ကာလာသားတချို့ ခင်ဦးကို ကြည့်တာကြောင့် အလိုမကျဖြစ်နေတဲ့ မျက်နှာကြီးနှင့် ခင်ဦးလက်ကိုဆွဲပြီး အလှူမဏ္ဍပ်က ထွက်သွားသော ကောင်းကိုကြည့်ပြီး အကြည်နှင့်လုံးလုံး ပြုံးလိုက်ပြီးနောက်.. ။
"ကောင်းကောင်းစုတ် ခင်ဦးကျတော့ အကြည့်မခံဘူး..ငါတို့ကျတော့ ကြည်ပါလေ့စေပေါ့လေ..ဟွန့်..မနက်ကျမှဇာတ်ပိုးကို ဖြတ်အုပ်ပစ်မယ်...''
"ငါလည်း အဲကောင်ကို အသေလုပ်ပစ်မှာ..နားထင်မွှေးတွေ အကုန်နူတ်ပစ်မှာ..''
အကြည်နှင့်လုံးလုံးကတော့ တစ်ယောက်တစ်မျိုးစီ ကောင်းကို မေတ္ထာထောပနာပြုနေတော့သည်။ကောင်းတစ်ယောက် လမ်းမှာ ခလုတ်ပဲတိုက်နေမလား..လမ်းသွားရင်း အိပ်ငိုက်နေမလား မပြောပါ။
ဒေါ်ယဥ်မေ သူ့တို့နားမှာထိုင်ပြီး သမီးကိုကောင်းကောင်းဆိုတဲ့ ကလေးက လက်ဆွဲပြီး ထွက်သွားတာကို ကြည့်ပြီး ပြောနေသည်ကို ကြားနေရ၍ သဘောကျလေသည်။
သမီးက ပညာတက်တစ်ယောက်မဖြစ်သော်လည်း ကောင်းကောင်းလိုပညာတက် လူကောင်းနှင့်သာ ပေါင်းဖက်စေချင်တဲ့စိတ်ဆန္ဒက ဟိုးအရင်ထဲက ရှိနေခဲ့ပြီးသားပါ။ကောင်းကောင်းဆိုတဲ့ ကလေးကလည်း သမီးအပေါ် ချစ်ခင်နေတာကို သိမြင်ရတော့ သမီးအတွက် ကောင်းကောင်းက အကောင်းဆုံးအဖော်မွန် ဖြစ်စေချင်ခဲ့တာပါ။
အခုတော့ ယဥ်မေဖြစ်စေချင်လို ဖြစ်လာခဲ့တော့ ပြုံးလိုက်မိသည်။
ထိုအပြုံးဟာ ကြာရှည်မခံလိုက်ပါ ဆယ်နှစ်ကျော် ကြာမေ့ပျောက်ထားသည့် ဆရာတော်၏ သတိစကားအသံက နားထဲ၌ ပြန်ကြားလာတော့သည်။
"ဒကာမလေးကို ဘုန်းဘုန်းတော့ အိမ်ထောင်မပြုစေချင်ဘူးကွယ်...''
ကောင်းရဲ့မေမေဒေါ်ပူစူးကလည်း သားဖြစ်သူရဲ့ ခင်ဦးအပေါ်ထားသည့် မေတ္ထာတရားတွေကို ငယ်ငယ်ထဲက သိတာကြောင့် သားရဲ့လုပ်ရက်ကို ကြည့်ပြီး ကောင်းဖေဖေကို မျက်စပြစ်လေသည်။ကောင်းဖေဖေဦးကောင်းခန့်က ပြုံးစိစိနဲ့ ခေါင်းညိတ်ပြသည်။
ခင်ဦးလေးကို သမီးလေးပမာချစ်တာဖြစ်လို့ သားနှင့် သဘောမတူနိူင်စရာ ဘာအကြောင်းမှမရှိပေ။တစ်ယောက်နှင့်တစ်ယောက် သိပ့်ချစ်ကြသည့် သားနဲ့ခင်ဦးလေးကို ဂုဏ်ဓနတွေနဲ့ မတိုင်းတာချင်ပါ။မကြီးဝင့်ဝါကတော့ သူ့တူပညာတက်လေးနဲ့ ခင်ဦးလေးကို သဘောမတူနိုင်ဘူးတဲ့လေ။သားနဲ့ခင်ဦးလေးသာ ဒီစကားကို သိရင် ဘယ်စိတ်ကောင်းပါ့မလဲ..။
အထွေးကတော့ အမဖြစ်သူ ခင်ဦးအပေါ် ကောင်းရဲ့ သဝန်တိုမှုလေးကို သဘောကျကျနဲ့ အနားမှာရှိတဲ့ ဇေယျာကို တန်တောင်လေးတွန်းလိုက်ကာ အပြင်ကိုမေးငေါ့ပြလိုက်သည်။ဇေယျာကတော့ နူတ်ခမ်းတစ်ခြမ်းကွေးရုံလေး ကြည့်လိုက်သည်။
ခင်ဦးကတော့ သူမလက်ကို မလွှတ်တမ်း ကောင်းဆုပ်ကိုင်ထားသည်ကို ကြည့်ပြီး အပျော်တွေဝေနေတော့သည်။ကောင်းဆုပ်ကိုင်သွားတဲ့သူမ လက်ကလေးက နွေးနေသလို ဆုပ်ကိုင်ခံရသည့် ခံစားချက်ကြောင့်လည်း ရင်ထဲမှာ နွေးထွေးနေလေသည်။
ကောင်းက ခင်ဦးအတွက် တန်ဖိုးမဖြတ်နိူင်တဲ့ ခင်ဦးဘဝရဲ့ တစ်ထောင့်တစ်နေရာမှာ အမြဲတမ်း ရှိနေမယ့် သူတစ်ယောက်ပါ..။အချစ်ငတ်တဲ့ သူတစ်ယောက်မို့ထင်ပါရဲ့..။ကောင်း ရည်းစားရသွားပြီး ခင်ဦးကို မချစ်တော့မှာ ကြောက်မိတယ်.. ။ကောင်း ဘယ်အချိန်ထိ ဒီလို ခင်ဦးလက်ကို ဆုပ်ကိုင်ထားနိုင်မလဲဆို မသိနိုင်ပါ..။
အိမ်ကို ရောက်လာသည်အထိ ကောင်းကခင်ဦးလက်ကို ဆုပ်ကိုင်ထားဆဲ..။ခင်ဦး ဆုပ်ကိုင်ထားသည့် လက်ကို အပေါ်ဆွဲတင်ပြီးထောင်ပြတော့မှဘဲ လက်ကိုလွတ်ပေးပါတော့သည်။မျက်နှာကတော့ အခုထိ မကျေမနပ်နဲ့သာ..။ခင်ဦးကို ရည်းစားစာ လိုက်ပေးတာတွေကိုများ မျက်ဝါးထင်ထင် မြင်ရရင် ဘယ်လိုနေမလဲမသိဘူး..။တစ်ခုခုများ လုပ်မှာကတော့ အသေချာပါပဲ..။
"မျက်နှာကြီးကို ပြုံးနေပါ ကောင်းရယ်..ဒီတိုင်းဆို နင်ရုပ်ဆိုးတယ် သိလား ဟိဟိ...''
ခင်ဦး သူ့ကိုပြောပြီး ရယ်လိုက်သော်လည်း သူ့မှာမရယ်နိုင်ပါ။တစိမ့်စိမ့်ကြည့်လေ လှလေဖြစ်လာတဲ့ ခင်ဦးကို ကြည့်ပြီး သက်ပြင်းသာ ချမိပါသည်။ဖြူစင်တဲ့ အချစ်နဲ့တုန်းကတော့ ရင်မှာစိတ်အေးရသလောက် ပန်းနုရောင် အချစ်နဲ့ချစ်လာမိတော့ တစ်စုံတစ်ယောက်က ပိုင်ဆိုင်သွားမှာကို တွေးပြီး ပူလောင်ရပြန်သည်။ထို့ကြောင့် ခင်ဦးကို စိတ်မချနိုင်သော စိတ်တွေကသာ ကောင်းရင်ထဲမှာ အပြည့်ပင်။
"ခင်ဦး...''
"အင်း..''
"ငါ နင့်ကို ရည်းစားမထားစေချင်ဘူး ခင်ဦးရယ်...ငါ ကျောင်းပြန်သွားတက်ရမှာတောင် နင့်ကို စိတ်မချတော့ဘူးဟာ...အကြည်နဲ့လုံးလုံးလည်း မရှိတော့ နင့်ကိုတကယ် စိတ်မချဘူး...''
"ငါ့မှာ ရည်းစားထားချိန်တောင်မရှိပါဘူး...ထားဖို့လည်း မတွေးပါဘူးကောင်းရယ်...ငါမှာ နင်ရှိနေရင် ချစ်သူဆိုတာ မလိုအပ်ပဲ လုံလောက်နေပြီ သိလား...''
ခင်ဦးကြောင့် ကောင်းရဲ့ ပညာရေးကို မထိခိုက်စေချင်ပါ။ခင်ဦးပြောလိုက်သည့်စကားသည်လည်း လိမ်ညာပြီးပြောလိုက်တာ တစ်လုံးမှ မပါပေ။ကောင်းကို အဖြူအစိမ်း ဝတ်စုံလေးနဲ့ ကလေးတွေကို စာသင်နေသည့် ပုံရိပ်လေးတွေ မြင်ချင်သည်။ထို့ကြောင့် ခင်ဦး ကောင်းရဲ့ ပါးနှစ်ဖက်ကို ဆွဲပြီး နူးညံ့တဲ့ အပြုံးလွင်လွင်လေးနဲ့ ပြောလိုက်၏။
"တကယ်လား ခင်ဦး...''
"တကယ်ပေါ့...''
"ငါဝမ်းသာလိုက်တာ ခင်ဦးရယ်...''
ကောင်း ခင်ဦး၏ ကိုယ်သေးသေးလေးကို ဝမ်းသာအားရစွာနဲ့ အတင်းဆွဲဖက်လိုက်သည်။သူသာ သူမနားမှာရှိရင် ချစ်သူရည်းစားမလိုဘူးဆိုသည့် ခင်ဦး၏ စကားကြောင့် သူ့ရင်တွေ ခုန်သွားသည်မှာ တားဆီးလို့ မရတော့ပေ။
ထိုနေ့က ခင်ဦးရဲ့ စကားလေးကြောင့် ကောင်းတစ်ယောက် အိပ်လို့မပျော် ဖြစ်ရ၏။မနက်ရောင်နီပျိုးလို့ ထတာနဲ့ ခင်ဦးဆီ သွားချင်စိတ်က တစ်ဖွားဖွား..။မေမေကတော့ ဂနာမငြိမ်တဲ့ သူ့အဖြစ်ကို ကြည့်ပြီး သဘောကျနေ၏။
ဒီနှစ် ခင်ဦးအတွက် တကယ်ကံကောင်းစေသော နှစ်တစ်နှစ်ဖြစ်လေရဲ့။ကိုကိုက မြို့သွားပြီးပြန်လာတော့ ထူးထူးဆန်းဆန်း ခင်ဦးအတွက် အလှူဝတ်ရအောင် ဆိုပြီ ဝမ်းဆက်တစ်စုံနှင့် ပုံတော်ဖိနပ်လေး တစ်ရံပါ ဝယ်လာပေးသည်တဲ့လေ။အမေကလည်း နားကပ်တစ်ရံ လုပ်လာပေးတော့ ကြီးကြီးဝင့်ဝါတို့အလှူမှာ ခင်ဦး တမူလှနေတော့မလားပဲ..။
ကိုကိုဝယ်ပေးတဲ့ ဝမ်းဆက်လေးနဲ့ ဖိနပ်လေးရယ်.. ခေါင်းမှာသနပ်ခါးပန်းနှင့်ပြိုင် ဆံပင်မှာ ထုံးဖွဲ့ထားသည့် ကောင်းလက်ဆောင်ပေးထားသည့် ဆံထိုးလေးရယ်...ပါးပြင်လေးမှာ နေရာယူထားသည်က သနပ်ခါးမဟုတ်ဘဲ အကြည်ဝယ်ပေးတဲ့ ပေါင်ဒါလေးကိုသာ ခြယ်သထားတာကြောင့် ပါးပြင်လေးက ဝင်းမွတ်နေပြီး နှုတ်ခမ်းတစ်စုံမှာတော့ လုံးလုံးဝယ်ပေးတဲ့ နှုတ်ခမ်းနီးလေးက နေရာယူထားတာကြောင့် ခြုံငုံကြည့်ရင်ဖြင့် ခင်ဦး မင်းသမီးအတိုင်း လှပနေတော့သည်။ခင်ဦး မှန်ထဲက ကိုယ့်မျက်နှာကို ကြည့်ပြီး သဘောကျနေခိုက်..။
"ခင်ဦး...ခင်ဦးရေ...''
ကောင်းအသံနှင့်အတူ အကြည်နှင့်လုံးလုံးရဲ့ ခေါ်သံကြောင့် ခင်ဦးလက်ထဲက မှန်လေးကို အောက်ချပြီး အိမ်ထဲကနေ ထွက်လာခဲ့သည်။အိမ်ပြင်သို့ ရောက်သည်နဲ့ တိုက်ပုံအင်္ကျီ ရွှေရောင်ဖျော့ဖျော့လေးကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ကောင်းက ပုံမှန်ထက် ပိုမိုခန့်ညား၍ ကြည့်ကောင်းနေလေသည်။အကြည်နဲ့လုံးလုံးကလည်း ပြင်ဆင်ခြယ်သထားသည်ဆိုတော့ မင်းသမီးလေးတွေအလား...။
ကောင်း အိမ်ထဲက ထွက်လာသည့် ခင်ဦးကို မြင်တော့ ကောင်းအကြည့်တွေက ခင်ဦးဆီ၌တန့်သွားရ၏..။လှပသေသပ်စွာ ဝတ်ဆင်ထားသည့် အဝါနုရောင်ဝမ်းဆက်ကလေးနှင့်ခြေထောက်လှလှလေးအောက်က ပုံတော်ဖိနပ်လေးရယ်...ပါးပြင်နုနုလေးနဲ့နှုတ်ခမ်းတစ်စုံထက်၌ သနပ်ခါးမဟုတ်သလို နှုတ်ခမ်းသားကလည်း သဘာဝတိုင်းမဟုတ်ဘဲ ဆေးဆိုးပန်းရိုက်ပြင်ဆင်ထားသည့် မျက်နှာကလေးရယ်...ဆံနွယ်တွေထုံးဖွဲ့ထားပြီး ထိုဆံနွယ်ထက် ၌ သူပေးထားသည့်ဆံထုံးလေးကို အမြတ်တနိုး ပန်ဆင်ထားသည့်မို့ ..နတ်သမီးလေးတမျှ လှပလွန်းသည့် ခင်ဦးကြောင့် ကောင်း နှုတ်ခမ်းတို့ ကွေးညွှတ်ရုံ အပြုံးလေးဖြင့် ငေးကြည့်နေမိတော့သည်။
"နင်တအားလှတာပဲ ခင်ဦးရယ်...နင့်ကို ငါစိတ်တောင်မချချင်တော့ဘူး သိလား...''
အဟင်း..!ခင်ဦး ကောင်းရဲ့စကားကြောင့် ရယ်လိုက်၏။
"ငါ တကယ်ပြောတာ ခင်ဦး...နင်က တအားလှလာတော့ နင်ကိုရည်ငံတဲ့ သူရှိသွားမှာ ငါကြောက်တယ်...''
"ငါ့ကို မယုံဘူးလား ကောင်း...ငါ့အတွက် နင်သာ ရှိရင် ချစ်သူမထားပါဘူးလို့ ဘယ်နှစ်ခါပြောနေရမှာလဲ ကောင်းရယ်...''
"ကောင်း နင်က ခင်ဦးကိုတော့စိတ်မချဘူး..ငါတို့ကိုတော့ စိတ်ချတယ်ပေါ့လေ ဟုတ်လား... ''
"ဟဲဟဲ...အဲ့ဒါတော့မတူဘူးလေဟာ...ခင်ဦးကနင်တို့လို မလည်ဝယ်ဘူး...နောက်ပြီး လူလည်းကြောက်တက်တယ်...ရည်းစားစကားလာပြောလို့ ကြောက်ကြောက်နဲ့ ခေါင်းညိတ်လိုက်မှာ ဆိုးရိမ်လို့ပါဟ...''
"အေးပါ..အရှောင်ကောင်းတဲ့အမောင်ကောင်းရယ်...''
လမ်းတစ်လျှောက် စကားပြောကာ ပြုံးရယ်ရင်း ခင်ဦးတို့လေးယောက်သား အလှူမဏ္ဍပ်ထဲကို ဝင်လာခဲ့သည်။မဏ္ဍပ်ထဲကို ဝင်လိုက်သည်ဆိုရုံဖြင့် အရွယ်သုံးပါးလုံးရဲ့ မျက်လုံးတွေက ခင်ဦးဆီကို စိုက်ရောက်လာခဲ့သည်။ထိုအခါ ကောင်း၏မျက်နှာကတော့ ပျက်စီးသွားတော့သည်။အကြည့်နဲ့လုံးလုံးကတော့ ကောင်းကိုကြည့်၍ ပြုံးစိစိနဲ့ ရယ်နေကြသည်။
"ယဥ်မေ့သမီးကြီးလေးက ပြင်ပြင်ဆင်ဆင်လေးဆိုတော့ ချောလိုက်တာဟယ်...ထင်တောင်မထင်ရဘူးနော်...''
"ဟုတ်ပါ့အေ...''
"နခိုရှိတော့ နားကိုင်းထွက်ဆိုတာ ဒါမျိုးပေါ့အေ...''
"ဟုတ်ပါ့တော်...''
ခင်ဦးကိုကြည့်၍ တစ်ယောက်နှင့်တစ်ယောက် ချီးမွမ်းနေကြသည့်စကားတွေက မဏ္ဍပ်ထဲမှာ ပျဲ့လွင့်နေသည်။
"ဇေကြီး ဟိုကောင်မလေးက မင်းတို့ရွာကလား...''
ဇေယျာ မင်းသော်မေးသည့်အခါ လှည့်ကြည့်မိချိန် တစ်ခါမျှမမြင်ခဲ့ဖူးတဲ့ ခင်ဦးကို မျက်တောင်မခတ်တမ်း ငေးကြည့်မိသည်။သူမရဲ့ ကိုယ်ပေါ်မှာ လှပစွာဝတ်ဆင်ထားသည့် ဝမ်းဆက်လေးနှင့် ခြေဖဝါးအောက် ပုံတော်ဖိနပ်လေးကို ကြည့်ပြီး နှစ်လိုဖွယ်ပြုံးလိုက်သည်။
"လိုက်ဖက်သားပဲ...''
ခေါင်းလေးငုံ့ပြီးပြုံးလိုက်အခါ ခေါင်းပေါ်က ဆံထိုးကို မြင်လိုက်၍ဘကောင်းကောင်းတို့နဲ့ ပြုံးရယ်နေတဲ့ ခင်ဦးကိုကြည့်ပြီး နှုတ်ခမ်းသား ကွေးညွတ်သွားရုံ ပြုံးလိုက်သည်။ထိုအပြုံး၏ မျက်လုံးအစုံမှာတော့ ဒေါသအခိုးငွေ့တွေကလည်း အပြည့်ပင်။
"ကိုကြီး မမက ဒီလိုကျတော့ အရမ်းချောတာပဲနော်...ကိုကိုက အမြင်ရှိတယ်..မမအတွက်ဝယ်လာပေးတဲ့ ဝမ်းဆက်ကလေးက လှတယ်..ပိုးသားလေးကလည်း နူးညံ့အိစက်နေတာပဲ.. စျေးတော်တော်ပေးခဲ့ရမှာ သိလား...ဖိနပ်လေးကလည်း မမခြေထောက်လေးနဲ့ကွက်တိပဲ လိုက်လည်းလိုက်တယ်...အထွေးကိုတော့ ဝယ်မလာပေးသေးဘူး သိလား...''
ဇေယျာ သူ့ကိုပြောပြီး ခင်ဦးတို့ဆီကို ထွက်သွားသည့်အထွေကိုကြည့်ပြီး ပြုံးလိုက်သည်။သူလည်း ခဏအကြာမှာ ခင်ဦးတို့အနားကို သွားပြီး ခင်ဦးကို နှစ်ကိုယ်ကြားရုံမျှအသံနှင့် အနားကပ်ပြီး ခေါ်လိုက်သည်။
"ခင်ဦး..''
"ရှင်...''
"ငါ့အတွက် ဘဲဥကြော်ပေး...''
"ဒီမှာ ဟင်းတွေအများကြီးရှိတယ်...''
"အများနဲ့ချက်တဲ့ ဟင်းကိုမစားချင်လို့ မင်းကိုကြော်ခိုင်းတာပေါ့...လာ မြန်မြန် ငါဗိုက်လာနေပြီ...''
"ဟုတ်...''
ခင်ဦး မျက်နှာပျက်ပျက် မီးဖိုချောင်ထဲဝင်တော့ ကိုကြီးဇေယျာက ခင်ဦးလက်ကို လှမ်းဆွဲလိုက်၏။
"ဒီမှာ အလုပ်ရှုပ်နေတာ ဘယ်လိုကြော်မှာလဲ...မင်းတို့အိမ်မှာ သွားကြော်မှရမှာပေါ့...''
ခင်ဦး ငိုတောင်ငိုချင်သွားသည်။ခင်ဦး မြန်မြန်လျှောက်သော်လည်း ကိုကြီးဇေယျာက စောင့်ခိုင်းလေသည်။ခင်ဦးလည်း စိတ်ဆိုးဆိုးနဲ့ မျင်စောင်းထိုးလိုက်တော့သည်။
"ဘယ်သူ့ကို မျက်စောင်းလာထိုးနေတာလဲ...''
"ကိုကြီးဇေယျာက လမ်းလျှောက်တာ နှေးတာကို...သပ်သပ်မယ့် လုပ်နေတာမဟုတ်လား...''
ဇေယျာ ခင်ဦးကို ပုခုံးလေး တွန့်ပြလိုက်၏။
ခင်ဦးတို့အိမ်ရောက်တော့ ဘဲဥကြော်ပြီးလည်း ကိုကြီးဇေယျာက အိမ်မှာပဲစားမယ်လုပ်တော့ ညကကျန်တဲ့ ထမင်းကြမ်းနဲ့ထည့်ပေးလိုက်၏။ထိုအခါ ထမင်းကြမ်းမစားဘူးဆို၍ ထမင်းအိုးတည်ရပြန်သည်။ထမင်းကျက်လို့ ထမင်းစားတော့လည်း တရားမှတ်ပြီး ဝါးနေသလားမသိ..
ခင်ဦးဖြင့် စိတ်တွေတိုလိုက်တာ အရမ်းပဲ။ တစ်ခါတစ်လေ လှလှပပလေး ဝတ်ကလို့ အပျိုတွေကြားပဲများချင်ပါတယ်ဆိုမှ အိမ်မှာပြန်ပြီး အချိန်ကုန်ရတယ်လို့..။
"ပြန်မယ်...''
"မလိုက်တော့ဘူး...''
"တကယ်မလိုက်ဘူးပေါ့...''
"မလိုက်တော့ဘူး...''
ဇေယျာ မျက်နှာဆူပုတ်ပုတ်နဲ့ မလိုက်တော့ဘူးလို့ ဆူစောင့်စောင့်လေး ပြောတာသည့် ခင်ဦးကို မျက်မှောင်ကျုံ့ကြည့်၍ လှည့်ထွက်လာခဲ့သည်။ ထို့နောက် ဇေယျာရဲ့ မျက်နှာမှာ အပြုံးတွေဝေဆာနေ၏။
အခန်းမှတ်ချက်များ (0)