ကောင်း အလှူသွားတဲ့နေ့ထဲက ခင်ဦးနဲ့စကားအေးအေးဆေးဆေးမပြောရတာ လေးရက်ငါးရက်လောက် ရှိနေတာကြောင့် ယာအလုပ်တွေ အကုန်လုံးပြီးသွားပြီဖြစ်၍ ခင်ဦးတို့ အိမ်ကိုထွက်လာခဲ့သည်။သူ့ကိုတွေ့တာနဲ့ ပိုက်ပိုက်က ခင်ဦးကိုအော်ခေါ်ပြီး သူလာကြောင်းပြောလိုက်တော့သည်။
"မခင်ရေ..ဒီမှာ ကိုကြီးကောင်းကောင်း လာလည်တယ်...''
မီးဖိုတဲထဲကနေ ဇွန်းခွက်ကြီး ကိုင်ပြီး ထွက်လာသည့် ခင်ဦးပုံစံကို ကြည့်ပြီး ကောင်းရယ်မိသည်။ခင်ဦးရယ် ငါ့ အိမ်ရှင်မလေး ဖြစ်လိုက်ပါတော့လား ဟု ကောင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။
"ကွက်ပျစ်မှာ ထိုင်ဦးနော် ကောင်း...ငါ ဟင်းချက်နေလို့..နင် မပျင်းရအောင် ပိုက်ပိုက်နဲ့စကားပြောနေလိုက်ဦး ..''
"အေးပါ.နင်သာအေးဆေးလုပ်နော်...ကြာလည်းဘာမှမဖြစ်ဘူး..''
"အင်း..ဒါနဲ့ ဟိုနှစ်ယောက်ရော ဒီတစ်ခါ မပါလား..''
"ဟုတ်တယ်...သူတို့အလုပ်မအားလို့နေမယ်..ငါကအားနေတော့ နင့်ကိုတွေ့ချက်တာနဲ့ နင်ဆီကို လာခဲ့လိုက်တာပဲ..မကြာခင် ကျောင်းပြန်တက်ရတော့မှာလေ...အလွမ်းပြေ နင့်မျက်နှာလေးကို တစ်ဝကြီး ကြည့်သွားမလို့...''
"ဟွန့်...''
ခင်ဦး ကောင်းကို မျက်စောင်းလေးထိုးလိုက်၏။
ကောင်း သူ့ကို မျက်စောင်းလေးထိုးပြီး မီးဖိုတဲထဲ ပြန်ဝင်သွားတဲ့ သူမလေးကိုကြည့်ပြီး ခေါင်းတညိတ့်ညိတ့်နဲ့ သဘောကျပြီးရင်း သဘောကျနေတော့သည်။ပိုက်ပိုက်က ခေါင်းလေးကုတ်ပြီး သူ့ကိုကြည့်ပြီး ကလေးအထာနဲ့ ပြောလာသည်။
"မခင်က မျက်စောင်းထိုးတာကို ဘာလို့ရယ်နေတာလဲ.. ကိုကြီးကောင်းကောင်းစိတ်ဆိုးရမှာ မဟုတ်ဘူးလားဗျာ...''
"မင်းကြီးလာရင် သိလိမ့်မယ် ပိုက်ပိုက်..အခု ငါပြောပြလည်း မင်းနားလည်မှာ မဟုတ်ဘူး သိလား...''
ကောင်း ခင်ဦး ဟင်းချက်နေတုန်း ပိုက်ပိုက်နဲ့စကားပြောရင်း စောင့်ရသည်။ခင်ဦး ဟင်းချက်ပြီးတဲ့အခါမှသာ ခင်ဦးနဲ့စကားပြောရတော့သည်။ခင်ဦးနဲ့ နှစ်ယောက်ထဲ စကားတွေအများကြီး ပြောချင်တာကြောင့် ပိုက်ပိုက်ကို မုန့်ဖိုးပေးပြီး သွားဆော့ခိုင်းလိုက်ရသည်။
"ခင်ဦး..''
"ပြောလေ ကောင်း...''
နူးညံ့ပျော့ပြောင်းတဲ့ အသံလွင်လွင်လေးနဲ့ ခင်ဦးက သူ့ကို ပြောလာသည်။သူလည်း ခင်ဦးရဲ့ မျက်နှာကို စိုက်ကြည့်ရင်း ရင်ထဲက စကားတွေကို အစပျိုးလိုက်၏။
"နင့်မှာ ငါသာရှိရင် ရည်းစားမထားဘူးဆိုတဲ့ စကားကို တည်ရမယ်နော် ခင်ဦး...''
ခင်ဦး သဘောတကျ နှစ်လိုဖွယ် ပြုံးရင်း ကောင်းရဲ့ ပါးနှစ်ဖက်ကို လက်ကလေးများနှင့် ဆွဲလိုက်ပြီး
"ကတိပေးတယ် သိလား...ငါ့ကို အမြဲကာကွယ်ပေးတဲ့ နင်ရှိနေတာကို ငါက ရည်းစားထားစရာလား ကောင်းရယ်....''
"ခင်ဦး နင် ငါ့ကိုချစ်တယ် မဟုတ်လား....''
"ချစ်တာပေါ့...ဘယ့်နှယ့်မေးလိုက်တာပါလဲ ကောင်းရယ်...နင့်ကို အကြည်နဲ့လုံးလုံးထက် ပိုချစ်တာ သိလား...''
ခင်ဦး သူ့ကို အကြည်နဲ့လုံးလုံးတို့ထက် ပို ချစ်တယ်ပြော၍ ရင်ထဲမှာ ဝမ်းသာရသည်။သို့သော် ခင်ဦး သူ့အပေါ်ထားတဲ့ အချစ်က ၅၂၈နဲ့ချစ်တဲ့ အဖြူထည်အချစ်ဖြစ်နေတာကြောင့် ရာခိုင်နှုန်းပြည့် သူ့ရင်မှာ မပျော်နိုင်ပါ။ခင်ဦးရဲ့ မျက်နှာချိုလေးကို ဆွေးမြေ့စွာ ကြည့်ရင်း
"ငါလည်း နင့်ကို ချစ်တယ် ခင်ဦး... ငါ့အချစ်က နင့်အချစ်နဲ့တော့ မတူဘူး.. ဒါပေမဲ့ ငါ့အချစ်နဲ့ နင့်အချစ် ထပ်တူကျသွားအောင် ငါ့အချစ်တွေနဲ့ နင် ငါ့အပေါ်ထားတဲ့ အချစ်ကို ပြောင်းလဲပေးမယ်... ခဏလေးပဲ စောင့်နော်"
"အင်းပါ..နင်ပြောတာ နားမလည်ပေမယ့်.. နင့်သဘောပါပဲ ...''
ခင်ဦး စကားဆုံးတာနဲ့ ကောင်းဟာ ခင်ဦးကိုယ်လေးကို တင်းကြပ်နေအောင် ပွေ့ဖက်လိုက်တော့သည်။ကောင်းရဲ့ တင်းကြပ်စွာ ဖက်တွယ်လာမှုကြောင့် ခင်ဦး အသက်ရှုကြပ်လာရတော့သည်။
"လွှတ်ပါဦး ကောင်းရယ်...ငါ အသက်ရှူကြပ်နေပြီ သိလား...''
"ဆောရီး..''
"ဘိုလိုမပြောနဲ့ ကောင်း...ငါက နင်တို့လို ပညာတက်တဲ့ သူမှမဟုတ်တာ...ဒီစကားတော့ ငါ နားလည်ပေမယ့် .. တခြားစကားတွေဆို ငါနားမလည်လောက်ဘူး သိလား..''
"ဟုတ်ပါပြီဗျ..''
ခင်ဦးနဲ့သူ ကွက်ပျစ်မှာ ထိုင်ပြီး စကားတွေအများကြီး ပြောကြသည်။ခင်ဦးရဲ့ ရယ်မောသံက ကျေးဌက်တို့အသံ..ဥသြဌက်ကလေးများရဲ့ ဖခင်ကိုအော်ရှာနေသည့်အသံလေးတို့ကိုတောင် လွှမ်းခြုံသွားသည်။
ခင်ဦးကို တခြားကာလာသားတွေ ရည်းစားစကားပြောလာမှာ..မင်းမျိုးဇေယျာက အနိုင်ကျင့်လာမှာကို သူ့မှာ တွေးပြီး ရင်မှာ စိတ်ပူရပြန်တယ်..။
"ခင်ဦး..''
"အင်း''
"မင်းမျုးဇေယျာကို ဝေးဝေးက ရှောင်နော်...သူ ဒီကိုလာတာနဲ့ နင်တခြားကို ထွက်သွား သိလား...နင့်ကို သူအနိုင်ကျင်မှာ ငါ စိတ်ပူတယ်..ခင်ဦးရယ်...''
"အင်းပါ..ငါလည်း ကိုကြီးဇေယျာကို ကြောက်တယ်...
သူတို့နှစ်ယောက်ရဲ့ စကားပြောနေချိန် မင်းမျိုးဇေယျာ ရောက်လာခဲ့တာကို သတိမမူခဲ့မိ။ဇေယျာ့ ထိုစကားတွေကို နားထောင်ရင်း နှုတ်ခမ်းထက်ကနေ အပြုံးတစ်ပွင့် ဖြည်းဖြည်း ပေါ်ထွက်လာသည်။
"ကိုကြီး အိမ်ထဲဝင်လေ...''
သူ့ကိုမြင်လိုက်တာနဲ့ လှမ်းခေါ်လိုက်တဲ့ အထွေးသံကြောင့် ဇေယျာ သူ အခုလာသလိုဟန် ခင်ဦးနဲ့ကောင်း တို့ပြောနေသည့် စကားများကို မကြားသလိုပုံစံနဲ့ အထွေးခေါ်လိုက်ကာမှ ခြံထဲဝင်လာခဲ့သည်။သူ့ကို မြင်၍ ပြောင်းလဲသွားသော ခင်ဦးနဲ့ကောင်းသုတရဲ့ မျက်နှာအမူအရာ နှစ်မျိုးကို မသိမသာကြည့်ပြီး အထွေးကို ပြုံးပြသလိုနဲ့ ပြုံးလိုက်၏။
"ကိုကြီးက လာတာနောက်ကျလိုက်တာ...အထွေးက ကိုကြီးမလာတော့ဘူးထင်လို့ လိုက်လာတော့မလို့ ပြင်ဆင်နေတာ...လှတယ်မလား...''
"အင်း...မျက်နှာလေးမှာ အိုးမည်းလိမ်းထားရင်တောင် လှတယ်...ဘယ်လိုနေနေ လှရက်နေတာက မင်းရဲ့ အားနည်းချက်ပဲ...''
ဇေယျာ အပြုံးနွေးနွေးလေးနဲ့ သူ့ရင်ထဲက သူမလေးရဲ့ အလှကို အလိုလိုဖော်ကျူးမိလေသည်။
ဘယ်အချိန်ကြည့်ကြည့် ဘယ်လိုနေနေ ကိုယ့်အတွက် အမြဲလှရက်နေလွန်းတဲ့ မင်းက ကိုယ့်အားနည်းချက်ဖြစ်နေပြီဇေယျာ ခြံရှေ့က သနပ်ခါးပန်းပင်ကို ကြည့်ပြီး ပြောလိုက်ရင်း အထွေးကို ပြန်ကြည့်ပြီးနောက်
"အထွေးလေး ...သနပ်ခါးပန်းလေး ပန်မလား.. ကိုကြီး ခူးပေးမယ်...''
"ဟင့်အင်း ကိုကြီး... အထွေးမပန်ချင်ဘူး...ကိုကြီးခူးပေးချင်ရင်တော့ ဖူးပေးလေ...ကိုကြီးကုသိုလ်ရအောင် အထွေးဘုရားပန်းလိုက်မယ်...''
"အင်း...''
ဇေယျာ သနပ်ခါးပန်းပင်ကနေ သနပ်ခါးပန်းများကို ခူးပြီး အထွေးလေး ကိုပေးလိုက်သည်။အထွေးလေးက သူ့လက်ထဲက သနပ်ခါးပန်းတွေကိုယူပြီး ဘုရားမကပ်သေးဘဲ သောက်ရေအိုးအဖုံးပေါ် ကိုသာတင်ထားလိုက်၏။ထို့နောက် သူ့အနားကို ပြန်လာထိုင်ပြီး အထွေးလေးက သူမလိုချင်တဲ့ အဝတ်စားတွေ အကြောင်းပြောပြီး သူ့ကိုပူဆာလာသည်။သူလည်း မငြိုငြင်ဘဲ ဝယ်ပေးမယ်ဟု ခေါင်းညိတ်လိုက်၏။
"တကယ်ပြောတာနော် ကိုကြီး..အဲဆို မြန်မြန််ဝယ်ပေးတော့...ကျောင်းတက်အမှီ မမချုပ်ခိုင်းထားမလို့.....''
"ဟုတ်ပါပြီ..နောက်နှစ်ရက်နေ အထွေးလေးလိုချင်တာ ရစေရမယ်...'
"သင့်ခ်ယူ..''
"ဟောဗျာ..ဘိလိပ်ပြန်လေးလား...''
"ကိုကြီးနော်...''
"ဟောဗျာ...''
ဇေယျာ အထွေးလေးနဲ့စကားပြောနေတုန်း မခင်ရေ ဆိုပြီး အော်ရင်းပြေးလာတဲ့ ပိုက်ပိုက်ရဲ့ အသံစာစာကြောင့် လှည့်ကြည့်မိသည်။
"မခင်...မခင်ရေ...''
"ဘာလို့ အသံပြဲကြီးနဲ့ အော်လာရတာလဲ..မခင်ဖြင့်လန့်သွားတာပဲ.. ပိုက်ပိုက်ရယ်...''
"ဟဲဟဲ..သား ကျောက်ဒိုးလိမ့်တာ နိုင်လာတယ်ဗျ...အဲ့ဒါပြောမလို့ပါဗျ..''
"မသိဘူးလေတော်...ပိုက်ပိုက် အနာများဖြစ်လာသလားလို့ မခင်က လန့်သွားတာပေါ့..နောက်တစ်ခါ အဲ့လိုမခေါ်ရဘူးနော်...''
"ဟုတ် မခင်..သား နောက်အဲ့လိုမခေါ်တော့ပါဘူးဗျ...ဒါနဲ့ ကိုကြီးကောင်းကောင်းကို ဒေါ်လေးစူပူးက ပြန်လာခဲ့ပါဦးတဲ့... သားကိုမှာလိုက်တယ်...''
"ခင်ဦး..ငါပြန်လိုက်ဦးမယ်...''
"အင်း..''
ခင်ဦး ကောင်းကို ခေါင်းညိတ်ပြရင်း ပိုက်ပိုက်ကို ရေချိုးပေးဖို့ ရေအိုးနားကို ခေါ်လာခဲ့သည်။ပိုက်ပိုက်ကို ရေချိုး သနပ်ခါးပါးကွက်လေးဝိုင်းလူး ခေါင်းကို ဖြီးလိမ်းပေးသည်။မွန်းတည့်ချိန်ရောက်ခါပြီးချိန်ဖြစ်လာ၍ အမေနဲ့ကိုကို ပြန်လာရင် ထမင်းစားရအောင် ထမင်းဝိုင်းပြင်ထားလိုက်၏။ခင်ဦး ထမင်းဝိုင်းပြင်ပြီးတာနဲ့မကြာခင်မှာ အမေနဲ့ကိုကိုက မြေပဲနဲ့နေကြာ ချွေရာကနေပြန် ရောက်လာသည်။အမေနဲ့ကိုကိုက ခဏအမောပြေ ရေလေးသောက်ပြီးမှ ရေချိုးကြသည်။ခင်ဦးလည်း အမေနဲ့ကိုကို ရေချိုးပြီးတာနဲ့ ခင်ဦး ထမင်းစားဖို့ ပြောလိုက်သည်။
"အမေနဲ့ကိုကို ထမင်းဝိုင်း ပြင်ထားပြီးပြီ...''
"အေးအေး...မောင်ဇေယျာ မင်းလည်း တစ်ခါတည်း စားသွားလိုက်နော်...မင်းနှမက ကြက်ဗူးချက်ထားတယ်..မင်းအကြိုက်ဟင်းမဟုတ်လား...''
"ဟုတ် ဒေါ်ဒေါ်...''
ထမင်းဝိုင်းမှ ကြက်ဗူးဟင်းနံ့လေးမွှေး နေတော့သည်။ခင်ဦး အမေ့ကိုအရင်ထည့်ပေးပြီးမှ ကိုကို့ကိုထည့်ပေးသည်။ပြီးမှ အထွေးနဲ့ပိုက်ပိုက်ကြိုက်တဲ့အသည်းကို တစ်ယောက်တစ်ပိုင်းဆီပိုင်းပြီး ထည့်ပေးလိုက်တော့သည်။ကိုကြီးဇေယျာကို အထွေးရှိနေ၍ ခင်ဦး မထည့်ပေးပေ။သို့သော် အထွေးက ကိုကြီးဇေယျာကို ထည့်ပေးဖို့မေ့သွားသလားမသိ.. ခင်ဦးထည့်ပေးတဲ့အသည်းနဲ့စားနေသည်။ကိုယ်တိုင်းလည်း ခူးထည့်မစားတဲ့ ကိုကြီးဇေယျာကြောင့် ခင်ဦး ခေါင်းငုံ့ကာ ဟင်းခူးပေးရင်း ကိုကြီးဇေယျာမျက်နှာကို သိပ်မကြည့်ရဲ။ ကောင်းပြောသွားသည့် ကိုကြီးဇေယျာကို ဝေးဝေးကရှောင်နော် ဆိုသည့် စကားက နားထဲကြားယောင်နေဆဲ ဖြစ်၏။
"ငါ့ကို ကြောက်သလား ခင်ဦး...''
"ဟင်...''
ခင်ဦး ဟင်းထည့်ပေးနေတုန်း တိုးလျိုးသော အသံနဲ့ ပြောလာသည့် ကိုကြီးဇေယျာကြောင့် ခင်ဦး ဖျတ်ခနဲ့ မော့ကြည့်လိုက်မိသည်။
"ခင်ဦး စားလေ..ဇေယျာ့ကို ဘာကြောင်ကြည့်နေတာလဲ...''
"ဟို..ဟို..ဟင်းထပ်ယူဦးမလားလို့.. မေးမလို့ပါ ကိုကို..''
ထိုအချိန် ကိုကြီးဇေယျာ ပြုံးလိုက်တာ ခင်ဦး တွေ့လိုက်ရ၏။တခြားသူတွေအတွက် ကိုကြီးဇေယျာရဲ့ အပြုံးက ငေးကြည့်စရာကောင်းသော်လည်း ခင်ဦးအတွက်တော့ ကြောက်စရာကောင်းနေသည်။
"အင်း..မိုးခိုသားလေး ထည့်ပေးပါလား..''
"ဟုတ်..''
"ငါ့ကို အရမ်းကြောက်တာပဲလား.ဟင်..''
ထိုအခါ ခင်ဦး ကိုကြီးဇေယျာကို မော့လည်းမကြည့်တော့သလို နှုတ်ကမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ဇေယျာ ခင်ဦးအမူအရာကို ကြည့်ပြီး ပြုံးလိုက်သည်။ထိုအခါ သူနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်တဲ့ အထွေးလေးက သူ့ကို ကြည့်ပြီး ပြုံးပြလာ၍ သူလည်း အထွေးလေးကို ပြန်ပြုံးလိုက်၏။ခင်ဦးကတော့ ငါနဲ့အတူတူထမင်းစားနေရတာကို မြိုမချသလို ပုံစံကလေး ဖြစ်နေတော့သည်။ ငယ်ငယ်ကနေ အခုထိ သူ့ကို ကြောက်ရွံ့နေတဲ့ ခင်ဦးပုံစံလေးကြောင့် ထမင်းစားနေချိန်မှာ ဘယ်လောက်ထိ ပြုံးမိနေမှန်းမသိတော့ချေ။
ဇေယျာ သူအိမ်ပြန်ရောက်လာတော့ ကောင်းသုတက သူ့အိမ်မှာ ရှိနေသည်။မေမေကို ကောင်းသုတက ဘယ်လိုပြောပြီး သူ့ကိုစောင့်နေသလဲမသိပါ...မေမေကတော့ ညီအစ်ကိုတွေ ချစ်ချစ်ခင်ခင် ရှိနေတယ်ဆိုပြီး သဘောတွေကျလို့ နေသည်။သူကတော့ ကောင်းသုတ ဘာကြောင့် ရောက်လာသလဲဆိုတဲ့ အဖြေကို သိနှင့်ပြီးသား..ဖြစ်၏။
"ဘာလဲ ကောင်းကောင်း...မျက်စိလည်ပြီး ရောက်လာသလားကွာ...''
"ကိုကြီးဇေယျာဆီကို မျက်စိလည်ပြီး လမ်းမှားစရာဘာအကြောင်းမှမရှိဘူး...အခု ကျွန်တော် ကိုကြီးဇေယျာဆီလာတာက ခင်ဦးကို အနိုင်မကျင့်ဖို့ လာပြောတာ...ကျွန်တော်တို့ ဆွေးမျိုးတော်ဆပ်မှုကို ထောက်ထားပြီး ဒီတစ်ခုတော့ လိုက်လျောပေးပါ...''
"မင်း ခင်ဦးကို အရမ်းချစ်တာပဲလား... ကောင်းကောင်း...''
"ချစ်တယ်...ကျွန်တော် ခင်ဦးကို အရမ်းချစ်တယ်...''
"ဘယ်လိုလုပ်လဲ... ငါက ခင်ဦးကို မြင်တာနဲ့ အနိုင်ကျင့်ချင်တာကွာ...ရင်ထဲက လာတာဆိုတော့ စိတ်တွေက လွှတ်ထွက်သွားတယ်...မင်းပြန်တော့ ကောင်းကောင်း...ငါမှာ မင်းနဲ့စကားကြီးပြောဖို့ အချိန်ပိုမရှိဘူး..''
"တောက်...''
ကောင်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး ဇေယျာရဲ့ မျက်နှာကို စေ့စေ့ကြည့်၍ တောက်ပြင်းပြင်းတစ်ချက်ခတ်လိုက်ရင်း လှည့်ထွက်လာခဲ့သည်။
"ခင်ဦးအပေါ် အမြဲအနိုင်ကျင့်တဲ့ ဒီလူနဲ့ ငါ နင့်ကို ဘယ်လိုများ စိတ်ချနိုင်မှာလည်း ခင်ဦးရယ်...''
ကောင်းကင်တခွင်က ကြည်ပြာလဲ့နေသော်လည်း ကောင်းရဲ့စိတ်အစဥ်မှာတော့ စိုးရိမ်တွေနဲ့ ကြည်လင်မှုမရှိပေ။
အခန်းမှတ်ချက်များ (0)