Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၃၂

"နေ့လည်ထဲက သွားလိုက်တာ အခုမှပြန်လာရသလား...ညည်း အဲ့ကျောင်းမှာဘဲ အိပ်လိုက်ပါတော့လား..ဘာလို့ ပြန်လာနေသေးလဲ...''

ကြီးကြီးဝင့်ဝါက အိမ်ထဲဝင်လိုက်တာနဲ့ ခင်ဦးကို တန်းဆူတော့သည်။ ခင်ဦးမှာ ကြောက်၍ ခေါင်းလေးငုံ့ကာ ကိုကြီးဇေယျာနောက်မှာ ကွယ်လိုက်ပြီး ကိုကြီးဇေယျာရဲ့ လက်မောင်းလေးကို အားကိုးတကြီးနဲ့ အသာ ဆုပ်ကိုင်လိုက်မိသည်။ထိုအခါ ကိုကြီးဇေယျာ ခင်ဦးကြည့်၍

"ခင်ဦး အပေါ်တက်နှင့်လိုက်... ''

"ဟုတ်...''

ခင်ဦးလည်း ကိုကြီးဇေယျာက အပေါ်တက်ဆိုတာနဲ့ အပေါ်ကို တက်လာခဲ့သည်။ဇေယျာ သူမလေး အပေါ်ကိုတက်သွားနဲ့ သူ့လက်ထဲက ထမင်းချိုင့်နဲ့ စာအုပ်ကို စားပွဲခုံပေါ်ချလိုက်တော့သည်။ထို့နောက် မေမေ့မျက်နှာစိုက်ကြည့်ကာ မေမေ့ဆီကနေ နားကပ်ကို ပြန်တောင်းရင်းလိုက်၏။

"ခင်ဦး နားကပ်ပြန်ပေးပါ မေမေ...နောက်တစ်ခါ ခင်ဦးကို ကျွန်တော်ပေးထားတဲ့ ဘယ်ပစ္စည်းကိုမှ ပြန်မတောင်းပါနဲ့ဗျာ..ကျွန်တော်မကြိုက်ဘူး... သူ့အတွက် ရည်ရွယ်ပြီး ပေးထားတဲ့ပစ္စည်းက သူ့အပိုင်ပဲ မေမေ...အဲ့ဒါကြောင့် မေမေ မထိပါနဲ့ဗျာ...''

"မင်းမျိုးဇေယျာ...''

မေမေဟာ သူ့ကို အော်လာခဲ့သည်။နောက်ထပ် ဘာစကားမှ မပြောပေ။ထို့နောက် သူ နားကပ်ကို ပြန်တောင်းလိုက်တာနဲ့ ချက်ချင်း သိမ်းထားရာကနေ သွားယူပြီး ထိုနားကပ်လေးကို ကိုင်ပြီး

"မင်း သူ့ကိုပေးထားတဲ့ပစ္စည်းက ပေါပေါပဲပဲ မဟုတ်ဘူးဆိုတာ မင်းသိရဲ့လား...''

"သိပါတယ် မေမေ...ပေါပေါပဲပဲ ပစ္စည်းမဟုတ်လို့ ကျွန်တော့်ရဲ့ မိန်းမကို ဆင်ပေးထားတာပေါ့ဗျာ...''

"အမလေး...ငါရင်တွေနာလိုက်တာ မင်းမျိုးဇေယျာရယ်...ငါ့ချွေးမကိုလေ မချမ်းသာရင်တောင် ပညာတက်မိန်းကလေး ဖြစ်စေချင်ခဲ့တာ...အခု မင်းကြောင့် ငါ့ဆွေမျိုးတွေကြား မျက်နှာပျက်တော့မယ် သိရဲ့လား...''

"မဖြစ်နိုင်တော့တာကို မပြောပါနဲ့တော့ မေမေ..နားကပ်သာ ပြန်ပေးပါဗျာ...မေမေ ဒီလိုတွေခံစားနေရတယ်ဆိုရင် ကျွန်တော် အိမ်ခွဲနေတာအကောင်းဆုံးပဲ...အနည်းဆုံး ခင်ဦးကို နေ့တိုင်းမတွေ့ရလို့ မေမေ စိတ်ချမ်သာမယ်မဟုတ်လား..''

"မင်းက အဲကောင်မလေးကြောင့်နဲ့ ဒီအိမ်မှာ မနေတော့ဘူးပေါ့ ဟုတ်လား...မင်းမျိုးဇေယျာ...ရှော့...မိန်းမင်းမပစ္စည်း ငါ မထိတော့ပါဘူး...မင်းမျိုးဇေယျာရဲ့...ဒီအမေ တောင်းပန်ပါတယ်... ''

မေမေဟာ သူ့ကို နားကပ်လေးပြန်ပေးပြီး သူ့ရင်ဘတ်ကို ပုတ်ပုတ်ရိုက်ပြီး ငိုးကြွေးရင်းပြောသည်။သူလည်း ဆက်ပြီး မေမေပြောလာမယ့် စကားတွေကို မကြားချင်တာကြောင့် အပေါ်ကို တက်လာခဲ့တော့သည်။မေမေပြောတာကို ဝမ်းနည်းသွားလားမသိပါ..သူမလေးက ဒူးနှစ်လုံးပေါ် ခေါင်းလေးတင်ပြီး ငိုရှာလေသည်။

"ခင်ဦး...''

သူ့ကိုမေ့ သူမလေးက သူ့ကို ပြုံးသည်။ဇေယျာ သူမလေးရဲ့ လက်လေးကို လှမ်းဆွဲပြီး သူ့အနားကို လာစေသည်။

"မငိုနဲ့...ခေါင်းလေးထောင်လိုက်...နားကပ်ပြန်ဝတ်ပေးမယ်...မျက်ရည်တွေကို သုတ်လိုက်ပြီး ပြုံးလိုက်ဦး.. ကြားလား...''

"ဟုတ်...''

"နောက်တစ်ခါ ထပ်မချွတ်နဲ့ ကြားလား...''

"ဟုတ်...''

ကိုကြီးဇေယျာက သူကိုယ်တိုင် ခင်ဦးကို ဝတ်ပေးပြန်သည်။နားကပ်လေး ဝတ်ပေးပြီးသွားတဲ့အခါ ဘီဒိုထဲကနေ တစ်ခုခုကို ယူနေခဲ့၏။ထိုအရာကို ခင်ဦး မြင်လိုက်ရချိန်မှာ ငေးကြည့်မိပါသည်။ဗူးလေးကလှတာကြောင့် ခင်ဦး မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။

ဇေယျာ သူလက်စွပ်ဗူးကို သိမ်းထားတဲ့နေရာကနေ ယူလိုက်ပြီးနောက် သူမလေးအနားပြန်ထိုင်ကာ ထိုကတ္တီပါဗူးလေးကို အသာဖွင့်လိုက်ပြီးနောက်

"မင်းအတွက်...''

ခင်ဦး လှပလွန်းတဲ့ လက်စွပ်လေးကို ကြည့်ပြီး ဘာမှပြန်မပြောနိုင်တော့ပါ။ကိုကြီး ဇေယျာပြောတဲ့ မင်းအတွက်ဆိုတဲ့ စကားက ခင်ဦး နားကြားများ မှားနေသလားပင်။ကျောက်ရုပ်ပမာ လက်စွပ်လေးကို ငေးမောကြည့်နေတဲ့ ခင်ဦးရဲ့ လက်ကလေးကို အသာကိုင်ပြီး ထိုလက်စွပ်ကလေးကို လက်သန်းကြွယ်မှာ ဝတ်ပေးစဥ်

"ဒီပတ္ထမြားလက်စွပ်လေးက အဖွားက ငါ့ကိုအမွေပေးခဲ့တာ..မျိုးရိုးအစဥ်အဆက်ပစ္စည်းမို့လို့ မင်းသေချာထိမ်းသိမ်းရမယ်...''

"ဟုတ်..ဟုတ်ကဲ့...''

ဇေယျာ သူမလေးရဲ့ သွယ်လျလျလက်လှလှလေးမှာ လှပလွန်းတဲ့ လက်စွပ်လေးကို ဝတ်ပေးလိုက်သည်။လက်လှလှလေးမှာ လှလွန်းသည့် လက်စွပ်လေးက ကွက်တိ ဖြစ်နေတာကြောင့် ဇေယျာ သူမလေးရဲ့ လက်ကလေးကို နမ်းလေ၏။ထို့နောက်

"မင်း လက်ကလေးနဲ့လှတယ်...''

"ကိုကြီးဇေယျာ...ကြီးကြီးဝင့်ဝါက!..'

"ဒါတွေက မင်းအပိုင်ပဲ...မေမေနဲ့မသက်ဆိုင်တဲ့ မင်းအပိုင်ပဲ ခင်ဦး...မေမေ မင်းကိုဘာမှ မပြောစေရဘူး..ကြားလား...''

"ဟုတ်...''

"နောက်တစ်ခါ ထပ်မချွတ်နဲ့ ကြားလား...''

"ဟုတ်...''

ခင်ဦး လက်မှာရှိနေတဲ့ လက်စွပ်လေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်...''

မေမေကတော့ ဒေါသတွေအလိပ်လိုက်ထွက်နေမှာ သေချာသည်။အဖွားမဆုံးခင်က သူ့ကို ပြောခဲ့သည်။မေမေက ဒီလက်စွပ်လေးကို အရမ်းဝတ်ချင်ခဲ့တာတဲ့..လက်စွပ်က သေးနေလို့ ဝတ်မရတာကြောင့် ဝမ်းနည်းပြီး ငိုခဲ့ဖူးသည်တဲ့။ခင်ဦးလက်လေးနဲ့ ကွက်တိဖြစ်နေတာကို မေမေမြင်ရင် ဒေါသမထွက်ဘဲ နေမည်မဟုတ်ပေ။

ခင်ဦး ချက်ပြုတ်ဖို့ အောက်ဆင်းလာတဲ့အခါ ကြီးကြီးဝင့်ဝါက ခင်ဦး လက်က လက်စွပ်ကိုမြင်ပြီး တောက်တစ်ခတ်ခတ်နဲ့ ဒေါသတွေထွက်နေတော့သည်။ဒေါသထွက်နေသော်လည်း ခင်ဦးကို အရင်လို မရိုက်ပေ။ဘဘကတော့ ဘာတစ်လုံးမှ မပြောဘဲ စာအုပ်ကို ထိုင်ဖတ်နေသည်။ဒီနေ့ညတော့ ကြီးကြီးဝင့်ဝါက ထမင်းမစားပေ။ခင်ဦးကြောင့် မစားတာဆိုတော့ စိတ်မကောင်းဖြစ်ရသည်။

"မေမေက စာရင် ထစားလိမ့်မယ်...''

"ဟုတ်...''

ခင်ဦးနဲ့ကိုကြီးဇေယျာ ထမင်းစားပြီးတာနဲ့ အပေါ်တတ်လာခဲ့သည်။ကိုကြီးဇေယျာ ဘုရားရှိခိုးချိန်မှာ ခင်ဦး အိပ်ယာပြင်ထားလိုက်၏။ကိုကြီးဇေယျာပြီးမှ ခင်ဦး ရှိခိုးသည်။ခင်ဦး တစ်နေ့နှစ်ကြိမ် ပုံမှန် ဘုရားရှိခိုးတယ်..။မိခင်လောင်းတွေက ရင်သွေးလေးကို လွယ်ထားချိန်မှာ သင်္ချိုင်းကို တစ်နေ့မျက်စောင်းသုံးချက်ထိုးရသည်တဲ့..။အမေတိုင်း ကြုံတွေ့ရတဲ့ အရာမို့ ခင်ဦး မကြောက်တော့သလိုလို ရှိလာခဲ့သည်။

ဘုရားရှိခိုးပြီးလို့ ခင်ဦး အိပ်ယာဝင်သည်။ထိုအခါ ကိုကြီးဇေယျာက သူ့အနားကို တိုးခိုင်း၍ တိုးလိုက်သည်။အရင်ရက်တွေ အနည်းငယ်မူးနေလို့ ဖက်အိပ်တာဆိုပေမယ့် ဒီနေ့က ပုံမှန်တိုင်းဖြစ်နေတာကြောင့် ခင်ဦး တိုးလွန်း၍ အသားကိုထိသွားမှာလည်း ကြောက်မိသည်။ခင်ဦးတောင် အနားမရောက် ဆွဲဖက်လာသည့် ခင်ဦးကိုယ်လေး ကိုကြီးဇေယျာ ရင်ခွင်ထဲ ရောက်သွားတော့သည်။

"ကလေးလေးကို ဖက်ပြီး အိပ်ချင်လို့...ဒီအတိုင်းလေးနေပေး...မင်းလည်း မျက်လုံးလေးမှိတ်ပြီး အိပ်လိုက်တော့...မင်းအိပ်မှ ကလေးလေးလည်း အိပ်လို့ရမှာ...''

"ဟုတ်...''

မနေ့ညကလို ခံစားရတဲ့အတိုင်း တစ်ခုတောင်မလွဲပေ။ခင်ဦး မအိပ်ရင် ကလေးလေးလည်း မအိပ်ရဘူးဆို၍ ခင်ဦး အိပ်ပျော်ဖို့ ကြိုးစားလိုက်ရသည်။ဒီနေ့တော့ ကြောက်စိတ်သိပ်မရှိတာကြောင့် ခဏလေးအတွင်းမှာ ခင်ဦး အိပ်ပျော် သွားခဲ့သည်။

"ချစ်ဖို့ကောင်းတာ ကိုယ့်သက်လျာရယ်...''

ဇေယျာ နှုတ်ကနေ တီးတိုးဆိုပြီး သူမလေးရဲ့ နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။ညတိုင်း သူမလေးမသိအောင် အကြိမ်ကြိမ် နမ်းရှိုက်ခဲ့တာ ဘယ်နှစ်ကြိမ်မှန်း သူတောင်မသိတောချေ။ဇေယျာ သူ သူမလေးရဲ့ ကိုယ်လေးကို သူ့ရင်ထဲ နစ်ဝင်နေအောင် ဆွဲသွင်းလိုက်ပြီး အိပ်စက်ပါတော့သည်။

တဖြေးဖြေးနဲ့ ခင်ဦး ကိုကြီးဇေယျာနဲ့ အတူတူ နေရတာကို ပျော်လာခဲ့သည်။ညဖက် အိပ်တဲ့အချိန်တိုင်း ကလေးလေးကို ဖက်ချင်လို့ဆိုပြီး ဖက်ပြီးအိပ်တဲ့ ကိုကြီးဇေယျာရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာကို သဘောကျလာသည်။

"ခင်ဦး ကိုကြီးဇေယျာနဲ့ နေရတာ ပျော်တယ် သိလား...''

ခင်ဦး ကိုကြီးဇေယျာရဲ့ စားပွဲခုံပေါ်က စားအုပ်တွေကို စီရင်း တစ်ယောက်တည်း တီးတိုး ပြောနေမိသည်။ကိုကြီးဇေယျာ ကြားသွားရင် ဆူမှာဆိုး၍ အပေါ်တတ်လာမလား လှမ်းကြည့်ရသေးသည်။ကိုကြီးဇေယျာကို မတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုတွေးပြီး ပြုံးနေမိသည်။

"ဘာတွေပြုံးနေတာလဲ...''

"ဟို...ဟို...''

ခင်ဦး လည်ပင်းကို ပွတ်သပ်ပြီး မဝံ့မရဲနဲ့ ပြုံးပြလိုက်ပြီး

"လက်စွပ်လေးကို ကြည့်ပြီး ပြုံးနေတာပါ..ကိုကြီးဇေယျာ...''

"တော်တော်လေး သဘောကျနေလား ခင်ဦး...''

"ဟုတ်...''

"ဒီနေ့လည်း ကျောင်းကိုထမင်းချိုင့်လာပို့ပေး...မင်းအတွက်ပါပိုထည့်ခဲ့ ကြားလား...''

"အတူတူစားဦးမှာလား ကိုကြီးဇေယျာ...''

"အင်း...''

ကိုကြီးဇေယျာ ကျောင်းသွားတော့ ခင်ဦး ကြီးကြီးဝင့်ဝါနဲ့နေခဲ့ရတာ ကြောက်စိတ်တွေကအပြည့်ပင် ဖြစ်၏။လက်စွပ်ဝတ်ထားကို မြင်ရင် ခင်ဦးကို ချွတ်ခိုင်းဦးမလား...ဆူမလား..ရိုက်မလားဆိုသည့် အတွေးတွေက ခေါင်းထဲမှာ ပြေးလွှားနေသည်။အပေါ်ကနေ အောက်ကိုဆင်လာရင်တောင် လက်လေးနှစ်ဖက်ထက်ပြီး ဆင်းလာရသည်။သူရှိတဲ့ နေရာတွေကိုလည်း ရဲရဲပင်မသွားပေ။နားကို ကြည့်ပြီးတောင် မကျပ်နပ်တဲ့အကြည့်နဲ့ကြည့်နေခဲ့တာ လက်စွပ်များ မြင်သွားရင် ခင်ဦး ကိုယ့်ကိုယ်ကို မတွေးရဲပေ။ထို့ကြောင့် ကိုကြီးဇေယျာဆီကို မြန်မြန်သွားသာ တာဆူနေမိသည်။

ခင်ဦးလာတာတွေ့တဲ့အခါ ကိုကြီးဇေယျာက စာသင်နေရာကနေ ထွက်လာခဲ့သည်။ခင်ဦးကို အပြင်မှာမစောင့်စေဘဲ စာသင်နေတဲ့နေရာကို ခေါ်လာခဲ့သည်။ပိုက်ပိုက်ကတော့ ခင်ဦးကို တွေ့ရပြန်၍ ပျော်နေရှာသည်။ခင်ဦးလည်း ကိုကြီဇေယျာ စာသင်နေတာကို နားထောင်ရတာ ပျော်သည်။ကလေးလေးက ပညာတက်ကလေးဖြစ်မှာမို့လို့ စာသင်သံလေးကို ပျော်နေသလားလို့တောင် တွေးမိသည်။စာသင်ချိန်က ကုန်တာမြန်လိုက်တာ ထမင်းစားဆင်းချိန်တောင် ရောက်လာခဲ့သည်။

"မင်း အသည်းကြိုက်တယ်မလား....''

"ဟုတ် ကိုကြီးဇေယျာ...''

"များများစား... မင်းတအားပိန်တယ်...ကလေးလေးတော့ သေးသေးလေးမွေးလာတော့မှာပဲ...ထမင်းစားပြီးရင် ဌက်ပျောသီးစားရမယ်...''

"ရခိုင်လား..ဖြီးကြမ်းလား ကိုကြီးဇေယျာ... ခင်ဦးက ဖြီးကြမ်းမကြိုက်ဘူး...ရခိုင်ပဲ ကြိုက်တာ...''

"ဖြီးကြမ်းစားမှ မင်းကလေးလေးထွားမှာပေါ့ ခင်ဦး..မင်းကြိုက်တဲ့ ရခိုင်ကို ကလေးလေးမွေးပြီးမှစားရမယ်...''

"ဟုတ်...''

ကိုကြီးဇေယျာက ထမင်းမစားဘဲ ခင်ဦးစားတာကိုဘဲ ကြည့်နေတာကြောင့် ထမင်းစားဖို့ မရဲတော့ပေ။

"စားလေ...''

"ကိုကြီးဇေယျာက မစားဘူးလားဟင်...''

"မင်းကုန်အောင်စားတာကို ကြည့်ပြီးမှ စားမယ်...မင်းလည်း ငါစားတာကို ကြည့်နေရမယ် ကြားလား...''

"ဟုတ်...ဟုတ်...''

ဇေယျာ သူ့ကို မော့ကြည့်လာတဲ့ ပုံစံလေးကို ကြည့်ပြီး သဘောကျ၍ ပြုံးပြီး ငေးကြည့်နေသည်မှာ အချိန်အကြာကြီးပင် ဖြစ်သည်။

မေမေကတော့ သူမလေးကို ကျောင်းကိုထမင်းချိုင့်လာပို့ခိုင်းပြီး ပြန်ပြန်မလွှတ်တာကြောင့် သူ့ကိုပါ အမြင်မကြည်ဖြစ်လာခဲ့သည်။ကိုယ်ဝန်ရင့်တာနဲ့အမျှ ချက်ရေးပြုတ်ရေးပါ မခိုင်းတော့သဖြင့် မေမေက သူ့ကို ပြောလာသည်။

"မင်းမျိုးဇေယျာ...မင်းအဲ့လိုတွေ ကြပ်ကြပ်လုပ် ကြာရင် အဲ့ကလေးမ ရောင်းတက်လာလိမ့်မယ်...ဗိုက်ဖြင့် မွေးဖို့အများကြီးလိုသေးတယ်...အိမ်အလုပ်တောင် မလုပ်ခိုင်းတာတော့ များသွားပြီ...ကောက်စိုက် စပါးရိတ်ရာကနေ ကလေးမွေးတဲ့ ဗိုက်ကြီးသည်မှ အများကြီးပဲ...''

"မတူဘူးမေမေ...ခင်ဦးက သူများနဲ့မတူဘူး...ကျွန်တော်ရဲ့မိန်းမ...ကျွန်တော့်ကလေးရဲ့မေမေ...အဲ့ဒါကြောင့် သူများတွေနဲ့ မနှိုင်းပါနဲ့မေမေ...ကျွန်တော်မကြိုက်ဘူး....''

မေမေ့ကို ပြောပြီးတာနဲ့ သူမလေးကို ခေါ်ဖို့ နှင်းနှင်းတို့ အိမ်ဘက်ကို သူ ထွက်လာခဲ့သည်။

"ကိုယ်က မင်းကို နန်းဦးပြင် ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး ခင်ဦး...''

« ရှေ့အခန်း - အပိုင်း၃၁ နောက်အခန်း - အပိုင်း၃၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ