Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၃၀

ဇေယျာ သူ့အတွေးထဲမှာ ခင်ဦးက သူပန်ဆင်ပေးလိုက်သည့် စိန်နားကပ်လေးကို မှန်ထဲမှာကြည့်ပြီး နှစ်လိုဖွယ်ပြုံးနေသည့် ပုံရိပ်ယောင်တွေကို ပုံဖော်ရင်း ပြုံးလိုက်မိသည်။သူမလေးရဲ့ လက်သွယ်သွယ်လေးမှာ ဝတ်ဆင်ဖို့ကိုတော့ အဖွားရဲ့ရတနာဖြစ်တဲ့ပတ္ထမြားလက်စွပ်ကလေးကို ဝတ်ဆင်ပေးဖို့လည်း တွေးထားလေသည်။

"မင်းလက်ချောင်းလေးနဲ့ဆို သိပ်လှနေမှာပဲ...''

ဇေယျာကိုကြည့်ပြီး ကျော်ကြီးက မသိမသာပြုံးလိုက်သည်။ခင်ဦးနားကပ်လေး သူ့ဆီကနေပြန်ဝယ်သည့်အပြင် နောက်ထပ်ခင်ဦးအတွက် ရွေနားကပ်တောင်မဟုတ် စိန်နားကပ်တစ်ရံ လုပ်လာခဲ့သေးသည်။

"မင်းကသာခင်ဦးကို မုန်းတယ်ပြောနေတာ မင်းမသိစိတ်ထဲမှာ ခင်ဦးရှိနေတယ်ဆိုတာ မင်းလုပ်ရက်တွေက သက်သေပြနေပြီဇေယျာ...''

ဇေယျာဘာမှ ပြန်မပြောဘဲ လက်ထဲက ကတ္တီပါ နားကပ်ဗူးလေးကိုသာ ငေးကြည့်နေမိသည်။ခင်ဦးရဲ့ ချစ်စရာကောင်းပြီးနှစ်လိုဖွယ်ကောင်းသည့်အပြုံးကိုမြင်ရတိုင်း..ချိုသာသည့်အသံလေးတို့ကို ကြားရတိုင်း ရင်ထဲမှာ မခံစားဖူးသည့် နွေးထွေးမှုတစ်ခုကိုတော့ သူငြင်းလိုမရတာကအမှန်..။

ကိုကျော်ကြီး ပြောသလို ခင်ဦးက သူ့ရင်ထဲမှာ အရင်ထဲက ရှိနေခဲ့တာလား...မြို့ကိုကျောင်းသွားတက်ချိန် အဆောင်မှာ သနပ်ခါးပန်းတွေပွင့်တာမြင်တဲ့အခါ ခင်ဦးက သူ့မျက်လုံးထဲမှာ ပန်းချီကားတစ်ချပ်လို ပေါ်ပေါ်လာခဲ့သည်။အရွယ်ရောက်လာတဲ့အခါ ခင်ဦးက သူ့ကိုအရေးမလုပ်တာကြောင့် သူမုန်းခဲ့မိသည်။ထိုအချိန်ထဲက သူ ခင်ဦးအပေါ် ငယ်ငယ်ကထက် အနိုင်ကျင့်လာခဲ့သည်။

ဇေယျာ ညနေအိမ်ပြန်ရောက်တော့ ခေါင်းဆုံးခြေဆုံးဝါညက်ညက်သနပ်ခါးတွေကို လိမ်းကျံထားသည် ခင်ဦးကို တွေ့မြင်ရ၍ ဇေယျာပြုံးလိုက်၏။သူလာတာကိုမမြင် ထိုင်ပြီးမှိုင်တွေနေသည့် ခင်ဦးကိုကြည့်ပြီး ပြုံးရာကနေ စုတ်သပ်လိုက်သည်။

"ခင်ဦး...''

သြရှရှအသံနှင့် ခေါ်လိုက်သည့် ကိုကြီးဇေယျာကြောင့် မှိုင်တွေငေးနေသည့် ခင်ဦးလန့်သွားပြီး မော့ကြည့်လိုက်၏။

"ငါ့ဆီလာခဲ့..''

"သမီးကို မရိုက်ပါနဲ့နော်...နောက်တစ်ခါ အဲ့လိုမအိပ်တော့ပါဘူးနော်...''

"လာခဲ့ဆိုလာခဲ့..မလာရင် ရိုက်မှာ...''

ဇေယျာ သူလေသံမာမာနှင့်မာန်ပါပါပြောလိုက်သည့်အခါ လက်ကလေးနှစ်ဖက်ကိုယှက်ပြီး လက်ထိပ်လေးတွေကို ဆိတ်ပြီး သူ့ဆီကို တစ်ခြမ်းခြင်းလှမ်းလာတော့သည်။

"ရော့ မင်းနားကပ်...''

"သမီးကို ပြန်ဝယ်ပေးတာလား ကိုကြီးဇေယျာ...''

"မင်းကပတ်ဝန်းကျင်မှာ မင်းနားကပ်ကိုချွတ်ပြီး ငါကဖဲရိုက်လိုက်ပါတယ်လို့ လျှောက်ပြောရင် ငါသိက္ခာချတယ်..အဲ့ဒါကြောင့် ပြန်ဝယ်တာ...''

"သမီး လိုက်မပြောပါဘူး ကိုကြီးဇေယျာရယ်..သမီး တွေးတောင်မတွေးမိပါဘူး...''

ငိုပြီး ပြောနေသည့်အခါ သူ့ရင်ထဲမကောင်းပေ။ငိုရှိုက်လွန့်လို့ တုန်ယင်နေသော သူမကိုယ်လေးကို ဆွဲယူဖက်ထားလိုက်မိသည်။

"ယုံတယ်..အဲ့ဒါကြောင့် မငိုနဲ့တော့ကွာ...''

"တကယ်လားဟင်...''

ငိုသံတွေရောယှက်နေသော မညီညာသည့်အသံနှင့် သူ့ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကာ မေးလာတဲ့ခါ ဇေယျာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

"အဲ့နားကပ်ကို မဝတ်ရတော့ဘူး သိမ်းထားလိုက် ကြားလား...''

"ဟင်...''

ခင်ဦး မဝတ်ကဘူးဆို၍ မျက်နှာကလေးညိုးသွားသည်။ခင်ဦး နားဟောင်းလောင်းကြီးနဲ့မနေချင်ပါဘူးလို့ ပြောချင်သော်လည်း နှုတ်ကမထွက်ပေ။

"ငါကို ဖက်ထားတာလွှတ်လို့ရပြီ..မင်းက အသားအရမ်းယူတာပဲ ခင်ဦး...''

"ဟို..ဟို..သမီး!..''

"ငြိမ်ငြိမ်လေးနေ...''

ခင်ဦး ပြောချိန်တောင်မရ ကိုကြီးဇေယျာက ငြိမ်ငြိမ်လေးဆို၍ ဆက်မပြောတော့ပေ။ရုတ်တရပ်ကြီး ခင်ဦးနားကို လာကိုင်သည့်အခါ ကိုယ်လေးတုန်သွားသည်။ခင်ဦးကို နားကပ်ပေးထားတာကို ခင်ဦးနားမှာ ကိုကြီးဇေယျာဝတ်ပေးနေတာကြောင့် ခင်ဦး အံ့သြသွားရသည်။

"မှန်ကြည့်လိုက်...''

"ဟုတ်...''

ခင်ဦး မှန်ကြည့်လိုက်သည့်အခါ ခင်ဦးနားတွင် ရွှေနားကပ်လိုမဟုတ်ဘဲ တစ်ဖျတ်ဖျတ်လင်းလက်နေသည့် နားကပ်လေးကိုတွေ့ရသည်။ခင်ဦးနားမှာ ပန်ဆင်ထားသည့် ထိုနားကပ်လေးကိုကြည့်ပြီး သဘောကျ၍ ခင်ဦး သွားတန်းလေးတွေ ပေါ်သွားသည့်အထိ ပြုံးလိုက်မိ၏။

"စိတ်ကူးထဲကထက် အပြင်မှာပိုလှတယ်...''

"ရှင်...''

"မင်း နားကပ်ထက် ပိုလှတယ်လို့ ပြောတာ...ငါပြောတာ ဟုတ်မလား...''

"ဟုတ်...သမီးလည်း ဒီနားကပ်လေးပိုလှတယ်ထင်တယ်...''

"ပိုလှမှာပေါ့...မင်းကို ငါက စိန်နားကပ် ဆင်ပေးထားတာ သိလား...ထမင်းဝိုင်းပြင်တော့ ငါဗိုက်ဆာနေပြီ...မင်းရော စားပြီးပြီလား...''

"ဟင့်အင်း...ကိုကြီးဇေယျာစားပြီးမှ ဖိုးသားနဲ့အတူတူစားရမှာ..ဖိုးသားနဲ့သမီးက ကိုကြီးဇေယျာကို စောင့်နေတာ...''

"အတူတူစားမယ်...မင်းအတွက်ပါတစ်ခါတည်း ပြင်လိုက်...''

"ကြီးကြီးဝင့်ဝါက သမီးကို ဆူလိမ့်မယ်...ကိုကြီးဇေယျာနဲ့ အတူတူမစားရဲဘူး...''

"မဆူစေရဘူး..ဒီနေ့ကစပြီး ငါနဲ့အတူတူစားရမယ်...နောက်ပြီး သမီးသမီးနဲ့မပြောနဲ့ ခင်ဦးလို့ပဲပြော ကြားလား..''

"ဟုတ်...''

ရွှေတောင်မမှန်းရဲ့သည့်ခင်ဦးအတွက် ကိုကြီးဇေယျာလုပ်တာပေးတာက စိန်နားကပ်တဲ့...အထွေးကို သွားတွေ့တာ မဟုတ်ဘဲ ခင်ဦးအတွက် စိန်နားကပ်သွားလုပ်ပေးတာတဲ့...ခင်ဦးကို ချစ်သွားလို့များလား...ခင်ဦးကို ချစ်သွားလို့နေမှာပါ...အခုထမင်းလည်း အတူတူစားရမယ်တဲ့...တွေးလိုက်တိုင်း နှလုံးတွေ ခုန်နေလိုက်တာ တဒုန်းဒုန်းနဲ့ ..ဒီလိုကြတော့ ကိုကြီးဇေယျာလည်း ကောင်းလို ချစ်ဖို့ကောင်းတယ်...ခင်ဦး ထမင်းခူးနေရင်း ပျော်စရာ အတွေးကမ္ဘာထဲမှာ နစ်မျောနေရှာသည်။

"ခင်ဦး ငါဒီနေ့ထမင်းစားရဦးမှာလား...''

"ကိုကြီးဇေယျာ ရေချိုးတာ မြန်တာဖြစ်မယ်...သမီး မဟုတ်ပါဘူး...ခင်ဦး ဟင်းပြန်နွေးတာတောင်အခုမှပြီးသွားတာ...''

ခင်ဦးက သွားတန်းလေးတွေ ပေါ်သွားသည့်အထိ ပြုံးရင်း ပြောလိုက်သော်လည်း ကိုကြီးဇေယျာမျက်နှာက အရင်လို မျက်မှောင်ကျုံ့သွားပြန်၏။ထိုအခါ ခင်ဦး မျက်နှာလေးပြန်တည်လိုက်ပြီး ထမင်းကို မြန်မြန်ခူးပြီး ထမင်းဝိုင်းပြင်လိုက်တော့သည်။

"ဟင်းထည့်မစားပဲ ထမင်းအဖြူကြီးပဲစားမလို့လား...ရော့..များစားစား...မင်းများများစားမှ ကလေးကြီးမှာ သိလား...''

"ဟုတ်...ကိုကြီးဇေယျာလည်း စားလေ...ခင်ဦးချက်ထားတာ မကောင်းလို့လားဟင်...''

"ကောင်းတယ်...မင်းစားတာကြည့်နေတာ...အရင်မင်းဘယ်လောက်စားသလဲတော့မသိဘူး..အခုကစပြီး များများစားရမယ်...''

"ဟုတ်...ခင်ဦး အများကြီးစားပါ့မယ်...''

"ရော့ အသဲ..မင်းကြိုက်တယ်မလား..များများစား ငပိရည်တော့ အများကြီးမစားပါနဲ့...''

"ဟုတ်...ကိုကြီးဇေယျာလည်း စားပါ...''

"အင်း...''

ကိုကြီးဇေယျာကြောင့် ခင်ဦး စားချင်တဲ့ကြက်သားဆီပြန်ဟင်းလေးနဲ့ ထမင်းနှစ်ခါထည့်ကုန်သွားလေသည်။ကြီးကြီးဝင့်ဝါသာသိရင် ခင်ဦး အဆူခံရမှာ သေချာသည်။ဒါပေမယ့် ခင်ဦးဘက်မှာ ကိုကြီးဇေယျာရှိနေတာကြောင့် ကြောက်စိတ်လေးသိပ်မရှိတော့ပေ။

ထမင်းစားပြီးတာနဲ့ ခင်ဦးနဲ့ကိုကြီးဇေယျာ အပေါ်ထပ်ကို တက်လာခဲ့သည်။ကိုကြီးဇေယျာ ဘုရားရှိခိုးတဲ့အချိန် ခင်ဦး ဖျာခြင်း စောင်ခေါင်းအုံးတွေနေရာချပြီး ခြင်ထောင်ထောင်ထားလိုက်သည်။ကိုကြီးဇေယျာ ဘုရားရှိခိုးပြီးအိပ်ယာဝင်မှ ခင်ဦးဘုရားရှိခိုးသည်။ဘုရားခိုးပြီးမှ အိပ်ယာဝင်သည်။

"ဒီဘက်တိုး...ခြင်ထောင်ဘေးက ခြင်ထိုးမယ်...''

"ဟုတ်...''

ခင်ဦး အလယ်ဘက်ကို တိုးလိုက်သည်။

"ထပ်တိုးဦး...''

"ဟုတ်...''

ခင်ဦး မရဲတရဲနှင့် ထပ်တိုးလိုက်တာ ကိုကြီးဇေယျာ၏ အနားကိုတောင် ရောက်သွားတော့သည်။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးကိုယ်လေးကို ဆွဲယူကာ သူ့ရင်ခွင်ကျယ်ကြီးထဲကို သန်မာသည့်လက်တစ်စုံနဲ့ တင်းကြပ်စွာ ဖက်ထားသည်ကြောင့် ခင်ဦးရဲ့ရင်ဘတ်တစ်ခုလုံး ခုန်ပေါက်သွားသည်မှာ လိပ်ပြာလွှင့်မတက် ခံစားလိုက်ရသည်။ထို့နောက် ကိုကြီးဇေယျာ၏ နှုတ်ခမ်းတစ်စုံဟာ ခင်ဦးရဲ့ ပါးပြင်လေးများထက်ကို နမ်းရှိုက်လာလေသည်။ကိုကြီးဇေယျာ မူးသည့်ညက အနမ်းခံလိုက်ရတဲ့ အဖြစ်အပျက်ကို သတိရလိုက်သဖြင့် ခင်ဦး ကြောက်လန့်ပြီး အသက်ရှူပင် မှားသွားရ၏။ရင်ဘတ်ထဲမှာ နိမ့်ချည်မြင့်ချည်နဲ့ စည်းချက်မညီသော ရင်ခုန်သံများနှင့်အတူ ရုန်းမိလေသည်။သို့သော် ခင်ဦး ရုန်းလေလေ ကိုကြီးဇေယျာက ပိုမို တင်းကြပ်စွာ ဖက်နမ်းလာလေလေဖြစ်သည်။ထို့ကြောင့် ခင်ဦး မရုန်းတော့ဘဲ ကိုကြီးဇေယျာ ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။

ဇေယျာ သူ့ရင်ခွင်ထဲ၌ ငြိမ်သက်သွားသော သူမလေးကြောင့် နှုတ်ခမ်းတစ်စုံမှာ ပြုံးရိပ်တစ်ခု ထင်ဟပ်သွားသည်။ထို့နောက် သူမလေးရဲ့ နူးညံ့ပျော့ပျောင်းသော ဆံနွယ်လေးများကို တယုတယ နမ်းရှိုက်လိုက်တော့သည်။

"ငါ မင်းကိုချစ်နေပြီထင်တယ် ခင်ဦး...''

သူ့ရင်ဘတ်ထဲမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသော ထိုစကားသံလေးကိုတော့ သူ့ရင်ခွင်ထဲ၌ သက်ပြင်းသံ မှန်မှန်လေးဖြင့် အိပ်မောကျနေသည့် ခင်ဦး ကြားနိုင်မည် မဟုတ်ပေ။သူ့ကို ကြောက်သည့် သူမလေးက အခုတော့ ကြောင်ပေါက်ကလေးလို သူ့ရင်ခွင်ထဲသို့ တိုးဝှေ့ဖက်တွယ်လာသည်။ထိုအပြုအမူလေးကြောင့် ဇေယျာ သဘောကျရင်း ပြုံးလိုက်၏။နဖူးလေးကို နမ်းလိုက်ပြီးနောက် သူမကိုယ်လေးကို ပြန်လည်တင်းကြပ်စွာ ပွေ့ဖက်ကာ သူ့မျက်လုံးအစုံကို မှိတ်လိုက်တော့သည်။

ခင်ဦးနိုးလာတော့ ကိုကြီးဇေယျာက ရှိမနေတော့ပေ။ပါးလေးနှစ်ဖက်ကို ကိုင်ပြီး ညကအဖြစ်ကို တွေးရင်း ပြုံးလိုက်မိသည်။တဒိတ်ဒိတ် ခုန်ပေါက်နေတဲ့ ရင်ခုန်သံက လိပ်ပြာငယ်ပေါင်း ထောင်သောင်းမက တောင်ပံခတ်ဝဲပြန်တက်သွားသလိုပါပဲ..။မနက်ခင်းရဲ့ နေရောင်ခြည်နုနုလေးနဲ့အတူ စိမ်းစိုနေတဲ့သစ်ပင်ပန်းပင်တွေကြား ပြတင်းပေါက်ကနေ ထိုးဝှေ့လှုပ်ခတ်လာတဲ့ လေညှင်းအေးလေးက ကြည်နူးစရာ ခံစားချက်တွေနဲ့ ထပ်တူကျလို့တော့နေသည်။

ဒေါ်ဝင့်ဝါ သားဖြစ်သူကအရင်ထလာပြီး ခင်ဦးကမထလာသေးတာကြောင့် အပေါ်ထပ်ကိုတက်လာခဲ့သည်။ဆံပင်တွေကို မထုံးဖွဲ့ရသေး ဖျားလားနဲ့ အိပ်ယာသိမ်းနေတဲ့ ခင်ဦးကို ခပ်မာမာလေသံနဲ့ အပြစ်စကားဆို၏။

"ဘယ်အချိန်ရှိပြီလဲ... ညည်းအိမ်မှာ ဘယ်တုန်းက ဒီအချိန်ထိ အိပ်ဖူးလို့လဲ...ပြောရင် မျက်နှာသေနဲ့...စောစေားစီးစီး လာဘ်ပိတ်တယ်...''

"ခင်ဦး တောင်းပန်ပါတယ် ကြီးကြီးဝင့်ဝါ... နောက် မဖြစ်စေရပါဘူး...''

"ညည်း လယ်ထဲသွားရမယ်... အလုပ်သမားတွေအတွက် မနက်စာ သွားပို့လိုက်...''

"ဟုတ်...''

ခင်ဦး မျက်နှာမျက်နှစ်ပြီးတာနဲ့ သနပ်ခါးရေကျဲလေး သွေးလိမ်းကာ ဆံပင်ရှည်တွေကို ထုံးဖွဲ့လိုက်ပြီးတာနဲ့ လယ်ထဲတွင်ရေမြောင်းဖောက်နေကြတဲ့ အလုပ်သမားတွေအတွက် မနက်စာပြင်ထားသည့် ဆွဲခြင်းကို ဆွဲကိုင်ပြီး လယ်ထဲဘက်ကို ဦးတည်လာခဲ့သည်။

"ဟူး...မောလိုက်တာ...''

ခင်ဦး လမ်းတစ်ထောက် ဆွဲခြင်းကိုချလိုက်ပြီး ခဏနားလိုက်သည်။အရင် ဘယ်လောက်ပင်ပန်းပင် အမောခံနိုင်တာ..အခုတလော ခဏခဏမောနေပြီး နေရတာအဆင်မပြေ..ဒေါ်လေးစူပူးပြောတာတော့ ကိုယ်လေးလက်ဝန်သမားတွေ မောတယ်တဲ့..မောတောတောအောင့်တောင့်တောင့်ကြီးနေရတာ မခံစားနိုင်လို့ ကလေးလေးကို မြန်မြန်မိချင်တယ်။

"ကလေးလေးရေ မေမေတော့ မင်းကြောင့် သိပ်ပင်ပန်းနေပြီ သိလား...''

ခင်ဦး ဗိုက်ကလေးကိုပွတ်ကာ ဗိုက်ထဲကကလေးကို သူမပင်ပန်းကြောင်း ပြောနေတော့၏။အမောဖြေပြီးတာနဲ့ ဆွဲခြင်းကို ဆွဲပြီးလှမ်းလျှောက်လာလိုက်တာ အလုပ်သမားတွေဆီကို ရောက်လာခဲ့သည်။ထိုအခါ လယ်ကွင်းပြင်ဆီက တိုက်ခတ်လာသည့် လေပြေအေးလေးနဲ့ အတူ စိမ်းစိုနေတဲ့ လယ်ကွင်းထဲက စပါးရနံ့လေးရယ် ရေမြောင်းဖောက်ရာမှရသည့် ရွံ့မြေရနံ့သင်းသင်းလေးက ခင်ဦး မောပန်းနေတာကို ပြေပျောက်သွားသလို ခံစားလိုက်ရသည်။

« ရှေ့အခန်း - အပိုင်း၂၉ နောက်အခန်း - အပိုင်း၃၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ