Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၁၅)

ကလေးအထူးကုဆေးရုံရှေ့ ယမုံ့ကားလေးဆိုက်ရောက်တော့ ကားပါကင်ထိုးပြီးတာနဲ့ လက်ကိုင်အိတ်ကိုယူကာ ကားပေါ်ကဆင်းပြီး ဆေးရုံထဲ ဝင်လာခဲ့လိုက်သည်။

ဖေဖေပြောတဲ့ အခန်းရှေ့ရောက်တော့ အခန်းတံခါးဖွင့်ထားသည့်အတွက် ယမုံ အသာဝင်လာခဲ့လိုက်သည်။ အထူးကုဆရာဝန်ကြီးနှင့်အတူ လက်ထောက်ဆရာဝန်၊ သူနာပြုများက ကုတင်ထက်က သတိုးလေးကို သေချာကြည့်ရှုစစ်ဆေးနေကြသည်မို့ ယမုံ အသာလေးဘေးကပ်ရပ်ရင်း ဆရာဝန်တွေပြောမည့်စကားကို နားစွင့်နေလိုက်မိသည်။

ခမ်းနားကတော့ ဆရာဝန်တွေနောက်မှာ ရပ်နေလျက် မျက်နှာမကောင်းတာကို ယမုံသတိထားမိသည်။ ဖေဖေနှင့် အန်တီမာလာခင်တို့လည်း ထို့နည်းအတူမို့ ယမုံ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

ကလေးငယ်ရင်ဘတ်ကို နားကြပ်ဖြင့် ထောက်စမ်းပြီးနောက် ဆရာဝန်ကြီးက ခမ်းနားဘက်ကို လှည့်လာပြီး...

"ကလေးက ငိုရင်း တက်သွားတာ ဒါပထမ‌ဆုံးပဲလား"

"ဟုတ်ပါတယ် ဒေါက်တာ... ဒါ ပထမဦးဆုံးပါ"

ဆရာဝန်က ခေါင်းညိတ်လိုက်ပြီး ကလေးရဲ့ ဆေးစစ်ချက်အဖြေကိုကြည့်ကာ...

"ကျွန်တော်တို့ ပြောချင်တာကတော့ ကလေးက တစ်လသားအရွယ်ပဲ ရှိသေးတာမို့ ခွဲစိတ်ကုသဖို့ဆိုတာက မဖြစ်နိုင်သေးတဲ့ကိစ္စပါ၊ အနည်းဆုံး ကလေးအသက် ဆယ်နှစ်လောက်ရောက်မှ ခွဲစိတ်ကုသဖို့က နည်းလမ်းမှန်လိမ့်မယ်ခင်ဗျ... နောက်ပြီး ကလေးရဲ့မိခင်ရော၊ ကျွန်တော်မှာချင်တာက ကလေးကို အခုလောက်အထိ စိတ်ကြီးအောင် အရမ်းအငိုမခံပါနဲ့"

ဟင်...

ဒေါက်တာက ယမုံ့ကို ကလေးရဲ့မိခင်အမှတ်နဲ့ စိုက်ကြည့်ပြောနေတာမို့ ယမုံ့မျက်လုံးတွေ ဝိုင်းသွားရသည်။ ဒါပေမယ့် ယမုံ မငြင်းဆန်ဘဲ ဆက်နားထောင်နေလိုက်မိသည်။ ကလေးကျန်းမာရေးက ပိုအရေးကြီးတာမို့ ယမုံ့မာနတွေကို ခဏဘေးဖယ်ထားလိုက်ရသည်။

"ပြီးတော့ မိခင်နို့ပဲ ပုံမှန်တိုက်ပေးပါ၊ နို့မှုန့်ကို သိပ်အားမကိုးရင် ပိုကောင်းပါလိမ့်မယ်"

အို...

ယမုံ့ကို တည့်တည့်ကြည့်ပြောနေတာမို့ ယမုံ့ပါးပြင်လေးတွေ ရဲခနဲ တက်လာရသည်။ ရင်ထဲမှာလည်း ကမောက်ကမ ခံစားချက်တို့က တိုးဝှေ့လာတာကြောင့် ခမ်းနားကိုတော့ သူမ လှမ်းမကြည့်တော့ဘဲ လက်သီးလေးကိုသာ ကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။

"ဒေါက်တာ... ကျွန်တော့်သားက မိခင်မရှိတော့တဲ့ကလေးမို့ နို့ဘူးပဲ တိုက်ရပါတယ်"

ဆရာဝန်က မျက်မှောက်ကြုတ်သွားပြီး ခမ်းနားကို ပြန်လှည့်ကြည့်ကာ...

"ဗျာ... ကလေးက မိခင်မရှိတော့ဘူးလား"

"ဟုတ်ပါတယ်ဒေါက်တာ၊ ကျွန်တော့်အမျိုးသမီးကလည်း နှလုံးရောဂါအခံရှိတာမို့ သားကိုမွေးပြီးပြီးချင်းပဲ ဆုံးခဲ့တာပါ"

ဆရာဝန်က သက်ပြင်းချလိုက်ပြီး ယမုံ့ကို အားနာသလို တစ်ချက်ကြည့်လိုက်သည်။ ပြီးမှ ခမ်းနားဘက်ကို ပြန်လှည့်ကာ...

"စိတ်မကောင်းစရာပဲဗျာ၊ ကလေးက မိခင်ရင်ငွေ့ခိုလှုံရမယ့်အရွယ်မှာ ဒီလိုသတင်းကြားရတာ တကယ်စိတ်မကောင်းစရာပဲ... ကဲ ကျွန်တော်တို့ အဓိကမှာချင်တာကတော့ ကလေးကို တစ်လတစ်ခါ ကလေးအထူးကုနဲ့ ပြပေးပါ၊ ပြီးတော့ အရမ်းကြီးဒေါသထွက်ပြီး အခုလို တက်အောင် ငိုရတဲ့အထိ မထားပါနဲ့၊ သူအလိုက်အထိုက်လေး နေပေးပါ၊ ခဏခဏ တက်တာက သူ့အတွက် အဆင်မပြေဘူးခင်ဗျ"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

ဆရာဝန်က မှာကြားပြီးသည်နှင့် တစ်ဖွဲ့လုံး အခြားအခန်းဘက်သို့ ကူးပြောင်းသွားကြတော့သည်။

🍀 🍀 🍀

"သမီးကြီး..."

"......"

ဖခင်ဖြစ်သူ၏ ခေါ်သံကို ယမုံကြားပေမယ့် နှုတ်ကမထူးဘဲ မျက်လုံးချင်းဆုံကာ ဖေဖေ့မျက်နှာကို ကြည့်လိုက်သည်။ ခမ်းနားရယ်၊ ကလေးရယ်၊ အန်တီမာလာခင်ရယ်က သတိုးအခန်းထဲမှာ ကျန်နေခဲ့ပြီး ယမုံနှင့် ဖေဖေကတော့ အခန်းပြင်ကို ထွက်လာခဲ့ခြင်းဖြစ်သည်။

ဦးစိုးထွဋ်၏မျက်နှာမှာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုအမျိုးမျိုးကြောင့် တစ်လဆိုတဲ့ အချိန်အတွင်းမှာ သိသိသာသာ ချောင်ကျသွားပြီး မျက်လုံးတွေကပါ အရောင်မှိန်ဖျော့နေလေသည်။

"ဖေဖေ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူးကွယ်"

"ဖေဖေ ကျန်တာတွေကို မတွေးဘဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရင် ပိုကောင်းလိမ့်မယ်လို့ ထင်တယ်"

ယမုံ့စကားကြောင့် ဦးစိုးထွဋ် သက်ပြင်းချလိုက်ရင်း မျက်ရည်ကြည်တွေရစ်ဝဲလျက် ပြုံးလိုက်မိသည်။

"သမီးရယ်... ဖေဖေ သမီးကို ဘယ်လိုတောင်းပန်မှ သမီးလက်ခံမှာလဲဟင်၊ သမီးညီမရဲ့ အသက်နဲ့ရင်းပြီး မွေးခဲ့ရတဲ့ကလေး... အဲ့ဒီကလေးရဲ့ ကျန်းမာရေး ချုချာပုံကို သမီးလည်း မြင်နေတာပဲ၊ ဘာလို့ အသည်းဒီလောက် မာရတာလဲ သမီးရဲ့"

ယမုံ့နှလုံးသားတစ်ခုလုံး တင်းကြပ်စွာ ညှစ်ခြေခံရသလို ခံစားလိုက်ရပြီး ဝဲတက်လာတဲ့ မျက်ရည်တွေကို ကျခွင့်မပေးဘဲ မျက်တောင်ရှည်တို့ဖြင့် ပုတ်ခတ်ထုတ်လိုက်ကာ...

"ယမုံက အသည်းမာတယ်ဟုတ်လား ဖေဖေ... အဲ့ဒီလို အသည်းမာအောင် ဖေဖေတို့လိုလူတွေကပဲ သင်ပေးခဲ့တာ၊ ဖေဖေက ဘယ်တုန်းကများ သမီးအတွက် ကြည့်ပေးခဲ့ဖူးလဲ... အခုလို တစ်ယောက်တည်း ရပ်တည်နိုင်အောင် မေမေ့အင်အားတစ်ခုတည်းနဲ့ ယမုံ့ကို ပံ့ပိုးပေးခဲ့တာ၊ ဒါတွေကိုတော့ အထူးတလည် ပြောစရာမလိုအောင် ဖေဖေသိပြီးသား ဖြစ်မှာပါ"

နောက်တစ်ခုကတော့... ယမုံ့နှလုံးသားတစ်ခုလုံး ဒဏ်ရာဗလပွနှင့်မို့ ပြီးခဲ့တာတွေ ပြီးခဲ့ပြီဖြစ်၍ ခမ်းနားနှင့် သူမ၏အတိတ်ကို ဆက်မပြောချင်တော့ပေ။ ထို့ကြောင့်ပင် နှုတ်ဆိတ်နေလိုက်ပြီး နှုတ်ခမ်းကိုသာ အတွင်းကနေ ဖိကိုက်ထားမိတော့သည်။

"သမီးရယ် ဖေဖေ မတတ်သာခဲ့လို့ပါ သမီးမေမေကဖေဖေမရှိလည်း ရပ်တည်နိုင်တဲ့ အင်အားရှိပြီးသားပါ

စနိုးရဲ့ မေမေ အေးမြကြည်က သမီးမေမေလို အခြေနေမရှိဘူး ပြီးတော့ စနိုးက ငယ်ငယ်က သတိုးလိုပဲ အရမ်းချူချာပြီး မွေးရာပါ နှလုံးရောဂါကလည်းရှိနေတော့ ဖေဖေ ဘက်က..."

"ဖေဖေ... တော်ပါတော့!"

ယမုံ့စကား မဆုံးခင်မှာပင် ဦးစိုးထွဋ်က သမီးကြီး၏ရှေ့မှောက်၌ ဒူးထောက်ချလိုက်လေသည်။ ဖိနပ်သံ တချက်နှင့်အတူ ကြမ်းပြင်ပေါ် ဒူးနှစ်ဖက် ကျဆင်းသွားသံက ယမုံ့နှလုံးသားကိုပါ ပြင်းထန်စွာ ရိုက်ခတ်သွားစေခဲ့သည်။

"ဖေဖေ! ဒါ ဘာလုပ်တာလဲ... ထပါ!"

ယမုံ လန့်ဖျပ်သွားပြီး ဖခင်ဖြစ်သူကို ဆွဲထူရန် ကြိုးစားသော်လည်း ဦးစိုးထွဋ်က ခေါင်းကို အတင်းခါယမ်းကာ ထမည့်ပုံမပြဘဲ ယမုံ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတော့သည်။ မျက်ရည်တွေကလည်း တွန့်လိပ်နေသည့် ပါးပြင်ထက်သို့ တာရိုးကျိုးသလို စီးကျလာပြီး အသံတွေက တုန်ရီရှိုက်မောနေရှာသည်။

"သမီးကြီးရယ်... ဖေဖေ တောင်းပန်ပါတယ်၊ ဖေဖေ့အပြစ်တွေအတွက် ဖေဖေ ဒူးထောက်ပြီး တောင်းပန်ပါတယ်... သမီးရယ်"

"ဖေဖေ... ထပါဆို၊ လူတွေမြင်ကုန်ပါလိမ့်မယ်... ယမုံ့ကို ဒီလိုမျိုး လူမြင်မကောင်းအောင် မလုပ်ပါနဲ့"

ပြောရင်းယမုံပါ ဒူးထောက်လျက် ဖေဖေ့ရှေ့ထိုင်ချလိုက်သည်၊

ယမုံ့ရင်ထဲ တဆစ်ဆစ် နာကျင်လာရသည်။ မုန်းချင်ခဲ့သော်လည်း မိမိကို မွေးကျွေးခဲ့သည့် ဖခင်ဖြစ်သူက ခြေဖဝါးနားမှာ ဒူးထောက်ငိုယိုနေသည့် မြင်ကွင်းက သမီးတစ်ယောက်အတွက်တော့ ငရဲကျသလို ခံစားရခက်လွန်းလှသည်။

"လူတွေမြင်မြင်၊ ဘယ်သူပဲပြောပြော ဖေဖေ ဂရုမစိုက်နိုင်တော့ဘူး သမီးရယ်... ဖေဖေ့မှာ အောက်ကျို့ဖို့ ဒီသိက္ခာပဲ ကျန်တော့တယ်၊ သမီး ညီမလေးအတွက်... ပြီးတော့ ဟိုအထဲက သနားစရာကောင်းတဲ့ သမီးရဲ့ တူလေးအတွက်... ဖေဖေ တောင်းပန်တာကို လက်ခံပေးပါတော့"

ဦးစိုးထွဋ်က အခန်းတွင်းမှ ကလေးအိပ်ဆောင်ဘက်ကို လက်ညှိုးတုန်တုန်ရီရီဖြင့် ညွှန်ပြရင်း ငိုရှိုက်သည်။

"သမီးညီမလေးကတော့ သူ့ရင်သွေးကို အသက်နဲ့ရင်းပြီး မွေးသွားခဲ့ပြီ၊ အခု ကျန်ခဲ့တဲ့ ကလေးလေးက မိခင်နို့ရည်ဝဝ မစို့ရတဲ့အပြင် နှလုံးရောဂါအခံနဲ့... ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ မသိရဘူး သမီးရဲ့... ဆရာဝန်ပြောတာ သမီးလည်း ကြားတယ်မဟုတ်လား၊ ကလေးကို ဒီတစ်ကြိမ်ပဲ... ဒီတစ်ကြိမ်ပဲ ဖေဖေ့စကားကို နားထောင်ပြီး ကယ်တင်ပေးပါဦး သမီးရယ်"

ယမုံ့လက်သည်းများ အသားထဲ စိုက်ဝင်မတတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မျက်ရည်များက မျက်ဝန်းအိမ်တွင် ပြည့်လျှံနေသော်လည်း အားတင်းကာ အောက်နှုတ်ခမ်းကို ဖိကိုက်ထားဆဲ။

သူမ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိသည်။ ရင်ထဲက ဒဏ်ရာဟောင်းတွေ၊ ခမ်းနားနှင့် ပတ်သက်ခဲ့သည့် နာကျင်မှုတွေက ယမုံ့ကို ရှေ့ဆက်မတိုးနိုင်အောင် အောက်ကနေ ဆွဲဖမ်းထားကြသည်။

"မရဘူး ဖေဖေ... ယမုံ ဘယ်လိုမှ လက်မခံနိုင်ဘူး"

ယမုံက လက်ကို ရုန်းဖယ်လိုက်ပြီး အသက်ကို ဝအောင်ရှူကာ အသံကို တည်ငြိမ်အောင် ထိန်းပြောလိုက်သည်။

"ယမုံ့မှာလည်း ခံနိုင်ရည် အတိုင်းအတာဆိုတာ ရှိတယ်၊ ဖေဖေတို့ ဖြစ်စေချင်တဲ့အတိုင်း လိုက်ဖြည့်ဆည်းပေးဖို့ ယမုံ့မှာ နှလုံးသား မကျန်တော့ဘူး... ကလေးအတွက် စိတ်မကောင်းဖြစ်ရတာ မှန်ပေမယ့်၊ ဒီလိုနည်းနဲ့တော့ ယမုံ လက်မခံနိုင်ဘူး ဖေဖေ... ယမုံ့ကို ထပ်ပြီး အတင်းအကျပ် မလုပ်ပါနဲ့တော့"

ပြောပြီးသည်နှင့် ယမုံ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဒူးထောက်လျက် ကျန်ခဲ့သော ဖခင်ဖြစ်သူကို လှည့်မကြည့်တော့ဘဲ ဆေးရုံအပြင်ဘက်သို့ ပြတ်ပြတ်သားသား ခြေလှမ်းများဖြင့် လှည့်ထွက်လာခဲ့လိုက်သည်

« ရှေ့အခန်း - အပိုင်း(၁၄) နောက်အခန်း - အပိုင်း(၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ