Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၂၈

"ကိုကြီးဇေယျာ...ဒါတွေအကုန်လုံးက သမီးအတွက်လား...အထွေးအတွက်ရော ပါသေးလားဟင်...''

"မပါဘူး.. မင်းအတွက် ဝယ်လာတာ...မင်း ပေးချင်ရင်ပေးလို့ရတယ်...''

"ဟင့်အင်း..မပေးပါဘူး..သမီး အကုန်ချုပ်ဝတ်မှာ...အထွေးမှာ ကိုကြီးဇေယျာဝယ်ပေးထားလို့ အများကြီးရှိတယ်...''

"မင်းသဘောပဲ...''

"ဟုတ်...''

"ပိတ်စထုပ်ယူလိုက် အထည်ချုပ်ဖို့ မင်းတို့အိမ် သွားမယ်...ငါက ဒီနေ့တစ်နေ့ပဲ အချိန်ရတာ မင်းပြီးအောင်ချုပ်မှရမယ် ခင်ဦး...နောက်ရက် ငါမပါဘဲ မင်းအိမ်ကို မင်းကို မလွှတ်ဘူး..''

"အင်းပါ ...သမီး မြန်မြန်ပြီးအောင် ချုပ်ပါ့မယ်နော်...''

ပိတ်စတွေအကုန်လုံးက ခင်ဦးအတွက်ပဲဆို၍ ခင်ဦးတအားပျော်ရသည်။ခင်ဦးကို အထွေးလိုချစ်သွားလို့ ဝယ်ပေးတာလားလို့ မေးချင်သော်လည်း ခင်ဦးမေးရဲ။ခင်ဦးကို

ကိုကြီးဇေယျာ မျက်မှောင်ကျုံ့ကြည့်လာမှာကို ကြောက်သည်။ထို့ကြောင့် ခင်ဦး မမေးဘဲ ပိတ်စထုတ်လေးကို ပိုက်ပြီး သဘောကျလိုက် ကိုကြီးဇေယျာကို ငေးကြည့်လိုက်နဲ့ အပြုံးပန်းတွေက ခင်ဦးမျက်နှာထက်မှာ ဝေဆာလျက်.. ။ရွာက လူတစ်ချို့က ခင်ဦးနဲ့ကိုကြီးဇေယျာ အတူတူလမ်းလျှောက်တာကို မြင်ကြတော့ အံ့သြသလို ကြည့်လာသည်။ခင်ဦးပြုံးပြတဲ့အခါ ပြန်ပြုံးကြသည်။

အိမ်ရောက်လာတဲ့အခါ ပိုက်ပိုက်က ကျောင်းတက်ရတော့ အိမ်မှာမရှိ...ကိုကိုက နွားအလုပ်နဲ့ အလုပ်ရှုပ်နေရဲ့...အမေကတော့ ဘဲဥကောက်နေ၏။ခင်ဦး ဝိုင်းကောက်ပေးမဖို့ အိမ်အောက်ထဲကို ခြေလှမ်းတွေပြင်တော့ ကိုကြီးဇေယျာက လက်ကောက်ဝတ်ကို ဖမ်းဆွဲထားသည်။

"ကုန်းကုန်းကွကွနဲ့မဝင်နဲ့...မင်းအမေကောက်လို့ပဲ ပြီးတော့မယ်...အထည်ချုပ်မှာသာချုပ်...''

ခင်ဦး ကိုကြီးဇေယျာကို မျက်လုံးလေးမှေးဆင်းသွားသည်အထိပြုံးပြရင်း ခေါင်ငြိတ်ပြလိုက်သည်။ပိတ်စ ညှပ်ဖို့ ပိတ်စလေးတွေလိုက်ထဲက

အိပ်မက်ထဲကလို ခင်ဦးဝတ်ချင်တဲ့ ပန်းရောင်ဝမ်းဆက်ကလေးလည်း ပါတာကြောင့် ပြုံးပျော်လို့ မဆုံးပေ။ခင်ဦး အကျီချုပ်တော့လည်း ကိုကြီးဇေယျာက အနားမှာထိုင်ကြည့်နေသည်။

ကျောင်းလွှတ်ချိန် ပိုက်ပိုက်ပြန်ရောက်လာတော့ ခင်ဦးကိုတွေ့တာနဲ့ အတင်းပြေးဖက်လာသည်။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးကိုဖက်ထားသည့် ပိုက်ပိုက်ကို ဖယ်ခိုင်းသည်။

"ပိုက်ပိုက် မင်းမခင်ကို မဖက်နဲ့ အလုပ်လုပ်နေတယ် မင်းကိုကြီး ဖယ်လိုက်...''

"ဟုတ်...''

ပိုက်ပိုက်အတင်းဖက်တာကြောင့် သူမဗိုက်ထဲက ကလေးလေးတစ်ခုခုမှာ မလိုလားတာကြောင့် ပိုက်ပိုက်ကို လေးသံမာမာဖြင့် ပြောလိုက်ရသည်။သူမက သူ့ကိုမော့ကြည့်လာပြီး မျက်နှာမကောင်းဖြစ်သွား၏။ထိုအခါ သူမျက်မှောင်ကုတ်ရင် ကြောက်တက်သည့် သူမကို မျက်မှောင်ကျုံ့ကာ ပြန်ကြည့်လိုက်တော့သည်။

"မြန်မြန်ချုပ်...ညနေစောင်းတော့မယ်...''

"ဟို..ဟို..ကိုကြီးဇေယျာ ခင်ဦးဒီမှာတစ်နေ့လုံးရှိနေလို့ ကြီးကြီးဝင့်ဝါ ခင်ဦးကို ဆူမှာလားဟင်...ရိုက်ကောရိုက်မှာလား မသိဘူးနော်...''

"မကြောက်နဲ့ မေမေ မင်းကို ဘာမှမလုပ်စေရဘူး..အကျီသာ မြန်မြန်ချုပ်လိုက်..''

"ဟုတ်..''

ဇေယျာ ခင်ဦး၏သနပ်ခါးလေးနဲ့ဝင်းမွတ်နေသော မျက်နှာလေးကို ကြည့်ပြီး တဖြေးဖြေးနဲ့ ရင်ခုန်သံတွေက နိမ့်ချည်မြင့်ချည်နဲ့ စည်းချက်မညီတော့ပေ။

"မင်းပြုံးရင် သိပ်လှတာပဲ...''

စက်ချုပ်သံနဲ့အကျီကိုဘဲ အာရုံစိုက်ချုပ်နေသည့် ခင်ဦးကတော့ သူ့စကားကို မကြားပေ။ဇေယျာ သူ့အတွေးနဲသူ ပြုံးလိုက်၏။ခင်ဦးက အကျီလေးတွေပြီးသွားတဲ့အခါ အကျီလေးတွေကိုကြည့်ပြီး ပြုံးပျော်သည်။အကျီတွေထဲမှာမှ ပန်းရောင်ဝမ်းဆက်ကလေးကို ပို၍ နှစ်သက်နေသလိုလို သဘောကျနေလိုက်တာ ကလေးလေးအတိုင်းပဲ..။

"ကိုကြီးဇေယျာ ခင်ဦးနဲ့လှလားဟင်...ကလေးလေးမွေးပြီးသွားရင် ဒီဝမ်းဆက်လေးကို ခင်ဦးအရင်ဝတ်မှာ သိလား...အဲ့ကြရင် အိမ်မက်ထဲကလို ခင်ဦးလှနေမယ်ထင်တယ်...''

အကျီလေးကို ကိုယ်မှာကပ်ပြီး ပြုံးပြရင်း မေးလာ၏။မေးပုံက တယ့်ကလေးတစ်ယောက်လို...ပြုံးနေသည့်က အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေပြန်သည်။

"ရုပ်ဆိုးတာကဆိုးတာပဲ...လှမှာလည်း မဟုတ်ဘူး...ပြီးပြီလား ပြီးရင် ပြန်မယ်...''

အပြုံးမျက်နှာလေးနှင့် မေးလိုက်သော်လည်း ကိုကြီးဇေယျာဘက်က ပြောလာသည့်စကားကြောင့် ခင်ဦး ရင်ထဲ၌ စို့တက်လာသည့် အားငယ်စိတ်နှင့်အတူ ဝမ်းနည်းနေသည့် မျက်ဝန်းအစုံကို ငှက်ပျောဖူးသဖွယ် ငုံ့ဆင်းလိုက်၏။ ကိုကြီးဇေယျာ မြင်သွားမည်စိုး၍လည်း မငိုမိအောင် နှုတ်ခမ်းလေးကို တင်းတင်းစေ့ထား၏။

ကောင်းသာဆိုရင် ခင်ဦးကို လှတယ်လို့တဖွဖွပြောမှာ..ခင်ဦးအပေါ် အရင်လိုအေးစက်စက်မဟုတ်တော့လို့ မေးလိုက်မိတာ ခင်ဦးမှားသွားတယ်...ခင်ဦးကအထွေးမှ မဟုတ်ပဲကိုး..။

မျက်လွှာကလေးချကြီး ငုံ့ဆင်းသွားသည့် မျက်နှာလေးရယ်... မျက်ရည်ကြည်ဥလေးတွေ ဝိုင်းရစ်သွားသည့် မျက်ဝန်းအစုံရယ်ကို မြင်လိုက်ရတဲ့အခါ ဇေယျာ့ရင်ထဲ၌ နှလုံးသားလေး နွမ်းလျသွားသည့်အလား...။သူမရည်ရွယ်ပဲ ပြောမိသော်လည်း ပျော်ရွင်နေသည့်မျက်ဝန်းအစုံမှာ ဝမ်းနည်းရိပ်တွေသမ်းသွားသည့် ခင်ဦးကိုကြည့်ပြီး ဇေယျာ စိတ်မကောင်းဖြစ်သွားရသည်။

"ခင်ဦး ..ဒေါ်ဒေါ်တို့ကို နှုတ်ဆက်လိုက်ဦး...နွားရိုင်းသွင်းချိန်ရောက်တော့မယ်...''

ဇေယျာ့ရဲ့ လေသံပျော့ပြောင်းသွားခြင်းမရှိ ခင်ဦးကို ပြောလိုက်သည်။ခင်ဦးအတွက်ဆို အမြဲတမ်းအမိန့်ဆန်ဆန် လေသံနဲ့ ပြောသည့် ကိုကြီးဇေယျာကြောင့် ငိုချင်နေတဲ့ မျက်ရည်တို့ကို ပုတ်ခတ်လိုက်ပြီးနောက် ကိုကြီးဇေယျာကို ခေါင်းညိတ့်ပြလိုက်သည်။

"အမေ သမီးသွားတော့မယ်...ပိုက်ပိုက် မခင်သွားတော့မယ်နော်...အမေ့ကိုလည်း အလုပ်တွေဝိုင်းကူပေးနော်...''

"ဟုတ်မခင်...တာတာ့...''

"အင်း...''

ခင်ဦး ပိုက်ပိုက်ခေါင်းလေးကိုပုတ်ပြီး အဝတ်ထုတ်လေးကို ကိုကြီးဇေယျာနောက်ကနေ လိုက်ပြီး ပိုက်ပိုက်ကို လက်ထပ်ခါပြရင်း ခြံထဲကထွက်လာခဲ့သည်။ကိုကြီးဇေယျာတို့ အိမ်ကိုရောက်တော့ ဘဘက ဟိုဘက်ရွာကနေ ပြန်ရောက်နေပြီ ဖြစ်သည်။တဆက်တည်းမှာပင် ဆရာလေးမင်းသော်ကို ကိုကြီးဇေယျာနှင့်ခင်ဦး တွေ့လိုက်ရ၏။

ဇေယျာ သူ့ဘေးနားက ခင်ဦးကို အပေါ်တက်ဖို့ မျက်စပျစ်ပြလိုက်၏။ခင်ဦးဟာ သူမျက်စပျစ်ပြလိုက်တာနဲ့ ခေါင်းလေးညိတ့်ပြီး အပေါ်တက် သွားတော့သည်။ခင်ဦး အပေါ်တက်သွားတာနဲ့ ဇေယျာလည်း ခုံမှာဝင်လိုက်သည်။ဖေဖေနဲ့မေမေကလည်း ဘုရားဝတ်ပြုဖို့ အပေါ်တက်သွားသည်။

"မှောင်နေပြီဆိုတော့ ငါလည်းပြန်တော့မယ် ဇေယျာ...ဒါနဲ့ အထွေးက အခုမင်းနဲ့မဆိုင်တော့ဘူးဆိုတော့ ...!ပြန်ပြီကွာ...''

မင်းသော်ဟာ စကားကိုအဆုံးထိမဆိုသွားသော်လည်း စကားရဲ့ အဆုံးကိုသိနေတာကြောင့် ဇေယျာ ခုံပေါ်မှာ ထိုင်နေရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။စိတ်ထဲတွင်လည်း ဒေါသ ခံပြင်းစိတ်တွေကြောင့် ဝေခွဲမရသည့် ခံစားချက်တို့က ရောယှက်နေသည်။မင်းသော် ပြောသွားသည့် အထွေးကအခုမင်းနဲ့မဆိုင်တော့ဘူးဆိုတော့ဆိုသည့် စကားက ဇေယျာ့နားထဲတွင် ပဲ့တင်ထပ်နေဆဲ။

"မင်းကြောင့်ပဲ ခင်ဦး... အားလုံးမင်းကြောင့်ပဲ...မင်းက မုန်းဖို့ကောင်းလိုက်တာ ...''

ခင်ဦး ထမင်းဝိုင်းပြင်ဖို့ အောက်ဆင်းလာတဲ့အခါ ကြားလိုက်ရသည့် စကားက ခင်ဦး ရင်ထဲစူးခနဲ နာကျင်သွားရသည်။ကိုကြီးဇေယျာရဲ့ စကားတွေကို မကြားသလိုပြီး လုပ်စရာရှိတာ လုပ်လေသည်။ခင်ဦးက ကြီးကြီးဝင့်ဝါ ပြောသလို အရှက်မရှိတဲ့ မိန်းမတစ်ယောက်ဖြစ်နေပါရောလား..ကိုယ့်အဖြစ်ကိုတွေးပြီး ခပ်မယ့်မယ့်လေးအသက်မယ့်စွာ ပြုံးလိုက်၏။

"မကြီးခင်ဦး... နောက်နှစ်ပတ်ဆိုရင် ကိုကြီးကောင်းတို့ မကြီးအကြည်တို့ မကြီးလုံးလုံးတို့ မကြီးအထွေးတို့ ပြန်ရောက်တော့မယ်တဲ့..ကြီးကြီးစူပူးပြောတာပဲ..''

"ဟုတ်သားပဲ... မကြီးကမေ့နေတာ ဖိုးသားပြောမှပဲ သိတော့တယ်...''

ခင်ဦး အထွေးကိုရင်ဆိုင်နိုင်မယ်မထင်ပါ။အထွေးရင်ထဲမှာ ခင်ဦးအတွက်အချစ်ရယ်လို့ မရှိခဲ့တာ...ကိုကြီးဇေယျာကို ခင်ဦးယူတဲ့အကြောင်းသာ သိရင် ခင်ဦးကို မုန်းသွားမှာ ဧကန်မလွဲပဲ..။

ဆရာလေးနဲ့တွေ့ပြီးထဲက ကိုကြီးဇေယျာဟာ ခင်ဦးအပေါ် အေးစက်သွားခဲ့၏။ခင်ဦးအမှားမလုပ်ဘဲတောင် အပြစ်ရှာပြီး ဆူလာခဲ့သည်။ဗိုက်ဖုံးအကျီကလေးဝတ်တဲ့အခါတိုင်းမှာလည်း ခင်ဦးကို ဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး မျက်မှောင်ကျုံ့ကြည့်တာလည်းအမြဲအလိုလိုပင်။သုံး လေး ငါးခါမက ထိုငို့ကြည့်ခံလာရတော့ ထိုအကျီကလေးတွေ ဝတ်ရမှာကို ကြောက်မိလာခဲ့သည်။

ကိုကြီးဇေယျာရဲ့ ခင်ဦးအပေါ်ပြုမူပုံကြောင့် ခင်ဦးကို မရိုက်တာကြာသည့် ကြီးကြီးဝင့်ဝါက လက်ပါသည်။ခင်ဦးကို မြင်တိုင်းဆူတယ်.. နှိမ့်ချသည့် စကားတွေနဲ့ ထိုးနှက်လာသည်။

"လူမဖြစ်သေးတဲ့ သွေးခဲကိုအကြောင်းပြပြီး ပညာတက်သူဌေးသား ညီမယူမယ့် ယောကျ်ားကို အိမ်ပေါ်ထိ ယူခိုင်းရဲတာ...ညည်း ရှက်တက်ရင်သေဖို့တောင်သင့်တယ်... ''

ခင်ဦးလည်း လူပါပဲ ရှက်တက်ပါတယ်...အခုတောင် ခင်ဦးဘဝက မှောင်မိုက်နေတာ..ကလေးကိုသာ တစ်ခုခုလုပ်ရင် ...!စိတ်ထဲ၌ ပြောလိုက်ချင်သည့်စကားများ မြိုသိပ်လိုက်ရင်း ဘာတစ်လုံးမှ ပြန်မပြောဘဲ ခေါင်းငုံ့ငြိမ်နေသည်။

"ခင်ဦး လုပ်စရာရှိတာ သွားလုပ်ချေတော့...ဘာရပ်နေတာလဲ...''

"ဟုတ်...''

ကိုကြီးဇေယျာ အမိန့်ဆန်ဆန် လေသံနဲ့ပြောသော်လည်း ကြီးကြီးဝင့်ဝါ၏ အနားက မြန်မြန်ထွက်လာနိုင်တာကြောင့် ပျော်မိသည်။ဆူခံရတာတောင် ပြုံးလိုက်သည့် ခင်ဦးကိုကြည့်ပြီး ဖိုးသားက ခေါင်းကုတ်ရင်း ပြောလာ၏။

"အဆူခံရတာတောင် မကြီးခင်ဦးက ပြုံးနိုင်သေးတယ်...သားကတော့ ကိုကြီးဇေယျာ ဘဘကို စိတ်တိုနေတာ...''

"ဘာလို့လဲ ဖိုးသားရဲ့..ဆိုစမ်းပါဦး...''

"ကြီးကြီး ဆူနေတာကို မဆူနဲ့လို့ တစ်ယောက်မှဝင်မပြောဘူးလေဗျာ...ဘဘက စာအုပ်ဖတ်တောင်မပြတ်ဘူး...ကိုကြီးဇေယျာက မကြီးခင်ဦးကို ကြီးကြီး ဆူနေတဲ့ကြားက မျက်မှောင်ကျုံ့ကြည့်သေးတယ်...''

ကြီးကြီးဝင့်ဝါ ခင်ဦးကို ရိုက်ပဲရိုက်ရိုက် ဆူပဲဆူဆူ ဘဘကတော့ ကြီးကြီးဝင့်ဝါကို ဝင်ပြောလေ့မရှိ...သူတို့က ခင်ဦးနှင့်ကလေးလေးကို မိသားစုလို မသတ်နိုင်ကြောင်း ဥပက္ခာနည်းနဲ့ရော ကိုယ်ရောစိတ်ရောပါ နာကျင်ပါစေတဲ့နည်းရောပါ အရိပ်အမြွက်ရော ပေါ်တင်ပါပြောဆိုပြသနေတာကို ပေတေတွယ်ကပ်နေတာ ခင်ဦး မှားနေသလား..။

ခင်ဦး မှားကိုမှားနေတာပါ...ခင်ဦး ကိုကြီးဇေယျာတို့အိမ်ကို ရောက်လာခဲ့တာ ကြာပြီ..ယနေ့ထိ ထမင်းဝိုင်းတစ်ဝိုင်းထဲ မစားရဘူး..အလုပ်သမားဖြစ်တဲ့ ဖိုးသားနဲ့သာ အတူတူစားတယ်...ထမင်းသုံးနပ်အတွက် ကျွန်တစ်ယောက်လို လုပ်ရတာပဲ...ခင်ဦးက ကိုကြီးဇေယျာအတွက်မိန်းမလည်းမဟုတ်သလို ကြီးကြီးဝင့်ဝါတို့ဘဘတို့ရဲ့ ချွေးမလည်း မဟုတ်ပါဘူး..

ခင်ဦးက ကြီးကြီးဝင့်ဝါပြောသလို အရှက်တက်လာခဲ့တဲ့သူလေ...သူတို့လိုလိုလား ခေါ်ထားရတဲ့သူမှမဟုတ်ဘဲလေ...။

« ရှေ့အခန်း - အပိုင်း ၂၇ နောက်အခန်း - အပိုင်း၂၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ