ဇေယျာ သူ ရောက်လာတော့ သူ့စာအုပ်တွေကို သေသေသပ်သပ်လေး စီနေသည့် ခင်ဦးကိုတွေ့လိုက်ရ၍ ပြုံးလိုက်မိသည်။သူမရဲ့ ခေါင်းမှာ ဆံပင်တွေကို ထုံးဖွဲ့ထားသည့် ဆံထိုးကို မြင်လိုက်ရတာကြောင့် အလိုမကျမှုတွေ လွှမ်းမိုးသွား၏။ကောင်းကောင်း ဝယ်ပေးထားတဲ့ ထိုဆံထိုးကို အမြတ်တနိုးပန်ဆင်ထားသည့်ကို သူမကြိုက်ပေ။ထို့ကြောင့် ချက်ချင်း ဆိုသလို စာအုပ်တွေစီနေသော သူမအနားရောက်လာပြီး သူမခေါင်းက ဆံထိုးကို နုတ်ယူလိုက်ပြီးသည်နှင့် ထိုဆံထိုးကို ချိုးပစ်လိုက်ပြီး ပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ဟင်..''
ခင်ဦး မှင်သက်စွာဖြင့် ပြင်ပေါ်တွင် ချိုးသွားတဲ့ ကောင်းဝယ်ပေးထားသည့် ဆံထိုးလေးကိုကြည့်ပြီး ပါးပြင်ပေါ်သို့ ပူပူးနွေးနွေး မျက်ရည်တို့ စီးကျလာသည်။
"မငိုနဲ့ ပြန်ဝယ်ပေးမယ်...''
ကိုကြီးဇေယျရဲ့ ခပ်မာမာအသံကြောင့် ခင်ဦး ကိုကြီးဇေယျာကို ကြည့်ပြီး ခေါင်းငြိတ်လိုက်သည်။သို့သော် ပါးပြင်ပေါ်က မျက်ရည်တွေကတော့ တားဆီးမရ စီးကျလျက်။
"မငိုနဲ့လို့ ပြောနေတယ်လေကွာ ...''
ဇေယျာ ကောင်းကောင်းဝယ်ပေးထားတဲ့ ဘာမဟုတ်တဲ့ ဆံထိုးကြောင့် ပြန်ဝယ်ပေးမယ်ဆိုတာကို အခုထိ ငိုနေသေးတဲ့ ခင်ဦးကို စိတ်မရှည်တော့ဘဲ အသံမာမာနဲ့ ပြောလိုက်တော့သည်။ထိုအခါ မျက်ရည်တွေကြား ခေါင်းလေးမော့ကာ သူ့ကို မေးလာသည့်စကားသည်မှာ
"ကောင်း ခင်ဦးကို စိတ်ဆိုးရင် ဘယ်လိုလုပ်မလဲဟင်...''
"ဆိုပါ့လေ့စေပေါ့...''
"ကောင်း စိတ်ဆိုးမှာ ခင်ဦးကြောက်တယ်... ကိုကြီးဇေယျာပြန်ဝယ်ပေးရင် ဆင်တူလေးပြန်ဝယ်ပေးနော်''
"ခင်ဦး..''
ကိုကြီးဇေယျာက ဒေါသတကြီး အော်လိုက်တာကြောင့် ခင်ဦးကိုယ်လေးတုန်တက်သွားသည်။ကြောက်ရွံ့မှုကြောင့် မျက်ရည်တို့လည်း ပို၍ စီးကျလာသည်။
"ကောင်းကောင်းက မင်းအတွက်ဘာလဲ...''
"သူငယ်ချင်းပါ...''
"ငါကရော မင်းအတွက်ဘာလဲ..''
ကိုကြီးဇေယျာက ခင်ဦးမေးစေ့ကို ပင့်တင်လိုက်ပြီး ခင်ဦး မျက်ဝန်းအစုံကို စေ့စေ့စိုက်ကြည့်နေသော မျက်ဝန်းများအောက်တွင် ခင်ဦး မဝံ့မရဲနဲ့ တိုးတိုးလေးဖြေလိုက်၏။
"ကလေးလေးရဲ့ ဖေဖေပါ...''
"ဘာ..ငါက မင်းအတွက် မင်းကလေးရဲ့အဖေဖြစ်ယုံသက်သက်ပဲ ခင်ဦး...''
"ဟုတ်..''
"တောက်..''
ကိုကြီးဇေယျာရဲ့တောက်ခေါက်သံက အပေါ်ထပ်မှာ ကျယ်လောင်စွာ ဟိန်းထွက်သည်။စုတ်ထိုးနေသော အိမ်မြှောင်ကလေးတွေတောင် တိတ်ဆိတ်သွားသည်။အိမ်ခေါင်မှာ နားနေကြသည့် ဌက်ကလေးများလည်း ပျံဝဲသွားတော့သည်။
ခင်ဦး ပြောလိုက်သည့်ထဲမှာ ဘယ်စကားကများ မှားသွားသလဲ ခင်ဦးမသိ..ကိုကြီးဇေယျာက ခင်ဦးကိုကြည့်၍ တောက်ခတ်ပြီး ဒေါသထွက်ကာ ထွက်သွားတော့သည်။ခင်ဦးကို ဒေါသထွက်ပြီး ထွက်သွားသည့် ကိုကြီးဇေယျာရဲ့ နောက်ကျောကို ငေးကြည့်ရင်း မျက်ရည်တို့က စီးကျမပြတ်ခဲ့ပေ။
ခင်ဦးက ကလေးလေးရဲ့ဖေဖေလို့ ပြောလိုက်တာများ မကြိုက်လို့ ဒေါသထွက်သည်လား..ရင်ထဲ၌ မရေမရာ တွေးတောမိရင်း ဗိုက်ထဲက
ကလေးလေးအတွက် စိတ်မကောင်းဖြစ်မိသည်။ခင်ဦးကို မုန်းတာနဲ့ ခင်ဦးကလေးလေးကိုပါ မုန်းနေသည်လား ကိုကြီးဇေယျာရယ်..။ခင်ဦးကလေးလေးကို ခင်ဦးလို ဖြစ်မှာ သိပ့်ကြောက်တာပဲ.. ။ခင်ဦးကလေးလေးက ခင်ဦးတစ်ယောက်ထဲရဲ့ အချစ်တွေနဲ့ လုံလောက်ပါ့မလား...။
စိုးရိမ်ပူပန်မှုတို့ဖြင့် ရင်ထဲမှာလေးလံနေသည့် ခင်ဦးကို ကိုကြီးဇေယျာက ကျောင်းသွားခါနီးတောင် ခင်ဦးကို ဒေါသထွက်နေသည့် မျက်လုံးတို့နဲ့ ကြည့်သွားတာကြောင့် ခင်ဦး ဝမ်းနည်းရပြန်သည်။ထို့အပြင် ကိုကြီးဇေယျာမေမေ ကြီးကြီးဝင့်ဝါကလည်း မျက်နှာမဲ့၍ ခင်ဦးကိုကြည့်ပြီး အပြင်ထွက်သွားသည်။
အိမ်မှာကျန်ခဲ့သည့် ကိုကြီးဇေယျာဖေဖေကတော့ ထုံးစံအတိုင်း သူ့ကတ်ဆက်ကလေးကိုသာ ဖွင့်ပြီး နားထောင်နေသည်။ခင်ဦးကို ရှိတယ်လို့တောင် သတ်မှတ်ထားသည် မပေါ်မှာပါ..။ခင်ဦးက သူတို့အတွက် တစ်တောင့်တစ်နေရာလေးမှတောင် အရေးပါတဲ့ သူမှမဟုတ်ခဲ့ပဲလေ..။ခင်ဦးအပေါ် ကြင်နာလာတယ် ဂရုစိုက်လာတဲ့ ကိုကြီးဇေယျာကလည်း ဒေါသထွက်စိတ်ဆိုးသွားတာကြောင့် ဘယ်လိုနေရမှန်းမသိတော့ချေ။
"ဘဘ ခင်ဦး အိမ်ဘက်ခဏ သွားမယ်နော်...''
"အေးအေး...''
ခင်ဦး ဘဘကို အိမ်သွားမယ်ပြောပြီး အိမ်ကိုမသွားဘဲ ရွာအဝင်က ကိုက္ကုပင်ကြီးကို ရောက်လာခဲ့သည်။အခေါင်းဝ ဇီးကွက်ကြီးကတော့ အဝမှာ မျက်လုံးပြူးလေး အမှောင်ရိပ်ကို စောင့်မျှော်နေ၏။ခင်ဦး ကိုက္ကုပင်ကြီးအောက် တန်းလျားမှာ ဝင်ထိုင်လိုက်ပြီး အခေါင်းဝက ဇီးကွက်ကြီးကို မော့ကြည့်ကာ ရင်ထဲက ဝမ်းနည်းမှုကို သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်သလိုမျိုး ဖွင့်ဟလိုက်တော့သည်။
"ငါ့ကို ကိုကြီးဇေယျာ ပြန်မုန်းသွားမှာ ကြောက်တယ် ဇီးကွက်ကြီးရယ်..ငါဘယ်လို လုပ်ရမလဲဟင်...ကိုကြီးဇေယျာ ငါ့ကိုမုန်းသွားရင် ကြီးကြီးဝင့်ဝါက ငါ့ရိုက်တော့မှာ ဆူတော့မှာ အလုပ်တွေအများကြီးပြန်ခိုင်းတော့မှာ သိလား..
ကိုကြီးဇေယျာက ကောင်းလိုသူငယ်ချင်းလည်းမဟုတ်တော့ ငါ မချော့ရဲဘူး...''
ပြောရင်းနဲ့ ခင်ဦး ငိုကြွေးလိုက်လေသည်။ဖြတ်သွားဖြတ်လာလူတွေက ခင်ဦးကို သမင်လည်ပြန် ကြည့်သွားကြသည်ကိုလည်း ခင်ဦး သတိမမူမိပေ။ဇေယျာ သူမကို မုန်းသွားပြီထင်တဲ့ စိတ်က သူမနှလုံးသားကို ထိခိုက်နာကျင်စေပြီး ရင်ထဲမှာ ဝမ်းနည်းမှုတို့ အပြည့်နှက်နေတာကြောင့် ခင်ဦး ရှိုက်ကြီးတငင် ငိုရှိုက်ပါတော့သည်။ရင်ဘတ် အောင့်တက်လာသည့် နာကျင်မှုကြောင့် အသက်ရှူမဝဖြစ်ခဲ့ရသည်။
"ခင်ဦး..''
"မမ...''
"ဟင်...''
ခင်ဦး မျက်ရည်တွေကို လက်ဖမိုးနဲ့ အတင်းသုတ်ပြီးမော့ကြည့်လိုက်၏။ကောင်းရယ်အထွေးရယ် အကြည်နှင့်လုံးလုံးတို့ကို မြင်လိုက်ရတာကြောင့် ဝမ်းသာသွားတော့သည်။
"ဘာလို့ လာငိုနေတာလဲ..ဘာလဲ ဒေါ်လေး နင့်ကို ရိုက်ပြန်ပြီလား ခင်ဦး...''
"အမေ မရိုက်ပါဘူး ကောင်းရယ်..ငါ ဒီအတိုင်းဝမ်းနည်းလို့ ငိုတာပါ...အထွေးက လှလာလိုက်တာ တကယ့်မြို့အလှလေးဖြစ်သွားပဲနော်...''
ခင်ဦး ကောင်းကိုလည်းပြောရင်း အထွေးရဲ့အလှကို ချီးမွမ်းလိုက်၏။ရင်ထဲမှာလည်း အထွေးဆီက လာမယ့် အမုန်းတွေကို ခါးစည်းခံပို့ အဆင်သင့်ပြင်ထားလိုက်ရပြန်သည်။
"ခင်ဦး ပြန်မယ်လေ...''
"ငါ ခဏလေးနေခဲ့ဦးမယ် ကောင်းရယ်..နင်တို့ပဲ အရင်ပြန်နှင့်ကြနော်..''
ခင်ဦးရဲ့စကားကြောင့် အကြည်နဲ့လုံးလုံးရယ် အထွေးရယ်က ထွက်သွားကြသော်လည်း ကောင်းကတော့ ခင်ဦးနဲ့ ကျန်ခဲ့သည်။
"နင် ဝလာသလိုပဲလားလို့ ခင်ဦး...''
ကောင်း ခင်ဦးကိုယ်လေးကို စေ့စေ့ကြည့်ရင်း မေးလာရာ ခင်ဦး ကောင်းကိုကြည့်ပြီး အသာလေး ပြုံးလိုက်သည်။
"ခင်ဦး ဟိုလူကြီး နင့်ကိုအနိုင်ကျင့်သေးလား...''
"ဟင့်အင်း...''
"ငါတော့မယုံဘူး...သူက နင့်ကိုအမြဲတမ်းအနိုင်ကျင့်တာ ငါမသိတာကျလို့ ..အခုဆို နင့်ကို အဲလူအနိုင်ကျင့်လို့ မရတော့ဘူး သိလား..နင့်အနားမှာ ငါအမြဲတမ်းရှိနေတော့မှာ ခင်ဦး...''
ကောင်းရဲ့ စကားကြောင့် ခင်ဦး ပြုံးလိုက်မိသည်။ကောင်းကို ကိုကြီးဇေယျာက သူမကိုအနိုင်မကျင့်တော့ဘူးဆိုတာကို ကောင်းက လက်မခံတာနဲ့ ဒီတိုင်း ခေါင်းညိတ်လိုက်တော့သည်။
*********** ***********
ဇေယျာ ကျောင်းကနေပြန်ရောက်လာတော့ ခင်ဦးရှိမနေတာကြောင့် ဖေဖေ့ကိုမေးလိုက်၏။ဖေဖေက သူ့အိမ်ခဏပြန်သွားတယ်ဆို၍ ဇေယျာ သူ့အိမ်ကို လိုက်လာခဲ့သည်။သူမအိမ်ကိုတော့လည်း သူမက ရှိမနေခဲ့တာကြောင့် စိတ်ပူသွားရသည်။
"ကိုကြီး...''
အထွေးက ခြံဝကနေ သူ့ကို လှမ်ခေါ်လိုက်တာကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး သူမဘက်ကို လှည့်လိုက်တော့သည်။
"အထွေး...''
"ဘယ်သူ့ကို အရေးတကြီးရှာနေတာလဲ ကိုကြီး.. မမကိုလား..မမဆိုရင်တော့ ရွာထိပ်က ကိုက္ကုပင်ကြီးအောက်မှာ ကိုကြီးကောင်းကောင်းနဲ့ စကားပြောရင်းကျန်ခဲ့တယ်...အထွေးနဲ့ မမအကြည်နဲ့မမလုံးလုံးတို့ သုံးယောက်ပဲ အရင်လာခဲ့လိုက်တာ...''
အထွေး၏ စကားအဆုံးတွင် ဇေယျာ့ မျက်နှာတစ်ခုလုံး တင်းမာသွားပြီး မျက်ဝန်းထဲ၌ ဒေါသရိပ်တို့ ပြန်လည် လွှမ်းမိုးသွားခဲ့ရတော့သည်။ကောင်းကောင်းနဲ့ ရွှာထိပ်မှာ နှစ်ယောက်ထဲ တွေ့နေသည်တဲ့လား...သူ့မှာတော့ စိတ်ပူလိုက်ရတာ..။
"အမေရေ..မမအထွေး ပြန်ရောက်လာပြီ...မမအထွေး သားအတွက်မုန့်တွေပါလားဗျာ...''
"ပါတယ်...အများကြီးပါတယ် သိလား...''
"ဟုတ်..ကိုကြီးဇေယျာ မခင်ကိုလည်း အိမ်ခဏပြန်ပို့ပေးပါလား..မမအထွေးပါလာတဲ့ မုန့်တွေကျွေးချင်လို့ပါ...''
ဟင်...ပိုက်ပိုက်စကားကြောင့် အထွေး အံ့သြမှင်သက်သွားသည်။နားမလည်သည့်အကြည့်တို့ဖြင့် အမေ့ကိုတစ်လှည့်ကိုကြီးကိုတစ်လှည့် ကြည့်လိုက်လေသည်။ထိုအခါ အမေ့ မျက်နှာကပျက်စီးနေ၏။
"အထွေး... ကိုကြီးတို့ စကားခဏ ပြောကြရအောင်"
"ဟုတ်..."
ဇေယျာ လေပူတစ်ချက်ကို အလေးအနက် ရှူထုတ်လိုက်ပြီးနောက် အထွေး၏ မျက်လုံးများကို စေ့စေ့ကြည့်ကာ အမှန်တရားကို ဖွင့်ပြောလိုက်တော့သည်။
"အထွေး... ကိုကြီးနဲ့ ခင်ဦး မတော်တဆ ဖြစ်သွားပြီး ခင်ဦးမှာ ကိုယ်လေးလက်ဝန် ရှိလာလို့ ကိုကြီး ခင်ဦးကို ယူလိုက်ရတယ်..."
"ဘာ..."
ဇေယျာ့ စကားအဆုံး၌ အထွေးရဲ့ မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး ရုတ်တရက် တုန်လှုပ်ချောက်ချားသွားရ၏။ ကြားလိုက်ရသည့် စကားကို လုံးဝ မယုံကြည်နိုင်သလိုမျိုး ဇေယျာ့ လက်မောင်းကို ဆုပ်ကိုင်ပြီး မျက်ရည်ဝဲလျက် အော်ဟစ်လိုက်မိတော့သည်။
"အထွေး နားကြားမှားနေသလား ကိုကြီး...အဲ့စကား မဟုတ်ဘူးမလား... အထွေး နားကြားမှားတာပါလို့ ပြောပေးပါ ကိုကြီးရယ်..."
ငြိမ်နေသည့် ကိုကြီးကြောင့် အမှန်တရားကို လက်ခံလိုက်ရတော့မည်ဆိုသည့် အသိကြောင့် အထွေး ရင်ထဲမှာ မချိမဆံ့ နာကျင်မှုတို့ အပြည့်အဝ စိမ့်ဝင်သွားခဲ့ရတော့သည်။
"ကိုကြီးကို မုန်းသွားသလား အထွေး...ကိုကြီးက အထွေးအမုန်းနဲ့ ထိုက်တန်ပါတယ်...''
"မတော်တဆ အမှားပဲ..အထွေး နားလည်ပေးရမှာပေါ့...အထွေးကို သစ္စာဖောက်သွားတာမှမဟုတ်ဘဲလေ..အဲ့ဒါကြောင့် အထွေး ကိုကြီးကို အမုန်းပါဘူး...''
သူ့ကိုအမုန်းဘဲ နားလည်ပေးသည့် အထွေးရဲ့ စကားကြောင့် ဇေယျာဝမ်းသာသွားရသည်။သို့သော် အထွေးကို သစ္စာဖောက်ခြင်းမဟုတ်ခဲ့သော်လည်း အခုချိန်မှာ သူ့ရင်ထဲမှာ ခင်ဦးသာရှိတော့သည်။အထွေး၏ ခွင့်လွှတ်ပေးမှုကို အားနာရပြန်သည်။
ဇေယျာ ကိုက္ကုပင်ကြီးဆီကို ရောက်လာတော့ ကောင်းကောင်းနဲ့ခင်ဦးက မရှိတော့ပေ။ထို့ကြောင့် အိမ်ကိုသာပြန်ခဲ့သည်။အိမ်ပြန်လာသည့်တစ်လမ်းလုံး ခင်ဦးအပေါ် သဝန်တိုမှုတွေကြီးစိုးနေတာကြောင့် သဒေါသတွေပေါက်ကွဲထွက်ပြီး တောက်တစ်ခတ်ခတ်နဲ့ ဖြစ်နေတော့သည်။
အခန်းမှတ်ချက်များ (0)