Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၁၆

အရင်ကဆိုရင် သူ အမြည်းလုပ်ခိုင်းလည်း လုပ်ပေးတဲ့ သူမ..၊ အဖြူအစိမ်းတွေ မီးပူတိုက်ခိုင်းတဲ့အခါမငြိုမငြင် တိုက်ပေးတဲ့ သူမ..၊သူ စားချင်တဲ့ ဟင်းတွေလာချက်ခိုင်းတဲ့အခါ တစ်ခွန်းပြန်မပြောဘဲ ခေါင်းလေးညိတ်သည့် သူမ။သူဘာလုပ်ခိုင်းခိုင်း သူ့ကို မျက်လုံးနဲ့တောင် ဆွေမကြည့်ရဲဘဲ မျက်လွှာကလေးချပြီး အမြဲနာခံတက်တဲ့ သူမက အခုလို သူ့ကို ရဲတင်းစွာကြည့်လာပြီး တစ်ခွန်းမကျန်ပြန်ပြောတာကို ခံလိုက်ရချိန်မှာ ခံရခက်လေသည်။

"ဟာကွာ...သိပ့်ကိုအားကိုးရှိနေတယ်ပေါ့... ဒုန်း...ဒုန်း..''

ဇေယျာ ဒေါသစိတ်တွေကို ခင်ဦးအပေါ် ပုံချလို့မရတာကြောင့် အနားမှာရှိတဲ့ ခုံကို ကိုင်ပေါက်ချလိုက်တော့သည်။ခင်ဦးသည် ကြောက်စိတ်ကြောင့် ကျောလေးတွန့်ကာ ကိုယ်လေးပင်တုန်သွားပြီး မျက်လုံးလေးမှိတ်လျက် မျက်ရည်တို့ကျနေသည်။နူတ်ခမ်းတစ်စုံမှာ တဆတ်ဆတ်နဲ့ တုန်ယင်နေရှာသည်။သူ အရက်သိပ်မမူးနေလို့ မဟုတ်ရင် သူ ကိုင်ပေါက်မိမှာ..။

"မကျနဲ့..မင်း ငါ့ကို မျက်ရည်ခံမထိုးနဲ့ ခင်ဦး...မင်းပါးစပ်က ငါ့ကို တစ်ခုခုပြန်ပြောပါအုန်း...ငါကြားချင်လို့ပါ...''

"တောင်း..တောင်းပန်ပါတယ်...''

ခင်ဦး မျက်လွှာကလေး အောက်ချပြီးနူတ်ခမ်းတို့တဆတ်ဆတ် တုန်ယင်နေသော မညီညာသည့် အသံနဲ့ သူ့ကို တောင်းပန်တယ်။တခြားသူတွေအတွက် ခင်ဦးရဲ့ ထိုပုံစံလေးက သနားစရာ ကောင်းနေမှာ..။သူ့အတွက်တော့.. ။

"ဘာ တောင်းပန်တယ်...မင်းတောင်းပန်တိုင်း ငါက ခေါင်းညိတ်ရအောင် မင်းအကောင် ကောင်းကောင်းမဟုတ်ဘူး..မင်းမျိုးဇေယျာ

မင်းမျိုးဇေယျာကွ...''

သူမကို တစ်ခုခုများ လုပ်လိုက်မလားဆိုသည့် ကြောက်စိတ်ကြောင့် သူ့ရှေ့ကနေ ရှောင်ထွက်သွားရအောင်လည်း ခြေထောက်တွေမကြွချေ။တစ်ခုခုက ဆွဲငင်ထားသလိုပင်။ထို့ကြောင့် ခင်ဦး မျက်လုံးတို့မှိတ်လျက်သား စိတ်ထဲတွင် ကောင်းကိုသာ တနေသည်။သူမရဲ့ စကားသံကို ကောင်းကြားသွားသည် ထင်ပါရဲ့။ခင်ဦးကို ခေါ်နေသော ကောင်းရဲ့အသံကို ကြားလိုက်ရ၏။ခင်ဦး လိုအပ်တဲ့ အချိန်တိုင်း အနားရောက်ရောက်လာတဲ့ ကောင်းကြောင့် အမြဲပျော်ခဲ့သည်။ကောင်းရဲ့အသံကို ကြားကသော်လည်း ပြန်ပြောဖိူ့ အသံတို့က မထွက်ပါလေ။ကောင်းကလည်း ခင်ဦး မထူးမချင်းကို အော်ခေါ်ပါလေသည်။

"ခင်ဦး..ခင်ဦးရေ...''

ကောင်းကောင်းရဲ့ အသံလေးကို တသွင်သွင် ကြားလိုက်တာနဲ့ အားတက်သရော မျက်တို့ဖွင့်လိုက်ကာ မျက်ရည်တို့ကို သုတ်လိုက်၏။

ခင်ဦး အားကိုးရှိသွားတာကြောင့်ဖြစ်မယ်၊စောစောက လေးလံထုံထိုင်းနေသော ခြေထောက်တွေက လေးလံမနေတော့ဘဲ ပြေးထွက်သွားလိုက်တာ ခြံရှေ့ကို ဘယ်လိုရောက်သလဲ မသိလိုက်ပါ။

"ကောင်း...''

ခင်ဦး ကောင်းကိုမြင်လိုက်တာနဲ့ ပြုံးလိုက်ရင်း ခေါ်လိုက်၏။

"ခေါ်လိုက်ရတာ ခင်ဦးရယ်...''

ကောင်း ပြောပြောဆိုဆိုနဲ့ ခြံထဲကိုဝင်လိုက်တာနဲ့ မန်ကျည်းပင်အောက်က ကွက်ပျစ်မှာ ကျော်ကျော်ဦးနှင့်အတူ ဇေယျာရဲ့မြို့က သူငယ်ချင်းတွေကို တွေ့လိုက်တာကြောင့် မျက်နှာပျက်သွား၏။စိတ်ထဲမှာလည်း ကျော်ကျော်နဲ့ဇေယျာကို ထိုးကြိတ်ချင်စိတ်တွေက တဖွားဖွားပင်။

"ကျစ်..နင့်အစ်ကိုက မမိုက်ဘူး ခင်ဦး...နင် အပျိုလေး ရှိတဲ့အိမ်ကို အရက်သောက်တက်တဲ့ ဧည့်သည်ကို ခေါ်လာရတယ်လို့ဟာ...ငါ နင့်ကို စိတ်မချတော့ဘူး ခင်ဦး...''

"ငါက ကလေးမှမဟုတ်တော့ပဲ ကောင်းရယ်...ငါ့ အန္တရာယ်ငါကြည့်ရှောင်တက်ပါတယ်..ငါ လိုအပ်တဲ့အချိန်တိုင်း ငါ့အနားကို နင်က အမြဲ ရောက်လာပေးမယ်မလားဟင်...''

"အင်း... ''

ကောင်း ခင်ဦး၏ လက်နှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး ခင်ဦး မျက်နှာကလေးကို ခါးလေးကိုင်းကာ စေ့စေ့စိုက်ကြည့်လိုက်သည်။သနပ်ခါးပါးကွက်ပေါ်က မျက်ရည်ကြောင်းတွေကို မြင်လိုက်ရ၍ ပျာပျာသလဲလဲ မေးလိုက်တော့သည်။

"ခင်ဦး နင်ငိုထားတယ်..ဘာဖြစ်လို့လဲ..သူတို့နှစ်ယောက် နင့်ကို အရင်လိုအနိုင်ကျင့်လို့လား...ငါ့ကို ပြောစမ်းပါဟာ...''

"မဟုတ်ပါဘူး..အမှုန်ဝင်သွားလို့ ပွတ်ထားလို့ပါ ကောင်းရယ်...''

"ငါက နင် သူတို့ကြောင့် ငိုထားတယ်ထင်ပြီး စိတ်ပူသွားတာပဲ..နင်သာ ခေါင်းညိတ့်ကြည့် ငါသူတို့ကို တစ်ခုခုလုပ်မိမှာ ခင်ဦး...''

"အဟင်း...''

"ဘာရယ်တာလဲ..''

"ငယ်ငယ်က အကြောင်းတွေးမိသွားလို့ပါ..အဲတုန်းက နင်က သူတို့ကို ကြောက်ရတယ်လေ..အခုတော့ မကြောက်တော့ဘူးပေါ့..ဟုတ်လား ကောင်း...''

"အင်း..ငါ အခုလူကြီးဖြစ်နေပြီ...နင့်ကို ကာကွယ်နိူင်ပြီ...နင် ယုံတယ်မလား..''

"အင်း..''

ကောင်း ပြောလိုက်တာမဲ့ တန်းပြီး ခေါင်းညိတ်လိုက်သည်။သူ့ရှေ့၌ ခေါင်းတညိတ့်ညိတ့်နှင့် သူမ၏ ခေါင်းကိုပုတ်လိုက်သည်။ဆံနွယ်မှာ ပန်းပန်ထားတာ မတွေ့ရ၍ သနပ်ခါးပန်းလေးကို ခူးလိုက်ပြီး ခင်ဦးကို ပန်ဆင်ပေးလိုက်သည်။

"အခုမှ ပိုလှသွားတယ်...''

"တကယ်လား..''

"တကယ်ပေါ့..နတ်သမီးလေး နတ်သက်ကြွေလာသလားပဲ...''

"အဟင်း...''

ခင်ဦး၏ ဝမ်းနည်းကြောက်ရွံ့နေသည့် စိတ်တွေ ပျောက်သွားသလို မျက်နှာထက်မှာလဲ အပြုံးပန်းလေးများ ဝေဆာလျက်..။

သူငယ်ချင်းမကျ ချစ်သူလည်း မဟုတ်သေးသော ခင်ဦးကို သူ့အပိုင်မိန်းကလေးအဖြစ် တရားဝင် ပိုင်ဆိုင်ချင်စိတ်တွေ ခင်ဦး မျက်နှာကလေးကို မြင်တိုင်း တစ်စတစ်စ ကြီးစိုးလို့နေတော့သည်။ကောင်းက ခင်ဦးရဲ့ ဆံနွယ်လေးတွေကို နမ်းရှိုက်ပြီး မျက်လုံးတို့ မှေးဆင်းလျက် ပြုံးလိုက်ရင်းဆိုသည်။

"ငါ ဒီတစ်ခါ မြို့ကနေပြန်လာရင် နင့်အတွက် ဆံထိုးလှလှလေးတွေထက် ဝယ်ခဲ့မယ်...''

"အဲနေ့ မြန်မြန်တောင် ရောက်ချင်ပြီ...''

ကောင်းနဲ့ခင်ဦးတို့ စကားတွေပြောရင်း ရယ်မောစွာ ခြံထဲမှ ထွက်သွားသည့်တိုင်း ကြည်နူးနေသော မြင်ကွင်းကို အစအဆုံး ကြည့်နေခဲ့တဲ့ ဇေယျာ၏ အပြုံးဟာ မကောင်းသည့် အကြံအစည်တစ်ခု ရှိနေသလိုပင်..။

**************** ***************

ယာထဲမှာ လူဆိုလို့ ကောင်းနဲ့ခင်ဦးနှစ်ယောက်ထဲသာ ဖြစ်သည်။ပုံမှန်ချိန်ဆို ယာထဲမှာ ခရမ်းချဥ်သီးခူးနေတဲ့သူတွေ မြေပဲနူတ်နေတဲ့သူတွေ အများအပြား ရှိကြသည်။အလှူတို့ မင်္ဂလာဆောင်တို့ နာရေးကိစ္စတို့ဆို အဲအိမ်ကို တစ်ရွှာလုံး နေ့နေ့ညည သွားကြသည်က ဓလေ့တစ်ခုပင်။

"ကောင်း ဟိုးမှာ သတ်တန့်ကြီးလှလိုက်တာဟယ်...''

"နင့်လောက်မလှဘူး...''

"ဟွန့်...''

"တကယ်...နင်က သတ်တန့်ကြီးထက် အရောင်အသွေးစုံလင်ပြီး ပိုလှတယ် ခင်ဦး...''

ကောင်းရဲ့အပြောကြောင့် ခင်ဦး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။လွတ်လပ်စွာ ရယ်မောနေသည့် ခင်ဦးကို ကောင်း ငေးကြည့်မိသည်။ခင်ဦးကို ဒီလိုမျိုး ရယ်မောနေတာကိုပဲ အမြဲမြင်ချင်တယ်..။ခင်ဦးပျော်လျှင် သူလည်းပျော်သည်။ခင်ဦး ငိုလျှင် သူ့ရင်ထဲမကောင်းလှပါ..။သူမလေး အမြဲတမ်း ပြုံးပျော်နိုင်ဖို့ သူကြိုးစားရမည်။

ခင်ဦး ရယ်မောရာကနေ မျက်နှာကလေးတည်လိုက်ပြီး

"မြို့သူလေးတွေကိုလည်း ဒီလိုအပြောချိုချိုလေးတွေနဲ့ ဖြားယောင်းနေတာမဟုတ်လား...''

သူမမေးသည့်အခါ ကောင်းမဖြေနိုင်ပါ။မဟုတ်ဘူး ပြောလျှင် သူ ခင်ဦးအပေါ်ကို လိမ်ရာကျသွားမှာပေါ့။နူတ်ဆိတ်နေခြင်းက ဝန်ခံတဲ့..။ထိုကြောင့် ခင်ဦးကို ပြုံး၍သာ ကြည့်လိုက်တော့သည်။

ကောင်းတောင် အချစ်အကြောင်းတွေ သိနေပြီပဲ။ကောင်းမှမဟုတ်ပါ...။အထွေးတို့ အကြည်တို့လုံးလုံးတို့တောင် သိနေကြပြီပဲဟာ..။အားလုံးထဲမှာခင်ဦးတစ်ယောက်ထဲပဲ စီးပွားရေး လူမှုရေးတွေနဲ့ လုံးလည်ချာလည်လိုက်နေတာနဲ့ ဘာမှန်းကိုမသိသေးဘူး ဖြစ်နေခဲ့တာ..။အချစ်ကဘယ်လိုမျိုးလည်း မသိသော်လည်း အကြည်နဲ့လုံးလုံးရယ် ကောင်းရဲ့အချစ်တွေကြောင့် ခင်ဦး ပျော်ရပါသည်။သို့သော်...။

စကားသံတွေ ရယ်မောသံတွေမရှိ နှစ်ယောက်သား ကြားထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက ကောင်းကောင်းပင်..။

"ဝမ်းနည်းသွားလား ခင်ဦး...''

"အင်း...''

"ငါ တောင်းပန်ပါတယ်..''

"မလိုပါဘူး ငါ နားလည်ပါတယ် ကောင်းရယ်...မိန်းကလေးလှလှလေးမြင်ရင် ဘယ်သူဘဲဖြစ်ဖြစ် စကားလိုက်ပြောတာ မဆန်းပါဘူး...ဒါပေမယ့် ငါကို ချစ်တာတော့ လျော့မသွားရဘူးနော်..ငါ့..ငါ့ကိုလေ နင်ပါ မချစ်တော့မှာ ကြောက်လို့ပါ ကောင်းရယ်...''

အစက ရယ်မောရင်း ပြောနေသော်လည်း နောက်ဆုံး၌ ခင်ဦးရဲ့ အသံတွေဟာ တုန်ယင်လာခဲ့သည်။မျက်နှာလည်း ညိုးငယ်သွားသည်။ခင်ဦးရဲ့ ပျက်စီးသွားသည့် မျက်နှာကလေးကို ကြာကြာမကြည့်နိုင်တာကြောင့် ခင်ဦးကိုယ်လေးကို ဆွဲယူပွေ့ဖက်လိုက်ပါတော့သည်။

"မဟုတ်တာ..နင်က ငါ့အတွက် အချစ်ဆုံးပဲ ခင်ဦး...ငါ မချစ်မှာကို နင်ကြောက်စရာမလိုပါဘူးဟာ...တွေးပြီးလည်း ဝမ်းမနည်းပါနဲ့နော်...''

"ငါ ယုံမယ်နော်...''

ခင်ဦး၏ အသံက ဆွေးမြေ့လွန်းလှသည်။

"ယုံပါခင်ဦးရယ်...ငါကနင့်အတွက် အလင်းဆောင်မယ့် ရောင်နီဖြစ်ပေးပါ့မယ်...''

ထိုစကားကိုတော့ နူတ်ကဖွင့်မဟဘဲ စိတ်ထဲကပဲ တီးတိုးရည်ရွတ်လိုက်သည်။

"ငါတို့ ပြန်ကြတော့မလား ကောင်း...လေးနာရီလောက်ဆို ကောက်ရိုးနုတ်ပြီး နွားစာထည့်ရအုန်းမှာ...''

"အင်း...''

သူတို့နှစ်ယောက် ယာထဲကပြန်လာတာနဲ့ အလှူအိမ်ကို ဝင်ပြီး ထမင်းစားဖို့ ခေါ်တာနဲ့ မရဲတရဲနှင့် ဝင်လိုက်သည်။ဝင်ဝင်ခြင်းမှာ မြို့က ဧည့်သည်နှစ်ယောက်ကို တွေ့လိုက်ရတာကြောင့် အိမ်မှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သိလိုက်ရ၍ စိတ်သက်သာ ရသွားလေသည်။

ကောင်းကတော့ သူတို့တွေကို မကြည်ဖူးဖြစ်နေသည်မှာ မျက်မှောင်ကြီးကို ကျုံ့လို့..ကောင်းကိုကြည့်ပြီး ခင်ဦး ရယ်ချင်သွားသည်။

"ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေလို့ တည်တည်လေးပဲနေ...''

"မြှောက်ပြောနေပါပြီ..''

ကောင်း ဘေးပတ်လည်ကို မျက်စီတစ်ဆုံး လျှောက်ကြည့်ပြီး

"ကျစ်..မျက်လုံးတွေကို သွားဖောက်ချင်လိုက်တာ...''

"ဟော..သူ့ဘယ့်သူနေတဲ့ မျက်လုံးတွေကို ဘာလို့ဖောက်ချင်နေရတာလဲ..ကောင်းရဲ့..''

"နင့်ကို ကြည့်နေတာကို..''

"ကြည့်လေးများ အဆန်းလုပ်လို့ ကောင်းရယ်..အရင်ကလည်း ကြည့်နေကျပဲဟာ..သူ့တို့မျက်လုံးနဲ့ကြည့်တာ ကိုယ့်အသားပဲ့ပါသွားတာမှမဟုတ်ဘဲ ကြည့်ပါလေ့စေ့ပေါ့...''

"ငါမကြိုက်ဘူး...''

ခင်ဦး ကောင်းကိုကြည့်ပြီး ပြုံးလိုက်တော့သည်။

"မပြုံးပါနဲ့ဆိုဟာ...''

"မကြိုက်ဘူးလား...''

"အင်း...''

"နင်တစ်ယောက်ထဲ ရှိတဲ့အချိန် ပြုံးပြမယ်ဆိုရင်ရော မကြိုက်ဘူးလား...''

"အဲတာတော့ ကြိုက်တယ်...''

"အဲဆိုပြီးရော..''

"သူတို့က ငါတို့ရွှာကလည်း မဟုတ်ဘူး..''

"အင်း..တခြားရွှာတွေက ကုလားသားတွေ..''

"ကြီးကြီးတို့များ ကျွေးမွေးနိူင်တယ်ဆိုပြီး တခြားရွှာက ကုလားသားတွေကို ဖိတ်ရတယ်လို့..ရွှာမှာ ကုလားသားတွေမရှိတဲ့အတိုင်းပဲ..''

"အပျိုတွေကိုလည်း ဖိတ်ပါတယ်..ကုလားသားကြီးပဲ ဖိတ်တာမဟုတ်ပါဘူး...''

"ငါတော့ မေမေတို့လှူရင် မဖိတ်ခိုင်းဘူးလား..ကိုယ့်ရွှာကိုယ်ဇာတ်နဲ့ နိုင်အောင်ကမယ်..''

"ဓလေ့ထုံးစံကို နင်ကပြောင်းချင်နေတာလား ကောင်း...နင့်စကားတွေကိုကြားရင် ရွှာ အပျိုလူပျိုတွေက မျက်မှောင်းကျိုးတော့မှာပဲ..နင်နဲ့တော့ ခက်ပြီဟယ်...''

"ထမင်းလည်း စားမနေနဲ့တော့နဲ့.. လာ..ပြန်မယ်...''

"ဟင်..''

သူ ချစ်တဲ့ သူမကို တခြားသူစိမ်းယောကျာ်းတွေက ငေးမောကြည့်နေတာကို မကြိုက်ပေ။ထို့ကြောင့် ကောင်း ခင်ဦး၏လက်ကိုဆွဲပြီး အလှူအိမ်က ထွက်လာခဲ့သည်။အရင်ကလည်း ဒီအတိုင်းပဲ ဆိုတဲ့ စကားကြောင့် သူ့မှာ ကျောင်းပြန်တက်ဖို့တောင် သူမကို စိတ်မချတော့တာကြောင့် စိတ်မပါတော့ချေ။

« ရှေ့အခန်း - အပိုင်း၁၅ နောက်အခန်း - အပိုင်း ၁၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ