Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၄၁

ရက်ကနေလကို ကုန်ဆုံးလာချိန်မှာ သနပ်ခါးပန်းကလေးတွေလည်း အပင်ထက်ဝယ် လှိုင်လှိုင်ပွင့်နေကြသည်။ခင်ဦး ဗိုက်ကလေးကလည်း မွေးဖွားဖို့ရန် ဘယ်လောက်မှ မလိုတော့ပေ။ခြေထောက်လေးတွေ သားဖောဖောယောင်ပြီး ပြည့်နေတော့ ဖိနပ်ပင် စီးမရ ဖြစ်ရ၏။ညဘက်တွေလည်း ကလေးက လှုပ်လွန်း၍ ဟိုလိမ့်ဒီလိမ့်နဲ့ ကောင်းကောင်း အိပ်မရ ဖြစ်သည့်နေ့တွေက လက်ချိုးရေ မရတော့ပေ။ခင်ဦးရဲ့စိတ်ကြောင့်လည်း ပါခဲ့သည်။

ပိုက်ပိုက်ရဲ့ စာအုပ်ကလေးတွေကို သိမ်းပေးတော့ ကိုကြီးဇေယျာကို ပိုလို့လွမ်းရသည်။အခုတော့ အထွေးက ထိုစာအုပ်တွေကို စားပွဲခုံမှာ သေသေသပ်သပ်လေး စီပေးနေမှာပေါ့။

မင်္ဂလာဆောင် မဏ္ဍပ်ထိုးမှာ လုပ်ကိုင်ပေးတဲ့ ရွာသားတွေကို ကျွေးမွေးဖို့ သွားဝိုင်းလုပ်ရာကနေ ပြန်လာတဲ့ အမေရဲ့ အသံကိုကြားလိုက်တာနဲ့အပြိုင် ခင်ဦး ပြိုကျလာတော့မည့် မျက်ရည်တို့ ပုတ်ခက်ရင်း မချိပြုံးလေးပြုံးလိုက်သည်။

"အမေ ရေသောက်ဦးမလား...''

"အမေ မသောက်တော့ဘူး...ခင်ဦး ညည်းညီမလေးမှာလည်း ကိုယ်လေးလက်ဝန်ရှိနေပြီတဲ့...''

"ဟုတ် အမေ...''

ခင်ဦး အားတင်း၍ အလှဆုံး ပြုံးလိုက်ပြီး

"အမေလည်း ပြန်ရောက်ပြီဆိုတော့ သမီး ဝတုတ်ဆီကို ခဏသွားဦးမယ်...အုန်းသီးခူးထားလို့ အုန်းရေသောက်ဖို့ ခုနက လာခေါ်သွားလို့လေ..သမီးလည်း သောက်ချင်လို့...''

"နေမဝင်ခင် ပြန်လာနော်...''

"ဟုတ်ကဲ့ အမေ...''

အမှန်တော့ ခင်ဦး အမေ့ကို လိမ်ခဲ့သည်။ခင်ဦး လာခဲ့တာ ဝတုတ်တို့အိမ်ကိုမဟုတ်ဘဲ ကိုကြီးဇေယျာကို တွေ့ချင်လို့ မကြီးနှင်းတို့ အိမ်ကိုသာဖြစ်သည်။မကြီးနှင်းက ခင်ဦးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ဟန်တူသည်..မျက်နှာညိုးနေသည်။ထိုအခါ ခင်ဦး ပြုံးလိုက်သည်။ထိုအပြုံးတွေက မပီပြင်တော့ မကြီးနှင်းက ခင်ဦးကို ဖက်ပြီး ငိုလာ၏။

"ဘာလို့လာတာလဲ ခင်ဦး...ညည်း ပြန်ပါတော့အေ..ညည်းကို ကြည့်ပြီး ကျုပ်မခံစားနိုင်လို့ပါအေ...''

"သမီးပြန်မှာပါ မကြီးနှင်းရယ်...ကိုကြီးဇေယျာကို တွေ့ချင်လို့ပါ...ကလေးလေးကလည်း သူ့အဖေကို တွေ့ချင်နေလောက်မှာ...အဲ့တာကြောင့် ခင်ဦးကို မနှင်ပါနဲ့နော်...''

ခင်ဦး လက်အုပ်ကလေးချီပြီး ငိုကြီးချက်မနဲ့ မကြီးနှင်းကို တောင်းပန်လေသည်။ မကြီးနှင်းကလည်း ခင်ဦးကို စိတ်ထဲကမပါသည့် စကားတွေနဲ့ ပြောရင်း ဖက်ပြီး ငို၏။မကြီးနှင်းက ကိုကြီးဇေယျာ အိမ်ထဲကနေ ခြံထဲဆင်းသည့် အချိန်ကို ကူကြည့်ပေးသည်။ကိုကြီးဇေယျာကို တွေ့၍ လက်ယှက်ပြီး လှမ်းခေါ်တဲ့အခါ ဖိနပ်ပင်မပါသော သားဖောဖောယောင်နေသည့်ခြေထောက်နဲ့ ဗိုက်လေးကို မပြီး ပုဏ္ဏရိပ်ပန်းခြုံအကွယ်ကလေးနေ ချောင်းကြည့်လိုက်သည်။ခင်ဦး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခင်ဦးမယ့်ပြုံးပြုံးလိုက်ပါသည်။အထွေးချော်လှဲမှာ ဆိုး၍ အထွေးရှေ့ဝါးတွေကို ပြာပြာသလဲလဲ ရှင်းပေးနေသည့် ကိုကြီးဇေယျာကို ကြည့်ပြီး အပြုံးကြားကနေ မျက်ရည်တို့ တစ်ပေါက်ပြီးတစ်ပေါက်ကျလို့နေ၏။

"ခင်ဦး မှောင်တော့မယ်...''

"ဟုတ်ကဲ့...''

ခင်ဦး ခြေလှမ်းတွေကို အိမ်ရောက်အောင်မနည်းလှမ်းလာခဲ့ရသည်။ဒီအချိန် ခင်ဦးအနားမှာ ကောင်းရယ် အကြည်ရယ် လုံးလုံးရယ်ကို အနားမှာ ရှိစေချင်သည်။အိမ်ထဲကို မဝင်သေးဘဲ ကွက်ပျစ်မှာ ခြေထောက်ချထိုင်လိုက်ပြီး အနောက်ဘက်က နေလုံးနီနီကြီး ပျောက်ကွယ်သွားသည်အထိ အသိစိတ်တို့ပျောက်ဆုံးနေတဲ့ လူတစ်ယောက်လို ငေးကြည့်နေခဲ့သည်။

"မခင်.. မခင်လို့...''

"ဟင်...''

"အမေက မိုးချုပ်နေပြီ.. အိမ်ထဲဝင်တော့တဲ့...လာ..သားကူတွဲပေးမယ်...ညကျရင်လည်း နှိပ်ပေးမယ်နော်...''

"အင်း...''

ခင်ဦး ထမင်းစားချင်စိတ် ဘယ်လိုမှ မရှိတာကြောင့် ဒီညတော့မစားပေ။ဘုရားကိုလည်း ဘုရားကျောင်းဆောင်ရှေ့၌ မတ်တက်ရပ်ကာလက်အုပ်ချီပြီး ရှိခိုးကန်တော့လိုက်၏။အိပ်ယာဝင်တဲ့အခါ ပိုက်ပိုက်က ခြေထောက်လေးတွေကို နှိပ်ပေးလေသည်။ခင်ဦး ကိုယ်ဝန်ရင့်လာတော့ အမေက သူနဲ့အိပ်ဖို့ ခေါ်သိပ်သော်လည်း ဘယ်လိုမှ ခေါ်သိပ်လို့မရပေ။

"ပိုက်ပိုက်..မခင် ကလေးလေးမွေးပြီးသွားရင် မင်း မခင်နဲ့အိပ်လို့မရတော့ဘူး...အဲ့ကြရင် အမေနဲ့အိပ်နော်...အိပ်တော့ ပိုက်ပိုက်...မခင်လည်း အိပ်ချင်ပြီ...''

"ဟုတ်...''

ခင်ဦး ပြောလိုက်တာနဲ့ မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်သွားတဲ့ ပိုက်ပိုက်ကို အညာစောင်ကြမ်းလေးခြုံပေးလိုက်သည်။ပိုက်ပိုက်နဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာကနေ ခင်ဦး ပက်လက်လှဲ မျက်လုံးတို့ မှိတ်လိုက်၏။ဗိုက်ထဲက ကလေးလေးက အထဲမှာ လှုပ်ရှားနေတာကြောင့် တစ်ချက်ချက် နာသည်။ဒူးလေးတွေ တံတောင်လေးတွေနဲ့များ ထိုးနေသလားမသိပါ။တစ်ညလုံး မအိပ်ရဘဲ မိုးလင်းသွားခဲ့သည်။

ပိုက်ပိုက်က ခင်ဦးအတွက် သနပ်ခါးပန်းတွေကို ခူးပြီး ကွက်ပျစ်လေးမှာ တင်ပေးထားပြီး ရွာထဲသွားဆော့လေသည်။အရင်ချိန်ကဆိုရင် ပိုက်ပိုက် ခူးပေးသွားသည့် သနပ်ခါးပန်းတွေကို ခင်ဦး လှပစွာ ပန်ဆင်ထားမှာ..အခုတော့ ပန်ဆင်ရင်စိတ်မရှိချေ။နမ်းရှိုက်ရုံလေးနမ်းရှိုက်ပြီး အောက်ကိုပြန်ချထားလိုက်တော့သည်။

ဥသြငှက်သံလေးတွေ ကြားတဲ့အခါ ခင်ဦး ဝမ်းနည်းလာခဲ့သည်။ခင်ဦး ကလေးလေးလည်း တစ်ချိန်ချိန်မှာ ဥသြငှက်တို့လို ကိုကြီးဇေယျာကို တမ်းတနေမလားလို့ တွေးမိပြီး ရင်ထဲမှာ ဆို့နစ်တက်လာခဲ့သည်။

ခင်ဦး ကိုကြီးဇေယျာကို သတိရတိုင်း စာလေးရေးဖြစ်သည်။အရင်က ရေးထားသည့် စာလေးတွေကို ပြန်ဖတ်တဲ့ခါ ရင်ခုန်သံတွေ လှုပ်ခတ်လာခဲ့သည်မှာ အဲ့တုန်းကအတိုင်း သစ်လွင်ဆဲ...ကိုကြီးဇေယျာရဲ့ နွေးထွေးပေးခဲ့တဲ့ အပြုအမူတွေကို ပြန်လည်အမှတ်လာခဲ့ပြီး စာဖတ်ရင်း ပြုံးမိသည်။ ခဏခဏ ပြန်ဖက်တဲ့အခါမှာတော့ ဝမ်းနည်းစိတ်တွေ ခိုအောင်းပြီး မျက်ရည်တို့ ကျလာခဲ့တော့သည်။

နေလုံးခေါင်းတည့်တည့်ရောက်လာသည့်အခါ ကွက်ပျစ်မှာ နေပြောက်ထိုးလာကြောင့် အိမ်ထဲကို ဝင်ပို့ ခြေလှမ်းတွေ ပြင်နေစဥ် ခင်ဦးအတွက် အာအင်းတွေ ဖြစ်သည့် အသံလေးများ ကြားလိုက်ရ၍ ခြံဝကို လှည့်ကြည့်လိုက်၏။

"ခင်ဦး..''

"ကောင်း...လုံးလုံး..အကြည်....နင်တို့ တကယ်လာတယ်...''

"ငါတို့က သူငယ်ချင်းတွေလေ...နင် လိုအပ်တဲ့အချိန်မှာ ငါတို့ရှိနေမှဖြစ်မှာပေါ့...''

"ကျေးဇူးပါပဲဟာ...ငါ တကယ်အားရှိတယ် သိလား...''

"နင့်ကြည့်ရတာ ပိန်လိုက်တာ ခင်ဦးရယ်...စိတ်ဆင်းရဲစရာတွေမတွေးဘဲ ပျော်အောင်နေမှပေါ့...''

"လုံးလုံးပြောတာ ဟုတ်တယ် ခင်ဦး...နင် ကလေးမွေးနိုင်ဖို့ အားရှိဖို့လိုတယ်...မဟုတ်ရင် နင်ဒုက္ခရောက်လိမ့်မယ် သိလား...''

"အင်းပါ...''

ကောင်းကတော့ ခင်ဦးကို ဆွေးမြေ့စွာ ကြည့်နေတော့သည်။ညိုးနွမ်းလျနေသည့် ခင်ဦးကို ကြည့်ပြီး သူ့မှာ အားမရပေ။ခင်ဦး ဖြစ်နေသည့် ပုံစံကိုကြည့်ပြီး ကောင်းမှာ လက်သီးကို ကျစ်နေအောင်ဆုပ်ကိုင်ပြီး ခြံထဲက ထွက်ဖို့ ပြင်လိုက်၏။

"ကောင်း...''

ခင်ဦးရဲ့ နွမ်းလျနေသည့် အသံလေးကို ကြားလိုက်ရ၍ ခြေလှမ်းတွေတန့်သွားသလို မျက်ရည်စက်တို့က မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

"နင့်လူကို ငါ မထိပါဘူး ခင်ဦး...နင့်ရှေ့မှာ ငါမျက်ရည်မကျလို့ပါဟာ...''

ငါတောင်းပန်တယ်ပါတယ် ကောင်းရယ်...ငါ့ကြောင့် နင်တို့တွေ ဝမ်းနည်းရပြန်ပြီ...

"မငိုပါနဲ့ ခင်ဦးရယ်...နင့်မျက်ရည်တွေကို ငါမမြင်ချင်လို့ပါ...မဟုတ်ဘူး..မကြည့်ရက်လို့ပါ...''

"အင်း...''

ကောင်း ခင်ဦးရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း ပြုံးပြလိုက်ပြီး

"ငါတို့ နင့်အတွက် ဟောလစ်ဝယ်လာတယ်...နင် အားရှိအောင် သောက်ရမယ်နော် ခင်ဦး...''

"အင်းပါ...ငါ့အတွက် နင်တို့မုန့်ဖိုးတွေ ပဲ့ကုန်ပါပြီ...''

"မဟုတ်တာ ခင်ဦးရယ်..''

အကြည်ရယ် လုံးလုံးရယ်က သံပြိုင်ပြောလာခဲ့ပြီး ကောင်းကတော့ ပြုံးနေ၏။ထို့နောက် သုံးယောက်သား ခင်ဦးဗိုက်ကလေးကို ကိုင်ပြီး ကလေးလေးလှုပ်တဲ့အခါ သဘောတွေကျကြလေသည်။ကောင်းက ဗိုက်ထဲက ကလေးလေးက ဘာလေးမှန်းမသိသေးသော်လည်း သနပ်ခါးပန်းလေးဟု ခေါ်ကာ ခင်ဦးကိုမကန်ဖို့ ပြောလေ၏။သူပြောတဲ့အခါ ကလေးလေးက ကန်တာရပ်သွားတော့ သူ့မှာ သဘောကျလို့မဆုံးပေ။

ကောင်းတို့တွေ ပြန်ရောက်လာခြင်းက ခင်ဦးအတွက် ဝမ်းနည်းမှုတွေ လျော့နည်းစေသည်။လွမ်းဆွတ်သည့်စိတ်တို့က နေ့ညတိုင်းမရှိတော့ဘဲ တိတ်ဆိတ်သည့် ညအခါ၌သာ ရှိတော့လေသည်။ ဒီရက်ထဲ ညဘက်တွေမှာ ကိုကြီးဇေယျာကို မလွမ်းအားတော့ပေ။ဗိုက်က နာလိုက် ပျောက်သွားလိုက်နဲ့ ခံစားနေတာကြောင့် နာကျင်မှုကိုသာ ခံစားနေရတော့သည်။

မနက်မိုးလင်းတာနဲ့ ရွှေမန်းတင်မောင်ရဲ့ မင်္ဂလာမောင်မယ် သီချင်းသံက တစ်ရွာလုံး ပျဲ့လွင့်နေသည်။ထိုသီချင်းသံက ခင်ဦးအတွက် နှလုံးသားကို အကြိမ်ကြိမ် နာကျင်စေသည်။ငိုရလွန်း၍ မျက်ရည်တို့ ခမ်းခြောက်သွားသည့်အလား မျက်ရည်တို့မကျတော့ပေ။ရင်ဘတ်တစ်ခုလုံးကတော့ စုတ်ပြတ်သတ်နေအောင် နာကျင် ကြေမွနေ၏။တစ်ဆစ်ဆစ်နဲ့ အောင့်တက်လာသည့် နာကျင်မှုကို အန်မတုနိုင်တော့ဘဲ အသက်ရှူရပ်မတက် ဖြစ်ခဲ့ရသည်။

ကောင်းတို့သုံးယောက်လည်း မင်္ဂလာဆောင်က ကပ်ဆက်ဖွင့်သံကြားတာနဲ့ ခင်ဦးဆီကို လာခဲ့သည်။သူတို့တွေ ရောက်လာတော့ ခင်ဦး ခံစားနေရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြရသည်။သူတို့တွေ မျက်ရည်ကျသော်လည်း ခင်ဦးရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်စကို တစ်စမျှ မတွေ့ရပေ။

"နင် အရမ်းခံစားနေရတာလား ခင်ဦးရယ်...''

"ဟင့်အင်း...ငါ အသက်ရှူမဝရုံပါ ကောင်းရယ်...အမြဲတမ်းဖြစ်နေကျပါ..ခဏနေရင် သက်သာသွားလိမ့်မယ်... ''

အကြည်ဟာ ခင်ဦးရဲ့ ပုံစံကို မကြိုက်တာကြောင့် လုံးလုံးရဲ့နားနားကို တိုးတိုးကပ်ပြီး နားကြပ်ကိုသွားယူဖို့ ပြောလိုက်တော့သည်။ထိုအခါ လုံးလုံးကလည်း အပြေးလေး သွားခဲ့သည်။အကြည် ခင်ဦး လက်ကလေးကို ဆုပ်ကိုင်တဲ့အခါ အေးနေ၏။လုံးလုံးရောက်လာတော့ ခင်ဦးကို စမ်းသက်သည့်အခါ နှလုံးခုန်နှုန်းတွေ တအားမြန်တာကို သိလိုက်ရတာကြောင့် ခင်ဦး နှလုံးနဲ့ပက်သက်တဲ့ လက္ခဏာတစ်ခုခုကို ခံစားနေရတာ ကြာနေပြီဆိုတာ သိလိုက်ရသည်။

"ခင်ဦး သနပ်ခါးပန်းလေးပန်းမလား..ငါခူးပေးမယ်လေ...''

"မပန်ချင်တော့ပါဘူး ကောင်းရယ်...နင်က ငါ့ကို ပန်စေချင်လို့လား...နင်ပန်စေချင် ညနေမှ ငါခူးပြီး ပန်လိုက်ပါ့မယ်... အိပ်ယာဝင်တဲ့အခါ ပန်းရနံ့နဲ့ ငါ အိပ်ပျော်တာပေါ့ဟယ်...''

"နင့်သဘောပါပဲ..''

"နင် အရမ်းခံစားနေရလား...''

"ငါ့ မျက်လုံးမှာ မျက်ရည်မှမရှိတော့ဘဲ ငါမခံစားရတော့လို့ပေါ့ ကောင်းရယ်...''

"နင် လိမ်နေတယ် ခင်ဦး...နင် ခံစားရလွန်းလို့ နင်ငိုကြွေးရလွန်းလို့ နင့်မျက်ရည်တွေ ခမ်းသွားတာပါ...''

ကောင်းပြောသည့်အခါ ခင်ဦး ပြုံးလိုက်သည်။သူ့စိတ်ကို အကုန်သိနေတဲ့ ကောင်းကို လိမ်လို့မရဘူးပဲ..။

ညနေစောင်းတော့လည်း ဧည့်သည်ဆိုတော့ ကောင်းရယ် လုံးလုံးနဲ့အကြည်ကလည်း ပြန်သွားတော့သည်။အမေနဲ့ကိုကိုကလည်း ဟိုအိမ်မှာ အိပ်ရမှာ ဆိုတော့ ပိုက်ပိုက်နဲ့ခင်ဦးသာ နှစ်ယောက်ထဲအိပ်ရတော့မည်။

အိမ်ရှေ့က သနပ်ခါးပန်းပင်လေးကို ငေးကြည့်ရင်းပြုံးလိုက်ပြီးနောက် ထိုနေရာကို တရွေ့ရွေ့နဲ့ လာလိုက်ပြီး မခူးသေးဘဲ လှပစွာပြုံးလိုက်ရင်းအရင်နမ်းရှိုက်လိုက်၏။ထိုအချိန် ခြစည်းရိုးနားက ခြေသံကြားလိုက်တာကြောင့် ခင်ဦး ဗိုက်ကလေးကို မပြီး လမ်းကို ထွက်ပြီး အရှေ့တစ်လှည့်အနောက်တစ်လှည့် ကြည့်မိသည်။ဘယ်သူ့ကိုမှ မတွေ့ရတာကြောင့် အိမ်ထဲကိုသာ ပြန်ဝင်ခဲ့သည်။

"မင်းအပြုံးလေးက နှိုင်းယှဥ်ပြစရာကို မရှိအောင် လှလိုက်တာ.. ကိုယ့်သက်လျာရယ်...''

« ရှေ့အခန်း - အပိုင်း ၄၀ နောက်အခန်း - အပိုင်း၄၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ