Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၄၂

အိမ်တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ခင်ဦးသည် အိပ်ယာထဲ၌ လှဲနေရာမှ ရုတ်တရက် ဗိုက်ထဲမှ အပ်နှင့်ဆွနေသလို ခံစားရသည့် နာကျင်မှုကြောင့် ဖျတ်ခနဲ နိုးလာသည်။

"အာ့... အမေ့... နာလိုက်တာ..."

ခင်ဦး ညကတည်းက တရစ်ရစ်နဲ့ နာနေသော ဗိုက်ဝေဒနါသည် အခုမနက်မှာတော့ ပိုမိုပြင်းထန်လာခဲ့၏။မခံနိုင်သည့်အဆုံး အနားမှာ ခင်ဦးနဲ့အတူအိပ်နေသည့် ပိုက်ပိုက်ကို နိုးလိုက်ရ၏။

"ပိုက်ပိုက် ထပါဦး..မခင် ဗိုက်နာနေလို့ ကောင်းနဲ့အကြည်တို့ကို သွားခေါ်ပေးပါ...''

"ဟုတ် မခင်...''

နဖူးနဲ့ လည်ပင်းတို့တွင် စိမ့်ထွက်လာသော ချွေးစေးများကြောင့် ဆံပင်များ ကပ်ပါလာသည်။စက္ကန့်အနည်းငယ်အကြာတွင် နာကျင်မှုက နည်းနည်း လျော့သွားသလို ရှိသော်လည်း ခဏအကြာမှာပင် ပိုမို ပြင်းထန်သော ဗိုက်ရစ်နာလာပြန်သည်။ ဝေဒနာက တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာသလိုမျိုး ဗိုက်တစ်ခုလုံး ညှစ်ထားခံရသည့် ခံစားချက်ကြောင့် အလူးအလဲပင်..။

မီးဖွားဝေဒနါကို အလူးအလဲ ခံစားနာကျင်နေသည့်အချိန်မှာ အနားမှာ အမေမရှိ ယောကျာ်းမရှိ တစ်ယောက်တည်း ရင်ဆိုင်နေရသည့်အားငယ်မှုက မျက်ရည်တို့အဆက်မပြတ်စီးဆင်းလာစေတော့သည်။

"အာ့...မရတော့ဘူး.. အမေ့...''

ခြံထဲရောက်တာတဲ့ ကောင်းတို့၏ အသံကို ကြားလိုက်ရသည့်ခဏမှာတော့ ခင်ဦး၏ မှေးမှိန်နေသော မျှော်လင့်ချက်လေး ပြန်လည်အသက်ဝင်လာသည်။

"ကောင်း နင်အိမ်ခန်းထဲမဝင်နဲ့ အိမ်မကြီးမှာဘဲနေခဲ့...နင်က ယောကျ်ားလေး မီးနေခန်းဝင်ရင် ဘုန်းနိမ့်မယ်..''

"နိမ့်ချင်တဲ့ဘုန်းနိမ့်ပါစေ အကြည်ရယ်...ခင်ဦးကသာ ငါအတွက် အရေးကြီးဆုံးပဲ...''

ကောင်း အကြည့်ကိုပြောပြီးတာနဲ့ အိမ်ခန်းထဲကို ဝင်လိုက်၏။ခင်ဦး အလူးအလဲခံစားနေရတာကို ကြည့်ပြီး ရင်ထဲမကောင်းပေ။

"ခင်ဦး ငါတို့ရောက်ပြီ...ဘာမှမကြောက်နဲ့နော်...''

ကောင်း ချွေးစေးများ ရွဲနေသော ခင်ဦးရဲ့လက်ကလေးကို ဆုပ်ကိုင်ပြီး ပြောလိုက်၏။ခင်ဦးလည်း ကောင်းလက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီး ကောင်းပြောတာကို လက်ခံသည့်သဘော တုန့်ပြန်လိုက်၏။ကောင်း၏ လက်နွေးနွေးကို ပြန်ဆုပ်ကိုင်လိုက်ရင်း ခင်ဦး၏ မျက်ဝန်းတို့ ဝေဝါးလာသည်။

ကိုကြီးဇေယျာသာ... အခုလို ခင်ဦးဘေးမှာ ရှိပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ...။ မကြောက်နဲ့ ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ကြားချင်ခဲ့တာပါ...။ကိုကြီးဇေယျာသာ ကောင်းလိုပြုမူရင် သိပ့်ကောင်းမှာပဲ...ခင်ဦးအနားမှာ မရှိပေးတဲ့ ကိုကြီးဇေယျာကို တွေးမိရင်း ထိုအတွေးနဲ့အတူ မျက်ရည်စက်တို့က ပါးပြင်ပေါ်သို့ တိတ်တဆိတ် မျက်ရည်တို့ကျလာခဲ့သည်။

"အာ့...နာလိုက်တာ...မရတော့ဘူး...''

"ခဏလေးပါ ခင်ဦးရာ...''

"အားထည့်ညှစ်...ကလေးက ထွက်တော့မှာ ခင်ဦးရဲ့...''

နာကျင်စွာအော်ဟစ်နေသည့်အသံရယ် ဘေးနားမှာ ခင်ဦးကို အားပေးနေသည့် သူငယ်ချင်းတွေရဲ့ အသံက ရောယှက်လျက်..။ခံစားရသည့် နာကျင်မှုကြောင့် မျက်ရည်တို့ ကုန်ခမ်းမတက် ခေါင်းအုံးမှာ ရွဲနစ်နေ၏။ ခင်ဦးရှိသမျှအားတွေကို ညှစ်ထုတ်လိုက်သည်။

တင်းထား...ခေါင်းထွက်လာပြီ ခင်ဦး...နင့်ကလေး ခေါင်းထွက်လာပြီ...''

တစ်ကိုယ်လုံးရှိ အားအင်တို့ ကုန်ခမ်းလုနီးပါး ဖြစ်နေသည့်တိုင် ခင်ဦး၏ စိတ်ထဲတွင် ကျန်ရှိနေသေးသည်မှာ အမုန်းတရားတစ်ခုသာ...။

"နောင်ဘဝဆက်ဆက်... ကိုကြီးဇေယျာကို ခင်ဦး မုန်းပါရစေ..."

ထိုဆုတောင်းသံနှင့်အတူ ကျန်ရှိသမျှ အားအင်ကို စုစည်းကာ နောက်ဆုံးတစ်ကြိမ် အားစိုက်ညှစ်လိုက်၏။

"အူဝဲ...အူဝဲ...''

ကလေးငယ်ရဲ့ ငိုသံစူးစူးလေးက အိမ်တစ်လုံးလုံးကို လွှမ်းခြုံသွားသည်။ သို့သော် ထိုအသံကို ကြားရမည့် မိခင်ကတော့ မျက်လုံးတို့ကို အပြီးအပိုင် မှိတ်ကျသွားခဲ့လေပြီ။

"ခင်ဦး...ခင်ဦး...ခင်ဦး..''

ကောင်းတို့တွေ ခင်ဦးကို နိုးမရတဲ့အခါ သုံးယောက်လုံးလန့်သွားကြသည်။ကောင်း ခင်ဦး၏ နှာခေါင်းဝကို လက်ကလေး တုန်တုန်ယင်ယင်နဲ့ ထိကပ်ကြည့်တဲ့အခါ အသက်ရူသံက မည်မျှပင် မရှိတော့ချေ။

"အား..မဟုတ်ဘူး... ခင်ဦး ငါတို့ကို ဒီလိုထားသွားလို့ မရဘူးလေဟာ...အကြည်နဲ့လုံးလုံး လုပ်ပါဦးဟာ...ခင်ဦးကို ကယ်ပါဦးဟာ...''

အကြည့်နဲ့လုံးလုံးလည်း ကောင်းနည်းတူ ခင်ဦးနဲ့ နှာခေါင်းလေးကို စမ်းသပ်ကြည့်ကြ၏။အမှန်တရားက သူတို့တွေ လက်မခံနိုင်ပေ။ကောင်းတို့တွေ ငိုသည့်အခါ အပြင်မှာရှိတဲ့ ပိုက်ပိုက်က ဝင်လာခဲ့သည်။ကလေးဆိုသော်လည်း အဖြစ်အပျက်တွေကို နားလည်သဘောပေါက်၏။အတင်းပင် ခင်ဦးကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးသည်။

"ပိုက်ပိုက်...ကိုကြီးမေမေနဲ့ဒေါ်လေးစန်းကို သွားခေါ်ခဲ့...မင်းအမေတို့တွေကို ဒီအကြောင်းတွေ မပြောလာခဲ့နဲ့...''

"ကောင်း သူတို့ကိုလည်း ခေါ်လာခဲ့ရမှာပေါ့...''

ဒီနေ့က သူတို့ရဲ့ မင်္ဂလာနေ့ပေါ့... ငါတော့ မင်းအမရဲ့ အသုဘနေ့ကို သူတို့ မျက်စိရှေ့ မရောက်စေချင်ဘူး...သူတို့ မင်္ဂလာယူနေတဲ့အချိန်မှာ မင်းအမရဲ့အမင်္ဂလာသတင်းကိုသိပြီး မင်းအမကို သေသွားတဲ့အချိန်ထိ အမုန်းတွေရသွားမှာကို မင်းခံနိုင်ရင် သူတို့ကို မင်းပြောလို့ရတယ်...''

ပိုက်ပိုက်က မျက်ရည်တွေကို လက်ဖမိုးနဲ့ အလောတကြီးသုတ်လိုက်ပြီး

"သားမပြောပါဘူး ကိုကြီးကောင်းကောင်း...'

"အင်း...''

ထိုအချိန်... တစ်နေရာတွင် ငိုသံများဖြင့် ပြည့်နှက်နေသလို၊ အခြားတစ်နေရာမှာတော့ မင်္ဂလာတေးသံများ ပျံ့လွင့်နေသည်။

မင်္ဂလာဆောင်မဏ္ဍပ်ထဲမှာ ရပ်ဝေးရပ်နီးက ဧည့်သည်တွေက အပြည့်ပင်။သတို့သမီးမျက်နှာက အပြုံးပန်းတွေဝေဆာသလောက် သတို့သားရဲ့မျက်နှာကတော့ မိုးသားတိမ်ညိုလိုအုံ့မှိုင်းနေသည်.. ။

ပိုက်ပိုက် ကိုကြီးဇေယျာတို့ အိမ်ကိုရောက်လာခဲ့သည်။လူအများကြီးကြားကနေ ကိုကြီးကောင်းမှာသည့်အတိုင်း ဒေါ်လေးစူပူးနဲ့ဒေါ်လေးစန်းကို လိုက်ရှာရသည်။နောက်ဆုံး ဒေါ်လေးစူပူးကို တွေ့လိုက်တာကြောင့် ပိုက်ပိုက် အတင်းပြေးပြီး လက်ကိုခြံပြင်ထိ ဆွဲခေါ်လာခဲ့သည်။

"ကိုကြီးကောင်းကောင်းက မခင်သေသွားလို့ ဒေါ်လေးနဲ့ဒေါ်လေးစန်းကို ခေါ်ခိုင်းလိုက်တယ်... ''

ပိုက်ပိုက်၏ ရှိုက်သံတွေနဲ့ရောထွေးသည့် စကားကြောင့် ဒေါ်စူပူးတစ်ယောက် အံ့အားသင့်သွားရ၏။

"သားအမေကို ပြောပြီးပြီးလား...''

"ဟင့်အင်း...ကိုကြီးကောင်းကောင်းက မခင်ကို သေသွားတဲ့အထိ သူတို့အမုန်းတွေမပါချင်မပြောနဲ့ဆိုလို့ သားမပြောပါဘူး...ဒေါ်လေးလည်း မပြောရဘူးနော်...သားမခင်ကို သနားရင် သူတို့ကိုမပြောပါနဲ့နော်...မခင်သေတာကို မပြောပါနဲ့နော်...''

ပိုက်ပိုက်၏ တုန်ယင်နေသောအသံနှင့် မျက်ရည်များကြောင့် ဒေါ်လေးစူပူး၏ရင်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ဝင်လာခဲ့သည်။

"ခင်ဦး ဘာဖြစ်လို့လဲ...''

ထိုအချိန်တွင် ဇေယျာ မဏ္ဍပ်ထဲမှာ နေရတာ စိတ်ကျဥ်းကြပ်တာကြောင့် အိမ်ရှေ့ခြံဝကို ထွက်လာခဲ့သည်။ထွက်လာမိသည်နှင့် မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများ ရပ်တန့်သွားသည်။

ထိုအခါ ပိုက်ပိုက်က ဒေါ်လေးကို ငိုရှိုက်ရင်း မခင်သေတာ သူတို့ကို မပြောပါနဲ့ဆိုသည့်စကားသာ ထပ်တလည်းလည်း ကြားနေရ၏။ထိုစကားက ဇေယျာ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို...။

ပိုက်ပိုက်က ခင်ဦးသေသွားသည့် စကားတွေ ဒေါ်လေးကိုပြောနေသော်လည်း သူမယုံကြည်နိုင်..လက်မခံနိုင်ပေ။ မနေ့က ညနေကတောင် သနပ်ခါးပန်းတွေကို ခူးနေခဲ့တာမဟုတ်လား..။သူကိုယ်တိုင်တောင် အကွယ်ကနေ တိတ်တဆိတ် ငေးကြည့်ခဲ့သေးတာ..။

အဲဒီအချိန်က သူမ၏အပြုံး၊ သူမ၏လှုပ်ရှားမှုများက ယနေ့အထိ အသက်ရှင်နေသကဲ့သို့ စိတ်ထဲတွင် ထင်ဟပ်နေဆဲ။

ဇေယျာသည် ပိုက်ပိုက်၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တုန်ယင်နေသောအသံဖြင့် မေးလိုက်၏။

"မဟုတ်ဘူးမလား ပိုက်ပိုက် ...မင်းပြောတာ မဟုတ်ဘူးမလား.. မခင်က ငါ့ကိုခေါ်ဖို့ လိမ်ပြောခိုင်းတာမလား...''

ပိုက်ပိုက်က ဘယ်လိုမေးမေး ဒေါ်လေးကိုပြောသလို သူ့ကိုမပြောတော့တာကြောင့် ဇေယျာ ခင်ဦးရှိရာကို ပြေးထွက်လာခဲ့သည်။ဇေယျာပြေးထွက်သွားကိုမြင်ရသည့် ဧည်သည်တွေရဲ့စကားကြောင့် နောက်ဆုံးမှာ ဒေါ်စူပူးတစ်ယောက် ခင်ဦးသေဆုံးသွားသည့် အကြောင်းကိုပြောလိုက်ရ၏။

ဇေယျာ အိမ်ထဲရောက်တဲ့အခါ ဘုရားခန်းရှေ့မှာ သနပ်ခါးတွေမှုန်နေပြီး ခေါင်းမှာသနပ်ခါးပန်းတွေအပြည့်နှင့် ပန်းရောင်အကျီကလေးကိုလွှားထားသည့် ပက်လက်အိပ်နေသည့် ခင်ဦးကို တွေ့လိုက်ရသည့်အခါ ဇေယျာရဲ့ ခြေထောက်တွေကွေယိုင်သွားပြီး ခင်ဦးအနားတွင် ဒူးထောက်ရက်သား ပြိုလဲကျသွားသည်။ရင်ဘတ်တစ်ခုလုံးလည်း မြှားအဆင်းပေါင်းများစွာ စိုက်ဝင်လာသည့် အလား နာကျင်သွားရသည်။မျက်ဝန်းအစုံမှ စီးကျလာသည့် မျက်ရည်များက ကြမ်းပြင်ပေါ်သို့ စီးကျနေသည်..။မနေ့ကညနေကမှ သနပ်ခါးပန်းလေးကို တယုတယခူးနေခဲ့တာ..အခုတော့ထိုသနပ်ခါးပန်းပွင့်လေးတွေက ခင်ဦး၏ ခေါင်းပေါ်မှ ပန်ဆင်လျက်..။

"မင်းက ငါ့စကားအတိုင်း တကယ်ထွက်သွားတာပဲလား ခင်ဦးရယ်...''

သူ ခင်ဦးကို ပြောလိုက်စကားတွေ ခင်ဦးကို သူ့ကိုပြောသည့်စကားတွေ ဖိုးသားကို ရင်ဖွင့်နေတဲ့ စကားတွေက နားထဲမှာ မိုးချိန်းသံလို ပဲ့တင်ထပ်နေတော့၏။

"ကလေးဝမ်းက ကျွတ်တာနဲ့ မင်းထွက်သွားပေး.. ''

"ဟုတ်...''

"မကြီးခင်ဦး ကလေးလေးကို မွေးပြီးတာနဲ့ သားပြောသလို ဟိုးအဝေးကြီးကို ထွက်သွားနော်...အဲ့ဆို မကြီးခင်ဦးကို ဘယ်သူ့မှ မရိုက်တော့ဘူး...''

"အင်းပါ..မကြီးတကယ်ထွက်သွားမှာ သိလား..ကိုကြီးဇေယျာကိုကလည်း မကြီးကိုကလေးလေးမွေးပြီးတာနဲ့ ထွက်သွားတဲ့..ဖိုးသားမပြောလည်း ကိုကြီးဇေယျာကို ကြောက်လို့ မကြီးက ဟိုးအဝေးကြီးကိုထွက်သွားမှာပါ ဖိုးသားရဲ့..''

"ကိုကြီးဇေယျာ ခင်ဦးနဲ့လှလားဟင်...ကလေးလေးမွေးပြီးသွားရင် ဒီဝမ်းဆက်လေးကို ခင်ဦးအရင်ဝတ်မှာ သိလား...အဲ့ကြရင် အိမ်မက်ထဲကလို ခင်ဦးလှနေမယ်ထင်တယ်...''

သူပြောလိုက်သည့်စကားတိုင်း ခင်ဦးက ကလေးလေးမွေးပြီး တကယ်ထွက်ခဲ့သည်။သူဝယ်ပေးသည့် အကျီလေးကို ကလေးမွေးပြီးတာနဲ့ ဝတ်မယ်ဆိုအတိုင်း သူမအိပ်မက်ထဲက ပန်းရောင်အကျီလေးက ခင်ဦးကိုယ်မှာ ရှိနေခဲ့သည်။

"ခင်ဗျား ဘာလာလုပ်တာလဲ... အခုချိန်က ခင်ဗျားတို့ မင်္ဂလာယူနေရမယ့်အချိန်လေ..ဒီလိုမင်္ဂလာမရှိတဲ့ နေရာကိုလာခဲ့ရမှာမဟုတ်ဘူး...''

ဇေယျာ ကောင်းပြောတာကို ပြန်မပြောနိုင်..။ကောင်းလက်ထဲက နီတာရဲကလေးသေး ကလေးကိုတစ်လှည့် ခင်ဦးကိုတစ်လှည့် ကာရန်မဲ့စွာ ကြည့်မိသည်။ကွဲအပ်နေသည့် သူ့နှလုံးဟာ အခုမှတစ်စစီ ကြေမွပျက်စီးသွားခဲ့ရတော့သည်။

« ရှေ့အခန်း - အပိုင်း ၄၁ နောက်အခန်း - အပိုင်း ၄၃(ဇာတ်သိမ်းပိုင်း) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ