ခင်ဦးတို့တွေ ရွာကို မနက်တစ်နာရီကျော်မှ ပြန်ရောက်လာကြသည်။လှည်းစောင့်တဲ့ဒဏ် အိပ်ရေးပျက်တဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် အထွေးက အိမ်ရောက်တာနဲ့ အမေ့ခြင်ထောင်ထဲဝင်ပြီး တန်းအိပ်တော့သည်။ခင်ဦးကတော့ ပိုက်ပိုက်ကို မနိုင်မနင်းနဲ့ ပွေ့ချီပြီး အိမ်ပေါ်ကို မနည်းတက်ရ၏။
"ဟူး..ခန္ဓာကိုယ်ကလည်း အနှစ်ကြီးပဲ..''
အနှစ်ကြီးဖြစ်ပြီး ထွားလာတဲ့ ပိုက်ပိုက်ရဲ့ကိုယ်ကြီးကို အိပ်ယာပေါ်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ပြတင်းပေါက်ကို မပိတ်ခင် ကောင်းကင်က လမင်းကြီးကို မော့ကြည့်လိုက်သည်။ လမင်းကြီးရဲ့ ဘေးပတ်လည်မှာ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေက ဝန်းရံထားသည့် မြင်ကွင်းက သဘာဝကရေးဆွဲထားတဲ့ ပန်းချီးကားတစ်ချပ်နှယ်..။ခင်ဦး လမင်းကြီး ကို မော့ကြည့်နေရာကနေ မျက်လွှာကိုချပြီး ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ပိုက်ပိုက်နားမှာ ဝင်လှဲကာ အိပ်စက်လိုက်တော့သည်။
ခင်ဦး အိပ်ရေးမဝလို့ မထချင်သော်လည်း သိမ်သဘက်ဆွမ်းအမှီ ဆွမ်းလောင်းလှူဖို့ ကြက်ဖတွန်တာနဲ့ ထပြီး အိမ်ကိုမီးစာညှိပြီး ချက်ပြုတ်ပြင်ဆင်ရသည်။ပြီးမှ ဆားနဲ့သွားတိုက် မျက်နှာသစ်လိုက်၏။ခင်ဦး မီးဖိုတဲမှာ တဝါးဝါး သမ်းရင်း တစ်ချက်ချက် ခေါင်းငိုက်ငိုက်ကျသွားသေးသည်။
"ထမင်းပျော့မယ်နော် ခင်ဦး...အိပ်ငိုက်တာလည်းကြည့်ငိုက်ငယ်တော့တဲ့အရွယ်မဟုတ်တော့ ညည်းကို ကျုပ် မရိုက်ချင်ဘူး ...''
"ဟုတ် အမေ...''
ခင်ဦး အကုန်ချက်ပြုတ်ပြီးတာနဲ့ မနက်အာရုဏ်ဆွမ်း ရေချမ်း ဆီမီး အပ်လှူပြီး ဆွမ်းလောင်းဖို့အတွက် ယွန်းအုပ်လေးနဲ့ ဆွမ်း ဆွမ်းဟင်း ခူးထားလိုက်တော့သည်။ဘုန်းဘုန်းတို့ သိမ်သဘက်ဆွမ်းခံကြွကြေးစည်သံကြားတာနဲ့ ခင်ဦး သစ်ခေါက်ရောင်ညိုပုတ်ပုတ် သဘတ်လေးကို ပုခုံးပေါ်တင်ပြီး အိမ်ဝလမ်းမှာ အရန်ထွက်စောင့်ပြီး လောင်းလှူသည်။
မနက်ဝေလီဝေလင်း နေရောင်ခြည်ထွက်လာတာနဲ့ တစ်ခြံလုံး တံမျတ်စည်း လှဲသည်။ကိုကိုမနိုးသေးတာနဲ့ နွားတင်းကုတ်တဲက နွားတွေကို ထုတ် ငုတ်တိုင်မှာချည်ပြီး နွားချေးများကို ကြုံးလိုက်တော့၏။ကောက်ရိုးစင်ကနေ ကောက်ရိုးတွေကို ဆွဲကျပြီး စားခွက်ထဲကို ထည့်ပြီးမှ နွားတွေကို ပြန်ထည့်ပြီး တိုင်မှာပြန်ချည်ထားလိုက်တော့သည်။
သန်းခေါင်ယံလွန်ချိန်မှ အိပ်ရတာဆိုတော့ ဘဲအော်သံတွေကြောင့် နိုးမှာဆိုး၍ ခင်ဦး ဘဲတွေကို အစောကြီးလွှတ်ပေးလိုက်၏။ထို့ကြောင့်
ဘဲတွေကတော့ ကွင်းဥဥမှာ သေချာတယ်။
ခင်ဦးက နေကြာခူးရမှာဆိုတော့ ကွင်းဥလိုက်ကောက်ချိန်မရတော့ ပိုက်ပိုက်ကိုပဲ အားကိုးရမယ်အထွေးကိုခိုင်းလို့ရပေမယ့်နှစ်လလောက် ပြန်လာရတဲ့ ကလေးကို ခင်ဦး မခိုင်းချင်ဘူးအမေနဲ့ခင်ဦးက ဒီရက်ထဲ မနက်ကနေ ညနေမှ လယ်ထဲက ပြန်ရောက်တာဆိုတော့ အထွေးက ထမင်းဟင်းချက်ထားမယ် ပြောတာတောင် ခင်ဦးမှာ မချက်ခိုင်းဘဲ ပြန်ရောက်မှ ကိုယ့်ဘာသာ ချက်သည်။မြို့မှာကျောင်းတက်ပြီး ဘော့ပင်ကိုင်ရတဲ့ ကလေးက လက်မွှေးလေးတွေကို မီးကျွမ်းသွားမှာ ခင်ဦးစိုးရိမ်သည်။အထွေးကိုလေ ကိုကြီးဇေယျာနဲ့အိမ်ထောင်ကျမှ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် နေရမှာမဟုတ်ဘဲ ခင်ဦးတို့လက်ထဲမှာကတည်းက ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ထားပါတယ်ဆိုတာကို ခင်ဦးတို့ကို ကိုကြီးဇေယျာ မပြောနိုင်အောင် ခင်ဦးက ထားထားတာ ဖြစ်သည်။
အမေတောင် လယ်ထဲသွားဖို့ ဆင်ပြင်ပြီးသွားပြီ။ခင်ဦးကတော့ အိမ်အလုပ်တွေလုပ်နေရတာနဲ့ မပြင်ရသေးသနပ်ခါးကို မြန်မြန်သွေးပြီး မျက်နှာမှာ မှုံနေအောင်လိမ်းပါ့လိုက်သည်။ဆံပင်ရှည်တွေကိုတော့ ပုံမှန်အတိုင်း ထုံးဖွဲ့လိုက်သည်။ထို့နောက် ပိုက်ပိုက်ကို အသာနိုးလိုက်၏။
"ပိုက်ပိုက်...ပိုက်ပိုက်...''
"အင်..''
မျက်လုံးမပွင့်ဘဲ အင်ဟုထူးလိုက်တဲ့ အသံဆွဲလေးကြောင့် ခင်ဦး ပြုံးလိုက်သည်။
"မခင် နေကြာခူးသွားတော့မယ်နော်...ဘဲတွေကို အစောကြီး လွှတ်ပေးလိုက်လို့ ကွင်းဥလိုက်ကြည့်နော်....မနက် မုန့်စိမ်းပေါင်း ဝယ်ကျွေးမယ်....''
"အင်း..''
ခင်ဦးလည်း ပိုက်ပိုက်ကို မှာပြီး အိမ်ရှေ့ထွက်လာပြီး လက်ရှည်ထပ်ဝတ်ပြီး ခမောက်ကိုစောင်း နေကြာဖူးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုယူပြီး နေကြာခူးသမားတွေနဲ့အတူ လယ်ထဲခင်းလာသည်။လယ်ထဲရောက်တာနဲ့ ညက ပိတ်ကားကြည့်လာတဲ့ အကြောင်းတွေကို ဝတုတ်က အရီးလေးတို့ကို ပြောပြတော့ဘဲအရီးလေးတို့ကတော့ ဝတုတ်ပြောပြတာကို ပြုံးပြုံးကြီးနဲ့ နားထောင်နေကြလေ၏။
ခင်ဦးတို့ဆီကို လာနေတဲ့ ကြီးကြီးဝင့်ဝါကို မလှမ်းမကမ်းကနေ မြင်လိုက်ရ၍ ခင်ဦး မကြီးနှင်းကို နောက်လှည့်ကြည့်ရင်း ပြောလိုက်သည်။
"မကြီးနှင်းရေ...မကြီးနှင်းကို ကြီးကြီးဝင့်ဝါ လာခေါ်လာတာလား မသိဘူး...''
"မနက်အစောကြီးထပြီး အကုန်လုပ်ခဲ့ပေးခဲ့တာပါ..အလုပ်သမားတွေကို ထမင်းဖို့ကို ဖိုးသားကို အပ်ထားပါတယ်...ကြီးကြီးဝင့်ဝါက ငါ့ကို ဘာခိုင်းဦးမလဲမသိဘူး...''
"ခေါ်ရင်လည်း လိုက်သွားလိုက်ပါ...သမီးကိုအားမနာနဲ့ ဒီနေ့မပြီးလည်းမနက်ဆိုပြီးတယ်...''
"အေးအေး...''
ကြီးကြီးဝင့်ဝါ ရောက်လာတော့ မကြီးနှင်းကိုခေါ်တာမဟုတ်ဘဲ ခင်ဦးကို ခေါ်တာဖြစ်နေသည်။ခင်ဦးအစားလည်း သူ့အလုပ်သမားတစ်ယောက်ကို ဖြည့်ထည့်ပေးသည်။ခင်ဦးလည်း အားနာနာနဲ့ ကြီးကြီးဝင့်ဝါနောက် လိုက်ခဲ့ရ၏။ဟိုရောက်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပေ။ကြီးကြီးဝင့်ဝါတို့ အမျိုးတွေက သူတို့ အလှူမှာ ရှင်လောင်းလှည့်အတွက် အပျိုလူပျို ပါဝင်ဖို့ ဖိတ်လို့တဲ့ခင်ဦးက အရေးကြီးကိစ္စထင်မိလို့ လိုက်ခဲ့တာ ဒီလိုမှန်းသိခဲ့ရင် လယ်ထဲမှာထဲ ငြင်းပါတယ်။အခုတော့ ငြင်းလို့လည်းမရတော့ပေ။အခုတော်သေးတယ် ပြောရမယ်ကောင်းရယ် အကြည်နဲ့လုံးလုံးက ပါနေလို့လေ။မဟုတ်ရင် ကိုကြီးဇေယျာနဲ့အထွေးကြားမှာ ခင်ဦးက ကန့်လန့်ကန့်လန့် ရှိနေရမည့်အဖြစ်က ကိုကြီးဇေယျာအတွက် မျက်စိစပါးမွှေးဆူးနေသလို ဖြစ်နေမှာ ဖြစ်လေသည်။
ခင်ဦး အိမ်ပြန်ပြီး ရေမိုးချိုးရသည်။ဝတ်စရာကတော့ ကြီးကြီးဝင့်ဝါတို့ အလှူတုန်းက ဝတ်တဲ့အဝတ်အစားသာဖြစ်သည်။သူများရွာဆိုတော့ အကြည်နဲ့လုံးလုံးတို့ လက်ဆောင်ပေးတဲ့ ပေါင်ဒါလည်းမလိမ်း.. နှုတ်ခမ်းနီလည်း မဆိုးတော့ပဲ သနပ်ခါးလှလှလေးသာ ပါးပြင်မှာ လှပအောင် လိမ်းကျံလိုက်တော့သည်။
"မမရလည်း... သူများရွာသွားမှာကို လှလှပြင်တာမဟုတ်ဘူး...ကိုကြီးဇေယျာတို့အလှူတုန်းကလို လှလှလေးပြင်ပါလား....''
"အထွေးသာ လှလှလေးပြင်နော်..မမက နဂိုတည်းက လှပြီးသားလေ...
"ဟွန့်...''
အဟင်းအထွေး နှုတ်ဆူသွားပုံလေးကို ကြည့်ရင်း ခင်ဦး ရယ်မိသည်။
အထွေးက ငယ်ငယ်ကလို ခင်ဦးအပေါ် ဖာသိဖာသာမဟုတ်တော့ဘဲ အခုနောက်ပိုင်းအထွေးနဲ့ ပို ရင်းနှီးလာသလိုခံစားရသည်။
"သွားကြမယ်လေ..အထွေးကို ကိုကြီးဇေယျာ စောင့်နေရောပေါ့...''
ခင်ဦးတို့ညီမနှစ်ယောက် ကိုကြီးဇေယျာတို့အိမ်ကို ရောက်တာနဲ့ လူစုံသွားတော့သည်။လှည်းပေါ်တက်တဲ့အချိန်မှာ ကိုကြီးဇေယျာက အထွေးကိုပွေ့တင်သလို ကောင်းကလည်း ခင်ဦးရယ် အကြည်နဲ့လုံးလုံးရယ် သုံးယောက်ကို ပွေ့တင်ပေးသည်။
ငယ်ငယ်ကဆိုရင်တော့ နောက်မြီးကနေ ခိုတက်မလား..ဘီးလုံးကနေ တက်မလားပဲ..။
"ကောင်းအကြည်..လုံးလုံး.. ငါ ပြင်လာတာလှရဲ့လား...''
"ကိုကြီး အထွေး လှတယ်မလားဟင်..''
ခင်ဦးနဲ့အထွေးရဲ့ အမေးက တစ်သားတည်းဖြစ်နေတော့သည်။
"လှတယ်..ကြီးကြီးဝင့်ဝါတို့ အလှူတုန်းကထက် ပိုလှတယ် ...''
"အင်း...ဒီနေ့အလှက သာမဝတီလို အလှမျိုးပဲ..''
ကောင်းနဲ့ဇေယျာရဲ့ ဖြေသံကလည်း အသံမတိုက်ထားဘဲနဲ့ တစ်သံတည်း ဖြစ်သွားသည်။
"အဲ့လောက်လည်း မဟုတ်ပါဘူး ...အထွေးရဲ့အလှက မြို့ကြီးသူတွေနဲ့ယဥ် ဘာမှတောင်မဟုတ်တာကို မသာဝတီနဲ့များ တင်စားရတယ်လို့....''
"မမအကြည်နော်..သူ့ကိုပြောမယ့်သူမရှိလို့ မနာလိုနေတာလား...အဲ့ဒါဆိုရင် သမီး ကိုကို့ကို ပေးမယ် ယူမလား....''
"အို...ညည်းတို့အစ်ကို အရက်သမားကြီးကိုတော့ လင်မလင်မတော်ပါရစေနဲ့....ခင်ဦးကိုတော့ ယောင်းမတော်ချင်ပေမယ့်... ကိုကြီးကျော်ကျော်ဦးကိုတော့ မယူချင်ဘူးအေ.....''
"ဟုတ်ပါ့..ဟုတ်ပါ့...အရက်သမားမယားတော့ ငါတို့သူငယ်ချင်းလေးကို မလုပ်ခိုင်းပါနဲ့ အထွေးရယ်....''
အထွေးနဲ့အကြည် ပြောနေကြတာကို ခင်ဦးနားထောင်ပြီး ပြုံးရယ်မိပါသည်။လုံးလုံးကတော့ အကြည့်ဘက်နေထောက်ခံပြီး ပြောရင်း ရယ်သည်။အကြည်ကလည်း ပြောပြောပြီး ရယ်မောသည်။အထွေးကလည်း အကြည်နဲ့လုံးလုံးရဲ့စကားကိုသဘောကျပြီး ပြုံးလိုက်ရင်း တခစ်ခစ်နဲ့ ရယ်ပါတော့သည်။ကောင်းကတော့ ခင်ဦးတို့လေးယောက်ကိုကြည့်ပြီး ပြုံးသည်။ကိုကြီးဇေယျာကို တော့ ခင်ဦးမကြည့်ရဲ၍ မကြည့်ပေ။
"မင်းအပြုံးလေးက လှလိုက်တာ....''
ကိုကြီးဇေယျာရဲ့ စကားသံကြောင့် ရယ်သံလေးတွေတိတ်ဆိတ်သွားပြီး နွားချလူသံတလွင်လွင်ကိုသာ ကြားရတော့သည်။
အကြည်က ငယ်ငယ်ကလို ကိုကြီးဇေယျာကို မကြောက်တော့ဘဲ အတည်ပေါက်ကြီးနဲ့ ပြောလိုက်သည်။
"ကိုကြီးဇေယျာနဲ့အထွေး ဆင်းနေခဲ့ပါလား..နှစ်ယောက်သား စကားအေးဆေးပြောလို့ရတာပေါ့...လှည်းပေါ်မှာကြတော့ အကြည်တို့လေးယောက်က ကြားထဲက ကန့်လန့်ကန့်လန့်နဲ့ ဆိုတော့... အဆင်မပြောမှာဆိုးလို့ပါ...ခဏနေရင်လည်း အလှူအိမ်ကို ရောက်တော့မှာပဲလေ...''
အဟင်းခင်ဦး ရယ်လိုက်၏။ထိုအခါ ကိုကြီးဇေယျာက မျက်မှောင်ကျုံ့ကာ ပြောလာ၏။
"ဘာရယ်တာလဲ...''
"ဟင်...''
"ခင်ဦးရယ်တာ ကိုကြီးဇေယျာနဲ့ မဆိုင်ဘူး..
ခင်ဦးကို အဲ့လိုကြည့်ပြီးလည်းမပြောနဲ့... ကျွန်တော်မကြိုက်ဘူး...''
"တောက်''
ဇေယျာ တောက်ပြင်းပြင်းတစ်ချက် ခတ်လိုက်တော့၏။ခင်ဦးကိုလည်း မကြည်တဲ့အကြည့်နဲ့ တစ်ချက်ကြည့်လိုက်သည်။ကောင်းသုတကိုလည်း လှည်းပေါ်ကနေ ကန်ချချင်စိတ်ကလည်း တစ်ဖွားဖွားပင်။
ခဏအကြာမှာတော့ အလှူအိမ်ရှေ့မဏ္ဍမ်ကို ရောက်လာခဲ့သည်။ဇေယျာ အရင်အောက်ဆင်းလိုက်ပြီး အရင်ကိုပွေ့ချီချပေးပြီးနောက် ခင်ဦးကို လက်ကမ်းလိုက်၏။
"ရ..ရတယ်..''
"လူတွေကြည့်နေတယ်... စကားတွေအများကြီး မပြောချင်ဘူး ခင်ဦး...''
"ဟုတ်...''
ဇေယျာ ခင်ဦးကိုယ်လေးကို ပွေ့ချီချလိုက်၏။ကောင်းသုတကတော့ သူ့ကိုမကြည်အကြည့်နဲ့ ကြည့်လာတဲ့အခါ နှုတ်ခမ်းညွတ်ရုံမျှ ပြုံးလိုက်သည်။ခင်ဦးနဲ့ပက်သက်ရင် ငယ်ငယ်ထဲက စောင့်ကြွားကြွားဖြစ်နေတဲ့ ကောင်းသုတကို ဇေယျာ ကြည့်မရပေ။ထို့ကြောင့် သူ လုံးလုံးကို ပွေ့ချီနေတုန်း ခင်ဦးကို မဏ္ဍမ်ထဲက လူတွေနဲ့ခြောက်ပြီး ပွေ့ချီချလိုက်တာ ဖြစ်သည်။
"မလှမြိုင်ရယ်..ညည်းတူတွေက လူချောတွေပါလားအေ...လူပျို့အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်ပုန်းအိပ်ရမယ့် ရုပ်ရည်ရူပကာတွေပါလား...လုံမေလေးတွေတော့ ဝိုင်းဝိုင်းလည်နေတော့မှာဘဲအေ...''
"အဲ့လောက်လည်း မဟုတ်ပါဘူး အရီး...''
"တကယ်ပြောတာပါကွယ်...ဟော... လုံမေလေးတွေကလည်း အချောလေးတွေပဲ...ကျုပ်တို့ရွာက ကာလာသားတွေတော့ လူပျိုလှည့်တော့မှာပဲအေ...''
ဒေါ်လှသန်း ပြောလိုက်တဲ့စကားကြောင့် ဇေယျာနဲ့ကောင်း မျက်နှာပျက်သွားသည်။
ခင်ဦးကို သူကလွဲပြီး တခြားသူစိမ်းယောကျာ်းလေးတွေ ကြည့်တာကို မလိုလားတဲ့ သူ့အတွက် လာခဲ့မိတာ မှားသွားပြီ။အခုနေ ခင်ဦးကိုခေါ်ပြီး ရွာကိုပြန်သွားလိုက်ရမလား...ကောင်း စိတ်ထဲမှာ တွေးပြီး သက်ပြင်းချလိုက်သည်။
"ကောင်း... ဘာလို့ သက်ပြင်းတွေချနေရတာလဲဟယ်...''
"ငါတို့ပြန်ကြမလား ခင်ဦး..''
"ဟမ်..ဘာဖြစ်လို့လဲ ကောင်း..''
"ဘာမှမဖြစ်ပါဘူး.. နင့်ကို ယောကျာ်းလေးတွေ ဝိုင်းကြည့်မှာကို မကြိုက်လို့''
"ကောင်းရယ်..အဲ့ယောကျာ်းလေးတွေကလေ.. ကြည့်မယ့်ကြည့်တော့ လှလှပပလေးပြင်လာတဲ့ အထွေးရယ် အကြည်နဲ့လုံးလုံးကိုပဲ ကြည့်မှာပေါ့..ငါ့လို သနပ်ခါးပါးကွက်ကြားနဲ့သူကိုမကြည့်ပါဘူးဟယ်..မြင်နေရတာ သူတို့အတွက် ယဥ်နေပြီ သိလား..''
ခင်ဦး ပြောမှဘဲ သနပ်ခါးပါးကွက်ကြားနဲ့သူမကို ကြည့်ပြီး ကောင်း သူ့အတွက်အေးမြတဲ့ ခင်ဦးရဲ့အပြုံးလေးကြောင့် စိတ်အေးသွားရသည်။
"ခင်ဦးရယ် နင့်အပြုံးက ငါ့အတွက် ရေကြည်တစ်ပေါက်ပါပဲ....''
အခန်းမှတ်ချက်များ (0)