Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၅

မနက်ခင်းရဲ့ ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေရောင်ခြည်ရဲ့ အလင်းရောင်စူးစူးကြောင့် ငွေ့ရည်ရဲ့ မျက်လုံးတွေ စူးခနဲဖြစ်သွားတာကြောင့် မျက်လုံးကလေး ပွင့်ကာ နိုးလာခဲ့တော့သည်။တစ်နေ့တခြား ပိုမို လေးလံတာတဲ့ခန္ဓာကိုယ်ကြောင့် ဖြေးဖြေးချင်းထလိုက်ပြီးမှ ကိုယ်လက်သန့်စင်ရဲ့ ရေချိုးခန်းထဲ ဝင်လိုက်လေသည်။

"မနက်စာစားဖို့အတွက် မီးဖိုခန်းထဲ ဝင်လာတော့ ကိုကြီးထက်ဝေယံသာတွေ့ပြီး ကိုကို့ကို မတွေ့တာကြောင့်''

"ကိုကြီထက်ဝေယံ.. ကိုကိုရော ဘယ်မှာလဲ..''

"ညဥ်းအစ်ကို ညက ရင်ဘတ်တွေအောင့်လို့တဲ့ဟာ...မိုးလင်းပိုင်းမှ အိပ်ပျော်သွားတာ..''

"ဘာ...အဲဒါကို ညထဲက ငွေရည်ကို ဘာလို့လာမခေါ်တာလဲ..မတော်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.. ''

ငွေ့ရည် စိတ်ပူသွားလေ၏။မနက်စာ စားမလို့ မီးဖိုခန်းထဲကို ဝင်လာခဲ့ပေမယ့် ကိုကို နေလို့မကောင်းဘူးဆိုတာနဲ့ စားချင်စိတ်ပျောက်သွား၏။

"ငွေ့ရည်အတွက် မထည့်နဲ့တော့ ငွေ့ရည်စားချင်စိတ်မရှိတော့ဘူး..ကိုကိုဆီ သွားလိုက်အုန်းမယ်..''

ထို့သို့ပြောပြီးတာနဲ့ လေးကွေးတဲ့ ခြေလှမ်းများနဲ့ မီးဖိုခန်းထဲကနေ ထွက်လာခဲ့သည်။သူမလည်းကိုကိုရဲ့ အခန်းထဲကို ဝင်သွားလိုက်တော့ ကိုကိုက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ဖွင့်ထားတဲ့ ပြတင်းပေါက်နေ တိုးဝင်လာတဲ့ လေရဲ့ရိုက်ခတ်မှုကြောင့် ပုံတွေဆွဲထားတဲ့ စက္ကူစာရွှက်တို့ဟု အောက်ကိုလွှင့်ကြနေလေသည်။

စာရွက်တွေကို အောက်ယူဖို့ သူမမှာ အချိန်တော်တော်ယူလိုက်ရ၏။ဗိုက်ကလေးကို လက်တစ်ဖက်က မပြီး ကျန်လက်တစ်ဖက်နဲ့ ဖြေးဖြေးချင်း လိုက်အောက်နေတော့သည်။

"ဟင်...''

မိန်းကလေးနဲ့ ကလေးတစ်ယောက်ရဲ့ ပုံတွေဖြစ်နေတာကြောင့် ဟင်လို့ ယောင်းရမ်းလိုက်မိသည်။စက္ကူရွှက်တိုင်းမှာ ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ ရင်ဖုံးအကျီထမင်လေးနဲ့ရယ် သနပ်ခါးပါးကွက်ကြားလေးနဲ့ ဆံနွယ်ရှည်တွေကို ဖြန့်ကျက်ထားတဲ့ ပုံလေးတွေ ထုံးဖွဲ့ထားသည့် ပုံလေးတွေ ပန်းခင်းလေးရဲ့ကြားမှာ ပန်းလေးတွေကို နမ်းရှိုက်နေတဲ့ ပုံလေးတွေရယ် ကလေးငယ်တစ်ယောက် ရယ်မောကာ စက်ဘီးစီးနေတဲ့ ပုံကလေးတွေ သားမိလို့ထင်ရတဲ့ မိန်းကလေးနဲ့ကလေးငယ်တစ်ဦး ရယ်မောနေသည့် ပုံကလေးပင်ဖြစ်လေသည်။

"သူတို့ဘယ်သူတွေလည်း ကိုကိုနဲ့ ဘယ်လိုတွေ ပတ်သက်နေတာလဲ...မဟုတ်မှ ကိုကို့ရဲ့ ချစ်သူများလား..''

လက်ထဲက ပုံတွေကိုကြည့်ပြီး တစ်ယောက်ထဲ စဥ်းစားခန်းဖွင့်နေတော့သည်။ကိုကိုဟာ အလုပ်ပိတ်ရက်တွေမှာဆိုရင် သူ့အခန်းမှာ အချိန်ပြည့် ပုံဆွဲလေ့ရှိကို သူမသိသည်။ဒါပေမယ့် အခုလို ဒီလိုပုံမျိုးတွေ ဆွဲနေလိမ့်မယ်လို့တော့ မထင်မိပေ။

"ညီမလေး...''

"ဟင်..''

ကိုကိုရဲ့ အသံကြားတော့မှ အသိလေးဝင်လာသည်။ထိုအခါ သူမအောက်ထားတဲ့ ပုံဆွဲထားသည့် စက္ကူတွေကို စားပွဲခုံပေါ်အသာလေး တင်လိုက်၏။

"ကိုကို နိုးလာပြီလား..ညက ရင်ဘတ်အောင့်လို့ဆို..ခုရောအောင့်သေးလား...ဘယ်လိုနေသေးလဲ ဟင်..အောင့်နေတုန်းဆိုရင် ညီမလေးနဲ့ ဆေးရုံသွားမယ်...''

"မအောင့်တော့ပါဘူး ညီမလေးရဲ့..သက်သာသွားပြီ..''

"သက်သာသွားလည်း ဆေးရုံသွားရအောင်နော် ကိုကို...ရင်ဘတ်အောင့်တာဆိုတော့ နှလုံးနဲ့ပတ်သက်ပြီး ဖြစ်နိုင်တယ်...ဆရာဝန်နဲ့ သေချာအောင် စစ်ဆေးပြီး ပြကြည့်တာ အကောင်းဆုံးပဲ ကိုကိုရဲ့..''

"ကိုကို့ညီမလေးကတော့ ဆရာဝန်ပီပီ ရောဂါရှာနေပါပြီကွာ...''

"ကိုကိုကလည်း ညီမလေးက ကိုကို့ကို စိတ်ပူလို့ ပြောတာပါ...ကိုကို တစ်ခုခုဖြစ်သွားရင် ညီမလေးပါ ..''

"ညီမလေး...''

ငွေ့ရည် ပြောသည့်စကားမဆုံးခင် ဇာနည်ဇွဲရည် *ညီမလေး* ဟုခေါ်လိုက်၏။

"ညီမလေးက ကိုကို့ကို စိတ်ပူနေတာ ကိုကိုသိတာတယ်...ကိုကိုကြောင့် ညီမလေးရဲ့စိတ်တွေ မပူလောင်စေချင်ဘူး... ညီမလေးက ခုအချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမှာ သိလား...''

"ကို..ကိုကို...တစ်ခုခုဖြစ်မှာ ကြောက်လို့ပါ..ပါးပါးနဲ့မားမားလိုမျိုး ညီမလေးကို အပြီးထားသွားမှာ ကြောက်လို့ပါ ကိုကိုရယ်...အဟင့်...ဟင့်..''

"ပြောရင်းနဲ့ ဝမ်းနည်းစွာ ငိုကြွေးလာသည့် သူမကြောင့် ခေါင်းလေးကို ကလေးများလို ပွတ်သတ်ပေးပြီး''

"ကိုကို ကတိပေးတယ်... ညီမလေးကို ဘယ်တော့မှ ထားမသွားဘူး..''

သူပြောလေ ပိုငိုလေ ဖြစ်နေသည့် သူမလေးကို ကလေးနဲ့ ခြောက်လိုက်ရ၏။

"အဟင့်...ဟင့်...''

"ညီမလေးက ငိုနေရင် ဗိုက်ထဲက ကလေးလေး စိတ်မကောင်းဖြစ်မှာပေါ့ ညီမလေးရဲ့...မငိုရဘူးနော်..''

"ဟုတ်...''

"မနက်စာ စားပြီးသွားပြီလား...''

ငွေ့ရည် ခေါင်းရမ်းပြလိုက်၏။

"ကဲဆို မီးဖိုခန်းထဲမှာ ကိုကို့ကို စောင့်နေ..ကိုကို ရေမိုးချိုးပြီးတာနဲ့ ထွက်လာခဲ့မယ် ...''

"အင်း...''

"သူမလေးက အင်းလို့သာပြောပြီး အခန်းထဲကမထွက်သေးဘဲ သူ့ကို တစ်ခုခုပြောချင်နေသလို ကြည့်နေတာကြောင့် ''

"ကိုကို့ကို တစ်ခုခုပြောစရာရှိလို့လား...''

"ဟင်...''

သူမရဲ့စိတ်ထဲကို ဝင်ကြည့်လိုက်သလို သူမတစ်ခုခုပြောချင်မှန်း သိနေတာကြောင့် ယောင်ရမ်း၍ မျက်လုံးလေးပြူးပြီး ကြည့်နေလိုက်တော့၏။

"မျက်ကလေးပြူးမနေနဲ့ ဗိုက်ထဲကကလေးပါ မျက်လုံးပြူးလေး ဖြစ်နေမယ်..''

"အင်း..''

"မပြောစရာမရှိရင်..''

"ရှိတယ် ကိုကို...''

ဇာနည်ရဲ့ စကားမဆုံးခင်မှာ သူမ ပြောလိုက်သည်။

"အဲဆို ကိုကို နားထောင်ပေးမယ်..''

"ဟုတ်... ဒါဆိုရင် ...ညီမလေး မေးမယ်နော်..ကိုကို မှန်မှန် ဖြေပေးနော်..''

"ညီမလေးက ဘာမေးမှာမို့လို့..ကိုကိုက မှန်မှန်ဖြေပေးရမှာလဲကွာ..ဆိုစမ်းပါအုံး...''

ထိုအခါ သူမ စားပွဲခုံပေါ် တင်ထားသည့် ပုံတွေဆွဲထားတဲ့ စက္ကူစာရွှက်တို့ကို ယူလိုက်ပြီး သူမရှေ့မှာ ရှိနေတဲ့ ကိုကို့ကို ပေးလိုက်သည်။ထို့နောက် တစ်ခါတည်းပင် မေးလိုက်၏။

"ကိုကို သူတို့က ဘယ်သူတွေလဲ...ငွေ့ရည် မသိတဲ့ ကိုကိုရဲ့ မိသားစုလားဟင်...''

"ကိုကိုလည်း သေချာမပြောတက်ဘူး ညီမလေး...အိပ်မက်ထဲမှာ ပေါ်လာတဲ့ ပုံရိပ်လေးတွေ ကို ကိုကို ဆွဲထားလိုက်တာ...သူတို့က ကိုကိုရဲ့ မိသားစု ဖြစ်လောက်မယ်ထင်တယ်.. အိပ်မက်တွေ မက်လိုက်တိုင်း ကိုကို အရမ်းခံစားတယ်ကွာ...''

"ညီမလေးရဲ့ ယောင်းမလေးကလည်း ရိုးရိုးလေးနဲ့ လှတယ်နော်ကိုကို..''

"အင်း...''

"ညီမလေးရဲ့ တူလေးကလည်း ချစ်စရာလေးနော် ကိုကို..''

"အင်း..''

"သမီးလေးအတွက် ကိုကို တစ်ယောက်ရှိနေတာပေါ့နော် ကိုကို..''

"အင်း..''

"ကိုကို...''

"အင်း..''

"ဘာလို့ အင်းလည်းလို့...ညီမလေးက အကောင်းပြောနေတာကို တအင်းအင်းနဲ့ အင်းနေတော့တာပဲ..ဘာမှန်းလည်း မသိဘူး...စိတ်ဆိုးတယ်...တော်ပြီကွာ..ကိုကိုနဲ့စကားမပြောတော့ဘူး..''

"ဟောဗျာ...''

သူ့ကိုပြောပြီး သူ့အခန်းထဲကနေ ကော့လန်ကော့လန်နဲ့ ဘဲသွားသလို ခြေလှမ်းမျိုးနဲ့ ထွက်သွားသည့် ညီမဖြစ်သူ ပန်းငွေ့ရည်ကို ကြည့်ပြီး သဘောကျပြီး ရယ်မောရင်း အခန်းထဲမှာ ကျန်ရစ်ခဲ့သည်။

***************** *****************

မင်းခန့်တို့တွေ ကျုရှင်သွားကြတဲ့လမ်းတစ်နေရာမှာ ရခိုင်မုန့်တီဆိုင်လေးတစ်ဆိုင်တွေ့တာနဲ့ သူတို့လေ ဝင်ထိုင်လိုက်သည်။သူတို့ငါးယောက် သောက်လို့ပြီးတာနဲ့ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့သည်။ထိုအခါ သွန်းသွန်းကို ရိသဲ့သဲ့ပြောလာတဲ့ လူမိုက်လိုလိုနဲ့ စရိုက်ဆန်တဲ့ လူသုံးယောက်ထဲက တစ်ယောက်ကို မင်းခန့်တစ်ယောက် စတင်ထိုးတော့သည်။

သုံးယောက် လေးယောက်ဆိုပေမယ့် စရိုက်ဆန်တဲ့ လူမိုက်တွေနဲ့ ရှင်ပြိုင်ထိုးတဲ့အခါ သူတို့တွေခံရလေသည်။ထိုအထဲမှာမှ မင်းခန့်ရဲ့ ထိုးချက်ကြောင့် အထိနာသွားတဲ့ တစ်ယောက်က ခါးကြားက ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး နောက်ကနေ ထိုးဖို့ချိန်လိုက်၏။ ထိုအချိန် သွန်းသွန်းက အားသကုန် မျက်လုံးမှိတ်ပြီး အော်လိုက်တော့၏။

"မင်းခန့်ရေ နင့်နောက်မှာ ဓား..''

ထိုအခါ သွန်းသွန်းရဲ့အသံကြောင့် ရှောင်လိုက်ပေမယ့် လက်မောင်းကို ရှက်ထိကလေးထိသွားလေသည်။သွန်းသွန်းအသံ အနားရှိ လူအများရောက်လာတော့မှ လူမိုက်လို့ထင်ရတဲ့ သူသုံးယောက်က ထွက်ပြေးသွားတော့သည်။

လက်မောင်း သွေးတွေ ကျလာသည့်အခါ သွန်းသွန်းက ငိုလေသည်။

"အဟင့်...ဟင့်....''

"ဘာလို့ ငိုနေတာလည်း သွန်းသွန်းရာ. မငိုစမ်းပါနဲ့ဟာ ငါ နားငြီးလို့ပါဟာ...တိတ်စမ်းပါဟာ...ဒဏ်ရာက နာရတဲ့ထဲ သွန်းသွန်းမရာ...''

"နင့်...နင့်လက်မှာ သွေးတွေအများကြီးပဲ..တော်တော် နက်သွားတယ်နဲ့တူတယ်...''

"နည်းနည်းလေးပါဟာ ဘာမမဖြစ်ဘူး...ငါသေသွားမဟုတ်လို့ မငိုပါနဲ့.. နော်...''

&အွန်း...''

မင်းခန့် ပြောလိုက်တော့မှ သွန်းသွန်းလည်း မျက်ရည်တွေကို သုတ်လိုက်၏။

ဇွဲပြည့်နဲ့သူရိန် မိုးညလည်း မင်းခန့်ရဲ့ လက်ကဒဏ်ရာကို ကြည့်ပြီးနောက် ဇွဲပြည့်က အရင်စကားဆိုလိုက်၏။

"မင်းခန့် မင်း ဒဏ်ရာက ဆေးရုံသွားမှရမယ်...မဟုတ်ရင် ပိုးဝင်သွားမယ်...''

"အင်း...''

"တော်သေးတာပေါ့ကွာ...သွန်းသွန်းသာ မအော်ရင် အတွေးရဲစရာပဲကွာ...ဇွဲပြည့် ပြောသလို ငါတို့တွေ ဆေးရုံသွားကြမယ် မင်းခန့်...''

"အေး...''

"သွန်းသွန်းက ဆရာမကို ငါတို့မလာဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြောလိုက်ဟာ...''

"အင်း ငါပြောမယ် မိုးည...''

သူတို့တွေ ကျူရှင်ကိုမသွားလိုက်ရဘဲ ဆေးရုံကိုသာ သွားလိုက်ရသည်။ဆေးရုံရောက်တော့ သူ့ရဲ့ ဒဏ်ရာကို လာကိုင်တဲ့သူက ဦးဦးမဟုတ်ဘဲ ဦးငယ်ဖြစ်နေလို့ စိတ်တစ်ပိုင်းအေးသွားရလေသည်။

"ဦးငယ် ဒီကြောင်းကို မေမေ့ကို မပြောပါနဲ့.. ဘာမဟုတ်တာလေးနဲ့ မေမေ့ကို စိတ်မပူစေချင်ဘူး''

"ငါ့အမကို စိတ်မပူစေချင်ဘူးဆိုရင်လည်း ဘာလို့ ရန်ဖြစ်လာတာလားကွာ...''

"အာ..ဦးငယ်ကလည်း ကျွန်တော်က ယောကျ်ားလေဗျာ..တစ်ခါတစ်လေတော့ ရန်ဖြစ်တာဘာညာတော့ ရှိတာ အဆန်းမှမဟုတ်တာပဲကိုး...''

"ရန်က အကြောင်းမရှိရင်မဖြစ်ပါဘူး...ဘာကိစ္စကြောင့် ဖြစ်တာလည်း ဆိုစမ်းပါအုံး.. တူတော်မောင်လေး...''

"သွန်းသွန်းကြောင့်ဖြစ်တာပါ ဦးငယ်...''

သွန်းသွန်းက မင်းခန့်ရဲ့ ဦးငယ်ဖြစ်တဲ့ ဘုန်းမြတ်တေဇာကို အကြောင်းစုံ ပြောပြလိုက်တော့သည်။

သူမပြောပြလိုက်တာနဲ့ တေဇာက မင်းခန့်တို့လေးယောက်သားကို ဆူလေသည်။သူတို့ အဆူခံရတော့ သွန်းသွန်းကို လေးယောက်သား မျက်မှောင်ကျုံ့ကာ ကြည့်နေကြတော့ သွန်းသွန်းရဲ့ မျက်နှာကလေးဟာ ဇီးရွှက်သာသာလေးသာ ရှိတော့သည်။

"မင်းခန့်လည်း တေဇာရဲ့ ပုခုံးကို ဖတ်ပြီးတော့ ''

"ဦးငယ် မေမေ့ကို ဒီကြောင်းတွေ မပြောနဲ့နော်...''

"အေးပါကွာ...''

"တကယ်နော်...''

"အေးလို့...''

တေဇာ တူဖြစ်သူ မင်းခန့်ကိုကိုနဲ့ အတူ စကားပြောလာရင်း သူ့ရှေ့တည့်တည့်ကို မရည်ရွယ်ဘဲ အရင်လိုမဟုတ်တဲ့ ပုံစံနဲ့ လေးလံတဲ့ ခြေလှမ်းတွေနဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်တာကြောင့် နာမည်လေးတစ်ခုကို ရေရွတ်လိုက်သည်။

"ပန်းငွေ့ရည်...''

"ဟင်...''

"ဘုတ်...''

« ရှေ့အခန်း - အပိုင်း ၄ နောက်အခန်း - အပိုင်း ၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ