Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၃၅

"ခင်ဦး နင့်ကို ကိုကြီးဇေယျာက တမင်သတ်သတ် အနိုင်ကျင့်တာမဟုတ်လား...''

"ဟင့်အင်း..''

"ငါတို့နှစ်ယောက်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြစမ်းပါ ခင်ဦး...ငါတို့နှစ်ယောက် ကောင်းကိုပြန်မပြောပါဘူးနော်...နင့်ကို ကိုကြီးဇေယျာ အနိုင်ကျင့်တာမဟုတ်လား...မှန်မှန် ဖြေစမ်းပါဟယ်...''

"မဟုတ်ပါဘူး...ကိုကြီးဇေယျာက အဲ့ညက မူးနေလို့ ငါ့ကို အထွေးနဲ့မှားသွားတာပါ..အခု ကိုကြီးဇေယျာက ငါ့ကိုအနိုင်မကျင့်တော့ဘူး...''

"တကယ်လား ခင်ဦး...နင့်ကိုသက်သက်အနိုင်ကျင့်တာ မဟုတ်ဘူးပေါ့...သေချာတယ်နော်...''

"အင်း..တကယ်ပြောတာပါ...ကောင်းကလည်း ကြာလိုက်တာ ပေါ်မလာသေးဘူး...ကိုကြီးဇေယျာ ကျောင်းကပြန်လာလို့ ငါမရှိရင် ငါ့ကိုဆူတော့မှာပဲ...''

ခင်ဦး အကြည်နဲ့လုံးလုံးကိုလည်း ပြောရင်း မလာသေးတဲ့ ကောင်းကိုလည်း မျှော်ရင်း ငြီးတွားလိုက်၏။

"ပြောတော့ အနိုင်ကျင့်တော့ပါဘူးဆို...ဆူမှာကို ကြောက်တယ်ဆိုကတည်းက နင့်ကိုအနိုင်ကျင့်နေသေးတာပဲလေ...''

"အဲ့လိုမဟုတ်ပါဘူး...''

"မဟုတ်မှလွဲရော.. ခင်ဦး နင် ကိုကြီးဇေယျာကို ချစ်နေတာလား..ငါတို့ကို မှန်မှန်ပြောစမ်းပါ...နင် သူ့ကို ချစ်နေပြီမဟုတ်လား..''

"ငါ..ငါမသိဘူး..''

အကြည်နဲ့လုံးလုံးရဲ့ အမေးကြောင့် ခင်ဦးရဲ့ ပါးပြင်ကလေးမှာ ပန်းနုရောင်သမ်းသွားရသည်။အချစ်က ဘယ်လိုမျိုးလည်း ခင်ဦး မသိပါ။ သို့သော် ကိုကြီးဇေယျာနဲ့အတူတူနေရတာကို ခင်ဦးပျော်လာသည်။ကိုကြီးဇေယျာကို အထွေးနဲ့နှစ်ယောက်ထဲရှိနေတာမြင်ရင် ရင်ထဲဝမ်းနည်းမိလာရသည်။ကောင်းက ကိုကြီးဇေယျာကို ထိုးလိုက်ချိန်တုန်းက ခင်ဦး ရင်ထဲမကောင်းဘဲ ငိုချင်လာတယ် ကိုကြီးဇေယျာ ကောင်းကို ထိုးလိုက်ချိန်တုန်းက ဝမ်းနည်းသော်လည်း ထိုသို့ ဝမ်းနည်းတဲ့ခံစားချက်မျိုး မရှိခဲ့ပေ။

ခင်ဦး ကောင်းအလာကို ငေးမျော်ကြည့်လိုက်ချိန်မှာ ခင်ဦးနားက တဖျတ်ဖျတ်လက်နေသည့် စိန်နားကပ်လေးကို မြင်လိုက်ရ၍ အကြည်နဲ့လုံးလုံး မှင်သက်သွားသည်။

"ခင်ဦး ဒေါ်လေးက နင့်ကို မမုန်းဘူးသိလား...''

"ဘယ်လိုသိလဲ...''

"နင့်နားက စိန်နားကပ်ကို မြင်လိုက်ရုံနဲ့သိလိုက်တာပေါ့...''

"အဲ့ဆို နင်တို့မှားသွားပြီ...အမေလုပ်ပေးတာမဟုတ်ဘူး...ကိုကြီးဇေယျာလုပ်ပေးတာ...လက်စွပ်ကလေးရောပဲ...လက်စွပ်က ကိုကြီးဇေယျာအဖွားရဲ့လက်စွပ်တဲ့လေ... သူ့ကိုအမွေပေးသွားတာဆိုတော့ ငါပိုင်တယ်တဲ့...လက်ဆင့်ကမ်းရမယ့် ပစ္စည်းမို့လို့ ထိန်းသိမ်းထားရမယ်တဲ့...ကိုကြီးဇေယျာက လက်စွပ်လေးက ငါ့လက်လေးနဲ့ လှတယ်လို့ ပြောတာပဲ...တကယ်လှရဲ့လားဟင်...''

အကြည်နဲ့လုံးလုံး ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။ခင်ဦးအပေါ် အမြဲအနိုင်ကျင့်တဲ့ ကိုကြီးဇေယျာက သူတို့တောင် မဝတ်နိုင်တဲ့ စိန်နားကပ်ကို ခင်ဦးကို လုပ်ပေးထားသည်တဲ့လေ။

ဒါတင်မကသေး.. လက်သန်းကြွယ်လေးမှာ တောက်ပနေသည့် ရဲရဲတောက်နေတဲ့ လက်စွပ်ကလေးက ဘိုးဘွားတွေလက်ဆင့်ကမ်းလာတဲ့ ပတ္တမြားလက်စွပ်လေး ဖြစ်နေပြန်သည်။ခင်ဦးကို ကိုကြီးဇေယျာပြောသလို ခင်ဦးရဲ့ ဖယောင်းလိုလက်သွယ်လျလျလေးနဲ့ တကယ်ပင် လှသည်။

"ဟိုမှာ ကောင်းလာနေပြီ...''

ခင်ဦး ကောင်းကိုမြင်လိုက်ရ၍ ဝမ်းသာအားရပြုံးလိုက်သည်။ ကောင်း သူ့ကိုကြည့်ပြီး ခင်ဦးက သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးရယ်ပြလာသည့် ခင်ဦးကို ကြည့်ပြီး နှမြောသတတဖြစ်ရင်း...ခင်ဦးရယ်.. နင်ကတော့ ငါ့အတွက် ထာဝရသူငယ်ချင်းလေးပဲ ဖြစ်သွားပြီပေါ့..နင့်ကို ချစ်တယ်ဆိုတဲ့ စကားလေးတောင်ပြောခွင့် ငါ့မှာ မရှိတော့ဘူးပဲ...ငါ့အတွက်အကြီးမားဆုံး နောင်တက နင့်ကို ဖမ်းဆုပ်ခွင့်မရခဲ့တာပဲ ခင်ဦး...ကောင်း ရင်ထဲက တီးတိုး ရေရွတ်သံကို ခင်ဦးကတော့ မကြားနိုင်ပါ။အပြုံးလေးနှင့်သာ သူ့ကို စီးကြိုနေဆဲ..။ချစ်မိသူဟာ အရှုံးတဲ့ခင်ဦးကို ချစ်မိသွားလို့ ရှုံးသွားတာမဟုတ်ပါ။ခင်ဦးအပေါ်ထားတဲ့ သူ့နှလုံးသားရဲ့ ချစ်ခြင်းဆန္ဒကို မလွန်ဆန်နိုင်လို့ ရှုံးသွားရတာပါ...။

"ခင်ဦး ငါမေးတာ အမှန်တိုင်းဖြေပေးနော်..ဆံထိုးကို ဟိုလူ ချိုးလိုက်တာမဟုတ်လားနောက် နင့်ဆံပင်တွေကိုလည်း ညှပ်ပစ်လိုက်တာ သူပဲမဟုတ်လား..''

"ဟို..ဟို..အဲ့ဒါကလေ..''

"တော်ပြီ... နင်မပြောနဲ့တော့ ခင်ဦး...ဒီလောက်ဆို ငါသိလိုက်ပြီ...နင့်ဆံပင်တွေကို ဘာကြောင့်ညှပ်ပစ်လိုက်သလဲ... ငါမသိပေမယ့် ဆံထိုးကိုဘာကြောင့် ဖျက်စီးလိုက်သလဲဆိုတာတော့ ငါသိလိုက်ပြီ...''

"ငါတောင်းပန်တယ် ကောင်းရယ်...ဆံထိုးကြောင့်နဲ့ ကိုကြီးဇေယျာနဲ့နင် ရန်မဖြစ်ပါနဲ့နော်..ငါကိုကြီးဇေယျာက ပြန်ဝယ်ပေးမယ်

တဲ့..''

"နင် သူနဲ့ငါ့ကို ရန်ဖြစ်မှာ သိပ်ကြောက်နေသလား ခင်ဦး..''

"အင်းငါ..ငါလေ နင့်ကိုရော ကိုကြီးဇေယျာကိုရော ဒဏ်ရာမရစေချင်ဘူး..''

"ငါ ဒဏ်ရာမရအောင်ရှောင်မှာပေါ့..သူ့ကို မုန်းတဲ့သူတွေက အများကြီးပဲလေ နင်လည်းသိတယ်မဟုတ်လား..ငါတို့တွေပေါင်းပြီး သူ့ကိုစုတ်ပြတ်သတ်သွားတောင် လုပ်ပစ်မယ်...အဲ့ဆို နင့်ကို သူအနိုင်ကျင့်လို့ မ ရတော့ဘူးလေ...''

"နင်..နင်ကိုကြီးဇေယျာကို သတ်မယ်လို့ ပြောလိုက်တာလား..''

"အင်း..''

တုံဆိုင်းခြင်းမရှိ ပြတ်သားစွာ ယတိပြတ်ပြောသည့် ကောင်းရဲ့စကားကြောင့် ခင်ဦး ငိုချင်လာသည်။ကောင်းရဲ့ မျက်လုံးတွေထဲမှာ နူးညံ့တဲ့ အရိပ်ယောင်ကို မတွေ့ရတော့ပါ။အေးစက်စက် အငြိုးအတေးတွေသာ ပြည့်နှက်နေခဲ့ပြီ။ကောင်းရဲ့ မျက်လုံးတွေကိုကြည့်ပြီး ခင်ဦး ရင်ထဲမှာ ဗလောင်ဆူသွား၏။ကောင်းက ခင်ဦးအတွက် အမြဲကာကွယ်ပေးချင်စိတ်ပိုတာကိုသိသော်လည်း ကိုကြီးဇေယျာကို အသက်အန္တရာယ်ပြုမယ့် အရေးကိုတော့ ခင်ဦးလက်မခံနိုင်ချေ။

"အဲဒါဆိုရင်တော့... ငါ နင့်ကို မုန်းလိုက်မှာ ကောင်း..."

တုန်ယင်နေသော အသံနှင့်အတူ ခင်ဦး၏ ပါးပြင်ပေါ်သို့ မျက်ရည်စများ စီးကျလာခဲ့တော့သည်။

"အဟက်..''

ကောင်း အသက်မယ့်စွာ ရယ်လိုက်၏။ကောင်းကို ကြည့်ပြီး အကြည်နဲ့လုံးလုံးက မျက်နှာမကောင်းပေ။မင်းမျိုးဇေယျာဆိုတဲ့သူကြောင့်နဲ့ ခင်ဦးက သူ့ကိုမုန်းမည်တဲ့လား..။

ဘယ်အရာတွေက သူမကို ပြောင်းလဲသွားတာလဲ..။

"နင် ငါ့ကို မချစ်တော့ဘူးပေါ့ ဟုတ်လား ခင်ဦး...''

"ငါ နင့်ကို ချစ်ပါတယ် ကောင်းရယ်...ငါ နင့်ကို ချစ်ပါတယ်ဟာ...စိတ်မဆိုးပါနဲ့နော်.. နောက်အဲ့လိုမပြောတော့ပါဘူး...ကိုကြီးဇေယျာကိုလည်း ဘာမှမလုပ်ပါနဲ့နော်..သူ ငါ့ကိုအနိုင်မကျင့်တော့ပါဘူး ကောင်းရယ်...''

"နင် သူ့ကို ချစ်နေသလား ခင်ဦး..''

"ငါ..ငါ မသိဘူး ကောင်း..ဒါပေမယ့် ကိုကြီးဇေယျာကို မသေစေချင်ဘူး...ကိုကြီးဇေယျာကို မသတ်ပါနဲ့ နော်...ငါတောင်းပန်တယ် ကောင်းရယ်.. ဟီး.. ဟီး ...''

သူမ အရမ်းမုန်းပါတယ်ဆိုတဲ့လူနဲ့ကြောင့် သူ့ကို တောင်းပန်နေတဲ့ ခင်ဦးရဲ့ မျက်လုံးအစုံကို ကြည့်ခြင်းအားဖြင့် သိလိုက်ရသည်။ခင်ဦး မင်းမျိုးဇေယျာကို သူမရင်ထဲမှာ အချစ်အမြစ်တွေ တွယ်နေပြီဆိုတာ မျက်ဝါးထင်ထင်မြင်လိုက်ရတာကြောင့် သူ့နှလုံးသားလေး ကြွေမွမတတ် နာကျင်သွားရ၏။

"မငိုပါနဲ့ ခင်ဦးရယ်...ငါ့ရဲ့အားနည်းချက်က နင့်မျက်ရည်တွေပါဟာ...နင် ဝမ်းနည်းစေမယ့် အရာတွေကို ငါ ဘာတစ်ခုမှ မလုပ်ပါဘူး..မငိုနဲ့တော့နဲ့နော်..''

"တကယ်လား ..ကောင်း..''

"အင်း..''

တသိမ့်သိမ့်နဲ့ ငိုရှိုက်နေသည့် ခင်ဦးကို ဖက်ထားလိုက်တော့သည်။အကြည်နဲ့လုံးလုံးလည်း မငိုတော့ပို့ရာ ဝိုင်းပြီး ဖျောင်းဖျပေးကြရသည်။ရှိုက်သံကလေးတောင် ထွက်ပုံက မင်းမျိုးဇေယျာကို သတ်မှာကို တော်တော်ဝမ်းနည်းသွားသည့် သဘောနှယ်သူ့နှလုံးတစ်လုံး ပဲ့ကြွေမွနေတာကိုတော့ ခင်ဦး သိမည်မဟုတ်ပေ။

"ခင်ဦး နင့်ကို သူအနိုင်ကျင့်ရင် နင်အဲ့အိမ်မှာ မနေတော့ဘဲ ငါအိမ်မှာ လာနေမလား...နင့်ရောနင့်ဗိုက်ထဲက ကလေးလေးရော ငါစောင့်ရှောက်ပေးမယ်...''

"ကိုကြီးဇေယျာက ငါ့ကိုမရိုက်ဘူး...သူ့ကလေးကိုလည်း ချစ်ပါတယ်...သူ့ကလေး ညတိုင်း ဖတ်အိပ်တယ် သိလား...''

"အင်းပါ...''

သူပွေ့ဖက်ထားရာကနေ အတင်းထွက်ပြီး ရှိုက်သံလေးကြား ပြုံးရင်း ပြောလာတဲ့စကားထဲမှာ ကိုကြီးဇေယျာ အပေါ်ကိုထားတဲ့ ခင်ဦးရဲ့ စိတ်ကို ကောင်း မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။

*************** ***************

ဇေယျာ စားပွဲမှာထိုင်ပြီး ကလေးတွေရဲ့အိမ်စာတွေ စစ်ပြီးအမှတ်ခြစ်နေသည်။ကလေးတွေကိုတခြားဘာသာရေးခိုင်းထားတာကြောင့်အသံတွေကတိတ်ဆိတ်ငြိမ်သတ်နေသည်။ရှေ့တန်းမှာ ထိုင်နေသည့်ပိုက်ပိုက်က တစ်ချက်ချက်သူ့ကိုမော့ မော့ ကြည့်လာတာကြောင့် ဇေယျာ မျက်မှောင်ကျုံ့ပြလိုက်သည်။

ဟိုရက်က ကောင်းသုတ ထိုးထားသည့် ဒဏ်ရာကအရှင်းမပျောက်သေးဘဲနည်းငယ်ကျန်ရှိနေတာကြောင့် ပိုက်ပိုက်က သိချင်ဟန်တူသည်။

ကျောင်းလွှတ်ချိန်ရောက်တော့ တခြားကလေးတွေက ပြန်သွားသော်လည်း ပိုက်ပိုက်က မပြန်သေးဘဲ သူ့အနားကို ရောက်လာသည်။သူ့ကို တစ်ခုခုပြောချင်နေသလိုနဲ့ အားယူနေသည်။

"ကဲ..ပိုက်ပိုက် မင်း ငါ့ကို ဘာပြောချင်သလဲ..''

"ဟို..ဟို ကိုကြီးဇေယျာ မျက်နှာက ဒဏ်ရာက မခင်ကို အနိုင်ကျင့်လို့ ကိုကြီးကောင်းကောင်း ထိုးလိုက်တာလားဗျာ...''

"အင်း..မင်း မခင်ကို အနိုင်ကျင့်ပြီး ယူလိုက်လိုတဲ့..

"ကိုကြီးကောင်းကောင်း ပြန်ရောက်လာပြီ ဆိုတော့ မခင်ကို ကိုကြီးဇေယျာ အနိုင်ကျင့်လို့ မရတော့ဘူး... ပျော်လိုက်တာ...''

"မင်း မခင်က ငါ့မိန်းမ ..ငါ့မိန်းမကို နောက်တစ်ခါ အနိုင်ကျင့်ရင် မင်းကိုကြီးကောင်းကောင်း ဘာမှ လုပ်လို့မရဘူးကွ... သိလား ..

ဇေယျာ သူက ရယ်ကျဲကျဲနဲ့ပြောလိုက်သော်လည်း ပိုက်ပိုက်ကတော့ မျက်နှာငိုလေးနဲ့ ကျောင်းဝန်းထဲကနေ ထွက်သွားတော့သည်။ထိုအချိန် ပြုံးစစနဲ့သူ့အနားကို ရောက်လာတဲ့ မင်းသော်ကို ကြည့်ရင်း

"ပျော်နေပုံထောက်ရင် အထွေးဆီကနေ ဝမ်းသာစရာ စကားကြားခဲ့လို့လား မင်းသော်...''

"မဟုတ်ပါဘူး...မင်းအတွက် ပျော်နေတာပါကွာ..ရှော့..ဒီမှာ မင်းဟာလေးအတွက် ရလာပြီ..မေမေတောင် မင်းဒီဇိုင်းကို ကြိုက်လို့တဲ့ကွာလုပ်ရောင်းမယ်လုပ်နေလို့... သားသူငယ်ချင်းက သူ့သက်လျာအတွက် မူပိုင်ဒီဇိုင်းမို့လို့ မလုပ်ပါနဲ့လို့ ငါ တားထားရတယ် ..''

"ကျေးဇူးပဲ မင်းသော်...''

ဇေယျာ မင်းသော်ပေးလာတဲ့ ရွှေအတိနဲ့ပြုလုပ်ထားသည့် ဆံထိုးလေးကိုကြည့်လိုက်သည်။ဆံထိုး၏ တွဲလောင်းအဆင်တွင် သနပ်ခါးပန်းပွင့်လေးများကို အနုစိတ်ထည့်သွင်းထည့်သွင်းပုံဖော်ထားသဖြင့် ရွှေရောင်တောက်ပမှုနှင့်အတူ နူးညံ့သိမ်မွေ့တဲ့ အလှတရားကို ပိုမိုပေါ်လွင်စေ သည်။ထိုရွှေရောင်ဆံထိုးလေးကို စူးစိုက်ကြည့်ရင်း ဇေယျာ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဖြည်းဖြည်းချင်း ပွင့်လာ၏။မျက်ဝန်းအစုံမှာလည်း ချစ်ခြင်းမေတ္ထာအရိပ်ယောင်တို့ သမ်းလျက်..။

"မင်းနဲ့ဆိုသိပ်လှနေမှာပဲ..ကိုယ့်သက်လျာရယ်...''

ဇေယျာ သူ့အတွေးစကားသံနဲ့အတူ လက်ချောင်းများနဲ့ ရွှေရောင်ဆံထိုးလေးကို အသာအယာ ပွတ်သပ်နေမိသည်။ ရွှေရဲ့သဘာဝ အေးမြတဲ့ အထိအတွေ့က သူ့နှလုံးသားကို အေးမြစေသည်။

"ခင်ဦး... မင်း ဒီဆံထိုးလေးကို ဆောင်းထားတဲ့အချိန် ဘယ်လောက်တောင် လှလိုက်မလဲ.. မင်းရဲ့ ဆံနွယ်နက်နက်လေးတွေကြားမှာ ရွှေရောင်သနပ်ခါးပန်းခတ်လေးတွေက လှုပ်ရှားနေတဲ့ မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ကိုယ့်ရင်ထဲ အလိုလို ကြည်နူးမိတယ်ကွာ..

မင်းအတွက် ရွေးချယ်ပေးတဲ့ လက်ဆောင်တိုင်းမှာ ကိုယ့်ရဲ့ မြတ်နိုးမှုတွေ ပါနေတယ်ဆိုတာ မင်းကိုသိစေချင်တယ်..ကိုယ်မင်းကို ပေးတဲ့အရာတိုင်းက တန်ဖိုးကြီးလို့ မဟုတ်ပါဘူး... မင်းနဲ့ လိုက်ဖက်မယ်လို့ ထင်လို့၊ မင်းပြုံးနေတဲ့ မျက်နှာလေးကို မြင်ချင်လို့ပါဒီနေ့ ဒီဆံထိုးလေးကို ကိုယ် ကိုယ်တိုင် မင်းဆံနွယ်ထက်မှာ တပ်ဆင်ပေးမယ် အဲဒီအချိန်ကျရင် မင်းရဲ့ အပြုံးလေးကို ကိုယ်မြင်ချင်တယ်...''

ထိုအတွေးတို့ကြောင့် ဇေယျာ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် တိတ်တဆိတ် ပွင့်လာ၏။

ဇေယျာ သူ့အတွေးစကားသံကို ပြုံးလိုက်၏။သနပ်ခါးပန်းကို သိပ်ကြိုက်တဲ့ ခင်ဦးအတွက် သနပ်းခါးပန်းပွင့်တဲ့ ရာသီတွေကုန်သွားရင်တောင် အစဥ်အမြဲပန်ဆင်နိုင်တောင် သူ့စိတ်ကူးလေးနဲ့ ပုံပေါ်ပြီး မင်းသော်ကို အပ်လိုက်ခြင်းဖြစ်၏။

"အချစ်က ဆန်းကြယ်သားလားကွာ...မင်း ခင်ဦးလေးကို ဒီလောက်ထိချစ်မိသွားလိမ့်မယ်လို့ ငါမထင်ခဲ့မိတာ အမှန်ပဲ....အမုန်းကစတဲ့ အချစ်က အချစ်ကစတဲ့အချစ်ထက် ပိုနက်ရှိုင်းနေသလိုပဲ...''

"အဟက်..ငါ ခင်ဦးကို မုန်းပါတယ်လို့ မင်းကိုပြောခဲ့မိသလား...မင်းသော်..ပြောခဲ့ရင်လည်း ပြန်ရုပ်သိမ်းတယ်ကွာ....ဒါပေမယ့် တစ်ခုတော့ မင်းသိထားလိုက်ပါ မင်းသော်..ငါ့နှုတ်ကနေ ခင်ဦးကို မုန်းစကားဆိုခဲ့မိပေမယ့် ငါ့ရင်ထဲမှာ သူမလေးအတွက် အချစ်တွေက အပြည့်ပဲ...''

"အဲ့ဆို မင်းဖွင့်ပြောသင့်ပြီ ဇေယျာ..တချိန်က မင်းအနိုင်ကျင့်ခဲ့တဲ့ မိန်းကလေးကို ချစ်ပါတယ်လို့ ဝန်ခံဖို့ အောက်ကျသလို ခံစားနေရလို့လား...ဒါပေမယ့် မင်းသိထားရမှာက ခင်ဦးလေးက မင်းကို ကြောက်နေတဲ့သူတစ်ယောက်ဆိုတာပဲ..အဲ့တော့ မင်းရင်ထဲမှာ သူမအပေါ်ရှိနေတဲ့ အချစ်တွေကို သိနိုင်မှာ မဟုတ်ဘူး..မင်းနှုတ်က မာနကြီးနေသရွေ့.. မင်းဖုံးကွယ်နေသရွေ့ သူမကလည်း မင်းရဲ့စိတ်ရင်းကို ဘယ်လိုနားလည်နိုင်မှာလဲ...''

"မင်းထင်တာတွေ တစ်ခုမှ မဟုတ်ဘူး မင်းသော်...ခင်ဦးရဲ့ ရင်ထဲမှာ ကောင်းသုတ ရှိနေတာကြောင့် ငါ့မာနက ခွင့်မပြုတာ..''

ကောင်းသုတကို အပြုံးတွေပေါပေါသီသီနဲ့ ပြုံးရယ်ပြနေတာ သူမကြိုက်ပေ။ကောင်း ပွေ့ဖက်တဲ့အခါ ဖယောင်းလိုပျော့ပြောင်းနေပြီး သူပွေ့ဖက်တဲ့အခါ ကျောက်ရုပ်ပမာ ဖြစ်ဖြစ်သွားတာကို လုံးဝမကြိုက်ပေ။ထို့ကြောင့် သူမလေးအပေါ် အော်ဟောက်မိသည်။ထိုအချက်ကပဲ သူမလေးက သူကို သူစိမ်းဆန်စေခဲ့သလား..။

"ကိုယ့်အချစ်တွေကို မင်း နည်းနည်းလေးတောင် မခံစားမိဘူးလား ကိုယ့်သက်လျာရယ်...အမှန်ဆို မင်း သိဖို့ကောင်းတယ်....ကိုယ် မင်းကို ဘယ်လောက်ထိ ချစ်သလဲဆိုကိုပေါ့...ကိုယ် မင်းကို ချစ်တဲ့အချစ်က ချစ်တယ်လို့ ဖွင့်ပြောဖို့ မလိုဘူးထင်တယ်...ကိုယ် မင်းကို ချစ်တာ မင်းခံစားမိရင်...ကိုယ်တို့နှစ်ယောက်ပဲ သိရင်ရပြီ..''

ဇေယျာ သူ့လက်ထဲက ဆံထိုးလေးကို အမြတ်တနိုး ကြည့်ရင်း ယွန်းသေတ္ထာလေးထဲကို အသာပြန်ထည့်သိမ်းလိုက်တော့သည်။ ထိုယွန်းသေတ္ထာလေးကို ကိုင်ပြီး

"ခင်ဦး ကိုယ် မင်းကို ပေးတဲ့ဒီပစ္စည်းလေးတွေမှာ ကိုယ် မင်းအပေါ်ထားတဲ့ အချစ်သင်္ကေတလေးတွေရှိတယ်...အဲ့ဒါသင်္ကေတလေးတွေက ကိုယ် မင်းကိုဖော်ပြတဲ့ ကိုယ့်အချစ်ပဲ ..''

« ရှေ့အခန်း - အပိုင်း၃၄ နောက်အခန်း - အပိုင်း ၃၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ