ခင်ဦး နေပူပူအောက်တွင် နေကြာခူးရမှာကြောင့် မျက်နှာကလေးမှာ သနပ်ခါးကို မှုံနေအောင် လိမ်းလိုက်သည်။ ထို့နောက် လက်ရှည်အင်္ကျီကို ထပ်ဝတ်ကာ ခမောက်ကို သေသေချာချာ ဆောင်းပြီး လယ်ခင်းထဲသို့ ထွက်လာရန် ပြင်လိုက်၏။ထိုစဥ်
"မမ အထွေးလည်း လိုက်ခဲ့မယ်...''
"ဘာလဲ..နေကြာခွက်အကြီးကြီးတွေ ခူးပြီး ဖုတ်စားမလို့မဟုတ်လား...''
"ဟိဟိ..ဟုတ်တယ်..မမ ဖုတ်ပေးရမယ်နော်..သမီးဖုတ်ရင်တူးတူးသွားတယ်...''
"အေးပါ...''
အထွေးကလည်း ခင်ဦးနည်းတူ ပြင်ဆင်ပြီး ခင်ဦးတို့ညီမနှစ်ယောက် နေကြာခင်းရှိရာ လယ်ထဲသို့ ထွက်လာခဲ့သည်။လယ်ထဲရောက်တော့ ခင်ဦးတို့ညီမနှစ်ယောက်ကို မြင်သည်နှင့် အရီးလေးက ကိန္နရီညီမနှစ်သွယ် ယာခင်းထဲဆင်းလာသတဲ့လေ..ဟုစလေသည်။ထိုစကားကြောင့် ခင်ဦး အလိုလို သဘောကျရင်း ပြုံးရောင်သမ်းလိုက်မိသည်။
"သမီးတို့ကို ကိန္နရီညီမနှစ်သွယ်တဲ့လား အရီးလေးရယ်...အထွေးဆိုရင်တော့ ဟုတ်မှာပါ..သမီးက ကိန္နရီလိုအဆင်းသဏ္ဍာန်မှ မရှိတာကို မြှောက်ပြောနေပါပြီ ...ဒါပေမယ့်လည်း အဲလိုပြောပေးလို့ ပျော်တယ် အရီးလေးရေ..''
ခင်ဦး ရှက်ပြုံးလေးနဲ့ ဆိုလိုက်တာကြောင့် နေကြာခင်းထဲက နေကြာခူးသမလေးတွေက ရယ်မောကြလေသည်။
နံနက်ခင်း နေရောင်ခြည်အောက်မှာ မမှည့်သေးတဲ့ နေကြာခင်းထဲက နေကြာပန်းဝါဝါလေးများကတော့ နေမင်းကြီးကို မျှော်လင့်တကြီး မျက်နှာမူလျက်..။ လေပြည်အေးအေးလေး တိုက်ခတ်လာတိုင်း နေကြာပင်များ ယိမ်းနွဲ့သွားကြပြီး ရွှေရောင်လှိုင်းလေးများ ထနေသည့်အလား မြင်ကွင်းက လှပလွန်းသည်။
ထိုလှပသော နေကြာခင်းကြီးကို တစ်ချက်ငေးကြည့်လိုက်ရင်း ခင်ဦး နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု အလိုလို ပေါ်လာမိသည်။ လတ်ဆတ်သန့်ရှင်းသော လေပြည်ရဲ့ အထိအတွေ့ကြောင့် ကိုယ်ရောစိတ်ရောပါ လန်းဆန်းမှုအတိပင်..။
"အထွေး မမအနားကနေ ကပ်ခူးနော်...သူများငန်းကို လိုက်မခူးနဲ့ ကြားလား...''
ခင်ဦး ပြောလိုက်တာနဲ့ အထွေးက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ မမ..''
ခင်ဦးလည်း အထွေးကိုပြောပြီးတာနဲ့ လက်ထဲက ခြင်းတောင်းလေးကို ချလိုက်ပြီး မှည့်နေသည့် နေကြာပွင့်များကို တစ်ပွင့်ချင်း ဂရုတစိုက် သံစဥ်နဲ့ ခူးဖြတ်၏။နေပူရှိန်ကြောင့် နဖူးထက်တွင် ချွေးစလေးများ စို့လာသည်။
"အထွေး...''
ရင်းနှီးနေသည့် အသံကြောင့် ခင်ဦး လှည့်ကြည့်လိုက်သည်။ရှပ်လက်ရှည်နဲ့ပြာနုရောင်ဖျော့ဖျော့ပုဆိုးလေးကို ဝတ်ဆင်ထားတဲ့ ကိုကြီးဇေယျာက အထွေးကို စိတ်ပူနေဟန်ဖြင့်ကြည့်နေသည်။
"ဒီလောက်နေပူနေတာကို ဘာလို့ ထွက်လုပ်နေတာလဲ အထွေးလေးရယ်..."
ကိုကြီးဇေယျာ စကားကြောင့် ခင်ဦး ခပ်ဖျော့ဖျော့ ပြုံးလိုက်မိပါသည်။နေပူပူမှာ နေကြာခူးနေကြတာ အထွေးတစ်ယောက်ထဲမှ မဟုတ်ဘဲ...အကဲပိုလွန်းတဲ့ ကိုကြီးဇေယျာကြောင့်
ခင်ဦး အထွေးအတွက် ဝမ်းသာမိသည်။
"အိမ်မှာပဲ နေရင်လည်း အားနာလို့ပါ ကိုကြီး..."
"ကိုကြီးအဖော်ပြုပေးမှာပေါ့...အခု ရွာထဲပြန်ကြမယ် အထွေးလေး...''
"ဟုတ်ကဲ့ပါ ကိုကြီး..."
အထွေးက ချိုချိုသာသာ ပြုံးရင်း သူ့ကို ခေါင်းညိတ်ပြသည်။ ဇေယျာ အထွေးကိုပြန်ဖို့ပြောပြီးနောက် ခင်ဦးကို ကြည့်လိုက်သည်။ခင်ဦး သူ့ကိုပြန်ကြည့်တဲ့အခါ ဘာမှမပြောဘဲ သူ တစ်ချက်သာ ကြည့်ပြီးမျက်နှာပြန်လွှဲပြီး လှည့်ထွက်လာခဲ့သည်။
ကိုကြီးဇေယျာရဲ့ ထိုအကြည့်တစ်ချက်ကြောင့် ခင်ဦး ရင်ထဲမှာ အမျိုးမည်မသိတဲ့ ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။ဟူး..ငါဘာဖြစ်သွားလဲ...ခင်ဦး ခေါင်းကိုခါရမ်းထုတ်လိုက်ပြီးနောက် နေကြာခွက်ကိုသာ အာရုံစိုက်တော့သည်။
"ခင်ဦးရေ..ညည်း ခေါင်းတစ်ရမ်းရမ်းနဲ့ ဘာဖြစ်လို့လဲအေ...နေပူပြင်းလို့ ခေါင်းသွေးဆူနေသလား...ခေါင်းအရမ်းကိုက်နေရင်လည်း ပြန်လိုက်ပါတော့လားအေ...''
"မွန်းတည့်မှပဲ အတူတူတက်ကြမယ် ဝတုတ်ရေ...ကျုပ် ဒီလောက်နဲ့ ဘာမှမဖြစ်ပါ့တော်...''
"အေးပါအေ...ဟောတော်...ဟိုမှာကောင်းသုတနဲ့အကြည့်နဲ့လုံးလုံးပါလား...ညည်းဆီလာတာနဲ့တူတယ် ခင်ဦးရေ..ညည်ကတော့ ဒီနေ့နေကြာခူးလို့ပြီးတော့မယ်...''
"အို..ဝတုတ်ရယ်..ကျုပ်အမေကမေးရင် ညည်းနဲ့ အရီးလေးတို့မကြီးနှင်းတို့က ဝိုင်းကူပြောပေးပေါ့..ဒါလေးတော့ ကိုးမယ်အေ..''
အမေက လယ်နှစ်ပွဲကို သူနေရာနဲ့သူ ခွဲတန်းကျခိုင်းထား၏။ခင်ဦးက နေကြာခင်းကို လုပ်ရပြီး အမေနဲ့ကိုကိုက မြေပဲခင်းကို လုပ်ကြသည်။သူများလယ်မှာဆိုရင်တော့ ကောင်းတို့လာလည်း စကားပြောလို့မအားပေ။ကိုယ့်အပိုင်မှာ လုပ်ရတာဆိုတော့ ကိုယ့်သဘောကိုဖြစ်လို့..စကားအေးဆေးပြောလို့ရသည်။
"ခင်ဦးရေ..ခင်ဦး...''
"တစ်ခွန်းအော်ရုံနဲ့ ကြားရပါ့တော်...ညနေဘုရားပွဲရှိလို့ စောစောတက်ခဲ့ဖို့ လာပြောသလား...အဲဒါဆိုရင်တော့ စိတ်ချပါ ကောင်းရယ်ငါ တစ်မွန်းတည့်ပဲ ဆင်းမှာ...''
"မဟုတ်ပါဘူး.. ငါတို့တွေ ပျင်းလာနဲ့နေကြာပန်းတွေကိုကြည့်ရင်း... နင့်ကိုလည်း တွေ့ရအောင်လို့ လိုက်လာပါတာဟာ..ဟော..
ပွင့်နေဆဲနေကြာပန်းခင်းကြီးက နင့်လောက်မလှတော့ နင့်ကိုပဲ ကြည့်ရတော့မယ်...''
"အဟင်း...'
ကောင်းရဲ့စကားကြောင့် ခင်ဦး ရယ်လိုက်သည်။
"ဟော...ငါက အတည်ပြောတာကို နင်က ရယ်တယ်ပေါ့လေ ခင်ဦး...''
နင့်ကအတည်ပြောတာဆိုရင် ငါ့အလှက သုဘဒ်ဒါမငျးသမီးလို ကျက်သရေရှိတဲ့
လှမျိုးလား..အမ္ဗပါလီလို တင့်တယ်တဲ့အလှမျိုးလား ...အမရာဒေဝီလို နတ်ဘုံက နတ်သမီးတမျှ ဆင်းသက်လာတဲ့ အလှမျိုးလားဟင် ...''
"နင့်အလှက ငါ့အတွက်တော့ သနပ်ခါးပန်းလေးလိုအလှမျိုးပါပဲ ခင်ဦးရယ်...''
"အကြည်နဲ့လုံးလုံးရေ.. ကောင်းပြောမှ ငါ သနပ်ခါးပန်းလုံးလုံး ဖြစ်သွားပြီတော်...''
"ဟုတ်ပါ့ ဟုတ်ပါ့..''
ခင်ဦးတို့တွေ နေကြာတွေခူး စနောက်ရယ်မောရင်း စကားတွေ ပြောလိုက်ကြတာ မွန်းတည့်ရောက်လာခဲ့သည်။ခင်ဦးတို့ လယ်ခင်းထဲက ပြန်တက်လာပြီးနောက် လူစုခွဲလိုက်ကြတော့တယ်။လေးပင်ရွာ ဘုရားပွဲသွားဖို့အတွက် ခင်ဦးတို့မှမဟုတ် တစ်ရွာလုံး နီးပါး ပြင်ဆင်ကြတော့သည်။ညနေ နေစောင်းတာနဲ့ နွားလှည်းကိုယ်စီနဲ့ ဖုန်းထူထူမှာ မောင်းနှင်ပြီး လေးပင်ရွာ ဘုရားပွဲအကြို ပိတ်ကားနဲ့ ပွဲစျေးတန်းကို ရောက်လာခဲ့ကြသည်။ပိတ်ကားကြည့်ရတာက ခင်ဦးတို့လို ကျေးလက်နေသူများအတွက် ရှားပါးပျော်ရွှင်မှုတစ်ရပ်ဖြစ်သဖြင့် ပိတ်ကားရှေ့တွင် အရွယ်သုံးပါး စလုံးပြည့်နှက်နေလျက်။
ပွဲဈေးတန်းဆိုလည်း ဆီမီးခွက်တွေ မီးအိမ်
တွေထွန်းညှိထားကြသည်မှာ သီတင်းကျွတ်လနဲ့တန်ဆောင်တိုင် လဆန်း၁၄ရက် လပြည့်နေ့နဲ့လပြည့်ကျော် တစ်ရက်နေ့မှာ ဗုဒ္ဓဘုရားရှင်ကို ဆီမီးပူဇော်နေသည့်အလား ဆီမီးထိန်ထိန်သာလျက်..။
ထိုစျေးတန်းထဲဝင်လိုက်တာနဲ့ မြေပဲလှော်နံ့..ထန်းလျက်မုန့်နံ့..ဆီကြော်မုန့်နံ့တို့က ညလေပြေအေးအေးထဲ ပျံ့နှံ့နေသည်။ဝယ်စားလားဆိုတော့ ဝယ်မစားပါ။ပိုက်ပိုက်ကို ဝယ်ကျွေးနေရတာနဲ့ ပိုက်ဆံက မလောက်ချင်ဘူး။အထွေးကို ကိုကြီးဇေယျာက ဝယ်ကျွေးနေလို့ မဟုတ်ရင်.. လက်ထဲတစ်ပြားမှ ကျန်လိမ့်မည်ပုံမပေါ်ပါ။
ခင်ဦးအခြေအနေကို သိတဲ့ ကောင်းနဲ့အကြည်ရယ်လုံးလုံးက ဝယ်ကျွေးကြ၏။ခင်ဦး မစားဘူး လို့ ငြင်းလို့လဲမရ..အတင်းဝယ်ကျွေးတာနဲ့ စားရတယ်..မဟုတ်ရင် သူတို့က စိတ်မကောင်းဖြစ်သွားမှာလည်း ဆိုးတယ်။အခုချိန်မှာတော့ ခင်ဦးက သူတို့အပေါ် အယူပဲရှိပြီးအပေးမရှိတဲ့ ဘဝ..နောင်ဘဝတော့ သူ့တို့ကို ကမ်းရတဲ့ လက်တစ်စုံ ဖြစ်စေချင်သား..။
ပိတ်ကားကြည့်ပြီး ပြန်လာချိန်က တော်တော်လေးညဥ့်နက်သွားခဲ့ပြီမို့ ပိုက်ပိုက်က အိပ်ပျော်သွားသည်။တပေါင်လပြည့်ညရဲ့လမင်းကြီးရဲ့ အလင်းရောင်က ကောင်းကင်ယံမှာ
ထိန်ထိန်သာလျက်ကြယ်ကလေးတွေကလည်း တဖျတ်ဖျတ်နဲ့လင်းလက်နေတာ လောကသဘာဝရဲ့ ပင်ကိုယ်အလှက လှပလွန်းသည်။လာတုန်းက မသိသာလှတဲ့ နွားတွေဂုတ်မှာ ဆွဲထားတဲ့ ချလူသံတွေက အခုတိတ်ဆိတ်တဲ့ ညဥ့်ချိန်မှာတော့ သိုက်တွေပြောင်းရွေ့နေသလို ဖြစ်နေ၏။
ခင်ဦးက ကောင်းကင်ယံထက်က လမင်းကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်မိသည်။
"လမင်းကြီး ကောင်းကင်မှာ သာနေတာ လှလိုက်တာ...''
"အင်း..တစ်ယောက်သောသူလိုပဲ...''
"ဟင်...''
ခင်ဦး ပြောလိုက်တာကို ထောက်ခံလိုက်သည့်အသံက ကောင်းမဟုတ်ဘဲ ကိုကြီးဇေယျာရဲ့အသံဖြစ်နေ၏။ခင်ဦးကြည့်လိုက်တော့ အထွေးကိုပြုံးပြီး လမင်းကိုကြည့်နေကြသည်။အထွေးက ပြုံးနေတာကိုကြည့်ပြီး ခင်ဦးလည်း လမင်းကြီးကို ငေးကြည့်မိပါသည်။
"ခင်ဦး.. နင် အခုချိန်မှာ ကြယ်ကြွေရင် ဘာဆုတောင်းချင်လဲ...ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်လို့ ကြားဖူးတယ်.. ''
"ငါ့ဆုတောင်းပြည့်ဖို့အတွက် ကြယ်မကြွေစေချင်ဘူး ကောင်းရယ်...ကြယ်လေးတွေကြွေတာက နတ်သားနတ်သမီးတွေ စုတေကြတာလို့.. အမေကြီးက ပြောဖူးတယ်...''
ခင်ဦး ကောင်းကိုပြောရင်း ကြယ်လေးတွေကို လိုက်ရေတွက်မိပါသည်။ကောင်းကလည်း ခင်ဦးနဲ့အတူ လိုက်ပြီးရေတွက်ပေးသလို အကြည်နဲ့လုံးလုံးကလည်း လိုက်ရေတွက်ကြသည်။
"အရူးပဲ...ကောင်းကင်မှာ ကုဋေမကတဲ့ ကြယ်တွေကို လိုက်ရေတွက်နေရတယ်လို့...''
အထွေးကို ပြောသလိုလိုနဲ့ခင်ဦးကို သွယ်ဝှိက်ပြီး ပြောလိုက်တာမှန်း သိရ၍ ကြယ်တွေကို ဆက်မရေတွက်တော့ပေ။ကြယ်ကလေးတွေကိုသာ ကြည့်နေလိုက်တော့သည်။တိတ်ဆိတ်သွားတဲ့ ခင်ဦးကို ကြည့်ပြီး ကောင်းက သုံးဆင့်ကြယ့်လေးကို မြင်လိုက်ရ၍ ခင်ဦးကို ဝမ်းသားအားရနဲ့ ပြ၏။
"ခင်ဦး ဟိုးမှာ အပြာရောင်ကြယ်လေးနဲ့အနီရောင် ကြယ်လေးနှစ်လုံးကို တွေ့လား..''
"အင်းတွေ့တယ်လေ..ခွန်ဆန်လောနဲ့နန်းဦးပြင်တို့လေ...''
ခင်ဦး ကောင်းပြသည့် လူတစ်ယောက်ဘယ်ညာဆိုင်းထမ်းနေတဲ့ ပုံစံလေးဖြစ်နေတဲ့ ကြယ်အစုလေးကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"သူတို့အလယ်မှာ သုံးဆင့်ကြယ်သေးသေးလေးတွေ ခွန်ဆန်လောရဲ့ အမေက မခွဲအတူအမွှာကြယ်လေးအဖြစ်အတူတူရှိနေတာကို သိသွားလို့ လိုက်လာပြီး ဝါးဆစ်သုံးဆစ်ပါတဲ့ ဝါးလုံးနဲ့ခြားလိုက်တာတဲ့..အမေကြီး အဲ့ရာဇဝင်လေးပြောပြတုန်းက ငါ.. နန်းဦးပြင်ကို သနားလို့ ငိုတာကလေးလေး အသက်မရှင်ခဲ့တာကို ပိုသနားတယ် သိလား...''
ခင်ဦး ပြောနေရင်း သက်ပြင်းယဲ့ယဲ့လေး ရှိုက်ချရင်း အကြီးဆုံးဖြစ်နေတဲ့ ကြယ်လေးနှစ်လုံးကို ဆွေးမြေ့စွာ ကြည့်ရင်း ငြိမ်သက်သွားပြီးမှ
"ငါသာ.. နန်းဦးပြင်နေရာမှာဆိုရင် ကလေးလေးကို ကာကွယ်ဖို့အတွက် ငါ့ကိုကွာကွယ်ပေးနိုင်တဲ့နေရာကို ထွက်သွားမှာ သိလား..''
ကောင်း ခင်ဦးစကားကြောင့် ပြုံးလိုက်သည်။
ဇေယျာလည်း ခင်ဦးနဲ့ကောင်းလို ထိုကြယ်အစုလေးကို ကြည့်ရင်း နူးညံ့ညင်သာတဲ့ အသံလေးနဲ့ ရေရွတ်လိုက်သည်။
"ကိုယ်က မင်းကို နန်းဦးပြင်လို ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး... ကိုယ့်သက်လျာ...''
"အထွေးကို နန်းဦးပြင်ဖြစ်ခွင့်ပေးရင်တောင် အထွေးကနန်းဦးပြင်မဟုတ်တာ..နောက်ပြီး အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး.. ကိုကြီးဇေယျာရဲ့...''
ခင်ဦးက ရင်ထဲက ခင်ဦးခံစားရတဲ့အတိုင်း ကောင်းကို ပြောပြနေတာ ကိုကြီးဇေယျာက အထွေးကို နန်းဦးပြင်ဖြစ်ခွင့်မပေးဘူးဆိုတဲ့ စကားကြောင့် ခင်ဦး ကြယ်ကလေးတွေကို ကြည့်ရင်းဘဲ ပြုံးလိုက်မိသည်။အထွေးပြောသလိုလည်း အထွေးက နန်းဦးပြင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးကြီးကြီးဝင့်ဝါ အထွေးကို သမီးရင်းလေးလို ချစ်တာလေ..။
အခန်းမှတ်ချက်များ (0)