Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၃၁

ဇေယျာ ခင်ဦးကို လက်စွက်ကလေးဝတ်ဆင်ပေးချင်၍ ခေါ်လိုက်တဲ့အခါ ခင်ဦးကို မေမေက လယ်ထဲထမင်းသွားပို့ခိုင်းလို့ သွားတယ်လို့ ဖိုးသားက ပြောလာတာသဖြင့် ဇေယျာ စုတ်တစ်ချက် သတ်လိုက်မိ၏။ထို့ကြောင့် မေမေ ဘုရားခိုးပြီးသည်အထိ အောက်မှာထိုင်စောင့်နေလိုက်တော့သည်။မေမေ ဘုရားရှိခိုးပြီး၍ အောက်ကို ဆင်းလာသည်နှင့် တောင်းပန်တိုးလျိုးသည့် အသံဖြင့် ပြောလိုက်သည်။

"မေမေ နောက်တစ်ခါ လယ်ထဲကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခိုင်းစရာရှိရင် ဖိုးသားကို ခိုင်းပါ... ခင်ဦးက မပေါ့မပါးကြီးနဲ့ မခိုင်းပါနဲ့ မေမေ...''

ဇေယျာ ထိုသို့ပြောလိုက်သည်နှင့် မေမေက မျက်နှာကို တင်းမာစွာဖြင့် တုန့်ပြန်လာ၏။ထို့နောက်

"အိမ်ပေါ်တင်ထားပြီး အလကားတော့ ထမင်းတင်မကျွေးထားနိုင်ပါဘူးတော်..လုပ်စရာရှိတဲ့အလုပ်တော်လုပ်ရမှာပဲ.. သူ့ကို မေမေခိုင်းတဲ့ အလုပ်တွေက သူ့အိမ်မှာ လုပ်နေကြအလုပ်တွေပါ သားရယ်...''

"မေမေ...''

"မင်း မေမေ့ကို ဘယ်လို လေသံနဲ့ ခေါ်လိုက်တာလဲ မင်းမျိုးဇေယျာ...ငါ မင်းကို မွေးထားတဲ့အမေနော်...ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ မင်းက မအေကိုတောင် ပြန်အော်တယ်ပေါ့လေ...''

"မေမေပြောနေတာတွေက ဟုတ်မှမဟုတ်တာဗျာ... အလကားမတင်ကျွေးနိုင်ဘူး ပြောရအောင် ခင်ဦးက သူစိမ်းမဟုတ်ဘူးမေမေ... သားရဲ့မိန်းမဗျ.. နောက်ပြီး မေမေ့ချွေးမ...''

"မေမေကတော့ အဲ့ကောင်မလေးကို ဘယ်တော့မှ ချွေးမလို့ မသတ်မှတ်နိုင်ဘူး..သတ်လည်း

မသတ်မှတ်ထားဘူး...''

"တော်ပြီ.. မေမေနဲ့စကား မပြောတော့ဘူး...ဒါပေမယ့် ခင်ဦးကို သားတို့အတွက်ချက်ပြုတ်တာကလွဲပြီး ကျန်တဲ့ ပင်ပန်းခံရမယ့်အလုပ်တွေ မခိုင်းပါနဲ့မေမေ...''

ဇေယျာ မေမေ့ကိုပြောပြီးတာနဲ့ အပေါ်ကို တက်လာခဲ့သည်။ရေလဲပုဆိုးတစ်ထည်ကိုယူပြီး အောက်ကိုပြန်ဆင်းလာခဲ့သည်။သူ ရေချိုးပြီးသည်အထိ သူမလေးက ရောက်မလာသေးတာကြောင့် ဖိုးသားကို နောက်ကလိုက်သွားဖို့ လွှတ်လိုက်ရသည်။ထိုအခြင်းရာကိုကြည့်ပြီး မေမေရဲ့ မကျေနပ်ချက်တွေက ပိုမိုခင်ဟပ်လာတော့သည်။

ဇေယျာ သေတ္ထာထဲကနေ မီးပူကော့နေအောင်တိုက်ထားတဲ့ အကျီအဖြူနဲ့ပုဆိုးအစိမ်းကိုယူလိုက်ပြီး သေသပ်စွာ ဝတ်ဆင်လိုက်၏။နက်မှောင်သန်စွမ်းသည့် ဆံပင်တို့ကို အုန်းဆီထည့်၍ ဖြီးလိမ်းလိုက်တော့သည်။

"မေမေ ထမင်းချိုင့်ကို နေ့လည်ကျောင်းလွှတ်ချိန်ကျမှ ခင်ဦးကို ပို့ခိုင်းလိုက်ပါ...သား သွားပြီ...''

ဇေယျာ မေမေနဲ့ဖေဖေကိုနှုတ်ဆက်ပြီးတာနဲ့ ကျောင်းကို ထွက်လာခဲ့တော့သည်။ကျောင်းရောက်တော့ ကလေးတွေနဲ့ဆော့နေတဲ့ ပိုက်ပိုက်က သူ့အနားကို ပြေးလာခဲ့လေသည်။မျက်နှာကလေးက မှုန်ကုတ်ကုတ်နဲ့ တစ်ခုခုပြောချင်နေသည့် ပုံစံဖြစ်သည်။

"ဆရာ မခင်ကို သားတို့အိမ်ကို မလွှတ်တော့ဘူးလား...သား မခင်ကို အရမ်းသတိရလိုပါ...ဆရာတို့အိမ်ကိုလည်း လာမတွေ့ရဲ့ဘူး...သားကြောင့် မခင်ကို ကြီးကြီးဝင့်ဝါ ရိုက်မှာဆိုးလို့...မခင်ကို သားတို့အိမ် ပြန်လွှတ်ပေးပါလား...''

"မင်းမခင်ကို တွေ့ချင်ရင် နေ့လည်ထမင်းစားလွှတ်ချိန် ငါ့ဆီကို လာခဲ့...မင်း မခင် ထမင်းချိုင့်လာပို့ရင် ဒီကိုရောက်လာမှာ..မင်းတို့အိမ်ကိုတော့ ပြန်မလွှတ်ဘူး... ''

ဇေယျာ သူ့နားက ထွက်သွားတဲ့ ပိုက်ပိုက်ရဲ့နောက်ကြောကို ကြည့်ရင်း မသိမသာလေး ပြုံးလိုက်မိသည်။သို့သော် သူ့အနားကို ဆရာမသက်ထားတစ်ယောက်လျှောက်လာကိုမြင်လိုက်၍ ထိုအပြုံးတို့ကို ပြန်လည်တည်လိုက်တော့သည်။

"ဇေယျာ နောက်ရက်ဆို မြို့ကကျောင်းသားတွေတောင် ပြန်ရောက်တော့မယ်နော်...နင် အထွေးကို ဘယ်လိုရှင်းပြဖို့ စဥ်းစားထားသလဲ...''

"ဘယ်လိုပဲရှင်းပြရှင်းပြ သက်ထား... အမှန်တရားက ပြောင်းလဲသွားမှာမှ မဟုတ်ဘဲ...အထွေး ခဏတော့ ငါ့ကို မုန်းသွားမှာပဲ ...''

သူ့ကိုကြည့်ပြီး သက်ပြင်းချရင်း သက်ထား ထွက်သွားတဲ့အခါ နောက်ရက်ဆိုရင်ဖြင့် အထွေးပြန်ရောက်လာတော့မယ်ဆိုသည့် အသိက သူ့ရင်ကို ကျောက်ထုံးနဲ့ဖိထားသလို လေးလံသွားသည်။သူ့ခေါင်းထဲသို့ အထွေးရဲ့ မျက်နှာကလေးက အလိုလို ဝင်ရောက်လာသည်။

သူ့ကို မြင်လိုက်တိုင်း တောက်ပစွာ ပြုံးပြတက်သည့် အထွေးရဲ့မျက်ဝန်းလေးများ..ကိုကြီးလို့ ခေါ်သည့် အသံအေးအေး...ထိုအပြုံးလေးနှင့်မိက်နှာချိုချိုလေးက မကြာခင်ရက်မှာ အေးစက်မာကျောတော့မည်။အသံအေးအေးလေးကလည်း အမုန်းစကားတွေနဲ့ ပြည့်နှက်လာတော့မည်။

"အထွေးအမုန်းတွေကို ကိုကြီး ရဲရဲဝံ့ဝံ့ခံပါ့မယ်...အပြစ်မရှိတဲ့ ခင်ဦးအပေါ်တော့ အမုန်းမရှိစေချင်ဘူးကွာ...''

************* **************

နေရောင်ကြောင့် ခင်ဦးရဲ့ နားမှာ တဖိတ်ဖိတ်လင်းလက်နေသည့် နားကပ်ကို တွေ့လိုက်ရသဖြင့် ဒေါ်ဝင့်ဝါ ခင်ဦးကို လှမ်းခေါ်လိုက်၏။ခင်ဦးလည်း ဖိုးသားကိုတစ်ချက်ကြည့်ပြီး ကြီးကြီးဝင့်ဝါဆီကို လာခဲ့လိုက်သည်။ထိုအခါ ကြီးကြီးဝင့်ဝါက ခင်ဦးနားက နားကပ်ကို အနီးကပ်ကြည့်တာကြောင့် ခင်ဦးမှာ ကြောက်၍ အသက်တောင်မရှူရဲပေ။ မနက်စောစောက ဆံပင်တွေ ဖုံးအုပ်နေလို ခင်ဦး နားမှာပန်ဆင်ထားသည့် စိန်နားကပ်ကို ကြီးကြီးဝင့်ဝါ မတွေ့မိလိုဖြစ်မယ်။

"ညည်း ဒီစိန်နားကပ်က ဘယ်ကရတာလဲ...ငါ့ကို မှန်မှန်ပြောစမ်း...လိမ်ဖို့မကြိုးစားနဲ့ ခင်ဦး...''

"ဟို..ဟို.. ကိုကြီးဇေယျာ ပေးတာပါ ကြီးကြီးဝင့်ဝါ... ''

"ဘာ...ဒီကောင်လေး ဘာတွေလျှောက်လုပ်နေတာလည်းမသိဘူး..စိန်နားကပ်က ညည်းလိုလူမျိုးနဲ့တန်လို့လား...အခုချက်ချင်း ချွတ်လိုက်စမ်း...''

"ဟုတ်..ဟုတ် ..''

ခင်ဦး အဖွားအိုလက်တို့လို တုန်တုန်ယင်ယင်နဲ့ နားကပ်လေးကို ချွတ်ပေးလိုက်သည်။ကြောက်လို့သာ ချွတ်ပေးလိုက်ရသော်လည်း ရင်ထဲမှာတော့ ဝမ်းနည်းမှုတွေ ပြည့်သိပ်လျက်..။ဝဲရစ်ကျချင်လာသည့် မျက်ရည်တို့ကို ကြီးကြီးဝင့်ဝါ ထပ်မံဆူမှာဆိုး၍ ထိန်းထားရသည်မှာ ပင်ပန်းလွန်းသည်။ကိုကြီးဇေယျာ ကိုယ်တိုင် ခင်ဦးနားမှာ အမြတ်တနိုးပန်ဆင်ပေးသည့် ထိုနားကပ်လေးကို ပိုင်ဆိုင်ခွင့်မရတော့ဘဲ လက်လွှတ်လိုက်ရတာကြောင့် ရင်ထဲမှာတော့ ငိုရှိုက်နေမိတော့သည်။

"နေ့လည်ကျရင် သားကသူ့ကို ထမင်းချိုင့်လာပို့ပေးခိုင်းထားတယ်...''

"ဟုတ်..''

ခင်ဦး လယ်ထဲကပြန်ရောက်တာနဲ့ အိမ်အလုပ်တွေ လုပ်ပြီး ကိုကြီးဇေယျာ ထမင်းချိုင့်အတွက် ချက်ပြုတ် ပြင်ဆင်ရသည်။ထမင်းချိုင့်ထည့်ပြီးတာနဲ့ လက်ကိုင်ပဝါကိုပါယူပြီး ကျောင်းကို စောစောထွက်ခဲ့သည်။ကျောင်းထဲရောက်တော့ ကလေးတွေကို သြဇာညောင်းပြီး မာန်အပြည့်နဲ့ ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အဆီ စာသင်နေသော ကိုကြီးဇေယျာကို ငေးကြည့်ရင်း ပြုံးလိုက်သည်။အရင်က ခင်ဦးဆိုတဲ့ကလေးမလေးအပေါ် အနိုင်အမြဲကျင့် ခပ်ဆိုးဆိုးကျောင်းသားကလေးက အခု ဆိုကလေးတွေကို လိမ္မာယဥ်ကျေးအောင် သွန်သင်ဆုံးမပေးပြီး ပညာတက်တွေပေါများအောင် စာသင်ပေးတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာခဲ့ပြီတဲ့လေ။

ခင်ဦး ကိုကြီးဇေယျာကို ငေးကြည့်ရင်း ပြုံးနေခိုက် ကိုကြီးဇေယျာက ခင်ဦးဘက်ကို မျက်နှာလှည့်လာတာကြောင့် ချက်ချင်းဆိုသလို ခင်ဦး မျက်နှာကလေး တည်လိုက်တော့သည်။ကိုကြီးဇေယျာကလည်း ခင်ဦးကို တွေ့လိုက်တာနဲ့ စာသင်နေရာကနေ ခင်ဦးဆီကို ထွက်လာသည်။ခင်ဦးကိုကြည့်ပြီး မျက်လုံးတွေဟာ ဒေါသရောင်လွှမ်းနေတာကြောင့် ခင်ဦးကပဲ စကားဦး ကြိုသမ်းလိုက်သည်။

ဟို..ဟို..ခင်ဦး ကိုကြီးဇေယျာအတွက် ထမင်းချိုင့်လာပို့ပေးတာပါ..''

"နားကပ်ဘာလို့ ချွတ်ထားတာလဲ ခင်ဦး...''

"ဟို..ဟို..ကြီးကြီးဝင့်ဝါက အတင်းချွတ်ခိုင်းလို့ ခင်ဦး ချွတ်ပေးလိုက်လို့ပါ...''

"ဘာ..''

ဇေယျာ ခါးကိုထောက် လေပူတစ်ချက်မှုတ်လိုက်ပြီး

"ကျောင်းဆင်းမှ အတူတူပြန်မယ်ပျင်းနေရင်လည်း စောင့်နေ ကြားလား...''

"ဟုတ်...''

"ထမင်းစားလာပြီးပြီလား..''

"ဟင့်အင်း..''

"ခဏနေ အတူတူစားမယ်..''

"ခင်ဦးက ကိုကြီးဇေယျာအတွက်ပဲ ထည့်လာတာ..''

"ရတယ်...''

ခဏနေ နေ့လည်စာ ကျောင်းလွှတ်တော့ ကိုကြီးဇေယျာနဲ့အတူ ထမင်းစားဖို့ ဖြစ်လာခဲ့သည်။ကိုကြီးတို့နဲ့အတန်းတူတူ တစ်ဖက်ရွာကမကြီးသက်ထားက ခင်ဦးတို့ ရွှာမှာ တာဝန်ကျတဲ့ ဆရာမလေး ဖြစ်တာကြောင့် ခင်ဦးကို တွေ့တော့ပြုံးပြလာသည်။

"ဒီနေ့တော့ အိမ်သူသက်ထားနဲ့အတူတူစားရတာဆိုတော့ ထမင်းတော့ မြိန်ပြီပေါ့လေဒါနဲ့ ဗိုက်ကလေးတောင် ထွက်လာပြီနော်..ဘယ်နှစ်လရှိသွားပြီလဲ ခင်ဦး...''

"လေး..လေးလပါ မကြီးသက်ထား...''

"ဂရုစိုက်နော်...''

"ဟုတ်...''

မကြီးသက်ထားက ခင်ဦး ပင်ပန်းနွမ်းနယ်နေသလို ဖြစ်နေတာကို သတိထားမိလို့များ ပြောသလားမသိပါ။မကြီးသက်ထားရဲ့ မျက်လုံးတွေထဲမှာ ခင်ဦးကို သနားနေသည့် အရိပ်ယောင်တို့ကို တွေ့ရသည်။ကိုကြီးဇေယျာကတော့ မကြီးသက်ထားမျက်နှာကိုကြည့်ပြီး တစ်ခုခုအလိုမကျ ဖြစ်နေတော့သည်။

"ကိုကြီးဇေယျာ ဟင်းက စားလို့မကောင်းဘူးလားဟင်..''

"မင်းကြောင့် စားလို့မကောင်းဘူး..''

"ရှင်...''

ခင်ဦး မရဲတရဲနှင့် ကိုကြီးဇေယျာကို အကြာကြီးကြည့်မိသည်။

"ဟုတ်တယ်မင်းက ငါ့ကိုစိတ်ညစ်အောင် အမြဲတမ်းလုပ်တယ် သိလား..ငါ့ စိတ်တွေကို ထွေးပြားအောင် မင်းအရမ်းလုပ်တယ် ခင်ဦး...''

"တောင်းပန်ပါတယ်.. ခင်ဦး နောက်မလုပ်တော့ဘူး..''

"တကယ်လား...''

"ဟုတ်..''

"ငါ့စကားကိုပဲ မင်း နားထောင်ရမယ်...''

"ဟုတ်..''

"ငါ့စကားက လွဲပြီး ဘယ်သူ့စကားမှ နားမထောင်ရဘူး...''

"ဟုတ်..''

"ငါက လွဲပြီး ဘယ်သူ့ကိုမှ မကြောက်ရဘူး...ငါ့မေမေဆိုရင်တောင် မင်းကြောက်ဖို့မလိုဘူး..''

"ခင်ဦး..ကြီးကြီးဝင့်ဝါကိုတော့ ကြောက်တယ်...''

"မင်းမှာ ငါရှိနေတယ်...မေမေ့ကို ကြောက်စရာ မလိုဘူး ကြားလား..''

"ဟုတ်..ဟုတ်..''

"ထမင်းရော ဟင်းရော အကုန်စားလိုက်တစ်ခုမှ မချန်နဲ့...''

"ဟုတ်...''

ကိုကြီးဇေယျာက အကုန်စားဆို၍ ခင်ဦး အကုန်စားလိုက်ရသည်။ဗိုက်ထဲက ကလေးလေးကြောင့်ပဲလားမသိထမင်းက စားလို့ ကောင်းနေတော့သည်။ခေါင်းလေးငုံ့ရာကနေ မဝင့်မရဲလေး မျက်နှာလေးပင့်ကြည့်တော့ ကိုကြီးဇေယျာက ခင်ဦးကို စိုက်ကြည့်နေ၏။ခင်ဦး ထမင်းဟင်းတွေ အကုန်လုံးကုန်သွားလို့လားမသိ.. ကိုကြီးဇေယျာက ပြုံးနေသည်။

"နောက်ရက်ကစပြီး နေ့လည်တိုင်း ထမင်းချိုင့်လာပို့ရမယ်ပိုထည့်ခဲ့ ကြားလား....''

"ဟုတ်...''

ခင်ဦး ပိုက်ပိုက်ကို လိုက်ရှာမိသည်။ပိုက်ပိုက်ကိုတွေ့တဲ့အခါ ခင်ဦး လှမ်းခေါ်လိုက်၏။ထိုအခါ ပိုက်ပိုက်က ခင်ဦးကိုမြင်တာနဲ့ ဆော့နေရာကနေ ပြေးလာပြီး ဖက်ဖို့ပြင်လိုက်စဥ်

"ဟေး..ရပ်လိုက်...''

ပိုက်ပိုက်ကို ခင်ဦးအနား မလာခိုင်း၍ ခင်ဦး စိတ်မကောင်းဖြစ်မိသည်။ပိုက်ပိုက်လည်း ကိုကြီးဇေယျာ အော်လိုက်တာကြောင့် ဝမ်းနည်းသွားသည်။ငိုတော့မယ့်အတိုင်း မျက်နှာကလေး မဲ့ရှုံ့လို့နေသည်။

"မင်းက ပြေးလာပြီး အရှိန်နဲ့ ဖက်တော့... မင်းမခင်ဗိုက်ထဲက ငါ့ကလေး တစ်ခုခုဖြစ်သွားလိမ့်မယ်.. အနားရောက်မှ ဖြေးဖြေဖက်လေကွာ...''

"ဟုတ်..ဟုတ်ကဲ့..သား အခု မခင်ကို ဖက်လို့ရပြီလား ဆရာ..''

"အင်း...''

အခုနက ညိုးသွားသည့် သူမမျက်နှာလေး အခုမှ စန္ဒာလမင်းလို ဝင်းပပဖြစ်လာတာကြောင့် ဇေယျာ နှုတ်ခမ်း ကွေးညွတ်ရုံလေး ပြုံးလိုက်၏။မင်းအတွက် ငါက မကောင်းဆိုးဝါးတစ်ကောင်လို ကြောက်စရာကောင်းနေ သလား..ဒဿဂီရိဘီလူးလို ကြမ်းတမ်းပြီး သူမအပေါ် ရာမမင်းသားလို မနူးညံ့လို့များဆိုတာ ကိုယ့်ကိုယ်ကို တွေးမိလေသည်။

ကလေးတွေနဲ့ ပြုံးပျော်နေသော သူမလေးကို ကြည့်နေသည်မှာ ဘေးပတ်ဝန်းကျင်ကိုတောင် သတိမမူမိပေ။ သူမလေး ပြုံးလိုက်တိုင်း ထွက်ပေါ်လာသော ပါးချိုင့်ကွက်ကလေးကို ငေးကြည့်ရင်း ပြုံးမိသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။ကျောင်းပြန်တက်ချိန်မှာတော့ သူ့စားပွဲခုံမှာ ထိုင်နေသည်။ခဏကြာတော့ စားပွဲခုံပေါ် ခေါင်းလေးတင်ပြီး အိပ်ပျော်သွားတော့သည်။စာအန်သံတွေနဲ့ အိပ်တက်သည့် သူမလေးကို ကြည့်ပြီး

"ကာလာနဂါးအမျိုးအနွယ်ဝင်များလားကွာ...''

ကိုကြီးဇေယျာ တိုးတိုးလေး ပြောလိုက်တဲ့အသံကို ခင်ဦး ကြားမိ၍ ပြုံးလိုက်မိသည်။အမှန်တော့ ခင်ဦး အိပ်နေတာမဟုတ်ဘဲ မှိန်းနေတာ..ကိုကြီးဇေယျာရဲ့ စာသင်ပေးနေတဲ့ ပုံစံကို ရဲရဲကြီး မကြည့်ရဲလို့ မှိန်းရင်း မသိမသာ ခိုးကြည့်လိုက် အသံသြသြလေးကို နားထောင်လိုက်နဲ့ အိပ်ပျော်နေယောင်ဆောင်နေခဲ့သည်။ကျောင်းဆင်းတဲ့အထိ ခင်ဦး အိပ်ချင်ယောင်ဆောင်ထားဖြစ်၏။ထိုအခါ

"ခင်ဦး...ခင်ဦး...''

"ဟင်...''

"ထတော့.. ကျောင်းဆင်းသွားပြီအိပ်ပြန်ကြမယ်..''

"ဟုတ်..''

ခင်ဦး အိပ်ချင်မူးတူး ဟန်ပန်လေးနဲ့ ခေါင်းလေးညိတ်လိုက်သည်။

"ချစ်ဖို့ကောင်းလိုက်တာ...လိပ်ပြာလေးတွေက တကယ်ချစ်ဖို့ကောင်းတယ်...''

ခင်ဦး နောက်ကိုလှည့်ကြည့်တဲ့အခါ ကိုကြီးဇေယျာပြောသလို လိပ်ပြာလေးတွေ ဝဲပျံနေတာလေးတွေက ချစ်ဖို့ကောင်းပါသည်။အစကတော့ ခင်ဦးကိုများ ပြောလိုက်သလားလို့ ပျော်မိသွားတာ..ရှက်တောင်ရှက်မိတယ်..။ခင်ဦးက ကိုကြီးဇေယျာအတွက် မုန်းစရာကောင်မလေး တစ်ယောက်လေ..ဘယ်လိုလုပ် သူ့အတွက် ချစ်ဖို့ကောင်းမှာလဲ အထွေးမှ မဟုတ်တာခေါင်းလေးငုံ့ကာ ကိုကြီးဇေယျာနောက်ကနေ တစ်လှမ်းခြင်းလျောက်ရင်း လိုက်လာခဲ့တော့သည်။

« ရှေ့အခန်း - အပိုင်း၃၀ နောက်အခန်း - အပိုင်း၃၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ