ခင်ဦး မိုးချုပ်ကြီး ကိုကြီးဇေယျာရှိတဲ့ ဖဲဝိုင်းကို နောက်ကို ဗိုက်ကလေးပိုက်ပြီး ကြောက်ကြောက်နဲ့ လိုက်လာခဲ့ရသည်။ဒီရက်တွေထဲ ခင်ဦးအပေါ်ကို ပိုအေးစက်သလို ခံစားရသည်။အရင်လို ခင်ဦးအပေါ် ဆက်ဆံမှာကို ကြောက်လာမိသည်။အထွေးပြန်လာတော့မှာမို့လို့ ခင်ဦးကို အထွေးလို မချစ်တော့တာလား မသိတော့ပေ။
အရီးမြတို့အိမ်ကိုရောက်တော့ ဖဲရိုက်တာနဲ့ သက်ဆိုင်တဲ့ စကားသံတွေက ဟိန်းထွက်နေသည်။ဖဲဝိုင်းထဲမှာ တင်ပလင်ခွေထိုင်ပြီး ဖဲရွက်ပွတ်ကာ ဖဲရွက်ကို စိတ်ပြတ်သလိုကြည့်နေတဲ့ ကိုကြီးဇေယျာကို တွေ့ရသည်။
"ကုလားသုံးကောင်.. ကိုးဒိုကွ..ဒိုင်လျော်စမ်းကွာ..''
ကိုကြီးဇေယျာလျော်နေပုံထောက်ရင် ဒိုင်ဖြစ်ဟန်တူသည်။ကိုကြီးဇေယျာက ဖဲကိုမဲနေတာဆိုတော့ ခင်ဦးကို မတွေ့ပေ။ကိုကိုလည်း ဒီအတိုင်းပဲပင်။
"ခင်ဦးရယ်.. ဗိုက်ကြီးကြီးနဲ့ကို မိုးချုပ်ကြီး နာရေးအိမ်ကို လိုက်လာရသလားအေ...''
"ကိုကြီးဇေယျာကို ကြီးကြီးဝင့်ဝါက ခေါ်ခိုင်းလိုက်လို့ပါ အရီးမြရယ်...''
ခင်ဦးကိုကြည့်ပြီး အရီးမြ သက်ပြင်းချလိုက်သည်ကို ခင်ဦး ပြုံးပြပြီး ခေါင်းငြိတ်ရင်း
ကိုကြီးဇေယျာရှိတဲ့ ဖဲဝိုင်းနားကို လေးလံတဲ့ခြေလှမ်းနဲ့ မဝင့်မရဲလှမ်းလျောက်လာပြီး တိုးလျှိုးတဲ့ အသံအနေအထားလေးနှင့် ခေါ်လိုက်၏။
"ကိုကြီးဇေယျာ...''
ခင်ဦး၏ အသံကိုကြားလိုက်ရ၍ ဇေယျာ စုတ်သပ်လိုက်သည်။ခင်ဦးကိုလည်း မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်ပြန်သည်။မိုးချုပ်လိုက်လာသည်ထက် ယောကျာ်းသားတွေပဲ အများဆုံးရှိသည့် ဖဲဝိုင်းကို လိုက်လာတဲ့ ခင်ဦးကို ဒေါသထွက်မိသည်။
"ဘာလို့လိုက်လာတာလဲ...''
"ဟို.. ဟို ကိုကြီးဇေယျာကို ကြီးကြီးဝင့်ဝါက ခေါ် ခိုင်းလိုက်လို့ပါ...''
"မလိုက်ဘူး.မင်းပြန်တော့ ခင်ဦး...''
ခင်ဦးက မပြန်သေးဘဲ မျက်နှာငယ်နဲ့ပေကပ်ကပ်လုပ်နေတာကြောင့် အမြင်မတော်တဲ့ ကိုကျော်ကြီးက ကိုကြီးဇေယျာကို ဝင်ပြောပေးသည်။
"ပြန်လိုက်သွားလိုက်ပါ ဇေယျာရာ... နောက်ပြီး မင်းမိန်းမကလည်း မပေါ့မပါးကြီးနဲ့ ...အရမ်းညဥ့်နက်သွားရင် မကောင်းဘူး...''
"ကျုပ် သူ့ကို လာခိုင်းတာမဟုတ်ဘူး ကိုကျော်ကြီး.. ဒီမိန်းမ လာတုန်းကတောင် တစ်ယောက်ထဲလာသေးတာပဲ...''
ကိုကိုက ဖဲရွက်ချိုးနေရင်း ခင်ဦးကိုမကြည့်ဘဲ ခင်ဦးကို ပြန်ပို့ပြောလာသည်။
"ခင်ဦး အရမ်းမမှောင်ခင် ပြန်လိုက်ပါ.. ငါ ခေါ်လာခဲ့မယ်...''
"ကြီးကြီးဝင့်ဝါက ကိုကြီးဇေယျာမပါရင် သမီးကိုလည်း အိမ်ပြန်မလာခဲ့နဲ့တဲ့.. သမီး အိမ်ကိုပဲ ပြန်အိပ်လိုက်ရမလား ကိုကို...''
"မအိပ်ရဘူး ...''
"ဟုတ်...''
အမေ့အိမ်ကို မပြန်နဲ့ဆို၍ ခင်ဦးအမေ့အိမ်ကို မသွားသလို..ကိုကြီးဇေယျာမပါလာလို့ ကြီးကြီးဝင့်ဝါ ဆူမှာကြောက်၍ ကိုကြီးဇေယျာတို့အိမ်ကိုလည်း မပြန်ရဲပေ။အရမ်းလည်းမှောင်လာတော့ တစ်ယောက်ထဲလည်း မပြန်ရဲတော့တာကြောင့် မဝံ့မရဲနဲ့ ကိုကြီးဇေယျာနဲ့ အနည်းငယ်လှမ်းတဲ့ နေရာမှာ ဟိုကြည့်ဒီကြည့်နဲ့ မတ်တက်ရပ်နေလိုက်သည်။ခင်ဦးဆီကို လမ်းလျှောက်လာသည့် ကိုကြီးဇေယျာကို မြင်၍ ခင်ဦး ပျော်ရသည်။
"ချွတ်...''
"ရှန်..''
"မရှန်နဲ့ မင်းနားကပ်ကိုချွတ်ပေး.. ငါဆက်ရိုက်ဖို့ ပိုက်ဆံမရှိတော့ဘူး.. အဲ့ဒါ မင်းကြောင့် မင်းလာလို့ ဖြစ်တာ.. မင်းက တကယ့် ဘူလေးပဲ...''
ခင်ဦး နားကပ်လေးကို ချွတ်ဖို့ရာ လက်ကလေးကတုန်ယင်နေ၏။ဒါကို စိတ်မရှည်တဲ့ ကိုကြီးဇေယျာက ခင်ဦး လက်ကိုဖယ်ထုတ်လိုက်ပြီး သူ့ဘာသာသူ ခင်ဦး နားကနားကပ်ကို ချွတ်ယူတော့သည်။နာရေးအိမ်က လူတွေကလည်း ဝိုင်းကြည့်သော်လည်း ကိုကြီးဇေယျာက ဂရုမစိုက်ပေ။ခင်ဦးကတော့ အမေပထမဦးဆုံးလုပ်ပေးထားသည့် ရွှေလေးဖြစ်တာကြောင့် ဝမ်းနည်းဆို့နစ်ပြီး မျက်ရည်တို့ကျလာသည်။
"မငိုနဲ့...မျက်ရည်တွေသုတ်လိုက်...''
"ဟုတ်...''
ဇေယျာ သူက မငိုနဲ့ဆို၍ ကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးလေးနဲ့ အတင်းသုတ်နေတာကို ကြည့်ပြီး ပြုံးရင်း ဖဲဝိုင်းဆီကို ပြန်သွားလိုက်သည်။မငိုတော့ပေမယ့် မျက်နှာညိုးနေသည့် ခင်ဦးကို လှမ်းလှမ်းပြီး ဖဲဆက်ချဖို့ စိတ်မပါတော့တာနဲ့ ဖဲဝိုင်းကနေ ထလာလိုက်သည်။
"ပြန်မယ်...''
"နားကပ်လေးရောဟင်...''
"ကုန်သွားပြီ...''
ခင်ဦး ကိုကြီးဇေယျာရဲ့ နောက်ကနေ ဗိုက်ကလေးကိုပွေးပြီး အတင်းလိုက်ရသည်။ခင်ဦးအတွက် အမေလုပ်တဲ့ နားကပ်လေး ခင်ဦးနားမှာ မရှိတော့သဖြင့် ဝမ်းနည်းလာပြီး မျက်ရည်လို့ကြလာသည်။အသံထွက်ပြီးတော့လည်း မငိုရဲ့ပေ။အသံတိတ်ပြီး ငိုသော်လည်း ရှိူက်သံလေးက တရှိုက်ရှိုက်နဲ့ထွက်ပေါ်လာသည်။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးကို နောက်ပြန်လှည့်ကြီး ခြေလှမ်းကျဲများဖြင့် ရှေ့ကနေ သုတ်သုတ်နဲ့သွားလေသည်။
"ကိုကြီးဇေယျာ သမီးကို ခဏစောင့်ပါဦး သမီးကြောက်လို့ပါ...''
"တစ်ယောက်တည်း လာတုန်းကမကြောက်ဘူးလား...''
"ကြောက်ကြောက်နဲ့လာခဲ့တာပါ ကိုကြီးဇေယျာရယ်... ကြီးကြီးဝင့်ဝါကို ကြောက်လို့ သမီး မသွားရဲဘူးလို့ မပြောရဲဘူး...''
"လမ်းမှာ အကြောက်လွန်ပြီး လိပ်ပြာလွှင့်သွားရင် ဘယ်လိုလုပ်မလဲ... ဟမ်.. မင်းမတွေးတက်ဘူးလား ခင်ဦး... နောက်တစ်ခါ မေမေလာခေါ်ခိုင်းလည်း မလာနဲ့...သမီး ကိုကြီးဇေယျာကိုကြောက်လို့ မသွားရဲဘူးလို့ ပြောလိုက် ကြားလား...''
"ခင်ဦး မပြောရဲဘူး...''
မီးအိမ်၏အလင်းရောင်မှိန်မှိန်လေးကြောင့် ညိုးနွမ်းလျသည့် ခင်ဦးရဲ့ မျက်နှာလေးကို မြင်လိုက်ရ၍ ဇေယျာ ပြင်းချလိုက်သည်။
မေမေကိုတော့ ပြောထားမှ မဟုတ်ရင် ကြောက်တက်တဲ့ သူမနဲ့ မလွယ်ဘူး.. ။
ဇေယျာတို့ အိမ်ပြန်ရောက်တော့ မေမေတို့ အိပ်နေကြပြီဖြစ်သည်။
"ကိုကြီးဇေယျာ သမီး ထမင်းဝိုင်း ပြင်လိုက်တော့မယ်နော်...''
"အင်း...''
ဗိုက်ကလေးတစ်ဖက်နဲ့ လေးကွေးစွာ ထမင်းဝိုင်းပြင်နေသည့် ခင်ဦးကို အစအဆုံးကြည့်ပြီး ဇေယျာ ပြုံးလိုက်၏။
"ကိုကြီး ဇေယျာ စားလို့ရပြီ...''
"ကြက်သားဟင်းက ဘယ်သူချက်တာလဲ မေမေလား..''
"ခင်..ခင်ဦး ချက်တာပါ. ဘာဖြစ်လို့လဲ စားလို့အဆင်မပြေလို့လား ကိုကြီးဇေယျာ...''
"ပြေတယ်...''
"ဟုတ်...''
ခင်ဦး ကိုကြီးဇေယျာစားပြီးတာနဲ့ ပန်းကန်းတွေကို ဆေးဖို့ ရေချိုးခုံကိုသွားဖို့ ပြင်လိုက်၏။
"မနက်မှ ဆေးတော့ ငါအိပ်ချင်နေပြီ...''
"ခြင်ထောင်ပြီးသွားပြီ ကိုကြီးဇေယျာ...''
ခင်ဦး ပန်းကန်ဆေးတာကို ဇေယျာ မျက်စိဒေါက်ထောင့်ကြည့်နေသည်။မေမေဆူမှာ တအားကြောက်သလား မသိ... သူ မနက်မှ ဆေးပါလို့ပြောတာကိုတောင်မရ... မိုးချုပ်ကြီးကို တစ်ခါတည်း ဆင်းဆေးဖြစ်အောင်ဆေးတယ်...။
ခင်ဦးပန်းကန်ဆေးပြီး မီးဖိုထဲဝင်လာတဲ့ အနေအထားကို မြင်လိုက်တာနဲ့ ဇေယျာ ခင်ဦးကို ကြည့်နေရာကနေ အပေါ်ထပ်ကို ခပ်သုတ်သုတ်တက်ပြီး ခြင်တောင်ထဲဝင်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။
ခင်ဦး ကိုကြီးဇေယျာနိုးသွားမှာဆိုး၍ ခြင်ထောင်ကို အသာဖွင့်ပြီး ခြင်တောင်ဘေးနာမှာ ဝင်အိပ်လိုက်တော့သည်။ခင်ဦးအနားကို တဖြေးဖြေးနဲ့ တိုးလာသည့် ကိုကြီးဇေယျာကြောင့် ခင်ဦး ကိုယ်လေးကျုံ့လိုက်၏။အသက်ရှုသံတောင် ပြင်းပြင်းမရှူရဲပေ။ထို့နောက် ကိုကြီးဇေယျာရဲ့ သန်မာသည့်လက်တစ်စုံက ခင်ဦး၏ ခါးကို ဖက်လာသည့်အခါမှာလည်း ပြန်မဖယ်ထုတ်ရဲပါ..။တဖြေးဖြေးနဲ့ တင်းကြပ်စွာ ဖက်လာသဖြင့် ခင်ဦး ကိုယ်လေးက ကိုကြီးဇေယျာ၏ ရင်ခွင်ထဲ နစ်ဝင်သွားတဲ့အထိ ဖြစ်သွားသည်။ထိုအခါမှာ ခင်ဦး မလှုပ်ရဲတော့ပေ။
ခင်ဦးကို အထွေးမှတ်ပြီး ဖက်တွယ်ထားသည် ထင်ရဲ့..။အထွေးအမှတ်နဲ့ ခင်ဦးကို ဖက်တွယ်ထားသည်ဆိုသော်လည်း အခု ခင်ဦးရင်ထဲမှာ ဘယ်လိုဖြစ်နေသည်မသိပါ။နှလုံးခုန်တွေ မြန်နေလိုက်တာ.. သေတော့မလားအတွေးနဲ့ ခင်ဦး အိပ်လို့မပျော်ပေ။ခင်ဦး နိုးတဲ့အခါ ကိုကြီးဇေယျာက အိပ်ယာထဲ၌ မရှိတော့ချေ။
"သွားပါပြီ...ကိုကြီးဇေယျာက ဘာလို့ ဒီနေ့မှ အစောကြီး နိုးသွားရတာလဲ...''
ခင်ဦး အိပ်ယာသိမ်းရင်း နှုတ်ကနေ တီးတိုးရေရွတ်လိုက်သည်။ခင်ဦး အောက်ဆင်းလာပြီး မျက်လုံးကစားပြီးကြည့်တော့ ကိုကြီးဇေယျာကို မတွေ့ရသဖြင့် သက်ပြင်းလေး ခိုးချလိုက်၏။သူခိုး လှည်းဘီးတပ်ခံရသလိုဖြစ်နေသည့် အဖြစ်က ခင်ဦးနဲ့တူရဲ့..။
"မကြီးခင်ဦး ကုတ်ချောင်းချောင်းနဲ့ဘာချောင်းနေတာလဲ...''
"ကိုကြီးဇေယျာကို မတွေ့လို့ဟဲ့...''
"အဲ့ဆိုလိုက်ချောင်းမနေနဲ့ တွေ့မှာမဟုတ်ဘူး...ကိုကြီးဇေယျာက ကိုကြီးကျော်နဲ့ မြို့တက်သွားတယ်...''
"တော်သေးတယ်..''
ခင်ဦး ရင်ဘတ်လေးကို ဖိပြီး သက်ပြင်းရှိုက်ချလိုက်ရင်း ပန်းရောင်ယှက်ပြေးနေသည့် မျက်နှာကလေးနဲ့ ပြုံးလိုက်သေး၏။
ဖိုးသားကတော့ ခင်ဦးကိုကြည့်ပြီး ခေါင်းကုတ်ရင်း ထွက်သွားသည်။ခင်ဦး မျက်နှာသစ်ပြီး ချက်ပြုတ်ဖို့ ပြင်လေသည်။ချက်ပြုတ်ပြီးတာနဲ့ ကြီးကြီးဝင့်ဝါနဲ့ဘဘတို့ ဥပုဥ်စောင့်ဖို့အတွက် ဆွမ်းချိုင့် ပြင်ဆင်ပေးထားလိုက်သည်။ကြီးကြီးဝင့်ဝါက နေကုန်ဥပုဥ်စောင့်တာဆိုတော့ ဥပုဥ်ရက်တိုင်းက ခင်ဦးအတွက် ပျော်စရာနေ့ဖြစ်သည်။ဒီနေ့တော့ ခင်ဦးကို ဆူမယ့်သူလည်းမရှိ ရိုက်မယ့်သူလည်းမရှိဆိုတော့ ပျော်မိသည်။နားဟောင်းလောင်းဖြစ်သွားလို့ ဝမ်းနည်းသည်က လွဲလို့ပေါ့လေ။
"ခင်ဦးရေ...ပျင်းနေရင် ဒေါ်လေးတို့ အိမ်ဘက်ကူးခဲ့ပါလားကွယ်...''
"ဟုတ်..ဟုတ်..ဒေါ်လေး သမီး လာခဲ့ပြီနော်...''
ခင်းဦးလည်း ဒေါ်လေးစူပူးခေါ်တာနဲ့ ဖိုးသားခူးလာတဲ့ မာကာလာသီးကိုလည်း ယူပြီး ဒေါ်လေးစူပူးအိမ်ကို ထွက်လာခဲ့သည်။
"ဒေါ်လေးက ဒီနေ့ဥပုဥ်မထွက်ပေါ့..''
"ဒေါ်လေးလည်း သွားဖို့ပျင်းသွားတာနဲ့ မထွက်တော့တာ...အခုလည်း ပျင်းတာနဲ့ ညည်းကိုလှမ်းခေါ်လိုက်တာပဲအေ...''
"ဒေါ်လေးကို သမီးတစ်ခုမေးချင်တယ်..သမီးအခုတလော အရမ်းမောတာပဲ..ရင်ဘတ်တွေလည်း အောင့်တယ်..ဒေါ်လေးကိုယ်လေးလက်ဝန်တုန်းက အဲ့လိုပဲ မောလားအောင့်လား ဟင်...''
"နည်းနည်းပါတော့ မောတာပေါ့...ရင်ဘတ်တွေတော့ မအောင့်ဘူး...ညည်းက အောင့်နေလို့လား ခင်ဦး...''
"ဟုတ်...''
ဒေါ်စူပူး ခင်ဦးကိုကြည့်ပြီး သနားမိသည်။အပျိုတုန်းကလို လန်းလန်းပုံစံလေးလည်း မရှိတော့ပေ။ကြည့်လိုက်တိုင်း အားငယ်ကြောက်ရွံံ့နေသည့် ပုံစံကိုသာ မြင်ရသည်။
"ဇေယျာက ညည်းအပေါ်ကောင်းရဲ့လား ခင်ဦး...''
"ဟုတ်..''
"ဒေါ်လေးကို မလိမ်ပါနဲ့ ခင်ဦးရယ်...ဇေယျာက ညည်းအပေါ်ကို ဟိုးငယ်ငယ်လေးထဲက မျက်မုန်းကျိုးနေခဲ့တဲ့ကလေးမဟုတ်လား...အခုဆို ပိုဆိုးပေါ့အေ...''
"တကယ်ပြောတာပါ ဒေါ်လေးရဲ့...ကိုကြီးဇေယျာ က သမီးကို ရိုက်လည်းမရိုက်ဘူး..ဆူရုံပဲရူတာ..အဲ့ဒါလည်း သမီးမှားလို့နေမှာပါ...အခု ကိုကြီးဇေယျာက သမီးကိုအဝတ်အစားတွေ အများဝယ်ထားတယ် ဒေါ်လေးရဲ့...''
"အေးပါအေ...''
ဒေါ်လေးက ခင်ဦးကိုသနားကြင်နာသည့်အကြည့်နဲ့ကြည့်ပြီး သက်ပြင်းသဲ့သဲ့လေးချလိုက်သည်။ခင်ဦးကိုကြည့်နေသည့် ဒေါ်လေးကိုကြည့်ရင်း ကြီးကြီးဝင့်ဝါလည်း ခင်ဦးအပေါ် ဒေါ်လေးလို ဆက်ဆံရင် ကောင်းမှာပဲဟု တွေးလိုက်မိသည်။
"သမီးပြန်တော့မယ်နော် ဒေါ်လေး...''
"အေးအေး...''
ခင်ဦး ဒေါ်လေးစူပူးဆီကနေ ပြန်လာပြီးနောက် လုပ်စရာရှိတာ လုပ်သည်။ဘဘနဲ့ကြီးကြီးဝင့်ဝါ ဘုန်းကြီးကျောင်းက ပြန်ရောက်လာသည့်အခါ ချိုင့်ယူဆေးလိုက်၏။ဘာမှလုပ်စရာမရှိအခါ မျက်လုံးတွေမှေးစင်းလာတာနဲ့ အပေါ်တက်ပြီး အိပ်လိုက်သည်။ခင်ဦး တရေးနိုးထတော့ ကြီးကြီးဝင့်ဝါက ဥပုဥ်သည်ဆိုတော့ ဘာတစ်လုံးမှ မပြောချေ။
ခင်ဦး ညနေစာချက်ပြုတ်ပြီး ရေမိုးချိုးသည်။သနပ်ခါးကို ခေါင်းဆုံးခြေဆုံးလိမ်းပြီး အပေါ်ထပ်က ပြတင်းပေါက်ကနေ ကိုကြီးဇေယျာကို မျှော်မိသည်။
"အထွေးကို နောက်တစ်ခေါက်များ သွားတွေ့သလား ကိုကြီးဇေယျာရယ်...မကြာခင်ရက်မှာ အထွေးပြန်လာတော့မှာဆိုတော့ ကိုကြီးဇေယျာ အရမ်းပျော်နေမှာပဲနော်...ခင်ဦးကတော့ မပျော်သလိုပဲ ကိုကြီးဇေယျာရယ်..အထွေး ခင်ဦးကို မုန်းမှာ သိပ်ကြောက်တာပဲ...''
အခန်းမှတ်ချက်များ (0)