်နေသည့် ယမုံအခုချိန်ထိ မမေ့နိုင်သေးတဲ့ မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်မို့ ယမုံ မျက်နှာလေး ပျက်ယွင်းသွားရပြီး မျက်နှာကို တခြားလွဲ ပစ်လိုက်သည်၊
ဒီမျက်နှာကို မြင်တိုင်း ယမုံ့နှလုံးသားတွေ နာကျင်လွန်းလို့ ကြိတ်မှိတ်ပြီး ငိုကြွေးခဲ့ရတာ မဟုတ်လား၊
မကြည့်နဲ့ ယမုံ့ကို အဲ့ဒီလို နောင်တ မျက်လုံးတွေနဲ့ မကြည့်နဲ့ မုန်းလွန်းလို့ .
ခဏကြာတော့ ဝိတ်တာက လွင်ပြင်မုန်းမှာလိုက်တဲ့ ကော်ဖီနဲ့ ကိတ်ကို ယမုံတို့ စားပွဲသို့ လာချပေးလေသည်!လွင်ပြင်က ကော်ဖီ ခွက်က်ု ယမုံရှေ့ တိုးပေးလိုက်ပြီး
"ယမုံ ဒါက ဒီဆိုင်မှာ အရသာ အကောင်းဆုံးပဲ မိုးအေးအေးလေးနဲ့ သူ့ကိုသောက်လိုက်ရရင် ခံစားချက်က ရှယ်ပဲ "
ယမုံ အနည်းငယ် ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ ကျေးဇူးပါ ကိုလွင်ပြင်မုန်း"
လွင်ပြင်က ရယ်ကျဲကျဲ မျက်နှာဖြင့် ယမုံကို ကြည့်လိုက်ပြီး
"ကိုလွင်ပြင်မုန်းလို့ မခေါ်ပဲ လွင်ပြင်လို့ ပဲခေါ်ပါလား ယမုံ သူစိမ်းမဆန်တော့ဘူးပေါ့ "
ယမုံဘာမှ ဆက်မပြောဘဲ ခေါင်းငုံ့လိုက်သည်၊ အာရုံထဲ ကပ်ညှိပါလာတာကတော့ သူမ နဲ့ မျက်နှာချင်းဆိုင် စားပွဲက မျက်ဝန်းတစ်စုံကိုပဲ ဖြစ်သည်၊
အခန်းမှတ်ချက်များ (0)