Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၁၅

ရွှာမြောက်ပိုင်းက မင်းမျိုးဇေယျာတို့ နေအိမ် အလှူမဏ္ဍပ်က ဖွင့်နေသည့် ကက်စက်သံက တစ်ရွှာလုံး ပျံ့လွှင့်လျက်..။ရွာထဲ လူကြီး လူငယ် ကလေးပါမကျန် အလှူအိမ်ကို သွားလာနေသည်မှာ အလျှိုလျှိုနဲ့ပင်။မိန်းမပျိုးလေးရဲ့ ဆံပင်တွေထုံးဖွဲ့ထားသည့် ဦးခေါင်းပေါ်တွင် နွေဦးကံ့ကော် သရဖီ သနပ်ခါးပန်းတို့ကလည်း တစ်ယောက်နှင့်တစ်ယောက် ပန်ဆင်ထားသည်မှာ အပြိုင်အဆိုင်..။

"ခင်ဦးရေ မလိုက်သေးဘူးလား..

ရွက်ဟောင်းကြွေတဲ့ ရာသီကို သစ်ရွက်ကျတိုင်း လိုက်လှဲနေရင် ပင်ပန်းရုံပဲရှိမှာပေါ့အေ...''

"သမီးက အစတစ်စတွေ့ရင်တောင် မနေတက်လို့ပါ.. သမီး နောက်ကလိုက်ခဲ့မယ်...အိမ်အလုပ်တွေ မပြီးသေးလို့ အရီးရေ...''

"ညည်းသဘောပါပဲအေ..ကျုပ်အသက်ကသာကြီးတာ ပန်းတော့ကြိုက်တယ်အေ့...သနပ်ခါးလေး ပန်သွားလိုက်အုန်းမယ်...ဒါနဲ့ ညည်းအမေရော သွားပြီးလား...''

"ဟုတ် အရီး...အမေက မနက်အစောကြီးထဲသွားတာ..ကိုကိုကတော့ ဝက်ပေါ်တဲ့ ညထဲက အိမ်ကိုပြန်မအိပ်ဘူးလေ...''

"အဲအချိန်က ကာလာသားများရဲ့ အခွင့်အရေးမဟုတ်လားအေ..အလကားသောက် အလကားစားရတာကိုး...''

အရီးပြောလိုက်တဲ့ထဲ ကိုယ့်အစ်ကိုလည်း ပါနေတာကြောင့် စိတ်ဆိုးသော်လည်း မှန်နေတာကြောင့် ခင်ဦး ပြန်မပြောနိုင်ပေ။အရီးကတော့ အပျိုကြီးပီပီ ပြောဆိုပြီး ပန်းကိုပန်ပြီး ထွက်သွားသည်။

"သူလည်း အလှူအိမ်ကို အလကား စားမှာပဲကို..ခင်ဦး ကိုကိုကအလှူအိမ်ရှိမှ သောက်ရစားရမယ့် သူမဟုတ်ပါဘူးလို့ ပြောလိုက်ချင်သား..''

တစ်ခြံလုံး သစ်ရွက်မှိုက်တွေကို လှပြီးနောက် မောင်လေးကို အလှူသွားဖို့ ရေချိုး အဝတ်အစားဝတ် ဖြီးလိမ်းပေးရလေသည်။မသိရင် ခင်ဦးမွေးထားသည့် အတိုင်း အစစအရာရာ ခင်ဦးပဲ လုပ်ပေးရတယ်။အိမ်မှာ ခင်ဦး ရှိနေလို့လဲ အမေက စိတ်ချလက်ချနဲ့ လူမှုရေးတွေ သွားနိုင်တာပေါ့လေ။

"ပိုက်ပိုက် သူများအလှူမှာ မျက်စိနောက်အောင် မဆော့ရဘူးနော်..မခင် မှာတာကို မှတ်သွားနော်...''

"ဟုတ် မခင်..မခင် ပြောစကား သားနားထောင်ပါမယ်...''

"ပြီးရောကွယ်...ဖြေးဖြေးသွား ပြေးမသွားနဲ့..ပြေးသွားလို့ ချော်လဲရင် မခင်က မထူပေးဘဲ ရိုက်မှာနော်..မခင်ရဲ့ စကားကို အလေးမထားတာလဲဆိုပြီး နာနာရိုက်မှာ သိလား..''

"သားက မခင် စကားနားတောင်တဲ့ ကလေးပါ...မခင်ကို စိတ်ဆိုးအောင်မဟုတ်ဘူး..မွမွ..''

ခင်ဦး လည်ပင်းကို သိုင်းဖက်ပြီး ပါးနှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ အသံမြည်အောင် နမ်းပြီး သွားသည့် မောင်းလေးကိုကြည့်ပြီး ခင်ဦးပြုံးလိုက်တယ်။သူမရဲ့ ပါးပြင်လေးကို နမ်းပေးတာဆိုလို့ အဖေနဲ့ပိုက်ပိုက်သာ ရှိလေသည်။အမေလည်း ခင်ဦးကို မွေးတုန်းက နမ်းရင်နမ်းခဲ့မှာပါ။ခင်ဦး မသိတာဖြစ်ပါလိမ့်မယ်။

"အထွေး မသွားသေးဘူးလား...တစ်ရွာလုံး အလှူအိမ်ကို ရောက်နေပြီ...အထွေးကို မျှော်နေရောပေါ့...''

"သမီး မပြီးသေးလို့ မမ..သမီး ကျစ်စာမြီးလုပ်တာ မလှဘူးဖြစ်လို့လေ..''

"မမ လုပ်ပေးရမလား...''

"ဟုတ်...လှလှလေး ကျစ်ပေးနော်...''

"အင်း..''

ခင်ဦး အထွေးကို ကျစ်စာမြီး ကျစ်ပေးလိုက်သည်။ခင်ဦး ကျစ်ပေးတာ လှလို့ထင်ပါရဲ့ အထွေးက သဘောကျလေရဲ့..။

"အထွေး သနပ်ခါးပန်း ပန်မလား..မမ ခူးပြီး လှလှလေး ပန်ပေးလိုက်မယ်လေ..''

"ဟင့်အင်း..ပန်းမပန်ချင်ဘူး...''

"အထွေးက ပန်းမပန်လည်း လှပြီးသားပါ..အဝတ်အစားဝတ်ပြီး ထွက်လာခဲ့တော့နော်..တစ်ခုခုလိုရင် အပြင်မှာ မမရှိတယ်.. လှမ်းခေါ်လိုက်နော်...''

"အင်း...''

ခင်ဦးကတော့ အိမ်နောက်ဖေးက ဗူးစင်ကနေ ဗူးညွှန့်တွေကို ဖြတ်လာခဲ့တယ်။အိမ်ရှေ့ကွက်ပျစ်လေးမှာ ထိုင်ပြီး သင်လိုက်၏။

"မမ သမီးလှလား ...''

အထွေးရဲ့အသံကြောင့် ခင်ဦး ဗူးညွှန့်သင်ရင်း အသံလာရာကို လှည့်ကြည့်မိပါသည်။ခင်ဦး မျက်စိတောင် ကျိန်းသွားမတက် အထွေးရဲ့ ကိုယ်ရောင်ကိုယ်ဝါက တောက်ပလွန်းနေသည်။ကန်စွန်းဥနှစ်ရောင် ချိတ်ဝမ်းလေးရယ် လည်တိုင်လေးမှာ ရွှေဘယက်လေးရယ် လက်ကောက်ဝတ်က ပန်းလက်ကောက်လေးနဲ့ လူမှာအဝတ်တောင်းမှာအကွပ်ဆိုသလို အထွေးကလည်း အဝတ်အစားရဲ့သစ်လွင်မှု အဆင်တန်ဆာရဲ့ ဆင်ယဥ်မှုကြောင့် သူဌေးသမီးလေးအလား ပင်။

မကွာာခငျ သူဌေးချွေးမလေး ဖြစ်လာတော့မယ့် သူတစ်ယောက်အနေနဲ့ ဒီလောက်တော့ ပြည့်စုံနေရမှာပေါ့လေ။ခင်ဦး အထွေးကို နှစ်လိုဖွယ် အေးမြတဲ့ အပြုးချိုကလေးနဲ့ ပြုံးပြလိုက်ပြီး

"အင်း..မမတို့ရွှာမှာ အထွေးက အလှဆုံးပဲ...အဖေသာရှိသေးရင် အခုချိန် အထွေးက ကိုးတောင်ကိုင်ပန်းတောင်ကိုင်ဖြစ်မှာ သိလား...''

ခင်ဦး အထွေးကို မလိမ်ညာဘဲ အမှန်တိုင်းပြောလိုက်ခြင်းသာ..။ရွှာမှာ အချောအလှလေးတွေ ရှိကြသော်လည်း အထွေးကိုတော့ မမှီပါ။ရုပ်ဆင်းရူပကာလဲရှိ ပညာတက်လေးလဲဖြစ်ပြီး အရာအားလုံးပြည့်စုံသော်လည်း အလှူ မင်္ဂလာဆောင်မှာဆိုရင် မျက်နှာငယ်ရလေသည်။မင်္ဂလာအုပ်ဖွင့်သည့်အခါ မိစုံဘစုံမှ အလှူရှင်လောင်းလှည့်အခါမှာလည်း ထိုနည်းတူပဲ။ထို့ကြောင့် ခင်ဦးတို့ မောင်နှမတွေ အမြဲ မျက်နှာငယ်ခဲ့ရ၏။

"အဲကြောင်းတွေ မပြောနဲ့ မမရယ်...သမီး အဲဒါတွေကို ခေါင်းထဲမှာ မရှိတော့ဘူး..ထုတ်ပစ်လိုက်တာ ကြာရောပေါ့...အခုတောင် သွားချင်လို့မဟုတ်ဘူးဆိုတာ မမသိပါတယ်...''

"အင်း...''

ခင်ဦး သိတာပေါ့။မကြာခင် တော်ရမယ့် ယောက္ခမရဲ့အလှူဆိုတော့လည်း မသွားချင်လည်း သွားရမှာပေါ့လေ။ကြီးကြီးဝင့်ဝါကလည်း ရွှာနီးခြောက်စပ်က ဧည့်သည်တွေ ဆွေမျိုးတွေကြားမှာ သူ့ချွေးမအလှလေးကို ကြွားလိုက်မည့်ဖြစ်ခြင်း..။အမေကတော့ ပြုံးနေတော့မှာ မြင်ယောင်ပါသည်။

"မမရော မလိုက်သေးဘူးလား...''

"အင်း..မနက်မှပဲ သွားတော့မယ်လေ..တစ်အိမ်လုံးမှာ မမတစ်ယောက်ပဲ မသွားတာဆိုလို့ ကြီးကြီးဝင့်ဝါက စိတ်မဆိုးလောက်ပါဘူး...''

"ဘာလို့လဲ မမ...သမီးနဲ့တစ်ခါထဲ လိုက်ခဲ့လေ..သမီး တစ်ယောက်ထဲ မသွားချင်ဘူး.. နော်...လိုက်ခဲ့နော်...''

ခင်ဦးကို အားကိုးသည့်သဘော လက်မောင်းကို ဖက်တွယ်ပြီး အပြုံးအေးလေးနဲ့ ပူဆာနေသော အထွေးကို ခင်ဦး ခေါင်းညိတ့်တော့မည့်ဆဲဆဲ

ခင်ဦးတို့ အိမ်ခြံထဲကို ဝင်လာသော ကိုကြီးဇေယျာနဲ့ကိုကြီးသက်ဝေကို ခင်ဦးတွေ့လိုက်ရတာကြောင့် အထွေးကို ပြောလိုက်၏။

"အထွေး နောက်နေလို့ထင်တယ်..ဟိုမှာ ကိုကြီးဇေယျာတောင် လိုက်လာတယ်...မမ မလိုက်လဲ ရသွားပြီ မှတ်လား...''

"အင်း...''

"အထွေးလေးကို မေမေ့က ခေါ်ခိုင်းလိုက်တယ်..အမျိုးတွေနဲ့ မိတ်ဆက်ပေးမလို့တဲ့လေ..အမျိုးတွေကလည်း အထွေးကို တွေ့ချင်နေတာ.. ကိုကြီးတို့ မြန်မြန်သွားရအောင်နော်...''

"ခင်ဦး နင်ရောမလိုက်ဘူး...''

ကိုကြီးသက်ဝေကတော့မေးလာတော့ ခင်ဦး ခေါင်းရမ်းလိုက်ကာ

"မလိုက်တော့ဘူး ကိုကြီးသက်ဝေ...ခင်ဦး မနက်အကျွေးအမွေးကြမှပဲ ထွက်တော့မယ်...''

"အေးပါဟာ...''

"မမ သမီးတို့ သွားပြီးနော်...''

"အင်း...''

ခင်ဦးကို နူတ်ဆက်ပြီး ကိုကြီးဇေယျာနဲ့စကားတွေပြောရင်း ထွက်သွားသော အထွေးတို့ရဲ့ ကျောပြင်လေးကို ငေးကြည့်မိပါသည်။

*************** ****************

"သားနဲ့အထွေး ဒီနားကို လာပါဦးကွယ်..ကြုံတုန်းဆုံတုန်းလေး အမျိုးတွေနဲ့ မိတ်ဆက်ပေးမလို့...''

ဒေါ်ဝင့်ဝါ လက်ရပ်ပြီး လှမ်းခေါ်လိုက်၏။ထိုအခါ ဇေယျာနဲ့အထွေးလည်း ထိုနေရာကို ရောက်လာခဲ့ကြသည်။အထွေး လူကြီးတွေကို ရိုသေသမှုနဲ့ ပြုံးပြလိုက်သည်။

"ကလေးမလေးက အချောအလှလေးတော်..ဘယ်သူ့သမီးလေးလဲ ဝင့်ဝါရေ...''

"ဘယ်သူ့သမီးရမှာလဲ အမကြီးရယ်...ယဥ်မေရဲ့ သမီးငယ်လေးလေ...မကြာခင် ကျောင်းဆရာမလေး ဖြစ်တော့မှာလေ...ဘယ်လိုလဲ ကျွန်မ တော်ရမယ့် ချွေးမလေးက ချောတယ်မဟုတ်လား...''

ခင်ဦးကပဲ ဒေါ်ဝင့်ဝါရဲ့ စိတ်ထဲကို ဝင်ကြည့်ထားသလားမပြောတက်ပါ။ခင်ဦးတွေးသည့်အတိုင်း ဒေါ်ဝင့်ဝါကတော့ ဆွေမျိုးမိတ်ဆွေတွေကို ကြွားနေတော့သည်။အထွေးကတော့ လည်ပင်းလေး ပွတ်လိုက်ကာ ရှက်ပြုံးလေးနဲ့ ဇေယျာကို လှမ်းကြည့်လိုက်သည်။ဇေယျာကတော့ အထွေးကို အမျိုးတွေက ဝိုင်းချီးမွမ်းနေတာကြောင့် ကျေနပ်နေသည်။

"ဟုတ်လား..ယဥ်မေက မုဆိုးမသာဆိုတယ် ကလေးကိုတော့ ပညာတက်ဖြစ်အောင် ထားနိုင်တာ ချီးကျူးတယ်အေ...''

ထိုအခါ ဒေါ်ယဥ်မေဟာ ပြုံးလိုက်ပြီး

"သမီးငယ် ပညာတက်ကြီးအောင် သမီးကြီး ပံ့ပိုးပေးလို့ပါ အမရယ်..ကျွန်မတစ်ယောက်ထဲ အားနဲ့ဆို ဘယ်ထားနိုင်မှာလဲရှင်...''

ဒေါ်ယဥ်မေရဲ့ စကားကို ဇေယျာသဘောမကျ ဖြစ်သွားတာကြောင့် မျက်မှောင်ကြုတ်လိုက်၏။

"ယဥ်မေက သားသမီးရတာ ကံကောင်းတာပေါ့...နောက်ပြီး သမီးလေးတွေက အချောလှတွေပဲ...အကြီးလေးက ညိုချောလေး တစ်မျိုးလှပါ့...''

"မလှသန်းက ယဥ်မေသမီး အကြီးမလေးကို မြင်ဖူးလို့လား..''

"ကျုပ်တို့ရွှာကို ဘယ်သူ့အလှူလဲမသိတော့ တစ်ခါလာဖူးတယ်...အဲတုန်းက မယဥ်မေရဲ့ သမီးဆိုတာကို သိလိုက်တာ ဝင့်ဝါရေ...အဲတုန်းကဆို ကျုပ်တို့ရွာက လူပျိုတွေများ ဟိုဘက်ရွာကောင်မလေးနဲ့ ပါးစပ်ဖျားကနေ မချဘူးဟေ့..''

အထွေး ပြုံးလိုက်၏။

"အထွေး ကိုကြီး မြို့က သူငယ်ချင်းတွေကို သွားဧည့်ခံလိုက်ဦးမယ်..တစ်ယောက်ထဲ ပျင်းနေရင် သူငယ်ချင်းတွေနဲ့ စကားပြောနေနော်...''

"ဟုတ် ကိုကြီး...''

ဇေယျာ အထွေးပြောပြီးတာနဲ့ မြို့မှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေရှိရာကို လာလိုက်သည်။သူ့ သူ့ငယ်ချင်းတွေဟာ ကောင်းတို့ရဲ့အနားမှာရှိနေတဲ့ အကြည့်နဲ့လုံးလုံးကို မျက်လုံးပြူးထွက်မတက် ကြည့်နေကြသည်။

"ဟေ့ကောင်တွေ ငေးလှချည်းလားကွ...''

"မင်းတို့တောရဲ့အမိတွေက အလှလေးတွေကိုကွ...ဒါနဲ့ ငါတို့ထန်းရည်သောက်ချင်တယ်ကွာ...''

"ငါတို့ အိမ်မှာတော့သောက်လို့မရဘူး..အေး သောက်လို့ရမယ့် နေရာကို ငါသိပြီ...''

ဇေယျာလည်း ကျော်ကျော်ကိုပါခေါ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ကျော်ကျော်တို့အိမ်ကို ရောက်လာခဲ့သည်။

"ခင်ဦး...''

"ရှန်...''

ခင်ဦး ကိုကိုရဲ့ ခေါ်သံကြောင့် စက်ချုပ်နေရာကနေ ရပ်လိုက်ပြီး အိမ်အောက်ကို ဆင်းလာသည်။ခင်ဦး တွေ့လိုက်ရသည်က ကိုကိုတစ်ယောက်ထဲမဟုတ်ဘဲ ကိုကြီးဇေယျာပါ ပါလာတဲ့အပြင် တခြားသူစိမ်းသုံးယောက်ကို မြင်လိုက်ရသည်။

"ဘာပြောမလို့လဲ ကိုကို..''

"ငါတို့ ဒီမှာ အရက်သောက်မလို့ နင်အိမ်ထဲမှာဘဲနေ..အလှူအိမ်သွားပြီး တိုင်လားတန်းလားမလုပ်နဲ့ ကြားလား...''

"ဟုတ်...''

ဇေယျာတို့ ငါးယောက်သား ကွက်ပျစ်လေးမှာ ထန်းရည်ရော အရက်ရော ထိုင်သောက်နေသည်မှာ သူတို့ပါလာသည့် အမြည်းပါကုန်သွားလေသည်။

"သောက်အုန်းမှာလား...''

"အေ့..မူးတော့မူးနေပြီ..ဒါပေမဲ့.. အေ့..သောက်ချင်နေသေး..''

သူက အရက်ချည်းပဲ သောက်တော့ ကျန်တဲ့လေးယောက်လောက် မထနိုင်အောင် အခြေအနေမဆိုးပါ။ထို့ကြောင့် အမြည်းလုပ်ခိုင်းဖို့အတွက် ခင်ဦးဆီကို သွားလေသည်။

"ခင်ဦး..''

"အမလေး..''

စက်ချုပ်နေရင်း နောက်ကနေ ခေါ်လိုက်သည့်အသံ ကြောင့် လန့်သွား၏။နံဆော်နေသည့် အရက်နံ့ကြောင့် နှခေါင်းရှု့လိုက်မိသည်။

"အမြည်းလုပ်ပေး..''

ဘာ..ကိုကိုနဲ့အထွေးရဲ့ မျက်နှာကြောင့်သာ ကိုကြီးလုပ်ခိုင်းတာကို မလုပ်ပေးချင်ပေမယ့် လုပ်ပေးနေရတာ ...အရက်အမြည်းလုပ်ခိုင်းတာ ဆိုရင်တော့ အထွေးကို လုပ်ခိုင်းလိုက်ပါ...ခင်ဦးက မိသားစုအတွက်ပဲ ကျွန်ဖြစ်ခံမယ်..သူစိမ်းတွေရဲ့ ကျွန်တော့ အဖြစ်မခံနိုင်ဘူး...''

"အဟက်..ခွေးပါးပစ်က နတ်စကားထွက်လို့ပါလား ခင်ဦး...ငါ့ကို ပြန်ပြောဖို့ အားတွေရှိနေတယ်ပေါ့လေ ဟုတ်လား...နင့်အကောင် ရောက်နေလို့လား..ဟမ်...''

ခင်ဦး မင်းမျိုးဇေယျာကို အံကြိတ်လျက် ဆုတ်ယုတ်ရွံရှာစွာ ကြည့်လိုက်တော့သည်။

"တောက်...''

ဇေယျာ သူ့ကို ရွံ့သလိုကြည့်လာသည့် ခင်ဦးကို တောက်ခတ်လိုက်သည််။ထိုအခါ ခင်ဦး ကြောက်သော်လည်း

"ကောင်းကို အကောင်လို့မပြောနဲ့ ခင်ဦးမကြိုက်ဘူး..ကိုကြီးဇေယျာကို ပြန်ပြောဖို့ သတိတွေရှိတာက ခင်ဦးအရွယ်ရောက်လာလို့ဖြစ်ပါလိမ့်မယ်...ကိုယ့်ကိုယ်ကို ချစ်တက်လာတာလဲ ပါမှာပေါ့လေ..နောက်ဆို ခင်ဦးတို့ အိမ်ကို အထွေးကိုတွေ့ချင်လို့ပဲဖြစ်ဖြစ် ကိုကို့ကို တွေ့ချင်လို့ပဲဖြစ်ဖြစ် လာခဲ့ရင် စားသောက်ဖို့အတွက် တစ်ခုခုခိုင်းမယ်ဆိုရင် အထွေးကို ခိုင်းပါ...မလုပ်ခိုင်းချင်ဘူးမလား..ခင်ဦး တစ်ခုတော့ပြောပါရစေ...အထွေးက ကိုကြီးအတွက် မြတ်နိုးရတဲ့ပန်းတစ်ပွင့်ဆိုရင် ခင်ဦးဟာလဲ တစ်စုံတစ်ယောက်အတွက် တန်ဖိုးထားခံရတဲ့ပန်းတစ်ပွင့်ပါပဲ...''

« ရှေ့အခန်း - အပိုင်း၁၄ နောက်အခန်း - အပိုင်း၁၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ