"နှစ်ယောက်ထဲကို ဆူညံနေတာပဲ...မေမေပြောနေတာကိုလည်း နားမထောင်ဘူး...ငါ ရိုက်ရင် နာတော့မယ်...နှစ်ယောက်စလုံးပေါင်းမှ တစ်ကိုင်ပေါက်စာပဲ ရှိတယ်...''
မင်းခန့် ထမင်းဝိုင်းမှာ ဆူညံနေတဲ့ ညီမလေးတွေကို မျက်မှောင်ကျုံ့ကာ ကြည့်ပြီး သြရှရှအသံနဲ့ ခြောက်လှန့်လိုက်သည်။
"ကိုကိုကြီးနော် ပန်းတို့ကို ဆူနေတာ ဖေဖေကို မကြောက်ဘူးလား..ပန်းကလေ ဖေဖေပြန်လာရင် ကိုကိုကြီးကို တိုင်မှာ သိလား..ကိုကိုကြီးက ပန်းတို့ညီမကို ဟောဒီလို ထုတယ်..နောက်ပြီး ဒီလိုမျိုးလည်း အော်ပါတယ်လို့လေ..''
သူ့ရှေ့က လက်တောက်လောက်လေးရှိတဲ့ ညီမငယ်လေးက သူ့ သူတို့နှစ်ယောက်ခေါင်းကို ထုသလိုမျိုး ပုံဖော်လုပ်ပြပြီး သူ မျက်မှောင်လေးကျုံ့တဲ့ ပုံစံလေးပါလုပ်လေ၏။ထိုအခါ သူ့မှာ အသဲယားလွန်း ဂျိုင်းကနေ ဆွဲပွေ့လိုက်ပါတော့သည်။
"ဟီး...ဟီး...မေမေရေ...နှင်းရေ..ပန်းကို ကယ်ပါအုန်း.. ကိုကိုကြီး ကိုင်ပေါက်တော့မယ်..နှင်းကြောက်လို့ပါ...ဟီး..ဟီး...မေမေရေ...နှင်းရေ...ပန်းကို ကယ်ပါအုန်း...''
သူ့လက်ထဲကနေ အတင်းရုန်းကန်နေရင်း မေမေနဲ့အကြီးမကို အကူခေါ်ရင်း အသံပြဲကြီးနဲ့ အော်ပြောရင်း ငိုလေသည်။သူလည်း ညီမလေးရဲ့ပုံစံကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်သည်။မေမေ့ကိုကြည့်တော့ မေမေက ပြုံးရယ်နေသည်။ အကြီးမလေးကတော့ မျက်နှာငယ်လေးနဲ့ မေမေ့နားမှာ ကပ်နေလေသည်။
သူလည်း မေမေ့နားမှာကပ်နေသည့် အကြီးမလေးနှင်းကို ကြည့်ပြီး မေးလိုက်၏။
"နှင်းက ကိုကိုကြီးကို ဘာမှ မပြောပါဘူးလေ...''
"နှင်းက လိမ္မာတယ်...ကိုကို အပြင်ကပြန်လာရင် မုန့်ဝယ်ခဲ့မယ်...''
"တကယ်ပြောတာနော် ကိုကိုကြီး...''
"အင်း..''
"အငယ်မ ငါ့ကို ပြန်ပြောအုန်းမလား..''
"ဘယ်မှာပြန်ပြောနေလို့လဲ...ကိုကိုကြီးကိုလည်း ပန်းက ဘာမှမပြောဘဲနဲ့ အကြီးဆိုပြီး အနိုင်ကျင့်နေတယ်..''
"နှင်းပန်းကိုကို...''
ခုထိ တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ အငယ်မလေးကို နာမည်အပြည့်အစုံခေါ်ပြီး အော်လိုက်လေသည်။ထိုအခါ နောက်တစ်ခါ ထပ်ငိုပြီး ငိုသံစွတ်၍ ပြောလာသည့် စကားကြောင့် ခန္ဓာကိုယ်ထဲ ရှိသမျှအားတွေ ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး ခြေလက်တွေပါ ယိုင်နဲ့လာလေသည်။
"ဟီး ..ဟီး..ဖေဖေရေ...ပန်းကိုလာကယ်ပါ..ကိုကိုကြီးက ပန်းကို အနိုင်ကျင့်နေတယ်.. ကိုကိုကြီးကိုလည်း လာရိုက်ပေးပါ...
ဟီး...ဟီး...''
"တိတ်..ဆက်ပြီးအော်ငိုနေရင် ငါ တကယ်ကိုင်ပေါက်လိုက်မှာနော် အငယ်မ...''
သူ ထိုသို့ပြောလိုက်တာနဲ့ ရုန်းကန်နေတာ ရပ်သွားသလို ငိုသံကလေးလည်း တိတ်သွားလေသည်မှာ တိခနဲပင်။ထိုအခါမှ သူ့လက်ကနေ ညီမငယ်လေးကို အောက်ချပေးလိုက်သည်နှင့် ညီမလေးက မေမေနဲ့အကြီးမတို့ဆီကို ပြေးသွားတော့လေသည်။
ထို့နောက် သူတို့ မောင်နှမသုံးယောက် မေမေပြင်ပေးထားသည့် ထမင်းကို အရန်သင့် ဝင်စားလိုက်ကြသည်။ထိုအချိန်မှာ အတွေးလေး တစ်ခုက ခေါင်းထဲကို ဝင်လာခဲ့၏။ သူတို့မိသားစုလေးယောက် ထမင်းဝိုင်းလေးမှာ ဖေဖေသာရှိရင် သိပ့်ကောင်းမှာပဲ ဆိုသည့် အတွေးပင် ဖြစ်သည်။ ထမင်းစားပြီးတာနဲ့ မေမေဟာ ညီမလေးနှစ်ယောက်ကို ကျောင်းလိုက်ပို့ပေးဖို့ ပြင်ဆင်လေသည်။
မနက်စောစောကတော့ လေးဘက်လေးလန်ကနေ မှိုင်းအုပ်ညို့မှိုင်းလျက် အငြိုးကြီးစွာ ရွှာနေသည့် မိုးတိမ်မိုးသားတို့ဟာ ကင်းစင်ပြီး ကောင်းကင်ယံတခွင်လုံးမှာ နေမင်း၏ အလင်းတို့ဖြင့် ကြည်လင်နေတော့သည်။
ခြံဝန်းထဲက သစ်ပင်ပန်းပင်တွေကတော့ မိုးရေသောက်လိုက်ရတော့ စိမ်းလန်းလို့နေလေသည်။နှင်းဆီပန်းလေးတွေကတော့ ဖူးတန်လေးတွေကတော့ လှပနေပြီး ပွင့်အာနေတဲ့ ပန်းပွင့်တို့ကတော့ ကောင်းကင်ယံက ကျရောက်လာတဲ့ မိုးပေါက်တွေကြောင့် တိုက်ခတ်သည့် လေကြောင့်ရယ် ပျက်စီးလို့နေသည်။
ဖေဖေ ဆုံးသွားပြီးထဲက မေမေဟာ သူတို့မိသားစု သုံးယောက်နေခဲ့သည့် အိမ်လေးဆီကို ပြန်လာခဲ့တယ်။ဘွားဘွားတို့ဘိုးဘိုးတို့ ဦးဦးတို့ ဦးငယ်တို့ ဘယ်လိုတားတား မရခဲ့ပေ။ဖေဖေရဲ့ အနွေ့အသက်တွေအပြည့်ရှိတဲ့ ဒီအိမ်လေးမှာပဲ ပြန်နေချင်တဲ့လေ။
မေမေပြောတာကို သူလက်ခံပါတယ်။ဒီအိမ်လေးက ဆောင်းဟေမာန်ဆိုတဲ့ အမျိုးသမီးမရောက်လာခင်အထိ အပျော်တွေနဲ့ ပြည့်နှက်နေခဲ့တာ...အဲအချိန်တွေက ဖေဖေနဲ့မေမေအတွက် အလွန်တရာမှ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေဖြစ်ခဲ့တာ.. အဲချိန် မေမေဟာ အမြဲတမ်း ပြုံးနေခဲ့သလို ဖေဖေဟာလည်း ထိုနည်းတူပင်။
"သား...သား..''
မေမေ့ရဲ့ သားလို့ ခေါ်သံကြားမှ သတိကပ်လာခဲ့တော့၏။မေမေ့ဟာ သူ့ကို ပြုံးပြီး ကြည့်နေသည်။
"ဟုတ်.. ဘာပြောမလို့လဲ မေမေ...''
"မဟုတ်မှ.. မေမေ့သားက ပျိုလေးအကြောင်းတွေးနေတာလား..မေမေ ခေါ်တာတောင် မကြားဘူးဆိုတော့လေ...''
"မဟုတ်ပါဘူး မေမေရာ...အလုပ်ကိစ္စတွေအကြောင်း ခေါင်းထဲရောက်လာလို့ပါ...''
"အလုပ်ကြီးပဲ အချိန်မပေးနဲ့ ကြားလား သား..ပျိုလေးအတွက်ရော အချိန်ဖဲ့ပေးနော်...နောက်ပြီး အလုပ်ကိစ္စအတွက် သားကို မေမေ စိတ်ချမယ်နော်...''
"သားက ဘယ်သူ့သားမို့လဲ မေမေရာ..ဦးကောင်းသန့်ကိုကိုရဲ့ သား မင်းခန့်ကိုကိုပါဗျ...မေမေကို ဖေဖေချစ်တဲ့ အချစ်မျိုးနဲ့ သားက ပျို့ကို ချစ်ပေးမှာပါ..အလုပ်လုပ်တဲ့ နေရာမှာလည်း ဖေဖေလိုပဲ အောင်မြင်အောင်လုပ်မှာပါ...''
"ဟုတ်ပါပြီ...ဒါပေမယ့် ဖေဖေနဲ့ အကုန်လုံးမတူနဲ့နော်..မေမေပြောတဲ့ အဓိပ်ပါယျကို သိတယ်မှတ်လား ...သွန်းသွန်းရွှေရည် အပေါ်ကို ပုံမှန်တိုင်းပဲ ဆက်ဆံနော်...''
"ဟုတ် မေမေ..''
မေမေဟာ ပျို့ကို သူမလို ခံစားရမှာ ဆိုးရိမ်နေတာဖြစ်သလို..သူ့ကိုလည်း ဖေဖေ့လို ဖြစ်မှာကြောက်နေတာ..အဲဒါကြောင့် သူ့အပေါ် တွယ်တာလွန်းတဲ့ သွန်းသွန်းကို သဘောမကျပေ။
"သား.. သွားရင် ဘွားကြိုင်ကို သေချာပြောသွားနော်...မေမေတို့ သွားပြီ...''
"ဟုတ်ကဲ့...''
"ကိုကိုကြီး တာတာ့..နှင်းအတွက် မုန့်ဝယ်ခဲ့ပို့ မမေနဲ့နော်...''
"အင်း...''
ခေါင်းမာသည့် အငယ်မပတော့ သူ့ကို တာတာ့ဟု၍ မပြသလို မျက်နှာကလေး လွဲထားသည်။ လုပ်နေသည့် ပုံစံက တကယ် ကိုင်ပေါက်ချင်စရာကောင်းလှသည်။
"ဟိတ်...''
"တာတ့ာ...''
"ဟာ...''
သူ့မှာတော့ ထွက်သွားသည့် ကားကိုကြည့်ပြီး ခါးထောက်ကာ ဒေါသထွက်လျက်ကျန်ခဲ့လေတော့သည်။မေမေပြောတာတော့ ညီမငယ်လေးက သူနဲ့ဖေဖေနဲ့ တူလို့ ခေါင်မာတာတဲ့လေ။သူ့နဲ့ တူတယ်ပြောတော့ အောင့်သက်သက်နဲ့ လက်ခံလိုက်ရသည်။
မင်းခန့်လည်း အလုပ်ကိစ္စအတွက် သွားတွေ့ဖို့က စောသေးတာကြောင့် ဧည့်ခန်းမှာ ထိုင်းရင်း ဖုန်းကြည့်နေသည်။သူ စိတ်ဝင်တစား ဖုန်းကြည့်နေတဲ့ အချိန် အပျိုကြီးဆို နာမည်လေးနဲ့ ဖုန်းဝင်လာခဲ့လေသည်။
"ဟလို ဘာပြောမလို့ သွန်းသွန်း...နင် ကျောင်းမှာမဟုတ်ဘူး...''
"မဟုတ်ဘူး... သေနာကောင်ရဲ့.. နင်မှမလာသေးတာ ငါက ဘယ်လို ကျောင်းသွားရမှာလည်းလို့..''
"အေး..ငါ နင်နဲ့ဟိုကောင်တွေကို ဖုန်းဆက်ဖို့ မေ့သွားတာ...ငါ ဒီနေ့ အလုပ်ကိစ္စအတွက် ဧည့်သည်သွားတွေ့ရမှာ မို့လို့ ကျောင်းမတက်ဘူး...''
"သေနာလေး.. စောက်ကန်းလေး...မသာလေး...အဲဒါကို အကျိုးအကြောင်းပြောပြီး ဖုန်းဆက်ပါလားလို့...''
သွန်းသွန်းမှာ သူ့ကို စိတ်တိုတိုနဲ့ နာမည်တွေ စုံအောင်ပေးလေတော့သည်။ငယ်ငယ်ထဲက ပေါင်းလာတဲ့ ငယ်ပေါင်းကြီးဖော်တွေဆိုတော့ ပြောမနာ ဆိုမနာပင် ဖြစ်နေတော့သည်။
"နင် ကျောင်းရောက်ရင် ဟိုကောင်တွေကိုလည်း ပြောပေးအုန်းနော်. သွန်းသွန်း...''
"ပျို့ကိုဆိုရင် ဖုန်းဆက်ဖို့ မေ့နေမှာ မဟုတ်ဘူး...ငါတို့တွေဆိုင် ပုတ်လေတဲ့ငပိ ရှိတယ်လို့ကို မထင်ဘူး...မပြောပေးဘူး...ဒါပဲ...စိတ်ဆိုးတယ်...''
"ဟေး..နေအုန်း...ဟာ...''
သွန်းသွန်းက ဘူးဆိုဖရုံမသီးတဲ့ သူဆိုတော့ ဟိုကောင်တွေကို သူပြောခိုင်းတာ ပြောမှာ မဟုတ်ပေ။အဲဒါကြောင့် သူကိုယ်တိုင်ပဲ ဖုန်းဆက်ပြောလိုက်ရလေသည်။ထို့နောက် ဘွားကြိုင်ကို သေချာပြောထားခဲ့ပြီး မိုးကုတ်ဘက်က ကုမ္မဏီတစ်ခုနဲ့ အလုပ်ကိစ္စအတွက် ချိန်းဆိုထားတဲ့ နေရာကို မောင်းထွက်လာသည်။
မေမေ ချိန်းပေးထားတဲ့ နေရာကို သူရောက်တော့ ဆယ်နာရီပင်ရှိလေသည်။မေမေက ဘိုကင် ကြိုယူထားတဲ့အတွက် နာမည်လေးပြောလိုက်တာနဲ့ သူတို့ ညွှန်ပြတဲ့ စားပွဲဝိုင်းမှာ သူ ထိုင်လိုက်၏။မီနူးကတ်ကို ယူကြည့်ပြီး သူတစ် ဦးအတွက်သာ သူကြိုက်တာကို မှာလိုက်တော့သည်။
မင်းခန့်တစ်ယောက် ဇာနည်စွမ်းရည်ဆိုတဲ့သူကို စောင့်နေသည်မှာ နာရီဝက်ခန့်ကြာလာခဲ့လေသည်။သူ့မှာ စောင့်နေရင်း လက်မှာပတ်ထားတဲ့ နာရီကို ကြည့်နေသည်မှာ အခါပေါင်းမနည်းပေ။ကြာလာတော့ လူငယ်ပီပီ စိတ်မရှည်ဖြစ်လာပါတော့သည်။ထိုအချိန်မှာ သူဝိုင်းကို လူလတ်ပိုင်းလောက်ရှိသည့် အမျိုးသားတစ်ဦး ရောက်ခဲ့လေသည်။
"ဒီညီလေးက မင်းခန့်ကိုကိုလား...''
"ဟုတ်ပါတယ် ..ဒီဘက်က အစ်ကိုက မိုးကုတ်ကဦးဇာနည်စွမ်းရည် ဟုတ်ပါတယ်နော်..''
"အစ်ကိုက ညီလေးနဲ့တွေ့ဖို့ချိန်းထားတဲ့ ဦးဇာနည်စွမ်းရည် မဟုတ်ပါဘူး ..အစ်ကိုက ထက်ဝေယံပါ. သူ့အစား ဒီက ညီလေးကို လာတွေ့ပေးတာပါ...''
"ဘာဗျ...ကျွန်တော်တို့က အလုပ်လုပ်နေတာ ကစားနေတာမဟုတ်ဘူး...အလုပ်အပေါ် ဂရုစိုက်မှုမရှိတဲ့အတွက် အလုပ်တွဲလုပ်ဖို့ကို ပြန်စဥ်းစားမယ်လို့ ပြောလိုက်ပါ...''
"သူက သူ့အလုပ်တာဝန်အပေါ် ဂရုတစိုက်ရှိတဲ့သူပါ ညီလေး...ခုမလာဖြစ်တဲ့ အကြောင်းက သူ့ညီမလေး ဆေးရုံတက်လိုက်ရလို့ပါ...အလုပ်အကြောင်းကို အစ်ကိုနဲ့ ဆွေးနွေးလို့ ရပါတယ်..အစ်ကိုနဲ့ သူနဲ့က ကုမ္ပဏီတစ်ခုထဲ အတူတူအလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတွေပါ..အစ်ကို့ကို စိတ်ချယုံကြည့်လို့ ရပါတယ်..''
"ကျစ်...''
မင်းခန်း စုတ်လိုက်၏။
သူ့ရှေ့က အမျိုးသာဟာ သနားခံသည့် မျက်နှာမျိုးနဲ့ သူ့ကိုကြည့်နေကြောင့် သူ စိတ်လျော့လိုက်လေသည်။ထို့နောက် အလုပ်အကြောင်းကို ထက်ဝေယံဆိုတဲ့ ထိုအမျိုးသားနဲ့ ဆွေးနွေးလိုက်တော့လည်း သူလိုချင်တဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် အလုပ်တွဲလုပ်ဖို့ လက်ခံလိုက်လေသည်။
အလုပ်ကိစ္စအကြောင်းပြောပြီးတာနဲ့ စားသောက်ကြလေသည်။ထိုအခါ သူ့ရှေ့က ထက်ဝေယံဆိုတဲ့ လူက သူ့မျက်နှာကို ခဏခဏကြည့်နေတာကြောင့် နေရခက်လေသည်။
"အစ်ကို ကျွန်တော်ကိုကြည့်နေတာ တစ်ခုခုများ ပြောချင်လို့လား...အဲဒါဆို အားမနာပါနဲ့ ပြောစရာရှိတာ ပြောလို့ရပါတယ်ဗျ...''
"ပြောစရာမရှိပါဘူး..ဒီကညီလေးကို အစ်ကို မြင်ဘူးသလိုလို ရှိလို့ပါ..ဒါပေမယ့် မြင်တယ်ပြောရအောင်လည်း အစ်ကိုက ခုမှ ရန်ကုန်ရောက်ဖူးတာကွာ..''
"ကျွန်တော့်ဖေဖေ့ကို တွေ့ဖူးတာဖြစ်ပါလိမ့်...ဖေဖေက မိုးကုတ်ကို အလုပ်ကိစ္စခဏခဏ သွားဖူးတယ် အစ်ကို...''
"ဟုတ်လား..အဲဒါကြောင့် မြင်ဖူးနေတာ နေမှာပါ..ရင်းရင်းနှီးနှီးကို မြင်ဖူးနေသလို ဖြစ်နေတာကိုး...''
ဖေဖေ့အကြောင်း ပြောလိုက်တိုင်း ဝမ်းနည်းရလေသည်။ဖေဖေဟာ သူ့ကို စိတ်နာသွားလားမသိပေ.. သူရဲ့အိပ်မက်ထဲမှာတောင် တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့ပေ။