Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၁

အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် ရန်ကုန်မြေကို ချေမချချင်ပေမယ့် ကိုကို့ရဲ့ မဖြစ်မနေသွားရမယ့် အလုပ်ကြောင့် ဒုတိယအကြိမ် ပြန်ချေချရတော့မည်။

အကယ်၍များ လွန်ခဲ့တဲ့ ခုနစ်လခန့်က အချိန်တွေကိုသာ ပြန်လည်ပြင်ဆင်ခွင့် ရခဲ့မယ်ဆိုရင် ပန်းငွေ့ရည် ဆိုတဲ့ သူမဘဝဟာ ခုလို လင်ယောကျ်ား မရှိဘဲ ကိုယ်ဝန်ဆောင်ရတဲ့ ဘဝမျိုးဖြစ်မည်မထင်။ခုလိုမျိုး လူတိုင်းရဲ့ ကဲ့ရဲ့တဲ့ မျက်လုံးတွေလည်း ပန်းငွေ့ရည် ဆိုတဲ့ သူမအပေါ် ကျရောက်နေမည်မထင်ပေ။

ထိုအတွေးလေးကြောင့် သူမရဲ့ ဗိုက်ကလေးထဲက သမီးလေးအပေါ် အားနာမိပြန်လေသည်။သူမရဲ့ ဗိုက်ထဲက သမီးလေးကလည်း သူမရဲ့ စိတ်ထဲက စကားသံကို ကြားနေရဟန်တူသည်။သူမရဲ့ ဗိုက်ကို လှုပ်ကန်လို့ နေသည်မှာ သိသိသာသာပင်။

"မာမီ တောင်းပန်ပါတယ် သမီးလေးရယ်...မာမီ့ သမီးလေးကို အလိုမရှိလို သက်ရောက်တဲ့ အတွေးမျိုး တွေးမိတာ ဒါနောက်ဆုံးတွေးချင်းပါကွယ်...တောင်းပန်ပါတယ် သမီးလေးရယ်...''

ငွေ့ရည်လည်း သူမရဲ့ ဗိုက်ကလေးကိုကိုင်ကာ ဗိုက်ထဲကနေ ကန်နေတဲ့ သမီးလေးကို စိတ်ထဲက ပင် အကြိမ်ကြိမ် တောင်းပန်နေတော့သည်။ထိုအခါ သူမရဲ့ ဗိုက်ကို အဆက်မပြတ်လှုပ်ကန်နေသည့် သမီးလေးဟာ ဆက်မလှုပ်တော့ပေ။ထို့ကြောင့် ငွေ့ရည် ပြုံးမိတော့လေသည်။

ထိုအချိန် ကိုကိုရဲ့ ခေါ်သံကို ကြားလိုက်ရပါတော့သည်။

"ညီမလေးရေ အဝတ်စားလဲပြီးရင် ကိုကိုတို့ သွားကြမယ်...''

"ဟုတ်ကဲ့ ကိုကို....''

ဟုတ်ကဲ့လို့သာ သူမ ပြောလိုက်တာ ရေချိုးပြီး အဝတ်အစားလဲထားရုံပဲရှိတာ မျက်နှာလည်း ဘာတစ်ခုမှ မလိမ်းထားရသေးသလို့ ဟိုကို ယူသွားဖို့ ပစ္စည်းတွေလည်း အစုံထည့်လို့ မပြီးသေးပေ။

သနပ်ခါးကို ကပျာကရာလေးသွေးပြီး အရည်ကျဲလေးသာ လိမ်းကျံလိုက်လေသည်။ခါးထိရှည်တဲ့ ပိတုန်းရောင် ဆံပင်တွေကို စုစီးပြီးလိမ်ကယ စညှပ်နဲ့ လွယ်လွယ် ကုတ်လိုက်သည်။ထို့နောက် သူမအတွက် လိုအပ်မည့် ပစ္စည်းလေးတွေကိုသာ အိတ်ထဲ ထည့်လိုက်သည်။ပြီးတာနဲ့ အောက်ကို ဆင်းလာခဲ့လိုက်သည်။

ငွေ့ရည်် အောက်ကိုရောက်တာနဲ့ ကိုကိုဟာ ပြုံးပြီး ငွေ့ရည်ကို ကလေးတစ်ယောက်လို သတ်မှတ်ပြီး ပြောလာသည်။

"ကိုကိုရဲ့ ညီမလေးက ဗိုက်ပူပူလေးနဲ့ ချစ်ဖို့ကောင်းတယ်ကွာ...''

ဇာနည်စွမ်းရည်ရဲ့ မျက်လုံးထဲမှာ သူ့ညီမလေးက ဗိုက်ဖုံးအကျီကိုထမိန်လေးနဲ့ ဝတ်ဆင်ထားသဖြင့် ချစ်ဖို့ကောင်းနေလေသည်။ညီမလေးကို မြင်တဲ့သူတိုင်းက ဗိုက်ကလေးနဲ့ ချစ်စရာလေး ဟူ၍ ငေးကြည့်ရလောက်အောင် ဗိုက်ကလေးနဲ့ ဆွဲဆောင်မှုရှိလေသည်။သူတို့အမြင် တကယ်လည်း ဟုတ်နေတာပင် ဖြစ်သည်။

"ဗိုက်ကြီးပူနေမှတော့ ဘယ်လိုလုပ် ချစ်ဖို့ကောင်းမှာလဲ...ရုပ်ဆိုးနေလို့ စောင်းပြောနေတာမဟုတ်လား...''

"ကိုကိုက စောင်းမပြောပါဘူး..ဒဲ့ပြောတာ..ကိုကို့ညီမလေးက ပုပုသေးသေးဆိုတော့ ဗိုက်ပူပူလေးနဲ့ ဘောလုံးနဲ့တူပြီး တကယ်ချစ်ဖို့ကောင်းနေတာ...''

ကိုကိုရဲ့ မြှောက်လိုက် ချလိုက် အပြောကြောင့် ငွေ့ရည်မှာ ရယ်ရခက်ငိုခက် ဖြစ်ရသည်။ ကိုကိုပြောလည်း မှန်နေတော့ ငွေ့ရည်မှာ ဘာတစ်လုံးမှ ပြန်မချေပတော့ဘဲ ဆူပုတ်ပုတ်မျက်နှာကလေးနဲ့သာ ကော့လန်ကော့လန်နဲ့ ဘောလုံးလေးလိမ့်သွားသလို ကားရှိရာသို့ သွားလေသည်။

အဝေးပြေးလမ်းမကြီးတစ်လျှောက် စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်တွေ တောင်တန်းတွေကို အသက်မဲ့စွာ ငေးကြည့်နေမိသည်။တဖြေးဖြေးနဲ့ ရန်ကုန်ရောက်ဖို့ နီးကပ်လာသည်နှင့်အမျှ သူမရဲ့ ဘဝတစ်ခုလုံး ရစရာမရှိအောင် နင်ခြေဖျက်ဆီးခံရတဲ့ ဒဏ်ဟောင်းဟာ အသစ်တစ်ဖန် အနာသစ်ဖြစ်လာခဲ့၏။

************** **************

အပြာရောမိုးကောင်းကင်ယံ တခွင်လုံးဟာ မှိုင်းအုပ်ညို့မှိုင်းနေသည့် မိုးရိပ်မိုးသားတို့ဟာလည်း မြေပြင်ပေါ်သို့ သွန်းချရင် လေးဘက်လေးလန်ကနေ ဆင်ထားလေသည်။တဖြေးဖြေးနဲ့ မိုးစက်မိုးပေါက်တို့ဟာ မြေပြင်ပေါ်သို့ ကျရောက်လာသည်။ထိုအခါ ပစ်ပင်တွေမှာ ခဏတာ နားခိုနေသည့် ကျေးငှက်တို့ဟာလည်း အလျင်မြန်ပင် ပြေးလွှားသွားကြလေသည်။

မိုးလေရဲ့ ရိုက်ခတ်မှုကြောင့် ခြံထဲမှာ ရှိတဲ့ နှင်းဆီပန်းတို့ဟာလည်း ပြေးလွှားနေသည့် အလား ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ပင်။

မိုးရွာသည့် နေ့တွေဆိုရင် နောင်တတရားတို့က သူ့ရင်ကို ထိုးနှက်နေသလို ခံစားရလေသည်။သူနဲ့နည်းတူ မေမေဟာ ဆိုလည်း ဝမ်းနည်းမှုများနဲ့အတူ နာကျင်ခံစားနေရသည်။သူသာ ဖေဖေ့ကို မေမေ့အတွက် မဖြစ်နိူင်သည့်ပစ္စည်းကို မတောင်းဆိုခဲ့ရင် ဖေဖေဟာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရမည်မထင်။မေမေဟာလည်း နေ့ရက်တိုင်းလိုလို ဖေဖေ့ကို လွမ်းတဲ့စိတ်နဲ့ အသက်မယ့်စွာ ရှင်သန်နေရမည် မဟုတ်ပေ။

မင့်ခန့်တစ်ယောက် သူ့အခန်းရဲ့ ပြတင်းပေါက်နေ အငြိုးကြီးစွာ ရွာသွန်းသည့် မိုးပေါက်များကို ကြည့်ပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ် တမ်းတဆွေးမြေ့စွာ ငေးကြည့်နေသည်။မဟူရာ ပုလဲလို မျက်လုံးတစ်စုံမှာလည်း နောင်တတရားတို့ ကိန်းဝပ်နေလေသည်။

သူ အတွေးတွေထဲ နစ်မျှောနေသည့် အချိန်မှာ တံခါးခေါက်သံ နဲ့အတူ မေမေရဲ့အေးမြကြည်လင်တဲ့ နားဝင်ချိုတဲ့ အသံလေး သူ့နားထဲကို ဝင်ရောက်လာခဲ့သည်။

"သားရေ မေမေ ဝင်လာခဲ့ပြီနော်...''

"ဟုတ်ကဲ့ မေမေ...''

မေမေ သူ့ရှေ့ကို ရောက်မလာခင် နွမ်းလျနေသည့် သူမျက်နှာလေးကို အားတင်းကာ ပြုံးလိုက်၏။ထိုသို့မှ သူ မလုပ်လျင် မေမေဟာ သူ့ထက် ပိုပြီး ဝမ်းနည်းသွားလိမ့်မည် ဖြစ်၏။မေမေ မျက်ရည်ကျတာကို သူ မကြည့်ရက်သလို့ မြင်လည်းမမြင်ပေ။

"ဒီနေ့ တက်ကမယ့်အတန်းက သားအတွက် အရေးကြီးလား...အရေးမကြီးဘူးဆိုရင် သားဖေဖေရဲ့ လုပ်ငန်းနဲ့ ပက်သတ်တဲ့ ဧည့်သည် တစ်ယောက်ကို သွားတွေ့ပေးလို့ ရမလား...သားမအားရင်လည်း နေမှာတော့လေ သားဦးငယ်ပဲ အကူအညီ တောင်းကြည့်လိုက်တော့မယ်...''

"သားပဲ သွားတွေ့လိုက်မယ်...သွားတွေ့ရမယ့် နေရာ သားကိုပြောလေ မေမေ...''

"မေမေ သားဦးလေးကို ဖုန်းဆက်မေးကြည့်လိုက်အုန်းမယ်...''

"ဟုတ်ကဲ့ မေမေ..''

"အချိန်လည်းသိပ့်မရှိတော့ဘူး..သွားဖို့ကို ရေမိုးချိုး ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်တော့ သား...''

"ဟုတ်ကဲ့ မေမေ...''

ချို သားရဲ့ ခေါင်းလေးကို ပွတ်လိုက်ပြီး ပြုံးကာ သားရဲ့ အခန်းထဲက ထွက်လာခဲ့သည်။သမီးလေးနှစ်ယောက်ကတော့ ခြံဝန်းထဲမှာ ပျော်ရွှင်မြူးထူးစွာ မိုးပေါက်တို့ကြား ပြေးလွှားဆော့ကစားနေကြသည်။သမီးလေးနှစ်ယောက်က မိုးပေါက်တွေကို သဘောကျဟန်တူတယ်၊ လက်ဖဝါး သေးသေးလေးတွေနဲ့ ခံယူလျက် ပြုံးပျော်နေလေရဲ့။

"မောင်ရေ..မောင့်သားကလေ အရွယ်ရောက်လာတာနဲ့အမျှ မောင်နဲ့သိပ့်ကိုတူတာပဲ....ခုဆိုရင် သားက ချစ်သူတောင်ရှိနေပြီတဲ့လေ.. နောက်ပြီး မောင့်သမီးတွေလည်း တဖြေးဖြေးနဲ့ အရွှယ်ရောက်လာပြီ...မောင့်ကို အနားမှာ ရှိစေချင်လိုက်တာ မောင်ရယ်..''

ဟုပြောလိုက်၏။

ထိုနောက် သမီးလေးတွေကို အော်ခေါ်လိုက်လေ၏။ကျောင်းသွားဖို့ ကျောင်းယူနီဖောင်းလေးတွေကို ဝတ်ဆင်ပေးလိုက်ပြီးနောက် ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်တွေကို နှစ်ဖက်ခွဲပြီး ကျစ်စာမြီး ကျစ်ပေးလိုက်တော့ အရုပ်မကလေးတွေ အလား ချစ်ဖို့ကောင်းနေတော့သည်။

"မေမေ မီးမီးတို့ ချစ်ဖို့ကောင်းလား...''

"ကမ္ဘာပေါ်မှာ မေမေ့သမီးလေးနှစ်ယောက်က်က ချစ်ဖို့အကောင်းဆုံးပဲ...''

"အဲဆို ဖေဖေက မီးမီးတို့ဆီ ဘာလို့မလာသေးတာလဲဟင်...''

"နှင်းကလည်း ဖေဖေက ပန်းတို့အတွက် ပိုက်ဆံတွေသွားရှာနေတာလို့ ကိုကိုကြီး ပြောတယ်လေ...ဖေဖေက ပန်းတို့ မမပျို အရပ်လောက်ဆို ပြန်လာမှာတဲ့...''

"သော်သော်ကပြောတယ်..နင်တို့ ဖေဖေက သေသွားပြီးတဲ့...အဲတာမို့ ဖေဖေက ငါတို့ဆီမလာတော့တာတဲ့...''

သမီးလေးတွေရဲ့ စကားကိုကြားရချိန်မှာ ဆို့နစ်သွားလေသည်။သတိရတိုင်း မောင့်ကို မေးတက်သည်။ထိုအခါ သမီးတွေကို သမီးတို့ ဖေဖေဟာ ဘယ်တော့မှ ပြန်မလာတော့တဲ့လမ်းကို သွားပြီလို့ မပြောထွက်ပေ။

"သမီးလေးတွေရဲ့ လက်သေးသေးလေးတွေကို ဆုပ်ကိုင်ပြီး လေတစ်ချက်မှုတ်ထုတ်ကာ သက်ပြင်းချလိုက်ပြီး မျက်ရည်တို့ မကျအောင် ထိန်းလျက် အတက်နိုင်ဆုံး ပြုံးလိုက်ပြီး''

"သူငယ်ချင်းက မသိလို့ ပြောတာပါ သမီးရယ်..သူတို့စကားကို မယုံရဘူးနော် ကြားလား သမီး..''

"ဟုတ်ကဲ့..''

"နှင်းက သော်သော်ပြောတာကို ငိုပြီး ယုံနေတာ မေမေ..ပန်းက မယုံဘူး သိလား..ဖေဖေက ပန်းတို့ကို ချစ်တယ်လေ...''

"ဟုတ်တာပေါ့...ကလေးတို့ဖေဖေက သူ့ကလေးတွေကို သိပ့်ချစ်တာ..အဲတာကြောင့် မေမေ့ကလေးတွေက လိမ်လိမ်မာမာနေရမယ်နော်...''

"နှင်းက လိမ္မာပါတယ် မေမေရဲ့..ပန်းက ဆိုးနေတာ သိလား.. ကျောင်းမှာလည်း ယောကျာ်းလေးတွေနဲ့ ရန်ဖြစ်တယ်..''

ချို သမီးကို ကြည့်လိုက်တော့ မျက်လုံးလေး မှိတ်သွားသည်အထိ မျက်နှာချိုသွေးကာ ပြုံးပြလာသည်။

သမီးလေးတွေက အမွှာကလေးတွေဆိုပေမယ့် စိတ်ဓာတ်ချင်းကမတူပေ။သမီးကြီးရဲ့ စိတ်ကလေးက ချိုနဲ့တူလို့ ထိရှလွယ်တယ်။သမီးငယ်ကတော့ သားနဲ့မောင့်ရဲ့ အကျင့်တွေ စိတ်ဓာတ်ကအစ တူလေသည်။သားငယ်ငယ်တုန်းက ချိုနဲ့တူသလိုလိုနဲ့ နောက်ဆုံး မောင်နဲ့ အကုန်တူလေသည်။

"မေမေ ပန်းတို့ကို ကိုကိုကြီး လိုက်ပို့ပေးမှာလား..မေမေ လိုက်ပို့ပေးမှာလား...''

"ဒီနေ့တော့ မေမေလိုက်ပို့ပေးမယ်..သမီးတို့ ကိုကိုက မအားဘူး အလုပ်သွားရမယ်...''

"ထိုအခါ သမီးငယ်လေးက နူတ်ခမ်းလေး ထော်ပြီး ခါးလေးထောက်လျက်''

"ကိုကိုကြီး သနားပါတယ်နော်..ကျောင်းလည်းသွားရတယ်...အလုပ်လည်း လုပ်ကတယ်...မမပျိုကိုလည်း ကြိုရတယ်...''

သမီးငယ် ရဲ့စကားကြောင့် ချို ပြုံးလိုက်မိသည်။သမီးကြီးကတော့ သံစဥ်ချိုပေါက်စကလေးလား မှတ်ရတယ်..ဘာတစ်လုံးမှ ဝင်မပြောဘဲ ကျောဘိုးအိတ်ကိုသာ လွယ်ထားလျက် ရပ်နေလေသည်။

"ကဲ မေမေတို့ အောက်ဆင်းကြမယ်...ဒီနေ့ မေမေ့ကလေးတွေ အကြိုက် ချက်ထားတယ်...ထည့်ပေးလိုက်တဲ့ ထမင်းတွေဟင်းတွေ ကုန်အောင် စားရမယ်နော်...''

"ဟုတ်ကဲ့ မေမေ...ပန်းတို့ ဘယ်သူ့မှမကျွေးဘူး သိလား...''

အို..မဟုတ်တာကွယ်..သူငယ်ချင်းတွေက စာချင်ရင် ကျွေးရမယ်လေ...''

"မကျွေးချင်ပါဘူး...''

"သမီးငယ် အဲလိုဆို မေမေ မကြိုက်ဘူးနော်...''

"ဟုတ်...''

ချို ကလေးနှစ်ယောက်နဲ့အောက်ကိုဆင်းလာခဲ့သည်။လွယ်ထားတဲ့ ကျောဘိုးအိတ်လေးတွေကို ယူလိုက်ပြီး ဧည့်ခန်းက ခုံပေါ်မှာ တင်လိုက်သည်။ပြီးတာနဲ့ ထမင်းစားခန်းဘက်ကို သားမိသုံးယောက်သား ဝင်လာလိုက်သည်။

ခဏအကြာမှာ မင်းခန့်လည်း ပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။သူ ထမင်းစားခန်းထဲ ဝင်ဖို့ ခြေလှမ်းပြင်တုန်းမှာ အမွှေနှစ်ယောက်ရဲ့ ငြင်းခုန်ငံလေးတွေက ဆူညံလို့နေသည်။မေမေက အော်နေပေမယ့်လည်း ထိုနှစ်ယောက်က ရပ်မသွားပေ။

"ဟိုနှစ်ကောင် ဘာဖြစ်နေတာလဲ ...''

မင်းခန့်ရဲ့ သြရှရှအသံ နက်ကြီးကြောင့် အမွှာနှစ်ယောက်ရဲ့ ဆူညံသံတွေ ရက်တန့်သွားလေသည်မှာ မီးကို ရေနဲ့ပက်ဖြန်းလိုက်သလိုပင်။

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း ၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ