Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၂၁

"ကောင်း မျက်နှာကြီး မှုန်သုန်နေပါရောလား..ဘာကို အလိုမကျနေတာလဲဟယ်...''

ကျစ်!..ကောင်း မကျေမနပ်ဖြစ်ကာ စုတ်သတ်လိုက်၏။

"ဘာလို့လဲလို့ ငါတို့မေးတာကို ဖြေစမ်းပါ..ကိုကြီးဇေယျာကြောင့် မဟုတ်လား..ငါတို့ကို စိတ်အနှောင့်အယှက်ဖြစ်ရအောင် လုပ်တဲ့သူဆိုလို့ သူပဲရှိတာ...ငါပြောတာ မှန်တယ်မလား ကောင်းမြန်မြန်ပြောစမ်းပါဟယ်..ငါအရမ်းသိချင်နေပြီ..''

"အင်း..''

ကောင်း မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။အကြည်ကတော့ သူ့ကိုကြည့်ပြီးရင်းပင် သက်ပြင်းလေးရှိုက်ချရင်း

"ခင်ဦးကြောင့်မဟုတ်လား..ခင်ဦးကလေ အသက်ကြီးလာမှ ကိုကြီးဇေယျာကို ပိုကြောက်လာသလိုပဲ...သူ့ကို အားမရလိုက်တာဟယ်...''

"ဟုတ်တယ်အကြည်.နင်ပြောတာ မှန်တယ်.. အခုဆို ကိုကြီးဇေယျာက ရွာကျောင်းမှာပဲတာဝန်ကျဆို ..ခင်ဦးအတွက် ငါတော့ ရင်လေးတယ် သိလား...''

လုံးလုံးကပါ အကြည့်အပြောကို ထောက်ခံလာသည်။

အကြည်နဲ့လုံးလုံးကပါ ခင်ဦးကို စိတ်မချကြောင်း ပြောလာတော့ ကောင်း ရင်ထဲမှာ ခင်ဦးကို စိုးရိမ်ပူပန်မှုတွေက အဆိုင်အခဲတစ်ခု ဖြစ်လာတော့သည်။ခင်ဦးကို စိတ်မချနိုင်ဖြစ်နေသည့် သူ့စိတ်တွေက ညဖက်တွေ နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်မပျော်နိုင်တာ သူသာအသိဖြစ်လေ၏။

"ဘာတွေများ ငါ့အတွက် ရင်လေးနေတာလဲ ..ပြောစမ်းပါဦး..''

သူတို့နောက်ကနေ ရုတ်တရပ် ထွက်ပေါ်လာသော အသံအေးအေးကြောင့် ကောင်းတို့တွေ လှည့်ကြည့်ရင်း အကြည်နဲ့လုံးလုံးကတော့ နင့်အကြောင့်ပေါ့ ခင်ဦးရယ်လို့ ပြိုင်တူ ပြောလိုက်ကြသည်။ကောင်းကတော့ ခင်ဦးကို ကြည့်ပြီး မလှုပ်မရှပ်တဲ့ တစ်သားတည်း ဖြစ်နေသော ကျောက်သားတိုင်ပြီး ပမာ သက်ပြင်းသာ အကြိမ်ကြိမ် ရှိုက်ချသည်။

"နင့်ကြောင့်ပေါ့ ခင်ဦးရယ်..ကိုကြီးဇေယျာက နင့်ကို အနိုင်ကျင့်တော့မှာကို တွေးပြီး ရင်လေးနေရတာဟေ့...အသက်တွေတောင် အိုစာတော့မယ် သိလား..''

"ဆံတော့မဖြူသေးဘူးမလား..အဲ့ဆိုရင် မအိုစာလောက်သေးပါဘူး..ဟဲ့..ဟဲ့..ကောင်း အသက်မှရှိသေးရဲ့လား..စကားလည်းမပြောဘူးတော်...''

ခင်ဦး အကြည်နဲ့လုံးလုံးကိုပြောရင်း ကောင်းကိုလည်း စနောက်လိုက်သေးသည်။

"ငါ... မင်းမျိုးဇေယျာကို မကျေပ်နပ်ဘူးဟာ..

ငါ အောက်ကျို့ခံပြီး နင့်ကို အနိုင်မကျင့်ဖို့ သူ့အိမ်ကို သွားပြောတာကို..သူ့က နင့်ကိုမြင်တာနဲ့ အနိုင်ကျင့်ချင်တာတဲ့...စောက်ခွက်ကို သုံးလေးချက်လောက် ဆင့်ထိုးလိုက်ချင်တာ..''

"နင် မထိုးလာခဲ့ဘူးမလား..အဲ့ဆိုရင် ပြောမနေနဲ့ နင်လည်း သူ့ကို ကြောက်နေသေးတာပဲကို..''

"ကြောက်စရာလား အကြည်..ကလေးတုန်းကပဲ ကြောက်မယ်..အခုမကြောက်တော့ဘူးစိန်ခေါ်ပြီးတောင် ထိုးရဲတယ်..''

"ကောင်းပြောတာ ဟုတ်တယ်..အခု ကောင်းကသူနဲ့ရွယ်တူဖြစ်နေပြီ..သူ့ကို ကြောက်စရာလား အကြည်ရယ်...နင်နဲ့ငါတောင် သူ့ကိုအရင်လို ကြောက်တော့လို့လား...မကြောက်တော့ဘူးလေဟယ်..ခင်ဦးသာ ကြီးလေကြောက်လေဖြစ်နေတာ..အဲ့တော့ ဟိုက ပိုယောင်းတက်တာပေါ့..''

"ကိုကြီးဇေယျာက နင်တို့ကို ဘာမှမလုပ်ဘူးလေ...မျက်ထားတည်တည်နဲ့ပဲ ကြည့်တာလေ..ငါ့ကို အဲ့လိုမှမဟုတ်ဘဲ..သူ့ညီမလည်း မဟုတ်ဘဲနဲ့ ဆူတယ်..ဆံပင်တွေစောက်စောင့်ဆွဲတယ်..နဖူးတွေတောက်တယ်..ကြောက်စရာ မျက်လုံးနဲ့ကြည့်တာ..ငါ မကြောက်ဘဲ နေပါ့မလား..''

လုံးလုံး သူမစကားပြောမှားသွားမှန်း သိလိုက်တာကြောင့် ခင်ဦးကို ဖက်တွယ်လိုက်ပါတော့သည်။ထို့နောက့် အကြည်နဲ့ကောင်းကပါ ခင်ဦးကို ဝိုင်းဖက်ကြ၏။

တပေါင်းကူးလို့တခူးရောက်လာခဲ့ပြီ။ငုဝါပန်းတွေလည်း ဝါဝါထိန်အောင် ပွင့်လာကြသည်။ပိတောက်တို့ကတော့ မိုးရေမသောက်ရသေးသဖြင့် ဖူးငုံလေးအဖြစ်သာ ရှိနေကြသည်။သင်္ကြန်မကျသေးသော် ကလေးတွေကတော့ ပျော်နေကြသည်။

"ကောင်း ပိတောက်ပန်းပွင့်ရင် ခူးပေးနော်..''

"မိုးရွာပါစေသားလို့ ဆုတောင်းလိုက် ခင်ဦး..ပွင့်တာနဲ့ ငါခူးပေးမယ်..''

"အင်း.''

သင်္ကြန်ကို မျှော်နေတဲ့ ရက်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။

အကြိုနေ့မတိုင်ခင်ရက်မှာ သင်္ကြန်မိုးက ရွာတော့ နောက်မနက်မှာ ပိတောက်ပင်တိုင်းမှာ အပွင့်တွေထိန်ထိန်တောက်ပြီး ဝေဆာနေသလို မွေးရနံ့ကလည်း သင်းပျံ့လျက် လှိုင်လှိုင်ကြူနေတော့သည်။

"မခင်..မခင်ရေ..''

"ဟယ်..ပိတောက်ပန်းတွေ အများကြီးပါလား ပိုက်ပိုက်..''

"ရှော့.. မခင်အတွက်..သား ပြန်သွားတော့ပြီနော်..''

ခင်ဦး ပိတောက်ပန်းတွေကို နမ်းပြီးမှာ ပန်းခက်လေးသုံးလေးခက်ကို ဖဲ့လိုက်ပြီး ဆံထုံးဘေးမှာ ထိုးပန်လိုက်သည်။ကောင်းကလည်း ပိတောက်ပန်းတွေ လာပေးမှာ ဖြစ်သလို ရေလောင်းမှာလည်း သေချာသည်။

"ခင်ဦး..အထွေးလေးရော..''

"အိမ်ထဲမှာရှိတယ်...''

ကိုကြီးဇေယျာက အထွေးအတွက် ပိတောက်ပန်းတွေ လာပေးတာဖြစ်သည်။ခင်ဦးလည်း ပိုက်ပိုက်ပေးသွားတဲ့ ကျန်တဲ့ပန်းတစ်ချို့ကို

စက်ခုံလေးပေါ်မှာ တင်ထားလိုက်၏။အထွေးကတော့ ကိုကြီးဇေယျာပေးတဲ့ ပိတောက်ပန်းလေးကို နားမှာပန်လိုက်၏။အထွေးကိုကြည့်ပြီး ခင်ဦး ပြုံးလိုက်သည်။ထိုအခါ ကိုကြီးဇေယျာက ခင်ဦးကို ကြည့်နေ၍ မျက်နှာလွဲပြီး လမ်းဝထွက်ပြီး ကောင်းတို့ကို မျှော်နေလိုက်၏။

"ကိုယ်ကိုယ်တိုင် ခူးပေးတဲ့ ပိတောက်ပန်းတွေနဲ့ လှနေလိုက်တာ...''

"မဟုတ်ဘဲနဲ့...''

ဇေယျာ ပြုံးလိုက်သည်။ထို့နောက် ရေအိုးကနေ ရေခွက်အပြည့်ခပ်ပြီး မျှော်တော်ယောင် လုပ်နေသည့် သူမလေးကို ရေလောင်းလိုက်၏။

"ဟင်..''

ရုတ်တရပ် ရေလောင်းခံလိုက်ရတာကြောင့် ခင်ဦး နောက်ကိုလှည့်လိုက်၏။ကောင်းမဟုတ်ဘဲ ကိုကြီးဇေယျာ ဖြစ်နေသည်။

"ဘာလဲ..မကျေနပ်ဘူးလား..''

"ဟင့်အင်း..''

ခင်ဦး ခေါင်းရမ်းပြလိုက်သည်။ထို့နောက် အိမ်ပေါ်ထက်လာခဲ့ပြီး အိမ်ခန်းထဲကိုဝင်ပြီး အဝတ်အစားလဲလိုက်တော့သည်။

ကောင်းပြောသလို ကိုကြီးဇေယျာကို ဝေးဝေးကရှောင်က အကောင်းဆုံးဖြစ်သည်။အတာအိုး သွားခူးဖို့ ကောင်းတို့အလာကို ကွပ်လေးမှာ ထိုင်ပြီး စောင့်နေရသည်။

"စောင့်နေရတာ ကြားသွားလား ခင်ဦးငါတို့နည်းနည်း နောက်ကျသွားတယ်..''

"ကြာတာပေါ့..''

"ငါ နင့်အတွက် အပင်ပေါ်ပန်းတက်ခူးနေလို့ပါဟာ..ဒါနဲ့ နင့်ခေါင်းကပန်းတွေ ဘယ်ကရတာလဲဘယ်သူပေးတာလဲ..''

"ပိုက်ပိုက်ပေးတာပါ ကောင်းရယ်..ငါ့ကို ဘယ်သူကပေးမှာလဲ..ပေးမယ့်ပေး အကြည်နဲ့လုံးလုံးကိုပဲ ပေးကြမှာပေါ့ မဟုတ်ဘူးလား..ပြော..''

"ငါတို့ကို ဘယ်သူမှ မပေးဘူး...ကောင်းကို သူငယ်ချင်းတော်ထားရလို့သာ ပန်တာဟေ့..ကဲပါ..အတာအိုးခူးရင်း ဆက်ပြောကြတာပေါ့..''

ခင်ဦးတို့လေးယောက် အတာအိုးခူးဖို့အတွက် ကန်ဘက်ကို ထွက်လာခဲ့ကြသည်။ထိုနေမှာ ကလေးလူကြီး အတာအိုးထိုးဖို့အတွက် ခူးနေကြ၏။ကန်ဘောင်ရိုးရှိ ဇီးပင်နဲ့တမာပင်ပေါ်ကို ကောင်းကတက်ခူးသည်။ခင်ဦးတို့သုံးယောက်ကတော့ မြေစာခူးသည်။မာကာလာ သပြေ ဒန်း အုန်းညွန့်တိုကတော့ အိမ်တိုင်းလိုလိုမှာ ရှိတက်ကြ၏။

ကလေးတွေက လူစုံတဲ့နေရာမှာ နို့ဆီခွက်တွေနဲ့ ရေပက်ကြလေသည်။ပျော်ရွင်နေတဲ့ ကလေးတွေကြောင့် ခင်ဦးပြုံးလိုက်သည်။ပိုက်ပိုက်ကတော့ မခင်ကိုလောင်းလောင်းဆိုပြီး ကလေးတွေကို ပြောတော့ ကလေးတွေက ခင်ဦးကိုစုပြီး ရေပက်ကြသည်။

"ပိုက်ပိုက် နင့်ကို အိမ်ရောက်မှ နာနာရိုက်ပစ်မယ်..''

"ဒါ သင်္ကြန်နော်..စိတ်ဆိုးရင် သိကြားမင်းက ခွေးသရေနဲ့ မခင် နာမည်ကို မှတ်သွားလိမ့်မယ်..''

ပိုက်ပိုက်ပြောတာကို ကောင်းရယ် အကြည်နဲ့လုံးလုံးက ဟားတိုက်ရယ်ပါတော့သည်။ခင်ဦးကတော့ လျှာထွက်ပြောင်ပြီး ရေဆော့နေသည့် ပိုက်ပိုက်ပြီး ရယ်မောလိုက်မိသည်။တချိန်က ခင်ဦးတို့ ပြောခဲ့တဲ့ စကားတွေလေ..။

"ငါတောင် နင့်ကို ရေမလောင်းရသေးဘူး...ကလေးတွေက စျေးဦးဖောက်သွားတယ်..တော်တော်ဆိုးတဲ့ ကလေးတွေပဲသင်္ကြန်ပြီးမှ ထုပစ်ဦးမယ်..''

ခင်ဦး ကောင်းကို ကြည့်ရင်း ခေါင်းလေးညိတ်ရင်း အဲ့ဆို ကိုကြီးဇေယျာကို ထုရမှာလို့ စိတ်ထဲကနေ ပြောမိသည်။

သင်္ကြန်လေးရက်ကလည်း ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ပြီ။ကောင်းတို့လည်း မြို့ကို ကျောင်းပြန်တက်ရင် ခင်ဦး သူတို့နဲ့ လွမ်းရစ်ကျန်ခဲ့တော့ရမည်။ အလွမ်းတွေကို ရင်ဝယ်ပိုက်ပြီး တစ်ယောက်တည်း နေရဦးမည်။

"ကောင်း..နင် ကျောင်းပြီးလို့ ဆရာဖြစ်ရင်လည်း အဝေးကို တာဝန်ကျနိုင်တယ်နော်..ငါတို့တွေ ငယ်ငယ်ကလို ဆုံနိုင်ဖို့က အသက်ကြီးလာတာနဲ့အမျှ ဝေးကွာသွားမှာပဲနော်..''

"မဟုတ်တာဟာ..မင်းမျိုးဇေယျာတောင် ရွာမှာ တာဝန်ကျသေးတာပဲ..ငါ့အလှည့်ကျရင်ကျမှာပေါ့ဟ..''

"အင်း..ဒါနဲ့ နောက်နှစ်ကျရင် ငါတို့လေးယောက် ကျိုက်ခေါက်ဘုရားပွဲသွားကြမလား..ဟင်..ငါ ရောက်ဖူးချင်လို့ပါ..''

"ငါက နင်နဲ့အတူ ရွှေတိဂုံဆရားဖူးချင်တာ..ကျိုက်ခေါက်ဘုရားတော့ မသွားနဲ့နော်ရှင်မွေးလွန်းနဲ့မင်းနန္ဒာတို့ အကြောင်းကို နင် သိတယ်မလား...အဲ့ဒါကြောင့် ငါတို့ ရွှေတိဂုံဘုရားပဲ သွားဖူးကြမယ်နော် ခင်ဦး.''

"အေးပါ..ငါနဲ့မှအတူတူသွားမယ်နော်..သုံးယောက်ထဲ အရင်မသွားနှင့်နဲ့နော်..''

"ကတိပေးတယ်.''

ကောင်း ခင်ဦးရဲ့ ဆံပင်လေးကို နမ်းလိုက်၏။

"ဆံပင်တွေ မညှပ်ပစ်နဲ့နော် ခင်ဦး..နင်က ဆံပင်ရှည်လေးနဲ့ လှတယ်..ငါ ဒီတစ်ခေါက် ပြန်လာရင် ဆံထိုးလေးတွေ အများကြီး ဝယ်ခဲ့မယ်...''

"အင်း..''

ကောင်း နေ့ရက်တိုင်း ခင်ဦးဆီကို အမြဲလာသည်။ခင်ဦးတို့အိမ်ကိုလာတိုင်း ဇေယျာ့ကို တွေ့ရတက်တာကြောင့် မကျေမနပ်ဖြစ်ရသည်။သူရှိတဲ့အခါ ခင်ဦးကို တစ်ခုပြီးတစ်ခု ခိုင်းတက်သည်။ဒေါ်လေးနဲ့ကျော်ကျော်ဦးက ဇေယျာ့ကို ကြည်ဖြူနေတာကြောင့် သူ့မှာ ခင်ဦးကို မကာကွယ်နိုင်ဘဲ နှုတ်ဆိတ်နေခဲ့ရသည်။

မြို့တက်ဖို့ နီးကပ်လာတဲ့ ရက်တိုင်းမှာ ပျော်ရွင်မှုမရှိပါလေ။ခင်ဦးကို စိတ်ပူသည့် စိတ်တွေကသာ ကြီးစိုးနေတော့သည်။ဖေဖေနဲ့မေမေကို ပြောပြီး ခင်ဦးကို တောင်းခိုင်းရအောင်လည်း ခင်ဦးကို ချစ်စကားဖွင့်မပြောသေးတာကြောင့် မဖြစ်နိုင်သေးပေ။

"ငါ နင့်ကို စိတ်မချဘူး ခင်ဦးရယ်...နောက်နှစ်ရက်ဆိုရင် ငါတို့မြို့ကိုသွားရတော့မယ်...နင့်ကို စိတ်မချတာထက် စိတ်ပူတာ သိလား..''

"ကိုကြီးဇေယျာနဲ့ မတွေ့မိအောင် နေပါ့မယ်..စိတ်မပူနဲ့နော်..အထွေးလည်းမရှိမှတော့ အခုလို ချောင်းပေါက်မတက် မလာတော့ပါဘူး ကောင်းရယ်..နောက်ပြီး

သူလည်း စာသင်ရတော့မှာမဟုတ်လား...''

"ဟုတ်တယ် ကောင်း..ခင်ဦးပြောတာ မှန်တယ်... ခင်ဦးကို အနိုင်ကျင့်ဖို့ သူ့မှာ အချိန်မရှိတော့ပါဘူးဟယ်စိတ်မပူနဲ့တော့..''

"အင်း..''

ထိုနေ့ကစပြီး ခင်ဦးလည်း အထွေးအတွက် အခြောက်အခြမ်းလေး လုပ်ပေး..သွားဖို့ ပြင်ဆင်ပေးနေတာနဲ့ ကောင်းတို့နဲ့လည်း မတွေ့ဖြစ်တော့ပါ။သူတို့လည်း သွားဖို့ ပြင်ဆင်နေရတာနဲ့လည်း မအားတော့ ခင်ဦးဆီလည်း မလာဖြစ်ပေ။သွားမယ့်နေ့ကြတော့ လေးယောက်လုံး လှည်းတစ်စီးထဲ သွားမှာဆိုတော့ အထွေးကို လိုက်ပို့ပေးသည်။

"ခင်ဦး ငါတို့ သွားပြီနော်...''

"ငါမှာ နင်မမေ့နဲ့နော် ခင်ဦး..''

"အင်း..''

ခင်ဦး လှည်းပေါ် ကောင်းတို့တွေကို ပြုံးပြရင်း လက်ကာပြလိုက်သည်။တို့နောက် တဖြေးဖြေးနဲ့ မျက်ရည်တို့ကြောင့် ကောင်းတို့ကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။

« ရှေ့အခန်း - အပိုင်း၂၀ နောက်အခန်း - အပိုင်း ၂၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ