"မင်းမျိုးဇေယျာ ငါ အဲ့မိန်းကလေးကို ချွေးမမတော်နိုင်ဘူး...အခုချက်ချင်း ပြန်ပို့လိုက်စမ်း...ငါ့မျက်စိရှေ့ကနေ ဒီမိန်းမကို ခေါ်ထုတ်သွားစမ်းပါ...''
"ဒီအခြေအနေကို နားလည်ပေးပါမေမေ...ဖိုးသား ခင်ဦးတို့အိမ်ကိုသွားပြီး သူမအဝတ်အစားတွေ ယူခဲ့ပေး...''
ဇေယျာ မေမေ့ကို မျက်လုံးအစုံနဲ့ စိုက်ကြည့်ရင်း အသံကို တိုးဖျော့ပေမဲ့ ပြတ်သားစွာ ပြောလိုက်၏။ပြီးနောက် အနားမှာ ရပ်နေတဲ့ ဖိုးသားကို လှည့်ကြည့်ပြီး ပြောလိုက်သေးသည်။
ဖိုးသားလည်း ခေါင်းငြိမ့်ပြပြီး ခပ်မြန်မြန် လှည့်ထွက်သွားသည်။မေမေကတော့ သူ့အနားက ခင်ဦးကို ဒေါသတွေနဲ့ ကြည့်နေဆဲ...။
"ဖြန်း...''
"အရှက်မရှိတဲ့ မိန်းမ...ညီမယူမယ့်ယောကျ်ားကို အပိုင်ကြံတဲ့ မိန်းမ...ညည်းရှက်တက်ရင် သေဖို့တောင်သင့်တယ်...''
ခင်ဦးပါးပြင်ပေါ်သို့ ရောက်ချလာတဲ့ လက်ဝါးသံနဲ့အတူ ဒေါသတကြီးနဲ့ ခင်ဦးရင်ကို နာကျင်တဲ့စကားလုံးတွေနဲ့ ထိုးနှက်ပြောဆိုသံက ထိုနေရာ၌ ပဲ့တင်ထပ်လျက်...။
ခင်ဦး မျက်ရည်တို့ရစ်ဝဲလာပေမယ့် မျက်တောင်တစ်ချက်မခတ်ဘဲ ကြောင်ပြီးကြည့်နေမိသည်။ရိုက်လိုက်တဲ့ အရှိန်ကြောင့် ပါးပြင်ဟာ ပူထူသွားပြီး နာကျင်သော်လည်း ရင်ကိုထိုးနှက်တဲ့စကားလုံးတွေက ရိုက်လိုက်တာထက် အစပေါင်းများစွာ နာကျင်ရသည်။
ခင်ဦး အဲလိုမလုပ်ခဲ့ဘူးဆိုတာ ကိုကြီးဇေယျာသိပါလို့ ခင်ဦးပြောချင်ပေမယ့် မပြောရဲတာကြောင့် နှုတ်ဆိတ်နေခဲ့သည်။ကြီးကြီးဝင့်ဝါကတောင် ခင်ဦးကို ဒီပြောတာ ပတ်ဝန်းကျင်ကရော ခင်ဦးကို အခုလိုပြောပြီး ကဲ့ရဲ့ကြမှာလား..။အထွေး..အထွေးပြန်လာလို့ ဒီအကြောင်းတွေ သိရင် ခင်ဦးကို အရမ်းမုန်းသွားတော့မှာ သေချာနေပါပြီ.. ။
မထင်မှတ်ထားတဲ့ အချိန်မှာပဲ မေမေက ခင်ဦးပါးကို ရိုက်လိုက်တော့သည်။မြန်ဆန် လွန်းလှတဲ့လှုပ်ရှားမှုကြောင့် ခင်ဦးကို အချိန်မှီ သူ့နောက်ကွယ်ဆီကို မပို့လိုက်ခဲ့နိုင်ပါ။ကြောင်အမ်းပြီးမေမေ့ကိုကြည့်နေတဲ့ သူမကို နောက်မရိုက်မိစေဖို သူမကိုယ်လေးကို သူ့နောက်ကို အမြန် ဆွဲပို့ကာ ကွယ်ထားလိုက်တော့သည်။
"ပြသာနာရဲ့အရင်းမြစ်က ကျွန်တော်ဖြစ်နေလို့ပါ မေမေ.. မေမေ ခင်ဦးကို လက်မခံနိုင်လည်း လက်ခံရတော့မယ်..ကျွန်တော် စိတ်ရှုပ်နေရတဲ့အထဲ မေမေကပါ ဒီလိုထပ်မလုပ်ပါနဲ့ဗျာ...''
ဘယ်အချိန်ထဲက ခြံထဲကိုရောက်နေမှန်းမသိတဲ့ အလုပ်သမားများက သူတို့တွေကို မျက်နှာပုံစံအမျိုးမျိုးနဲ့ ကြည့်လာတာကြောင့် ဇေယျာ စုတ်လိုက်ပြီး အပေါ်ထပ်ကို ခြေလှမ်းကျဲများဖြင့် တက်သွားသည်။ခင်ဦးလည်း ကိုကြီးဇေယျာနောက်ကနေ ထပ်ချက်တခွာ လိုက်သွားလိုက်သည်။
ခင်ဦး ကိုယ်ဝန်ရှိနေတဲ့သတင်းက လက်သည်ပြောလို့ တစ်ရွာလုံးကသိနေခဲ့ပြီး ကလေးအဖေဘယ်သူဘယ်ဝါဆိုတာကိုသာ မသိသေးတာ..အခု ခင်ဦးကို ကိုကြီးဇေယျာတို့အိမ်မှာ ရှိနေတာရယ်...ဖိုးသားကပါ အထုတ်ကြီးခြံထဲဝင်လာတော့ ကလေးအဖေဘယ်သူဆိုတာ သိသွားသည်ထင်ရဲ့..။
"ခွမ်း...''
"မင်းကြောင့် ငါ့ကို အလုပ်သမားတွေ ကြည့်တဲ့အကြည့်တွေကို မြင်ရဲ့လား ခင်ဦး...မင်းကြောင့် မနက်ဆိုရင် ငါ လူတွေရဲ့ ခနှဲ့တဲ့စကားလုံးတွေကို မကြားချင်မှအဆုံး ကြားရတော့မှာ သိလား...မင်းမရှက်ပေမယ့် ငါရှက်တယ်...''
ဒေါသတကြီး ရိုက်ခွဲလိုက်သည့် ဖန်ခွက်အက်ကွဲသံနှင့်အတူ ကိုကြီးဇေယျာထံမှ ထွက်လာသည့် စကားလုံးများက ခင်ဦး၏ နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားလိုက်ရသည်။ ခင်ဦး မျက်ရည်များ ဝဲတက်လာပြီး ရင်ဘတ်ထဲက ဆို့တက်လာသော်လည်း ချက်ချင်း ပြန်မပြောနိုင်ဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိသည်။ ခင်ဦးကြောင့် လူတကာ၏ ကဲ့ရဲ့ခြင်းကို ခံရတော့မည်ဟု တွေးကာ ဒေါသထွက်နေသည့် ကိုကြီးဇေယျာကို ကြည့်ပြီး ခင်ဦး ရင်ထဲတွင် ကြောက်စိတ်၊ ရှက်စိတ်နှင့် ဝမ်းနည်းစိတ်တို့ ရောပြွမ်းနေသည်။
ခင်ဦးကလေးလေးက အသက်ရှင်နိုင်ဖို့သာ ခင်ဦးအတွက် အရေးကြီးတာဖြစ်လို့ ခင်ဦး ရှက်ရွံ့ရင်တောင် ပတ်ဝန်းကျင်ကို မသိကျေးကျွန်ပြုပြီး နေမည်လို့ ဆုံးဖြတ်ထားသည်မို့ ဂရုမစိုက်နိုင်ပါ..။ပတ်ဝန်းကျင်ဆိုတာ ကဲဲရဲ့ခုနစ်ရက် ချီးမွမ်းခုနစ်ရက်တဲ့...ကြာသွားရင် သူတို့လည်း ပါးစပ်ညောင်းပြီးမပြောနိုင်သလို ထိုအကြောင်းကို မေ့ပျောက်သွားမှာလို့ ခင်ဦးတွေးလိုက်မိသည်။တကယ့်တကယ် ကိုကြီးဇေယျာပြောလာသည့် အချိန်မှာတော့ ခင်ဦး ရှက်မိတယ်။ခင်ဦးကို ဒေါသထွက်နေတဲ့ ကိုကြီးဇေယျာ ရိုက်မှာကိုလည်း ကြောက်မိတယ်။
"ကိုကြီးဇေယျာ..ခင်ဦး..!!''
ခင်ဦး စကားပင် ဆုံးအောင် မပြောရသေးခင်မှာပဲ အောက်ထပ်မှ ခြေသံပြင်းပြင်းနှင့်အတူ အပေါ်ကို အထုပ်ဆွဲပြီးတက်လာခဲ့တာကြောင့် ခင်ဦး ဆက်မပြောတော့ပေ။ ဖိုးသား ပြင်ပေါ်မှာ ပျက်စီးနေသည့် အခြေအနေနှင့် မျက်ရည်ဝဲနေသည့် ခင်ဦးကို တစ်လှည့်..ဒေါသထွက်နေသည့် ဇေယျာ့ကို တစ်လှည့် ကြည့်လိုက်ပြီးနောက် အထုပ်ကို ကြမ်းပြင်ပေါ် ဘုန်းခနဲ ချပြီး အောက်ကိုပြန်ဆင်းသွားတော့သည်။
ဇေယျာ သူအိပ်ယာထဲဝင်တော့ ခင်ဦးက ခြင်ထောင်အပြင်မှာ ငုတ်တုတ်လေး ထိုင်နေဆဲ။မှောင်မှောင်မဲမဲ ခြင်ကိုက်ကိုက်နဲ့ အချိန်ကြာရှိနေတာကြောင့် အသံမာမာနဲ့ ခေါ်လိုက်ရသည်။သူမှမခေါ်ရင် တစ်ညလုံး အပြင်မှာ ခြင်ကိုက်ကိုက်နဲ့ ငုတ်ထုတ်မလား မသိ..။
"ဒီကိုလာခဲ့...''
"ရတယ်...''
"လာခဲ့ဆို လာခဲ့...''
"ဟုတ်...''
ခင်ဦး ကိုကြီးဇေယျာခေါ်လိုက်တာနဲ့ ခြင်ထောင်ထဲကို ဝင်လိုက်သည်။ခြင်ထောင်ဘေးလေးကပ်ကြီး ကိုကြီးဇေယျာကို ကျောဘေးပြီး မျက်လုံးလေးမှိတ်ထားလိုက်တော့သည်။
ခင်ဦး ကလေးလေးအတွက် ခင်ဦးကို မနှစ်မြို့သည့်အကြည့် နှိမ့်ချသည့်စကားတွေနဲ့ နှင်လွတ်တာတောင် ခင်ဦးမပြန်ဘဲ အရှက်တရားမရှိတဲ့သူတစ်ယောက်လို ဖက်တွယ်နေခဲ့သည်။မနက်မိုးလင်းတော့ ထိုသတင်းက တစ်ရွှာလုံးပြန့်နှံ့သွားခဲ့သည်။အရပ်ကလာတဲ့စကားတွေဟာ ခင်ဦးမကောင်းမဟုတ်ဘဲ ကိုကြီးဇေယျာကို ထိမှန်တာကြောင့် ကိုကြီးဇေယျာက ထိုနေ့စပြီး ခင်ဦးကို မုန်းသတဲ့မုန်းလာခဲ့သည်။
ဘာလို့ လူတိုင်းက ခင်ဦးကို မလိုချင်ကြတာလဲ..၊ဘာလို့ ခင်ဦး မစင်လို ရွံရှာမုန်းတီးနေကြတာလည်းဆိုတာ ခင်ဦးသိချင်မိပါရဲ့...။ခင်ဦး ဝမ်းနည်းတဲ့အချိန် ကောင်းကိုသိပ့်သတိရပဲ..၊ကောင်းရေ ငါ အရမ်းပင်ပန်းနေပြီ သိလား...၊ငါ့အတွက်အသက်ရှင်ရတာ အရမ်းခက်ခဲတာပဲဟာ..။ငါ့ကလေးလေးကြောင့်သာ မရှိမယ့်ရှိမယ့်အားတွေနဲ့ တောင့်ခံထားရတာ..တစ်ခုတစ်လေ လွတ်ချချင်နေပြီ ။
"မကြီးခင်ဦး.. စားလို့မကောင်းဘူးလား...ငါးကြော်စားမလား...ကျွန်တော်စားချင်လို့ဆိုပြီး သွားတောင်းလိုက်မယ်လေ...''
"နေပါ ဖိုးသားရယ်...ဖိုးသားက မကြီးကို မမုန်းဘူးလား...''
"မမုန်းပါဘူး မကြီးခင်ဦးရာ...ကျွန်တော်က မကြီးခင်ဦးကို သနားတောင်သနားသေးတယ်...ကလေးလေးမွေးပြီးသွားရင် ဒီမှာလည်းမနေနဲ့ ရွှာမှာလည်း မနေနဲ့ ဟိုးအဝေးကြီးကို ထွက်သွား သိလား မကြီးခင်ဦး...''
"အင်း''
ခင်ဦးအနားမှာ ကောင်းမရှိတဲ့အချိန် ကောင်းနဲ့တူတဲ့ဖိုးသားရှိနေတာက ခင်ဦးအတွက် အားလေးတစ်စက်ဖြစ်သည်။ဖိုးသားပြောသလို ကလေးလေးမွေးပြီးသွားရင် အိပ်မက်တွေထဲကလို ဟိုးဝေးကြီးကို ထွက်သွားလိုက်ရမလား တွေးမိရဲ့..။အိပ်မက်ထဲကလို မဟုတ်ရင်တောင် ကိုကြီးဇေယျာကို ပေးထားတဲ့ ကတိအတိုင်း ခင်ဦးထွက်သွားရမှာမဟုတ်လား...။
သဘောကောင်းပြီး ကြင်နာတက်တယ်လို့ ထင်မိတဲ့ ကြီးကြီးဝင့်ဝါက ခင်ဦးကို ချွေးမတော်ရမည့်အချိန်ကနေ တခြားသူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။အမေ ကိုကို့ကို ပြောပြတဲ့ စကားတွေကိုကြားယောင်ပြီး အမေ့စကားတွေကို ခင်ဦး နားလည်လာတယ်။အမေကြိုသိနေခဲ့တာလား..။
"သူငယ်ချင်းတွေဆုံမှ သောက်တက်တဲ့ ငါ့သားက အခုညည်းကြောင့် အရက်တွေနေ့တိုင်းသောက်တက်နေပြီ...ငါ့သား ညည်းကြောင့် အရက်သမားဖြစ်တော့မယ်...''
ကြီးကြီးဝင့်ဝါပြောတာ မှန်ပါသည်။အခုဆိုကိုကြီးဇေယျာက အရက်တွေနေ့တိုင်း သောက်တယ်..။တစ်ခါတစ်လေ ကိုကိုနဲ့လိုက်ပြီး ကြက်တိုက်သေးတယ်..။
"ထမင်းဝိုင်း ပြင်ပေးထားလိုက်...ငါ့သားမလာမချင်း မအိပ်နဲ့...''
"ဟုတ်...''
ခင်ဦး ထမင်းဝိုင်းပြင်ပြီး အပေါက်ဝမှာ ထိုင်ပြီး ကိုကြီးဇေယျာကို ထိုင်စောင့်နေရသည်။တစ်နေ့လုံး လယ်ထဲမှာ မြက်ဆည်ထားရတာဆိုတော့ ကိုယ်လက်တွေနာပြီး အိပ်ချင်လာသည်။
မှေးစင်းနေတဲ့ မျက်လုံးတွေကို မအိပ်မိအောင် မနည်းပြူးထားရသည်။ခြံထဲဝင်လာသည့် ကိုကြီးဇေယျာရဲ့ အရိပ်လေးကိုမြင်တော့ ထိုင်ရာကနေ ထလိုက်သည်။
"ထမင်းဝိုင်းပြင်ထားတယ်...''
"မစားဘူး...''
ခင်ဦး ကလေးလေးမွေးပြီးသွားရင် ကိုကြီးဇေယျာမျက်နှာကိုတောင် မကြည့်ဘဲ တိတ်တိတ်လေး ထွက်သွားမှာပါ..။ခင်ဦးလည်း အမုန်းတွေပြည့်နှက်နေတဲ့ ဒီနေရာမှာ မနေချင်ပါတော့ဘူး။မျက်တို့မှိတ်ထားတဲ့ ကိုကြီးဇေယျာရဲ့ မျက်နှာကိုကြည့်ပြီး ခင်ဦး စိတ်ထဲကနေ စကားတွေပြောမိတယ်...။
မနက်မိုးလင်းအိပ်ရာထတော့ ခင်ဦးကိုယ်လေးက ကိုကြီးဇေယျာရဲ့ ရင်ခွင်ထဲရောက်နေတာကြောင့် ကိုကြီးဇေယျာနိုးမရအောင် ထရပြန်သည်။ညဘက်အိပ်ရင် တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းပြီး အလယ်မှာ နေရာအများကြီးလွတ်နေတာကို မနက်ထတဲ့အချိန်တိုင်း ခင်ဦးက အမြဲတမ်း ကိုကြီးဇေယျာရဲ့ ရောက်ရောက်နေသည်။ဘာကြောင့် ရောက်ရောက်သွားလည်း စဥ်းစားလိုက်တိုင်း မဖြေကမထွက်..။
အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ အလုပ်သမားတွေအတွက်ပါ ထမင်းချက်ရသည်။တစ်ပြည်ခွဲအိုးကို ခင်ဦး မနိုင်မနင်းငှဲ့ရသည်။လူအများစာ ဟင်းချက်ရတဲ့အခါလည်း အစအဆုံးကို ခင်ဦးတစ်ယောက်ထဲသာ ချက်ပြုတ်ရသည်။ဖိုးသားပြောတာကတော့ အရင်က အလုပ်သမားတွေအတွက် ချက်ပြုတ်ဖို့က ဒေါ်လေးစန်းနဲ့မကြီးခိုင်လေးတို့ တာဝန်တဲ့...။လယ်ထဲ ထမင်းချိုင့်ပို့တာက ဖိုးသားအလုပ်တဲ့...။အခုတော့ အလုပ်တွေအားလုံးက ခင်ဦး တာဝန်တွေဖြစ်လေရဲ့..။
အိမ်မှာတုန်းက ဒီမှာလောက် မပင်ပန်းပါ..။တွေးရင်းတောင် အမေကိုသတိရမိသည်။ခင်ဦးမရှိတော့ အိမ်အလုပ်တွေ လယ်ထဲကိစ္စတွေ အမေတစ်ယောက်ထဲ တအားပင်ပန်းနေမှာပဲလို့ တွေးပြီး ရင်ထဲမကောင်းပါ..။ပိုက်ပိုက်ရော အခုတစ်ယောက်ထဲအိမ်နေရတော့ ကြောက်နေမလားဆိုပြီး ဝမ်းနည်းရပြန်သည်။
ခင်ဦး ချက်ပြုတ်ပြီးတာနဲ့ အလုပ်သမားတွေကို အစာပြေဆာ သွားပို့ရသည်။ပြန်လာတဲ့ လမ်းမှာ မိုးအနည်းငယ်မိလာတာကြောင့် ဆံပင်တွေ မိုးမိလာတော့သည်။အိမ်ပြန်ရောက်တာနဲ့ တင်းပါကျော်တဲ့ ဆံနွယ်ရှည်တွေကို ကိုကြီးဇေယျာရေလဲပုဆိုးလေးနဲ့သုတ်ရသည်။ခင်ဦးအနားမှာရှိတဲ့ ဖိုးသား စိတ်ပျက်သလို အသံနဲ့ ဆိုလာတဲ့အခါ ခင်ဦးပြုံးလိုက်သည်။
"ဘာလို့ အရှည်ကြီး ထားထားတာလဲ မကြီးခင်ဦး..မိုးတွင်းဘက် ဆံပင်တွေမခြောက်ရင် စိတ်ညစ်စရာကြီးဗျာ...''
"အဟင်း...ကောင်းက မကြီးကို ဆံပင်ရှည်ထားခိုင်းလို့လေ...မကြီးက ဆံပင်ရှည်နဲ့လှတယ်တဲ့..ပြီးတော့ ကောင်းက မကြီးဆံပင်ကမွှေးလို့ နမ်းရတာကြိုက်တယ်တဲ့ ဖိုးသားရဲ့..အဲ့ဒါကြောင့် မညှပ်ရက်ဘူးရယ်...''
အခန်းမှတ်ချက်များ (0)