"ခင်ဦး...''
"ရှင်...''
"မင်းအတွက် ဆံထိုးလေး...''
"ဟင်..''
ခင်ဦး ကိုကြီးဇေယျာ ထုတ်ပြလာသည့် ဆံထိုးလေးကိုကြည့်ပြီး မှင်သက်သွား၏။ကောင်း အရင်ဝယ်ပေးတဲ့ ဆံလေးလည်းမဟုတ်သလို ဒီနေ့ပြတဲ့ ဆံထိုးတွေနဲ့လည်းမတူဘဲ ရွှေရောင်ဆံထိုးလေးဖြစ်တဲ့အပြင် အနုစိတ်လက်ရာလေးတွေက ခင်ဦးနှစ်သက်တဲ့ သနပ်ခါးပန်းလေးတွေနဲ့ အလှဆင်ထားသည့် ဆံထိုးလေးဖြစ်နေတာကြောင့်ပင်..ဖြစ်၏။
"လှလား...''
"လှတယ်..''
ခင်ဦး အသံတိုးတိုးလေးနဲ့ မဝံ့မရဲလေး ပြောလိုက်သည်။
"ရွှေအစစ်နဲ့လုပ်ထားတာ သိလား....''
ခင်ဦး ကိုကြီးဇေယျာရဲ့ လက်ထဲက ဆံထိုးလေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
"ဆံထုံးထုံးလိုက် ကိုယ်ကိုယ်တိုင် ပန်ပေးမယ်..''
ကိုကြီးဇေယျာရဲ့ အသံမှာ နူးညံ့ညင်သာပြီး ကြင်နာမှုအပြည့်နှင့် နားဝင်ချိုလှသည်။ကိုကြီးဇေယျာရဲ့ ကိုယ်လို့ ပြောလိုက်တဲ့ စကားလုံးလေးကြောင့် ခင်ဦးရင်ထဲ နွေးသွားရသည်။ ခင်ဦး လက်ထဲက ဆံထိုးလေးကို ငုံ့ကြည့်လျက် နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေးပြုံးရင်း
"ဆံထုံးထုံးပြီးမှ ဆံထိုးကို ပန်ရတာမဟုတ်ဘူး..ဆံပင်နဲ့ တစ်ခါတည်း ထုံးဖွဲ့ရင်းထိုးရတာ ကိုကြီးဇေယျာရဲ့..''
"ဟုတ်လား.ဘာပဲဖြစ်ဖြစ် မင်းဆံပင်တွေကိုသာ အရင်ထုံးလိုက်ပါ..ကိုယ် ပန်ဆင်ပေးချင်လို့...''
ခင်ဦးလည်း ကိုကြီးဇေယျာကို ခေါင်းညိတ်ပြရင်း ဆံပင်နက်နက်ရှည်ရှည်တို့ကို သပ်ရပ်စွာဖြီးပြီး လက်ချောင်းသွယ်သွယ်တို့ဖြင့် ဆံထုံးတစ်ထုံးကို အသာထုံးဖွဲ့လိုက်သည်။ထိုအခါ ကိုကြီးဇေယျာက သူ့လက်ထဲက ရွှေရောင်ဆံထိုးလေးကို ခင်ဦးဆံထုံးလေးမှာ ပန်ဆင်ပေးလေသည်။
ဆံထိုးကို ပန်ပေးပြီးတာနဲ့ ကိုကြီးဇေယျာက ခင်ဦးကို အပြုံးရေးရေးနှင့် စိုက်ကြည့်ပြီး
"လှလိုက်တာ..''
"ဆံထုံးလေးက လှလို့ပါ..''
"နှစ်ခုစလုံးပေါ့ ..''
ကိုကြီးဇေယျာဆီကနေ ကြားတောင့်ကြားခဲ စကားတစ်ခွန်းကြောင့် ခင်ဦး ရှက်သွေးဖြာလျက် မျက်နှာကို အသာငုံ့လိုက်ရ၏။
"ခေါင်းပဲငုံ့နေတော့လား ခင်ဦး..''
"ရှင်..''
ခင်ဦး အမြန်ပင် မော့ကြည့်လိုက်၏။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးကို ကြည့်ပြီး ပြုံးပြန်သည်။ခဏလေးအတွင်း ကိုကြီးဇေယျာ ပြုံးနေသည်မှာ အကြိမ်ကြိမ်.. သို့သော် ထိုအပြုံးတွေက ခင်ဦးအတွက် နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးတွေ ဖြစ်နေပြန်သည်။ခင်ဦးရှေ့မှာ ပြုံးခဲတဲ့ အပြုံးတွေ ဖြစ်တာကြောင့်ပင်..ဖြစ်သည်။
"မနက် မြိို့ကိုယ်တို့ မြို့တက်မယ်လှလှလေး ပြင်ဆင်ထားရမယ်နော်...ကြားလား..''
"ရှင်..ခင်ဦးပါ မြို့လိုက်ခဲ့ရမှာလားဟင်..''
"အင်း..''
ခင်ဦးပါ မြို့ကိုလိုက်ရမယ်ဆို၍ ပျော်မိပါရဲ့..ခင်ဦး တစ်ခေါက်လောက်တောင် မြို့ကို မရောက်ဘူး၍ ရောက်ဖူးချင်ခဲ့တာ..အခု သွားရမည်ဆိုတော့ ခုန်ပေါက်မတတ် ပျော်မိပါသည်။ပျော်လွန်း၍ ကိုကြီးဇေယျာကို သွားတန်းလေးတွေ စီနေအောင်ပေါ်သည်အထိ မျက်လုံးကလေးများ မှေးဆင်းသွားသည်အထိ ရယ်ပြလိုက်၏။
ဇေယျာ သူ့ရှေ့မှာ ချစ်စရာကောင်းအောင် ပြုံးရယ်ပြနေသည့် သူမလေးကိုကြည့်ပြီး အသဲယားလာတာကြောင့် ပါးမို့မို့လေးကို ကလေးများလို နမ်းလိုက်တော့သည်။သူ နမ်းလိုက်တာနဲ့ မျက်လုံးဝိုင်းလေး ပြူးပြီး စေ့ပိတ်သွားသော နှုတ်ခမ်းလေးကိုလည်း သူ့နှုတ်ခမ်းသားနဲ့ ထိကပ် နမ်းရှိုက်လိုက်ပြန်သည်။
"ထမင်းစားမယ်..''
"ဟုတ်..ဟုတ်..''
သူနမ်းလိုက်၍ ရှက်သွေးဖြာနေပြီး သနပ်ခါးနဲ့ သင်းသော ပါးမို့မို့ထက်မှာ နေရောင်ထိမှန်သည့် သပြေပန်းခက်ကလေးကဲ့သို့ နီမြန်းလျက်..။သူလွတ်ပေးလိုက်တာနဲ့ ပြေးဆင်းဖို့ပြင်နေတာကြောင့် သူ့မှာ လေသံမာမာနဲ့ ဖြေးဖြေးသွားဖို့ ပြောရသည်။
မြို့တက်ရတဲ့ အကြောင်းရင်းက တခြားအကြောင်းမရှိချေ။သူမလေးနဲ့ ဓာတ်ပုံလေး ရိုက်ချင်တာကြောင့်နဲ့ သူမလေးကို မြို့ရဲ့စည်ကားမှုကို ပြချင်တာကြောင့် ဖြစ်သည်။သွားရမယ်ဆိုတဲ့ အသိနဲ့တောင် ဒီလောက်ပျော်နေတာ မြို့ရောက်ရင် ဘယ်လောက်များ စိတ်လှုပ်ရှားပြီး ပျော်နေလိုက်လို့ ဇေယျာ သူမလေးပျော်နေသည့် မျက်နှာကို ပုံဖော်ရင်း ပြုံးလိုက်၏။
ခင်ဦး နှုတ်ခမ်းလေးကို ထိကြည့်လိုက် ရင်ဘတ်ကို လက်ကလေးနဲ့ထိလိုက်နဲ့ ထမင်းဟင်းခူးထည့်ရာမှာ အယောင်ယောင်အမှားမှား ဖြစ်နေတော့သည်။
"ငြိမ်ငြိမ်လေး နေပေးစမ်းပါ..လက်တွေတုန်နေလို့ ဘာမှ လုပ်လို့မရဘူး... ဘာလို့ တအားခုန်နေရတာလဲ...''
"သား ငြိမ်ငြိမ်လေး နေနေတာပါဗျာ.. မကြီးခင်ဦးရာ...ခုန်လည်းမခုန်ရပါဘူးဗျာ..''
ခင်ဦးကို ဝိုင်းလုပ်ပေးနေတဲ့ ဖိုးသားက ပြောလာတော့ ခင်ဦး မရယ်ချင်ရယ်ချင်နဲ့ ရယ်ပြလိုက်၏။ထို့နောက် ဖိုးသားက ခင်ဦးကို ကြည့်ပြီး အလန်တကြား အော်လိုက်တာကြောင့် ခင်ဦး ပိုရင်တုန်သွားတော့သည်။
"မကြီးခင်ဦး .. ''
"ဘာ..ဘာလဲ ..ဘာဖြစ်လို့လဲ..''
"မကြီးခင်ဦး ခေါင်းက ဆံထိုးက ကိုကြီးကောင်းကောင်း လက်ဆောင်ပါလာတာလားဗျ..''
"ဟူး..ငါဖြင့် လန့်သွားတာပဲ ဖိုးသားရယ်..''
"မဟုတ်ဘူး.. ကိုကြီးဇေယျာ ပေးထားတာလှတယ်နော်..''
ခင်ဦး ဖိုးသားကို ပြောပြနေခိုက် နောက်ကနေ ရင့်သီးတဲ့ စကားလုံးနဲ့အတူ ခပ်မာမာအသံက ယှဥ်တွဲလျက် ထွက်ပေါ်လာသည်။
"မသာနဲ့နားထောင်း မလိုက်ဖက်လိုက်တာ...''
ခင်ဦး လှည့်လည်းမကြည့်ရဲပါ။ဆံထိုးကိုများ လာယူမလားနောက်ကျောများ ရိုက်လာမလားဆိုတဲ့ စိတ်တွေနဲ့ ကြောက်လန့်နေခဲ့ရသည်။ခြေထောက်တွေတောင် ခွေယိုင်ချင်လာခဲ့သည်။ခုနက ခုန်ပေါက်နေသည့် နှလုံးဟာ အခုတော့ အောင့်လာခဲ့တော့သည်။
ကြီးကြီးဝင့်ဝါကတောင် ခင်ဦးကို ထိလောက်မုန်းနေတာအထွေးသာဆိုရင်.. အထွေးရဲ့အမုန်းတွေကို ခင်ဦး တွေးတောင်မတွေးရဲပေ။ကိုကြီးဇေယျာကရော ဒီရက်တွေမှာ အထွေးနဲ့တွေ့ပြီးသွားပြီးလား..ခင်ဦးကတော့ အထွေးကို မျက်နှာချင်း မဆိုင်ရဲသေးတာကြောင့် အခုထိ အထွေးကို သွားမတွေ့ဖြစ်သေးပါ။
နေ့ဘက်မှာ စိတ်ပူပန်မှုတွေကြားနေရပေမယ့် ညအခါမှာတော့ ကိုကြီးဇေယျာရဲ့ ရင်ခွင်မှာ အိပ်စက်ရတာကြောင့် ဆန့်ကျင်ဘက် ဖြစ်၏။
မနက်တောင် မိုးမလင်းချင်လောက်အောင် မနက်မိုးလင်းမှာကို ကြောက်မိသည်။ဒါပေမယ့် ထိုညက မြို့သွားရမယ့် အသိကြောင့် စိတ်တွေလှုပ်ရှားပြီး တစ်ညလုံး အိပ်လို့မပျော်ပေ။ကိုကြီးဇေယျာရဲ့ ချောမောခန့်ညားတဲ့ မျက်နှာအစိတ်အပိုင်းလေးကို ကြည့်ပြီး တစ်မိုးလင်းခဲ့သည်။
ကိုကြီးဇေယျာမနိုးခင်ထဲက အစောကြီးထပြီး ပိတောက်ရောင် ဗိုက်ဖုံးအကျီလေးနဲ့ ချည်သားပိတောက်ရောင်ထမိန်လေးနဲ့ ဝမ်းဆက်ကလေးကို ဝတ်ပြီး ရွှေဆံထိုးလေးနဲ့ ဆံပင်တွေကို ထုံးဖွဲ့ပန်ဆင်လိုက်ပြီး ခင်ဦးလှလှလေး ပြင်ဆင်ထားလိုက်သည်။ကိုကြီးဇေယျာ နိုးလာတဲ့အခါ ခင်ဦးကိုကြည့်ပြီး ပြုံးရင်း အောက်ထပ်ကို ဆင်းသွားလေသည်။ခင်ဦးလည်း ကိုကြီးဇေယျာဝတ်ဖို့အတွက် အဝတ်အစားလေး ထုတ်ထားလိုက်သည်။ကိုကြီးဇေယျာ အပေါ်ပြန်တတ်လာတဲ့အခါ ခင်ဦး လက်ထဲက အကျီနဲ့ပုဆိုးကို ကမ်းလိုက်၏။ကိုကြီးဇေယျာနဲ့ ခင်ဦးတို့ အောက်ဆင်းတော့ ကြီးကြီးဝင့်ဝါက မျက်စိဒေါက်ထောက်ကြည့်ပြီး ပြောလာသည်။
"ဒါဘယ်တုန်း..''
"မြို့တက်မလို့ပါ မေမေ...မေမေ ဘာမှာချင်သလဲဗျာ..''
"မင်း မြို့တက်မှာကို ဘာလို့ ခင်ဦးကို ခေါ်သွားတာလဲ...အလုပ်တွေ ပိုနေလိမ့်မယ်ခင်ဦး ညည်းနေခဲ့လိုက်..''
"ဟုတ် ...''
ခင်ဦး ကိုကြီးဇေယျာကို ကိုင်ထားသည့် လက်ကလေးကို ဖြုတ်ဖို့ ပြင်လိုက်တဲ့အခါ..ကိုကြီးဇေယျာက ပြန်လည်ဆုပ်ကိုင်ထားလိုက်ပြီး
""ခင်ဦးလိုက်ရုံနဲ့ ကျွန်တော်အလုပ်မပိုပါဘူးမေမေ..ကျွန်တော်တို့ သွားလိုက်ပြီ မေမေ..''
ဇေယျာ မေမေ့ကိုပြောပြီး ခင်ဦးလက်ကိုဆုပ်ကိုင်းရင်း အိမ်ထဲကနေ ထွက်လာခဲ့သည်။နွားလှည်းပေါ်က ထိုင်နေတဲ့ဖိုးသားကတော့ သူတို့ကိုကြည့်ပြီး ပြုံးနေသည်။ဇေယျာ သူမရဲ့ ကိုယ်လေးကို အသာပွေ့တင်ပေးပြီးမှ သူ လှည်းပေါ်တက်သည်။
"ဖိုးသား လမ်းကကြမ်းတယ်.. လှည်းကို ဖြေးဖြေးချင်း မောင်းမယ်..''
ဖိုးသားက သူပြောလိုက်တာနဲ့ ခေါင်းညိတ်ပြီး လှည်းကို စတင်မောင်းနှင်လိုက်သည်။လမ်းကကြမ်းတယ်ဆိုသော်လည်း နွေခေါင်ခေါင်လို မဟုတ်တာကြောင့် သက်သောင့်သက်သာ ရှိတော့ သူမလေးအတွက် အဆင်ပြေသည်။
"ခင်ဦး..''
"ရှင်..''
"ကိုယ်တို့တက်ခဲ့တဲ့ ကျောင်းတော်ကြီးကို ပြမယ်..ကြည့်ချင်လား..''
"ခင်ဦး..ကြည့်တယ်.''
ခင်ဦး မတက်ဖူးသော်လည်း ကိုကြီးဇေယျာ..ကောင်းအထွေးတို့ တက်သည့် ကျောင်းတော်ကိုကြီးကို မြင်ဖူးချင်ခဲ့တာ ကြာခဲ့ပြီ။အခု တွေ့ရမယ်ဆိုတော့ အတိုင်းအသိပျော်မိတယ်။မြို့သူအချောအလှလေးတွေကိုလည်း ခင်ဦး မြင်ရတော့မှာပေါ့လေ။သူတို့ရဲ့အလှက ခင်ဦးတို့ ပုံစံမျိုးနဲ့ မတူမှာတော့ သေချာသည်။
"ကိုကြီးဇေယျာ..မြို့သူလေးတွေက တောသူလေးတွေထက် အများကြီးချောမောနေပြီး အရမ်းလှကြမှာပဲနော်...ခင်ဦး မြင်ဖူးချင်နေပြီအရမ်းလှတယ်မလားဟင်..''
"အင်းလှတယ်..ဒါပေမယ့် ကိုယ့်ရဲ့ တစ်ယောက်သောသူလောက် သူတို့ မလှကြဘူး..''
ခင်ဦး ကိုကြီးဇေယျာကို ဟန်မပြတ် ပြုံးပြရင်း လမ်းတစ်လျောက် စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်တွေကို ကြည့်ရင်း အတွေးထဲ၌
"အထွေးကို အရမ်းချစ်သလား.. ကိုကြီးဇေယျာရယ်...''
နေမြင့်ချိန်မှာ ဘူတာကို ရောက်ခဲ့သည်။ဖိုးသားကတော့ စောင့်နေခဲ့ရသည်။ရထားစီပြီး မြင်းလှည်း တစ်ဆင့် စီးမှ ရန်ကုန်မြို့ထဲကို ရောက်သည်။တောနဲ့မြို့ရဲ့ နေထိုင်မှု ပတ်ဝန်းကျင်က အလားလားမျှ မတူညီချေ။ခင်ဦးတို့ဘက်မှာ နွားလှည်းသာသုံးပြီး မြို့နေရာမှာတော့ မော်တော်ကား..မြင်းလှည်း သုံးကို သုံးကြသည်။
ကိုကြီးဇေယျာက သူပြောတဲ့အတိုင်း သူတတ်ခဲ့သည့် ကျောင်းကို လိုက်ပြပေးသည်။ခင်ဦး ခြေချခွင့်တောင်မရှိတဲ့ ထိုကျောင်းကြီးက ထည်ဝါလွန်းသည်။ကိုကြီးဇေယျာက လူအများကြီးနဲ့ ပြည်နှက်နေတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ပြီး မုန့်ဟင်းခါ နှစ်ပွဲခု မှာလိုက်လေသည်။ခင်ဦး အနားမှာစားသောက်နေကြသည့် မိန်းကလေးတွေကို ကြည့်မိသည်။မြို့သူတွေက ခင်ဦးတို့နဲ့မတူဆံပင်တွေကို ထုံးဖွဲ့ထားခြင်းမရှိဖျားလျားချတာများသည်။ထမိန်ဆိုလျှင်လည်း ခြေမျက်အုပ်မဟုတ် ဒူးအောက်ကလေးရယ်အကျီဟာ ခါးတိုမဟုတ်ဘဲ ရည်လွန်းသည်။မျက်နှာထက်မှာ သနပ်ခါးမဟုတ်တဲ့ ပေါင်ဒါမှုန့်တွေ နှုတ်သားလေးတွေလည်း ခင်ဦးတို့လို့ သဘာဝတိုင်းပန်းရောင်သမ်းနေတာမဟုတ်ကာလာရောင်အမျိုးမျိုးနဲ့ပုံဖော်ဆိုးထားကြသည်။
"လိုက်မကြည့်နဲ့ မြန်မြန်စား..ပြီးရင် တစ်နေရာ သွားစရာရှိတယ်...''
"ဟုတ်..''
ထိုနေရာက တခြားနေရာမဟုတ်ဘဲ သူမလေးနဲ့အတူတူ ဓာတ်ပုံရိုက်မယ့် စတိုဒီယိုသာဖြစ်၏။
"ကိုမင်းသော်ပြောတဲ့ ကိုမင်းမျိုးဇေယျာဆိုတဲ့ တစ်ယောက်ပါလားခင်ဗျာ..''
"ဟုတ်ပါတယ်ဗျ..ကျွန်တော့်အမျိုးသမီးနဲ ဓာတ်ပုံရိုက်ချင်လို့ပါ..ကူညီပေးပါဦးဆရာ..''
"ရတာပေါ့ဗျာ..သိပ့်ရတာပေါ့...နေရာယူပြီး ကိုယ်လိုချင်တဲ့အနေအထားလေး အရင်လုပ်ကြည့်ပေးပါဗျ..''
"အင်း..''
ခင်ဦးကို ခုံလေးမှာထိုင်စေပြီး သူက သူမလေးအနားမှာမတ်တက်ရပ်လျက် သူမလေးရဲ့ ပုခုံးလေးကို ကိုင်ပြီး ပြုံးနေသည့်ပုံလေး လိုချင်ကြောင်း ဓာတ်ပုံဆရာကို ပြောလိုက်သည်။သူနဲ့ ဓာတ်ပုံဆရာ စကားပြောနေတာကို ငြိမ်ငြိမ်လေး ထိုင်ပြီး စောင့်နေတဲ့ သူမလေးကို ကြည့်ပြီး ပြုံးလိုက်သည်။သူပြုံးတဲ့ ပြန်လည်ပြုံးလာတဲ့ သူမလေးရဲ့ အပြုံးက တကယ်လှသည်။
"မင်းလေးရဲ့ အလှက ယသော်ဓရာလို အလှမျိုးပဲနူးညံ့တယ်..သိမ်မွေ့တယ်အေးမြခြင်းတွေနဲ့ ထပ်တူချတယ်...ကိုယ့်သက်လျာရယ်..''
"ကိုကြီးဇေယျာ ဓာတ်ပုံရိုက်တဲ့အချိန် ခင်ဦး ပြုံးရမှာလား..''
"အင်း..လှလှလေးပြုံးထား..ကလေးလေးအပြင်ရောက်ရင် ကိုယ်တို့အပြုံးကို မြင်ချင်မှာပါ့..''
"ဟုတ်..ခင်ဦး လှလှလေး ပြုံးမယ်နော်...''
ဇေယျာ သူမလက်ကလေးကို အသာကိုင်လိုက်ပြီး
သမီးလေးမွေးရင် ကိုယ့်သမီးလေးကို ပြောပြမယ်မေမေ့လို ကိုယ်ရောစိတ်နှလုံးရော လှအောင် နေရမယ်လို့သားလေးမွေးခဲ့ရင်တော့ မင်းမေမေက အရမ်းလှတဲ့ အမျိုးသမီးပါလို့ ကြွားပစ်မယ် သိလား..နှုတ်ကနေ ပြောလိုက်မဟုတ်ဘဲ စိတ်ထဲကနေ သူမလေးကို စိုက်ကြည့်ရင်း ပြောလိုက်၏။
အခန်းမှတ်ချက်များ (0)