ခင်ဦး အဝတ်အစားလျှော်နေရင်း နောက်ကျောပြင်ကို ရိုက်ခံလိုက်ရတာကြောင့် စပ်ဖျင်းဖျင်းသွားကြောင့် မျက်ရည်တို့ ဝဲတက်လာ၏။နောက်ကိုလှည့်ကြည့်လိုက်တော့ ခင်ဦးကို ဝါးစားမတက်ကြည့်နေတဲ့ ကြီးကြီးဝင့်ဝါကို တွေ့လိုက်ရတာကြောင့် ကိူယ်လေးတုန်သွားရ၏။
"ညည်း အဝတ်လျှော်ပြီးရင် အလုပ်မရှိတော့ဘူးမဟုတ်လား...အဲ့တော့ လယ်ထဲကောက်သွားစိုက်ချေ..''
"ဟုတ်...''
ကိုကြီးဇေယျာ လှည်းနဲ့ထွက်သွားပြီး ခဏအကြာမှာ ခင်ဦးကို အနည်းငယ် စာနာပေးသည့် ဘဘက တစ်ဖက်ရွှာကို နာရေးသွားရ၏။ ကြီးကြီးဝင့်ဝါက ခင်ဦးကို ကောက်စိုက်ခိုင်းတာကြောင့် ခင်ဦး မျော့ကြောက်သော်လည်း မငြင်းရဲပါ..။ခင်ဦး ခေါင်းပေါင်းပြီး လက်ရှည်ကွက်လေးထပ်ဝတ်ပြီး ခမောက်လေးဆောင်းပြီး လယ်ဘက်ကို ဦးတည်လျှောက်လှမ်းလာခဲ့သည်။
ခင်ဦး ကောက်စိုက်ဖို့လယ်ထဲဆင်းလာခဲ့တော့ ကောက်စိုက်သမတွေက ခင်ဦးကို သနားသည့်အကြည့်တို့ဖြင့် ကြည့်ကြသည်။ခင်ဦး ထိုအကြည့်တွေကို မသိကျေးကျွန်ပြုပြီး ပြုံးပြလိုက်ရင်း ကောက်စိုက်လိုက်တော့၏။
အစတုန်းက ကိုယ်လေးကသွက်သော်လည်း ကြာလာတော့ မောလာပြီး ခါးတွေနာပြီး တောင့်လာခဲ့သည်။မိုးမရွာဘဲ နေပူနေတာကြောင့် ပိုမောပြီး ခေါင်းတွေနောက်ချိချိနဲ့ရယ်..။ဆက်ပြီး မစိုက်နိုင်တော့တာနဲ့ ကန်စင်းမှာ ခဏထိုင်ပြီး နားလိုက်ရသည်။
ခင်ဦး မသိမသာ မို့မောက်စပြုနေသော ဗိုက်ကလေးကို လက်ချောင်းသွယ်သွယ်လေးများဖြင့် အသာအယာ အုပ်ကိုင်လိုက်ပြီး ညိုးနွမ်းလျနေသည့်မျက်နှာထက်တွင် မောပန်းနွမ်းနယ်မှုတွေရောယှက်နေပြီး အားအင်ချိနဲ့တဲ့ အသံတိုးတိုးလေးဖြင့် ငြီးတွားလိုက်၏။
"ကလေးလေးရေ... ကလေးလေးအသက်ရှင်ဖို့ မေမေရွေးလိုက်တဲ့လမ်းကလေ အရမ်းပင်ပန်းနေပြီ သိလား...ရိုက်ခံလွန်းလို့ ကျောတွေလည်းအောင့်တယ်..ခေါက်ခံရလွန်းလို့လည်း ခေါင်းတွေလည်း ကြိမ်းနေတာပဲ...အလုပ်တွေလုပ်ရတာလည်း တအားမောတာပဲ ကလေးလေးရယ်...''
ခင်ဦး သက်ပြင်းလေးရှိုက်ချပြီး ကန်စင်းမှာထိုင်နေရင်းကနေ မတ်တက်ရပ်ထရပ်လိုက်ပြီး ကောက်စိုက်တုတ်ကို ကိုင်ပြီး ဒေါ်လေးစန်းတို့နားကို ရောက်လာခဲ့သည်။ဒေါ်လေးစန်းက ခင်ဦးကို သနားကြင်နာသည့် မျက်လုံးအစုံများဖြင့် ကြည့်လိုက်ပြီး ခင်ဦး လက်ထဲက ကောက်စိုက်တုတ်ကို လှမ်းဆွဲလိုက်ကာ သက်ပြင်းသဲ့သဲ့ ရှိုက်လိုက်သည်။
"အို... ခင်ဦးရယ်... ညည်းကြည့်ရတာ မောနေတာလေ... ဗိုက်ထဲက ကလေးလည်း ရှိသေးတယ် မဟုတ်လား.. အားနည်းပြီး လဲကျသွားပါဦးဖြင့်အေ...ကန်စင်းပေါ်မှာသာ နားနေလိုက်ပါ ညည်းအစား ငါတို့ဝိုင်းကူစိုက်ပေးပါ့မယ်...''
"ရပါတယ် ဒေါ်လေးစန်းရယ်... ကြီးကြီးဝင့်ဝါ သိသွားမှာ ခင်ဦးကြောက်တယ်... ခင်ဦး မနားတော့ပါဘူး...''
ခင်ဦး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုတွေက အထင်းသားပင်။ လယ်ကွင်းထဲက ရေ အေးအေးနှင့် ရွှံ့နံ့သင်းသင်းတို့က ခင်ဦးရဲ့မောပန်းနေသော စိတ်ကို အနည်းငယ် သက်သာစေသလိုရှိသော်လည်း. မတ်တက်အကြာကြီး ရပ်လိုက်သည့်အခါ ခါးထက်မှ စူးခနဲ နာကျင်မှုက တက်လာပြန်သည်။ ခေါင်းပေါ်မှ ပူပြင်းလှသော နေရောင်ခြည်ကြောင့် နားထင်မှ ချွေးစက်များ တဖျော့ဖျော့ စီးကျလာသည်။ဒေါ်လေးစန်းနှင့် ဘေးနားက ကောက်စိုက်သမတချို့ကလည်း ခင်ဦးကိုကြည့်ပြီး သနားစိတ်ဖြင့် ခင်ဦးကို ကူညီစိုက်ပျိုးပေးကြသည်။ ခင်ဦး ရင်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားရသည်။
နေလည်းအမြဲ မထွန်းလင်းနိုင်သလို လလည်း အမြဲမသာဘူးတဲ့..အဲ့တော့ တစ်နေ့နေ့မှာ ခင်ဦးဆီကို ရောင်နီသမ်းလာမယ်မဟုတ်လားဟင်.. ဟု ခင်ဦး ရင်ထဲမှာ အတိတ်တဆိတ် ရေရွတ်ရင်း ပါးပြင်ထက်သို့ စီးကျလာသော မျက်ရည်စက်တို့ကြောင့် အမြင်တွေဝေဝါးလာ၍ ရွှံ့တွေ ပေစင်နေသော လက်မောင်းအင်္ကျီစလေးဖြင့် အသာအယာ သုတ်လိုက်လေတော့၏။
ကောက်စိုက်လို့ ဖိုးသားကိုမြင်တော့ ခင်ဦး အားသွားတယ်..။ကြီးကြီးဝင့်ဝါမရှိတဲ့အချိန်မှာ ခင်ဦးကို အလုပ်တွေဝိုင်းကူပြီး လုပ်ပေးတဲ့ ကလေးမဟုတ်လား..။ဖိုးသား ခင်ဦးကို ပြုံးပြလာတဲ့အခါ ပြန်ပြုံးပြလိုက်၏။
"မကြီးခင်ဦး...နေမကောင်းချင်ဘူးလား...''
"အင်း..ဒီနေ့ ကောက်စိုက်လိုက် အောက်ကအေး အပေါ်ကပူဆိုတော့ အပူရှပ်ချင်သလို ဖြစ်နေတယ် ဖိုးသား...''
"သား မကြီးခင်ဦးကို သိပ်သနားတာပဲ...ရွှေမန်းတောင် သောက်မလား သားယူပေးမယ်လေ...''
"မလုပ်ပါနဲ့ ဖိုးသား...ကြီးကြီးဝင့်ဝါက မကြီးကိုဆူပြီးရိုက်မှဖြင့် မကြီးဟိုတစ်ခါထက် ပိုနာပါဦးမယ်...''
"သား ပိုက်ဆံနဲ့ဝယ်တိုက်မယ်လေ...''
"နေနေ ဖိုးသား...မကြီး အမေ့အိမ်ကို သွားချင်လို့ ဖိုးသား ဘယ်မှမသွားနဲ့နော်...''
"ဟုတ်...''
ခင်ဦးနေမကောင်းတဲ့အချိန် အမေ့ကိုပိုသတိရတာနဲ့ အရဲစွန့်ပြီး လာခဲ့သည်။ကျောင်းပိတ်ရက်ဆိုတော့ ပိုက်ပိုက်က အိမ်မှာရှိနေသည်။ကိုကိုလည်း ရှိနေသည်။မေမေကတော့ ချင်ပြုတ်နေသည်ထင်ပါရဲ့ မီးဖိုတဲမှာ မီးခိုးတွေအူနေသည်။
"အမေ့...''
ခင်ဦးအော်သံကြောင့် အမေ့က မီးဖိုတဲထဲကနေထွက်လာ၏။အခုချိန်မှာ အမေရိုက်လည်း ခင်ဦးကြိတ်ခံဖို့အသင့်ဖြစ်နေသည်။သို့သော်..ခင်ဦး ထင်သလို အမေ့က ခင်ဦးကို မရိုက်ဘဲ ပြေးဖက်လာတာကြောင့် ခင်ဦး မျက်လုံးတို့ ဝိုင်းဆက်သွားရသည်။
"အမေ...''
"ညည်း..သိပ်မိုက်တယ် ခင်ဦး...တစ်လတွင်းလေး ပိန်သွားလိုက်တာ ကြည့်ပါဦး ခင်ဦးရယ်...ငါ တွေးဆထားသလို တကယ်ဖြစ်နေတာ မဟုတ်လား ခင်ဦးရဲ့...ညည်း ကလေးက ခင်ဦး ဂြိုလ်ဆိုးပဲ ခင်ဦး..ညည်း အဲ့ဒါကို သိရဲ့လား...လူ့လောကထဲတောင် မရောက်သေးဘူး အမေ့ကို နာကျင်စေတာ..''
"သမီးကလေးလေးကို အဲ့လိုမပြောပါနဲ့အမေရယ်...သမီးကိုပဲ ပြောပါနော်..ကလေးလေးကို အဲလိုမပြောပါနဲ့.. ''
ခင်ဦးကလေးလေးကို မကောင်းတဲ့စကားလုံးတွေနဲ့ မပြောဖို့ရာ အမေ့ကို လက်အုပ်ချီကာငိုကြွေးရင်း ပြောလိုက်၏။ခင်ဦး အမေ့ကို ငိုယိုပြီး ပြောနေသံကြောင့် ခင်ဦး ရိုက်ခံရသည် အထင်နဲ့..ပိုက်ပိုက်က အိမ်ပေါ်ကနေ ဆင်းလာပြီး ခင်ဦးကိုဖက်ပြီး အမေ့ကို ငိုပြီး မရိုက်ဖို့ပြောလာလေသည်။
"အမေ မခင်ကို မရိုက်ပါနဲ့နော်...ကိုကြီးဇေယျာမေမေကလည်း မခင်ကို ရိုက်နေတာ သားတွေ့ခဲ့တယ်..အမေ့ပါ ထပ်ရိုက်ရင် မခင်တအားနာနေမှာ...မခင်ကို မရိုက်ပါနဲ့.. မခင်အစား သားကို ရိုက်နော်...''
ခင်ဦးကို ကြီးကြီးဝင့်ဝါရိုက်တာကို ပိုက်ပိုက်က မြင်သွားတယ်ဆို၍ ရင်ထဲမှာ မကောင်းပေ။ခင်ဦးကြောင့် ဝမ်းနည်းသွားတဲ့ အမေနဲ့ပိုက်ပိုက်ကို သနားသည်။ကိုကိုကတော့ ခင်ဦးကြည့်ပြီး မျက်နှာမကောင်းတာကို ခင်ဦး မြင်တွေ့ရသည်။ခဏအကြာမှာ ပြတ်သားတဲ့အသံနဲ့ မေးလာတဲ့ ကိုကိုကြောင့် ခင်ဦး ဘာဖြေရမှန်းမသိပါ.။
"နင် ဘာလို့အရိုက်ခံပြီး နေနေတာလဲ ခင်ဦး...''
"ဟင်...''
ဒီတစ်ခါမှာတော့ ကိုကိုက ခင်ဦးကို စိတ်ပူတဲ့အရိပ်ယောင်လေးကို မြင်တွေ့ရပါသည်။သွေးက ရေထက်ပျစ်တယ်ဆိုတာ အမှန်ပင်ဖြစ်လိမ့်မည်။
"ငါမေးနေတယ်လေ.. ဘာလို့ အရိုက်ခံပြီး နေနေတာလဲလို့...''
"ကလေးလေးကြောင့်ပါ ကိုကို...သူ့ကို သမီးအသက်ရှင်ချင်တယ်...သမီးဆီကိုတောင် လမ်းလွဲပြီး ရောက်လာခဲ့သေးတာပဲ ကိုကိုရယ်..သမီး မကြိုဆိုရင် ကလေးလေး ဝမ်းနည်းသွားလေ..''
ခင်ဦးကလေးလေးအတွက် ကိုယ်ရောစိတ်ရောပါ နာကျင်ပါစေဦးတော့ အရာရာကိုရင်ဆိုင်ပြီး ကြိတ်ခံစားဖို့ အသင့်ပါပဲ..။ခင်ဦး ပြန်မယ်ဆိုတော့ ပိုက်ပိုက်က အပြန်နဲ့မခင်ဆိုပြီး ဖက်တွယ်ပြီး ဝမ်းနည်းတကြီး ငိုယိုသည်။ပြန်တာလာခဲ့ရတဲ့ ခင်ဦးလည်း မျက်ရည်နဲ့မျက်ခွက်ပါ။ခင်ဦးပြန်ရောက်တော့ ကြီးကြီးဝင့်ဝါ ပြန်မရောက်သေးတာ ခင်ဦးအတွက် ကံကောင်းသွားသည် ဆိုရမည်။
ဒီနေ့တစ်ယောက်ထဲ အိပ်ရတာဆိုတော့ ခံစားရတာ တစ်မျိုးကြီးပဲ ။တစ်ခုခု လစ်ဟာသွားသလို ဖြစ်ပြီး ဟိုလိမ့်ဒီလိမ့်နဲ့ အိပ်လို့မပျော်..။မျက်လုံးထဲမှာ ကိုကြီးဇေယျာကိုသာ ပြေးပြေးမြင်ယောင်နေတာက ဘာလို့မှန်းမသိ.။ခင်ဦး အိပ်မက်ရင်တော့ အိပ်မက်ထဲမှာ ကိုကြီးဇေယျာက ရှိမနေပါ။ကိုကြီးဇေယျာမရှိသလို ကောင်းတို့ အကြည်တို့ လုံးလုံးတို့ ဖိုးသားတို့ ကိုကို့တို့ ပိုက်ပိုက်တို့ အမေတို့လည်း ရှိမနေခဲ့ပါ.။ခင်ဦးကလေးလေးတောင်ခင်ဦးဗိုက်ထဲမှာ ရှိမနေဘဲ ခင်ဦးတစ်ယောက်ထဲ ကတ္တီပါပိုးသားပန်းရောင်ဝမ်းဆက်လေးနဲ့ တစ်ယောက်ထဲ ပျော်ရွှင်နေခဲ့တာ..ဒီညလည်း ဒီအိပ်မက်က ပြောင်းလဲမက်သွားခြင်းမရှိ မက်နေဆဲ...ခင်ဦး အိပ်မက်ထဲပျော်ရွင်နေလို့ စိတ်ဆွဲပြီး မက်သလားမသိတော့ချေ။
မနက်မိုးလင်း အိပ်ယာထပြီး အိပ်ယာတွေသိမ်းဆည်းပြီးတာနဲ့ အောက်ကိုဆင်းလာခဲ့သည်။မျက်နှာသစ်ပြီး ချက်ပြုတ်ပြီးတာနဲ့ ကောက်စိုက်သွားထို့ ပြင်ပြီး လယ်ထဲကို ထွက်လာခဲ့သည်။ထုံးစံအတိုင်း ခင်ဦးကိုသနားပြီး ခဏခဏနားခိုင်းပြီး ဝိုင်းကူစိုက်ပေးကြသည်။နေပူပူမှာ ပင်ပန်းစွာလုပ်ရသော်လည်း နွေးထွေးစွာ ဆက်ဆံနဲ့ သူတွေကြောင့် အိမ်မှာနေရတာထက် စိတ်သက်သာရာ ရတာတော့အမှန်ပေ။
တစ်နေ့တစ်နေ့ ကုန်သွားတာလည်း မြန်လိုက်တာ.. ဒီနေ့ဆိုရင် ကိုကြီးဇေယျာပြန်ရောက်တော့မယ်ဆိုတော့ ပျော်သလိုလိုရယ်... ။လယ်ထဲကို အပြုံးလွင်လွင်လေးနဲ့ ဆင်းလာတော့ ဒေါ်လေးစန်းနဲ့တချို့သူတွေကြည့်ပြီး ပြုံးကြသည်။
"ကလေးမ...ညည်းဘာလို့ နှိပ်စက်ခံပြီး ကိုယ့်ကိုအလိုမရှိတာကို ဘာလို့တွယ်ကပ်ပြီး နေနေရတာလဲအေ...''
"ကလေးလေးကြောင့်ပါ ဒေါ်လေးစန်းရယ်...''
"ညည်းအမေနဲ့အစ်ကိုလည်း ညည်းကလေးကို ဖျက်ချခိုင်းလို့မရတော့ဘူး..ကလေးက ရုပ်လုံးတောင်ပေါ်ပြီ...ကိုယ့်အိမ်ကိုယ်ပြန်ပါတော့လား ကလေးမရယ်...''
"တကယ်လား ဒေါ်လေးစန်း...သမီးအိမ်ပြန်လို့ ရပြီးလား...''
"တကယ်ပြောတာပေါ့အေ...ပိုက်ဆံအထုပ်လိုက်ချပေးရင်တောင် ညည်းဗိုက်ကို ဖျက်ချပေးပို့ ဘယ်သူမှ လက်မခံတော့ဘူးအေ့...''
ခင်ဦး အိမ်ပြန်လို့ရသွားပြီဆိုတာနဲ့ ပျော်သွားတော့သည်။ခင်ဦးသာ အိမ်ပြန်သွားရင် ပိုက်ပိုက် တအားပျော်နေတော့မှာ..။ခင်ဦး ကောက်စိုက်ဆင်းတာနဲ့ အမေ့အိမ်ကိုသာ အပြုံးလေးနဲ့တန်းပြန်သွားတော့သည်။အိမ်ရောက်တော့ အမေနဲ့ကိုကိုက လယ်ထဲကမတက်လာသေးဘူးထင်ရဲ့..ပိုက်ပိုက်တစ်ယောက်သာရှိသည်။
"ပိုက်ပိုက်''
"မခင်...သား မခင်ကို သတိရလို့ ငိုတာ နှစ်ရက်ရှိပြီ...ဒီတစ်ခါ ကိုကြီးဇေယျာတို့အိမ်ကို ပြန်မသွားလို့မရဘူး..''
"အင်း..မခင်မပြန်တော့ဘူးနော်..အိမ်ကိုအပြီးပြန်လာတာ ...ညကျရင် မခင်ပိုက်ပိုက်နဲ့အိပ်မယ်သိလား...အခု မခင်ရေချိုးဦးမယ်နော်...''
"ဟုတ်....''
ပျော်နေသော ပိုက်ပိုက်ကိုကြည့်ပြီး ခင်ဦးလည်းပျော်ရသည်။ရေမိုးချိုးပြီး သနပ်ခါရေကျဲလေးလိမ်းပြီး အမေ့အဝတ်အစားတွေကို ခင်ဦး ကပိုကယို ဝတ်ဆင်ထားလိုက်သည်။အမေနဲ့ကိုကိုရောက်တော့ ခင်ဦးကို မြင်ပြီး အံ့သြသွားလေရဲ့။ခင်ဦး အိမ်ပြန်လာတဲ့ အကြောင်းကို ပြောတော့ အမေက ခေါင်းငြိမ့်သည်။ကိုကိုက ကောင်းတယ်လို့ပြောပြီး နောက်ထပ်ဘာမှပြန်မပြောတော့ပေ။
အခန်းမှတ်ချက်များ (0)