အပိုင်း(၄၂) ဇာတ်သိမ်းပိုင်း
ခါးတို့ သာ့ရဲ့မိဘတွေအိမ်ကိုသွားဖြစ်တဲ့နေ့!!
လူကြီးတွေကအကုန်လုံးအဆင်သင့်
လုပ်ပေးထားတယ်ဆိုပေမဲ့
မကောင်းတတ်တာမို့ ခါးဒီကနေ
အခြောက်အခြမ်းလေးတွေတော့
ဝယ်သွားဖြစ်သေး၏။
“ရလား ကျွန်တော့ကိုပေး......"
ဘယ်လောက်နေမယ်မသိပေမဲ့ ရောက်ပြန်တော့မကောင်းနိုင်တာမို့ ခါး
အဝတ်လေးငါးစုံလောက်ပိုထည့်ခဲ့တဲ့အပြင်
တစ်ကိုယ်ရေသုံးပစ္စည်းတွေ လက်ဆောင်
ပစ္စည်းတွေနဲ့ဆိုတော့ အထုပ်က
နည်းနည်းများသွားသည်။
သူကတော့ သူ့အိမ်မှာအဝတ်တွေရှိသည်ဖြစ်ရာ လောလောလတ်လတ်လိုအပ်တာလောက်ပဲ
ထည့်လာရတဲ့လူဆိုတော့ လွယ်အိတ်တစ်လုံးပဲ
ခပ်ပေါ့ပေါ့လွယ်ထားလေ၏။
ကားပေါ်မှာပါလာတဲ့တစ်လျှောက်လုံး
အနည်းငယ်တော့စိတ်လှုပ်ရှားမိလေသည်။
သိထားသလောက်တော့ သူတို့အိမ်မှာ
မိသားစုအပိုမရှိဘူးဆိုပေမဲ့ အသိုင်းအဝိုင်း
ကြီးထဲကဆိုရင်တော့ ခါးအနေခက်ရမည်။
အမျိုးတွေကထင်ထားတာထက်များနေရင်
ဘယ်လိုလုပ်မလဲ??
ခါးကဆက်ဆံရေးအဲ့လောက်မကောင်းတာမို့
အနေခက်ခက်နဲ့ အပြောမတတ်ရင်
သူ့အမျိုးတွေကြား မျက်နှာပူစရာ
ကဲ့ရဲ့စရာများဖြစ်သွားမလား??
ကားပေါ်ကနေအောက်ရောက်တဲ့အထိ
မျက်နှာပျက်ပျက်ဖြစ်နေတဲ့ခါးရဲ့လက်ကို
သူကဆွဲကိုင်လာရင်းမှ မျက်နှာလေးကို
စိုးရိမ်သလိုငဲ့ကြည့်လာလျက်
“ဘာလို့လဲ တစ်ခုခုအဆင်မပြေလို့လား??...."
“မဟုတ်ပါဘူး နည်းနည်းစိတ်လှုပ်ရှားနေလို့...."
“အော် ဒယ်ဒီနဲ့မာမီ့ကိုမမြင်ဖူးတာလဲ
မဟုတ်ပနဲ့ အိမ်ပဲကွာသွားတာ လူကွာတာမှမဟုတ်တာ ဘာတွေစိတ်လှုပ်ရှားနေတာလဲ...”
“သာကအဲ့ဘက်ကဆိုတော့ပြောရတာ
လွယ်တာပေါ့ ခါးအတွက်တော့မိသားစု
တစ်ခုနဲ့ပေါင်းစပ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမှ
မဟုတ်တာပဲ....ပြီးတော့သာ့ဘက်က
ဆွေမျိုးတွေက ခါးကိုသဘောမကျရင်ရော.....”
စိုးရိမ်တကြီးပြောလာတဲ့သူမရဲ့
သောကက သူ့အသိုင်းအဝိုင်းကိုဆိုတာမို့
သာ ရယ်လိုက်ကာ သူမလက်လေးကို
တစ်ချက်ဖျစ်ညှစ်၍
“ကျွန်တော်တို့ကခါးထင်သလောက်
အသိုင်းအဝိုင်းမကြီးပါဘူးဗျာ.....
ဆွေမျိုးရှိတဲ့နည်းနည်းကလဲ ဟိုရောက်ဒီရောက် တစ်နယ်ခြားစီတွေပါပဲ....အခုဟာက
ဒီမြို့မှာ ကျွန်တော်တို့ပဲရှိတယ်
ဒါကြောင့်ထွေထွေထူးထူးတွေးပူမနေနဲ့တော့...."
“အော် အဲ့လိုလား??....."
အခုမှရင်အေးသွားတဲ့ခါး စိတ်ကိုလျော့ရင်း
သူခေါ်ရာနောက်ကို လိုက်လာခဲ့လိုက်သည်။
“ဒါ သာတို့အိမ်လား??....."
အထက်တန်းဆန်တဲ့နှစ်ထပ်အိမ်လှလှကြီးက
ခြံဝန်းကျယ်ကြီးနဲ့ထီးထီးကြီးတည်ရှိနေတာမို့ ခါးမေးလိုက်တော့ သူကငဲ့ကြည့်လာ၍န
“အင်း မိုက်တယ်မလား......"
ခါးတို့အိမ်ကနှစ်ခုလုံးရိုးရိုးရှင်းရှင်းနဲ့
ကျယ်သာကျယ်တာမို့ အခုလိုမြို့ဆန်ဆန်
ခပ်ဆန်းဆန်းအိမ်ပုံစံကိုမြင်လိုက်ရချိန်
သဘောတော့ကျသွားမိလေ၏။
“မိုက်တယ် ဒီလောက်ကောင်းတဲ့
အိမ်ကိုထားပြီးဘာလို့များ ဟိုနေဒီနေ
လုပ်နေရတာလဲ??....."
“အကြောင်းရှိလို့ပေါ့ဗျာ အဲ့လိုမှမဟုတ်ပဲ
ကျွန်တော်ဒီအိမ်မှာပဲအခြေချရင်
အခုလိုချစ်စရာကောင်းပြီး သိပ်လှတဲ့
ဇနီးလေးနဲ့ဆုံရမှာတဲ့လား??....."
ယူတောင်မယူရသေးဘူး အပိုင်တွက်ကာ
စကားတွေတတ်နေတဲ့သူ့ကြောင့်
ခါး မျက်စောင်းထိုးလိုက်၍
“တော်ကီတွေကမိုက်တယ်နော်
အရင်က ရှော်တီလေးတွေကိုပြောခဲ့ဖူးတာတွေလား???..."
“ဘာရှော်တီမှမရှိပါဘူးဗျာ.....အိမ်ရဲ့အဝေးမှာ အသက်မွေးဝမ်းကျောင်းဖို့ပဲ
အာရုံစိုက်နေမိခဲ့တဲ့ကျွန်တော်က
ခါးနဲ့တွေ့မှရူးခဲ့တာပါ....."
လူကိုတဖြုတ်ဖြုတ်ကြွေအောင်
ခြွေချနေတာမို့ ခါး နှုတ်ခမ်းလေးကိုက်ရင်း
သူ့ကိုမျက်နှာလွှဲကာ သူခေါ်ဆောင်ရာ
အိမ်ကြီးထဲကိုလိုက်ပါလာခဲ့ရသည်။
“သမီးလေးတို့လာပြီ လာ လာ......"
ယောက်ခမဖြစ်သူက နဂိုထဲက
သဘောမနောကောင်းမို့ ခါးသက်သက်ကြီး
အနေခက်တာမဖြစ်ပဲနဲ့ ဝင်ထ်ုင်လိုက်တော့
သူမကနောက်ထဲကနေ အအေးနှစ်ခွက်
သယ်လာလေ၏။
ခါး ယူသောက်ရင်းမှ အန်တီ့ကိုပြုံးကြည့်ကာ
“ထွေထွေထူးထူးတော့မဟုတ်ပေမဲ့
အန်တီတို့လဲအခြောက်အခြမ်းလေး
စားရအောင် ခါး မျက်စိထဲမြင်တာလေးတွေ
နည်းနည်းဝယ်လာခဲ့တယ်....."
“သမီးရယ် အန်တီတို့ကြားထဲဒီလိုအရာတွေ
မလိုအပ်ပါဘူး......"
ခါး ပြုံးပြုံးနဲ့ပဲပါလာတဲ့ ငါးခြောက်တွေ၊
ပုဇွန်ခြောက်တွေ၊ အမဲခြောက်တွေကို
အန်တီရှေ့တိုးပေးကာ မြို့ရဲ့အထင်ကရ
မုန့်တွေကိုလဲ ခါး တရိုတသေချပေး၍
“အန်တီနဲ့ဦးလေး စားဖို့အတွက်လဲ
ခါး အချိုတည်းစရာလေးတွေဝယ်လာတယ်
အကြိုက်တွေ့ပါ့မလားတော့မသိဘူး...."
“ရပါတယ် ဝယ်လာပေးတယ်ဆိုတာတင်
ပီတိဖြစ်မိပါတယ်သမီးရယ် သမီးဦးလေး
ရုံးကပြန်လာရင်လဲ သမီးတို့ရောက်နေတာနဲ့
ပျော်သွားမှာ.....သူကအိမ်မှာသူ့သား
တစ်ရက်လောက်လာရင်တောင် ပီတိဖြစ်နေတဲ့လူ....."
သာ့ကိုဒီအိမ်မှာလာနေစေချင်တာ
စကားထည့်နေပေမဲ့ ဆရာသမားကတော့
ဖုန်းထုတ်ရင်းစာရိုက်နေလေရဲ့!!
ခါး အမြင်ကပ်ကပ်နဲ့သူ့ကို တံတောင်နဲ့
တွတ်ကာ မျက်စပြစ်ပြ၍
“အမေကစကားပြောနေရင် နည်းနည်း
အရေးလေးစိုက်ဦးမှပေါ့......"
“စိုက်ပါတယ်ဗျာ ရောက်တုန်းရောက်ခိုက်
ဘော်ဒါတွေနဲ့တွေ့ဖို့ စီစဉ်နေလို့ပါ....."
မသွားနဲ့လို့မတားတော့တာဟာ
သူ့မှာလဲသူ့လွတ်လပ်ခွင့်နဲ့သူမို့ပါပဲ!!
ခါးတို့နှစ်ယောက်ကိုအန်တီကတက်ကာ
အထုပ်တွေချရင်းနားတော့ဆိုတာမို့
ခါးတို့အပေါ်တက်လာခဲ့သည်။
“ဒါ သာအိပ်တဲ့အခန်းလား??...."
“အင်း အိမ်မခွဲထွက်ခင်တုန်းကလေ....."
ပြောပြီးသူဖွင့်ပေးတဲ့တံခါးချပ်နောက်
ခါးလိုက်ဝင်တော့အထဲမှာ ရှင်းလင်းကာ
သေသပ်ပြောင်လက်နေ၏။
“အခုမှသန့်ရှင်းထားတာထင်တယ်....."
“မဟုတ်ဘူး ဒီအခန်းကိုကကျွန်တော်
ဘယ်အချိန်ဖြစ်ဖြစ်ပြန်လာနေလို့ရအောင်
ရှင်းပေးထားတာ....."
ဒီစကားကြားလိုက်ရတော့ ခါးစိတ်မကောင်း
သည်မို့ အဝတ်အိတ်ချကာ ကုတင်ပေါ်ဝင်ထိုင်၍
“မိဘတွေက ပြန်လာစေချင်ရင်
နေပေးလိုက်တာကောင်းမယ်လေ အိမ်မှာ
မိသားစုဝင်လဲများများစားစားရှိတာ
မဟုတ်ပဲနဲ့......"
ခါးပြောလိုက်တော့သူက ခေါင်းယမ်းကာ
ခါးဘေးကိုဝင်ထိုင်၍
“ဒယ်ဒီနဲ့မာမီ့အကြောင်းခါးမသိပါဘူးဗျာ...
အိမ်မှာမနေတော့လို့အမူအရာတွေ
ပြောင်းကုန်ကြတာ ဒီမတိုင်ခင်တုန်းကဆို
ကျွန်တော့ကိုသူတို့လိုချင်တဲ့ပုံစံခွက်ထဲ
သွပ်သွင်းနေကြတာဗျ....."
“အဲ့တာကိုယ့်သားသမီးကိုလမ်းမှား
မရောက်စေချင်လို့လေ သာကမှကံကောင်းပါသေးတယ် ခါးတုန်းကဆိုကလေးသာသာ
အရွယ်မှာတင်မိဘတွေနဲ့အပြီးတိုင်ခွဲရတော့
ဆုံမစကားတွေတောင်မကြားရတော့တာ
ကြာခဲ့ပြီ....."
မျက်ဝန်းလေးတွေဆွေးမြေ့သွားတဲ့
သူမအပြောကလဲမှန်တာမို့ သာ တွေငေးငေး
ဖြစ်သွားတဲ့အခါ သူမကပုခုံးကို
ဖွဖွပုတ်ရိုက်၍
“သူငယ်ချင်းတွေနဲ့သွားရင်သောက်လာမှာလား??...."
“ခါးမကြိုက်ရင်မသောက်ပါဘူးဗျာ....."
“သေချာလို့လား အရင်ကဆိုတွေ့တိုင်း
သောက်ကြတာပေါ့....."
“အကြာကြီးနေမှတစ်ခါပြန်ဆုံရတော့
သောက်မိကြတာပါ......"
တစ်ခုချင်းစီ စစ်မေးနေတာမို့
သာ ပြုံးပြုံးနဲ့ပဲဖြေတော့သူမက
အတွေးတွေလွန်ကာ သူ့ကိုမပြုံးမရယ်
စိုက်ကြည့်၍
“သူငယ်ချင်းတွေဆိုတော့ ဟိုတစ်ယောက်ရောလား??...."
“သူမပါပါဘူးဗျာ....."
“ဒါဆို တခြားမိန်းကလေးတွေရော
ပါသေးလား??......"
သူမဘာအကြောင်းကိုဦးတည်နေတာ
ရိပ်မိလာပြီမို့ သာ သူမခါးကို
ဆတ်ခနဲဆွဲဖက်၍
“ယောင်္ကျားဖြစ်လာမဲ့လူကိုစိတ်မချရင်
ဘာလို့ကိုယ်တိုင်မလိုက်ခဲ့မှာလဲ??...."
“အို ဘာကိုစိတ်မချတာလဲ?? စိတ်ချပါတယ်နော်....စိတ်ချလွန်းလို့ဟိုဘက်ကမ်းတောင်
ရောက်နေသေးတယ်....."
ဘူးခါငြင်းနေတဲ့သူမကြောင့် သာ
ခပ်ထေ့ထေ့ရယ်ကာ
“သွားတဲ့ဆိုင်ကကောင်မလေးက
ကျွန်တော့ကိုလာကပ်ရင်ဘယ်လိုလုပ်မလဲ??...."
“အို ဒါဆိုလဲနှမြောစရာမရှိပါဘူး
လိုက်သွားလိုက်ပေါ့ ဒို့ကတော့ပေး အွန့်......"
ရင်ထဲမပါတဲ့စကားတွေပြောနေတာ
သိပေမဲ့ သူမထံကဒီစကားမျိုးတွေ
ထွက်မလာစေချင်တာမို့ သာ ခပ်ကြမ်းကြမ်း
အနမ်းတွေနဲ့ပိတ်ပင်မိကာ သူမကို
မွေ့ယာပေါ်လှဲချလိုက်မိတော့ မျက်နှာလေး
ရဲတက်လာလျက် သူ့လက်တွေကိုဖယ်ချ၍
“ဘာဖြစ်တာလဲ??....."
“စိတ်ဆိုးတာလေ ....ကျွန်တော့ကို
ကျီးထိုးထိုး ခွေးစားစားပြောနေတာ
တကယ်ချစ်တာရောဟုတ်ရဲ့လား??...."
သာ ကလေးလိုမေးလိုက်တော့
သူမကရယ်ကာဖြင့်
“ကလေးကျလို့ ဘယ်လိုဖြစ်နေတာလဲ??...."
“ကလေးပဲကို ခါးနဲ့တွေ့ရင်ကျွန်တော်က
ကလေးလေးပဲ မမရဲ့ကလေးလေးပေါ့...
.ဟဲဟဲ....”
ပြောပြီးရင်ခွင်မှာမျက်နှာအပ်ကာ
ပွတ်သပ်နေတဲ့သူ့ကြောင့် ခါးမနေတတ်စွာ
ရုန်းမိတော့ သူကခါးလက်တွေကို
ချုပ်ကိုင်လျက် အနမ်းထပ်ခြွေလာသည်။
“သာ အွန်း...ဟွန့်......ခဏလေး....."
မရပ်မနား သက်ဝင်လှုပ်ရှားနေတဲ့
သူ့နှုတ်ခမ်းတွေကြောင့် မခံနိုင်ပဲ
တားလိုက်ပေမဲ့ သူကတော့ခါးရဲ့
လက်နှစ်ဖက်ကို တင်းတင်းချုပ်ကိုင်ကာ
လည်တိုင်မှာမျက်နှာအပ်သွား၍
“ကျွန်တော့ကိုပြောထားတာအတွက်
ခါးပြန်ပေးဆပ်ရမယ်....."
“အား....နာတယ်လေ......”
လည်တိုင်ကိုနာကျင်အောင်ကိုက်နေတာမို့
ခါး အော်ညည်းညူမိပေမဲ့ သူကတော့
ကလေးငယ်တစ်ယောက်လို ခါးကိုဆိုးနွဲ့ရင်း
အနမ်းကြမ်းတွေနဲ့ပိတ်လှောင်ထားလေ၏။
သူ့အိမ်မှာမို့ သတ္တိတွေရလာတာလား??
🏠🏠🏠🏠
သူကတကယ်ကိုခဏလေးနဲ့သွားကာ
ခါး ဘယ်တော့ပြန်လာမှာလဲဆိုပြီး
ဖုန်းဆက်မိတာနဲ့ ချက်ချင်းပြန်ရောက်လာလေသည်။
တကယ်ဆို လူကြီးတွေကိုမစောင့်စေချင်တာမို့ စားသောက်စရာရှိရင်လဲ မစောင့်ခိုင်းပဲ
စားထားစေဖို့ရာ လှမ်းမေးပေမဲ့
သူကချက်ချင်းရောက်လာတဲ့အတွက်
ထမင်းဝိုင်းခူးခပ်ရင်း ခါးတို့လက်ဆုံ
စားမိကြလေ၏။
ငယ်ငယ်ထဲကနေအခုထိ မိသားစုလက်ဆုံ
စားဖူးတာက အတိတ်အဖြစ်သာအချိန်
အကြာကြီးအထိ ကျန်နေခဲ့တာမို့ အခုလို
သူ့မိဘတွေနဲ့စားရတဲ့အခါ မိဘနှစ်ပါးကို
သတိရရင်း ခါးမျက်ရည်လည်ရလေသည်။
စားသောက်ပြီးတာနဲ့ခါး ထမင်းဝိုင်း
သိမ်းဆည်းပေးကာ ခုံမှာငြိမ်ငြိမ်လေး
ဝင်ထိုင်တော့ သူကအနားရောက်လာကာ
ပုခုံးလာဖက်၍
“အခန်းထဲသွားမယ်လေ...."
“လူကြီးတွေရှိနေတာကို ငြိမ်ငြိမ်နေ....."
တံတောင်နဲ့တွန်းကာရင်း ဘေးကို
ရွှေ့တော့ လူကလဲအတင်းလိုက်ကပ်ကာ
ခါးရဲ့ပါးပြင်ကိုနမ်းရန်ပြင်နေပေမဲ့
အန်တီ နောက်ထဲကနေပြန်ထွက်လာတာမို့
ခါးသူ့ကိုပြန်တွန်းလိုက်သလို သူလဲ
ကိုယ်ရှိန်သတ်သွားရလေ၏။
“သမီးပင်ပန်းနေပြီလား???....."
အန်တီတို့လာတုန်းကခါးပဲချက်ပြုတ်
ကျွေးမွေးထားတာမို့ အခုခါးကိုလဲ
တစ်နေကုန်ဘာမှမလုပ်စေပဲနဲ့
နားနားနေနေပဲနေခိုင်းထားတာမို့ ပင်ပန်းနေပြီလားဆိုတော့ ခါး ခေါင်းယမ်းပြကာ၏
“မပင်ပန်းပါဘူး အန်တီ....."
“ဒါဆို အန်တီစကားလေးပြောချင်လို့....."
ဟုတ်ဆိုပုံနဲ့ခေါင်းညိမ့်တော့အန်တီက
နောက်ကိုငဲ့ကြည့်တဲ့အခါ ခဏအကြာ
လက်သုတ်ရင်းထွက်လာတဲ့အန်ကယ့်ကို
မြင်လိုက်ရလေသည်။
“သမီး ယောက်ခထီးလဲရှိပြီဆိုတော့
ပွင့်ပွင့်လင်းလင်းပဲ အန်တီတို့ဖြစ်ချင်တဲ့
ဆန္ဒလေးကိုတိုင်ပင်ကြည့်မယ်နော်....."
အန်ကယ်ကလဲဟုတ်တယ်ဆိုပုံနဲ့
ရှေ့ဝင်ထိုင်ကာ
“ဟုတ်တယ်သမီး အန်ကယ်တို့မနေ့ကပဲ
တိုင်ပင်မိတာနဲ့ သမီးတို့ကိုအသိပေးတာ....."
“ဟုတ်ကဲ့ပြောကြည့်ပါ......"
ဘာရယ်မသိတာမို့ ခါးပြောလိုက်တော့
အန်ကယ်နဲ့အန်တီကတစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ အန်တီကပဲ
“သမီးနဲ့သားကိုဒီရက်ပိုင်းအတွင်းပဲ
အမြန်ဆုံးလက်ထပ်စေချင်လို့....."
“ရှင်....."
ခါး ဒီတိုင်းလေးပဲပြန်မေးလိုက်တော့
အန်တီက နှစ်ယောက်လုံးကို
တစ်လှည့်စီကြည့်ကာဖြင့်
“ဟုတ်တယ်သမီး သမီးတို့စေ့စပ်ပြီးပြီ
ဆိုပေမဲ့ ဟိုမှာပဲလုပ်ခဲ့ရတာဆိုတော့
သမီးကိုဒီမြို့မှာ အန်တီတို့ရဲ့ချွေးမအဖြစ်
အများသူငှာကိုသိစေချင်တယ် ဒီမှာနေတာ
မနေတာထက် သားလေးရဲ့ကောလဟာလတွေကိုအမြန်ဆုံးပြီးဆုံးသွားစေချင်တယ်....."
ခါး အခြေအနေကိုရေးရေးလေး
သဘောပေါက်လိုက်တာမို့ ဘာမှတော့
ဝင်မပြောသေးပဲနဲ့ ဒိတိုင်းလေးပဲ
ငြိမ်နေတဲ့အခါ
“အန်တီတို့ပထမတစ်ခါတုန်းကလို
အဖြစ်မျိုးထပ်မဖြစ်စေချင်တော့ဘူး....
ခံစားချက်ပြသနာတစ်ချို့ကြောင့်
နွေသဲမာနဲ့စေ့စပ်ပွဲကိုဖျက်လိုက်ရတာ
ရိုးရိုးသားသားပေမဲ့ အများပါးစပ်ထဲတော့
ဒီကိစ္စက သာ့အတွက်ပျက်ရယ်ပြုစရာ
ဖြစ်သွားတယ်ကွယ်....အခုလဲသမီးနဲ့
စေ့စပ်တာကိုသတင်းပဲထွက်ထားတာမို့
အားလုံးကသို့လောသို့လောတွေနဲ့
မကြာဘူးရော ပထမတုန်းကလိုဖြစ်မှာရော
နမိတ်မရှိတဲ့နမာတွေပြောနေတာမို့ အန်တီတို့
မိဘတွေအနေနဲ့ကိုယ့်ကလေးကိုဒီလို
ပြောနေတာကိုခံနိုင်ရည်မရှိလို့ပါ....."
“အဲ့တာတော့ဟုတ်တယ် အန်ကယ့်ရဲ့
မိတ်ဆွေတွေကတောင် တစ်ဦးတည်းရှိတဲ့
ခင်ဗျားသားက ဒီတစ်ခါရောတည်မြဲပါ့မလားတဲ့!! အန်ကယ့်မှာပြန်ပြောနိုင်သေးတဲ့
အခွင့်အရေးမရှိခဲ့လို့ တိတ်နေခဲ့လိုက်ရတာ
မိဘအနေနဲ့ရင်ထဲတော့မကောင်းဘူး....."
လူကြီးနှစ်ယောက်လုံးတောင်းဆိုနေတာမို့
ဒီကိစ္စကိုမစဉ်းစားမိသေးတဲ့ခါးလဲ
တွေးသလိုလေးဖြစ်သွားတော့ ဘေးနားရှိတဲ့သာက ခါးရဲ့လက်လေးကိုဖွဖွထွေးဆုပ်လာကာ
“ခါး အရမ်းကြီးလောစရာမလိုပါဘူး
ခါးရဲ့ဆုံးဖြတ်ချက်တိုင်းကိုကျွန်တော်
လေးစားမှာပါ.....”
နူးနူးညံ့ညံ့ကြည့်လာတဲ့သူ့မျက်ဝန်းတွေထဲမှာ ခါးကိုလက်ခံစေချင်နေတဲ့ အရိပ်အယောင်တွေမြင်နေရတဲ့အခါမှာ!!!
🏠🏠🏠🏠
တစ်ပတ်အချိန်ယူပြီးတာနဲ့ သူနဲ့ခါးရဲ့
မင်္ဂလာပွဲက ကြီးကြီးမားမား
ထည်ထည်ဝါဝါနဲ့ဖြစ်တည်ခဲ့လေသည်။
မိတ်များလား မများလား?? ပွဲစပြီး
တစ်နာရီလောက်ကြာတာနဲ့ကို ဝိုင်းတွေ
မလောက်လို့ ထပ်တိုးပြီးခုံတွေငှားယူရလေ၏။
“ခါး အဆင်ပြေရဲ့လား??....."
အခမ်းအနားကပြီးစီးပြီမို့ ခါးတို့ရဲ့
ထွေထွေထူးထူးတာဝန်မရှိတော့ကာ
စင်ပေါ်ကနေပဲ ဓာတ်ပုံရိုက်ခံရလိုက်
အောက်မှာလာတဲ့ဧည့်သည်တွေကို
ကြည့်လိုက်နဲ့ မပြုံးမရယ်ဖြစ်နေတဲ့ခါးကို
သူကလှည့်မေးလာလေသည်။
“ပြေပါတယ်......"
သူတစ်ခါမှမမြင်ခဲ့ဖူးတဲ့ သူမရဲ့သတို့သမီး
မိတ်ကပ်ကသာမန်နဲ့မတူပဲကွဲထွက်နေကာ
အမြင်အာရုံကိုတစ်မျိုးဖမ်းစားနေ၏။
သို့ပေမဲ့ သူမကြည့်ရတာ မိတ်ကပ်နဲ့
ဒီဂါဝန်ကြီးနဲ့ကိုစိတ်ရှုပ်နေပုံရကာ ခမ်းမရဲ့
အပူချိန်နဲ့နှုတ်ခမ်းထက်ချွေးစတစ်ချို့
ဝေ့သီနေလေသည်။
သာ အိတ်ကပ်ထဲကတစ်ရှုးစယူကာ
သူမနှုတ်ခမ်းထက်ကိုသုတ်ပေးတော့
ငဲ့ကြည့်လာကာ
“ကြည့်ရဆိုးနေလို့လား??...."
“ဆိုးစရာလားဗျာ ကျွန်တော့မိန်းမက
ဒီလောက်လှတာကို....."
သူ့ဆီကမိန်းမလို့ခေါ်ခံရတိုင်း
လူကကြက်သီးထမိတာဟာ နေသားမကျ
သေးလို့များလား??.
သူကတော့ခါးရဲ့အမူအရာတစ်ခုချင်းကို
လိုက်ကြည့်ရင်း ပျော်လား အဆင်ပြေလား
နေရခက်လား?? အိုက်နေပြီလား??
လားခြင်းများစွာနဲ့စိုးရိမ်တကြီး
မေးခွန်းတွေကို မထပ်အောင်မေးလေ၏။
အမြဲတမ်းပေါ့ပျက်ပျက်နိုင်လောက်မယ်
ထင်ထားခဲ့တဲ့သူ့စရိုက်က ခါးနဲ့ပတ်သတ်ရင်
အမြဲတမ်းမီးဖိုပေါ်ရှိနေတဲ့ဟင်းလို
ပူနွေးနေလေသည်။
အခုလဲ ခါးနဲ့လက်ထပ်ရလို့ကြည်နူးနေတဲ့
သူ့ရဲ့မျက်နှာကျနဲ့ ကြည်ကောင်းခန့်ညားနေတဲ့ သူ့အရှိန်အဝါကိုမျက်စိထဲပုံသွင်းရင်း
ခါး ရင်တုန်နေလေ၏။
သို့ပေမဲ့ ခါးကြည့်ရသလောက်တော့
ခါးတို့ပွဲမှာ နွေသဲမာဆိုသူကိုမတွေ့!!
အောင်သူ့ကိုသာ ဖျက်ခနဲတွေ့လိုက်တာမို့
ခါးရဲ့စိတ်လေးကသာမန်အတိုင်း
ကြည်လင်နေရလေသည်။
~~~~~~~
ခါးတို့ ကြိုးတားတာတွေဘာတွေအစုံ
ရှုပ်ရှက်ခတ်နေအောင်ဖြတ်သန်းပြီးချိန်
ခန်းဝင်ရမဲ့အချိန်ကိုရောက်လာလေ၏။
အချိန်က ၈နာရီရှိပြီပေမဲ့ အခန်းထဲမှာ
လက်ဖွဲ့စစ်ဖို့တွေကို ခါးတို့ပဲတာဝန်ယူလိုက်တာမို့ အဲ့တာစစ်မှာနဲ့အချိန်ကြာမှာနဲ့က
မနည်းပေ!!
နှစ်ယောက်သား မင်္ဂလာဝတ်စုံတွေနဲ့ပဲ
အခန်းထဲဝင်လာခဲ့တော့ ရိုမန့်တစ်ဆန်ဆန်
ပြင်ဆင်ပေးထားတဲ့အခန်းထက်
တောင်ပုံယာပုံ ပုံနေတဲ့ လက်ဖွဲ့တွေနဲ့
လက်ဖွဲ့ငွေတွေကိုသာတွေ့လိုက်ရလေသည်။
သူက စိတ်ညစ်သလိုကျစ်သပ်ကာ
ခါးပုခုံးလေးကိုဆွဲလှည့်၍
“ဒီနေ့ပင်ပန်းထားတာဆိုတော့
ကျွန်တော်တို့နောက်ရက်မှလက်ဖွဲ့တွေ
ဖောက်ကြမယ်လေ.....အခုတော့
အဝတ်လဲပြီး မင်္ဂလာဦးညကိုပုံဖော်ကြတာပေါ့....."
ဘာပြောချင်မှန်းနားလည်တာမို့ ခါး
တောင့်တောင့်လေးဖြစ်သွားရင်းမှ
ပိုင်စိုးရန်တိုးကပ်လာတဲ့သူ့မျက်နှာကို
လက်နဲ့အလန့်တကြားတွန်းထားကာ
မျက်နှာကိုတော့ဟန်မပျက်စေပဲနဲ့.....
“မဖြစ်ဘူး လက်ဖွဲ့ဆိုတာ မင်္ဂလာဦးညပဲ
ဖောက်မှပိုပြီးတန်ဖိုးရှိတာ စလိုက်ကြရအောင်....."
“ဟင် အဲ့စကားမကြားဖူးပါဘူး....."
ချပ်ချပ်ကပ်ကပ်ဂါဝန်စလေးမရင်း
လက်ဖွဲ့ပုံနားထွက်သွားတဲ့သူမကိုကြည့်ကာ
သာနားမလည်သလိုဆိုလိုက်မိ၏။
သူမကတော့ ပုံအောနေတဲ့လက်ဖွဲ့ပုံကြီးနား
အရင်ထိုင်ချလိုက်တာမို့ သာ သူမနား
ပြန်သွားကာ လက်မောင်းကနေဆွဲထူ၍
“အဲ့အပုံကြီးဖြေပြီးရေးမှတ်ရရင်တော့
ကျွန်တော်တို့ ဘာမှမဘာရပဲနေမှာပေါ့
ခါးရယ် လွယ်လွယ်ကူကူ ပိုက်ဆံပဲ
ဝိုင်းစစ်လိုက်ကြတာပေါ့....."
ဒါကြီးပဲထည့်ပြောလာတာမို့ ခါး
မျက်နှာလေးပျက်သွားတော့ သူကအရင်
ကုတင်ပေါ်သွားကာ ငွေဖလားထဲထည့်ထားတဲ့
စာအိတ်တွေကို ယူဖောက်နေလေသည်။
“လာလေ ခါးရေးမလား ကျွန်တော်
ရေးရမလား??...."
“ခါး စာအိတ်ဖြေပေးမယ်လေ
သာက မှတ်လိုက်....."
အကြံလေးနဲ့ခါး ကုတင်ပေါ်သွားကာ
စာအိတ်ကိုတစ်ခုချင်းစီ ခက်ခက်ခဲခဲ
ဖောက်နေပေမဲ့ သူကတော့စိတ်ရှည်ရှည်နဲ့
စောင်းပေးလျက် နာမည်ရေးနေ၏။
မိတ်များတာမို့ လက်ဖွဲ့ငွေများသလို
ခါးအတွက် လွတ်နိုင်ခွင့်လဲပိုများသည်။
ခါး စာအိတ်မှာကပ်ထားတဲ့ကော်ကြောင့်
တစ်ဖက်ကအစကိုမပြဲပြဲအောင်
ဂရုစိုက်ဟန်နဲ့ ပယ်ပယ်နယ်နယ်
ခွာနေတဲ့အခါ မနေနိုင်တော့တဲ့သူက
ဘောပင်ချရင်းမှ စာအိတ်ခေါင်းတွေကို
ဗြိခနဲ ဗြိခနဲ ဆွဲဖြဲချနေ၏။
ခါး ခေါင်းပမ်းနပမ်းကြီးသွားပေမဲ့
သူကစိတ်မရှည်တော့ဟန်မို့ ဘာမှ
ထပ်မပြောရဲပဲ လက်ထဲကစာအိတ်လေး
ကိုင်ကာ ကုတင်ပေါ်ကိုပိုတက်ထိုင်လိုက်သည်။
သူကခါးကိုငဲ့ကြည့်လိုက် စာအိတ်ကို
ဖောက်လိုက်နဲ့မို့ ခါး တစ်ခုယူကာဖောက်လိုက်
တစ်ဆင့်မှီလိုက်နဲ့ နောက်ဆုံးကုတင်ပေါ်
တုံးလုံးလေးဖြစ်သွားတဲ့အခါ သူက
ခါးနားကိုတိုးလာကာ ညှပ်ရိုးကိုသွားနဲ့ကိုက်၍
“အိပ်ပျော်သွားရင်တွေ့မယ်နော်....."
“အဟွန်း မအိပ်ပါဘူး....."
ခါး သွက်သွက်လက်လက်ပဲသူ့ကိုယ်စား
စာအိတ်တွေယူဖောက်ပြလိုက်တော့
သူက နေရာပြန်သွားကာမြန်မြန်လုပ်နေ၏။
ခါး လက်ထဲကစာအိတ်လေးအသာချကာ
အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
သို့ပေမဲ့ ပင်ပန်းထားသည်မို့အိပ်ချင်ယောင်
ဆောင်နေတဲ့ခါးတစ်ယောက်တကယ်ပင်
အိပ်ပျော်သွားရလေ၏။
သာလဲ စိတ်မရှည်ပေမဲ့သူမက တိကျမှ
ကြိုက်တာမို့ လေးငါးခုလောက်ကျန်တဲ့
စာအိတ်တွေကိုမြန်မြန်ဖြဲစုတ်ပြစ်ကာ
ရေးမှတ်ပြီးတာနဲ့ မဆိုင်သလို အဝေးကို
ပြစ်ထုတ်ပြစ်လိုက်သည်။
အသစ်စက်စက်သတို့သမီးလေးနဲ့
မင်္ဂလာဦးညဖြတ်သန်းရတော့မှာမို့
သာအပျော်ကြီးပျော်ကာ လှည့်အကြည့်
သူမက ကုတင်ပေါ်မှာအိပ်ပျော်နေလေ၏။
မျက်နှာကအပြုံးတွေပျောက်ကွယ်သွားကာ
သာ စိတ်ရှုပ်သွားရင်းမှ သူမကိုတို့၍
“ခါး ခါး ဒီလိုကြီးမအိပ်နဲ့အုံးလေ....."
“........"
သူမကအသက်ရှုသံမျှဉ်းမျှဉ်းလေးနဲ့
ညင်ညင်သာသာအိပ်ပျော်သွားသည်။
သာ သူမအနားတိုးသွားကာ နှုတ်ခမ်းနီ
ရှိနေသေးတဲ့သူမနှုတ်ခမ်းလေးကိုသွားနဲ့ဖိကိုက်တော့ မျက်ခုံးလေးတွေရှုံ့မဲ့သွားပေမဲ့
ပြန်ပြီးပုံမှန်ဖြစ်သွား၏။
အတင်းလှုပ်နှိုးပြီးဝုန်းဒိုင်းကျဲလိုက်ချင်ပေမဲ့
ပင်ပန်းနေပုံပေါ်တဲ့သူမရဲ့ကိုယ်လုံးသေးလေးကြောင့် သူ့ရဲ့ဆန္ဒတွေကိုမြိုချလိုက်မိတဲ့
တံတွေးနဲ့အတူ ရောထွေးသိမ်းဆည်းရင်း
ငိုချင်ရက်လက်တို့ဖြစ်သွားရလေသည်။
“ခါး ရက်စက်တယ်......"
ညည်းညူသံနဲ့အတူ သူမဘေးဝင်လှဲရင်း
လှချင်တိုင်းလှနေတဲ့ကိုယ်လုံးလေးကို
တင်းနေအောင်ဖျစ်ညှစ်ဖက်ထားကာ
မချင့်မရဲနဲ့ထိုညကိုကုန်ဆုံးရန်ကြိုးစားလိုက်မိ၏။
ဒါပေမဲ့တော်ပေါသေးတယ်လေ!!
အိမ်ငှားကောင်လေးဘဝကနေ
မမရဲ့ကောင်လေး ဘဝအဖြစ်ရာထူးတော့
တိုးသွားခဲ့ပြီပဲ!!
လင်နဲ့မယားမို့ ခြားစရာစည်းမရှိတော့တဲ့
ဆက်ဆံရေးမှာ ခါးနဲ့သူဟာ
အချိန်မရွေးတိုးတက်အောင်ကြိုးစားနိုင်တာမို့ အခုမဟုတ်တော့လဲ နောက်ရက်တွေပေါ့!!
“ကျွန်တော်တို့မှာအချိန်တွေရှိသေးတာပဲ
မလောပါဘူး....."
ခပ်တိုးတိုးသာရေရွတ်လိုက်မိပေမဲ့
သူ့ရဲ့ဆန္ဒကိုတော့ သူသာအသိဆုံးဖြစ်ပေသည်။
🏠🏠🏠🏠
24.7.26
ပြီးပါပြီရှင်!!
ခြေသွက်လက်သွက်ကလေးဖြစ်တဲ့
ဒီသားလေးက ဇာတ်သိမ်းထိတောင်
မဘာလိုက်ရတာတော့ သနားစရာပါကွယ်!!
အဆုံးထိအားပေးခဲ့သူတစ်ဦးချင်းစီကို
သျှင်နှောင်းကကျေးဇူးအထူးတင်ရှိပါတယ်ရှင့်!!
ဇာတ်အိမ်မှာလိုအပ်ချက်တွေရှိနေရင်လဲ
ခွင့်လွှတ်ပေးပါနော်!!
နောက်ဝတ္ထုမှာပြန်ဆုံတွေ့ကြမယ်🥰🥳
အခန်းမှတ်ချက်များ (0)