Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၇

“လူကြီးတွေက ကျွန်တော်တို့နှစ်ယောက်

ညကအတူအိပ်မိတဲ့ကိစ္စအတွက် လာပြီး

‌တာဝန်ယူပေးတာ....."

“ဟင် ဘယ်လို!!....."

“ဟုတ်တယ် မာမီကသားရှင်အနေနဲ့

ခါးနဲ့ကျွန်တော့ကိစ္စကိုလာပြီး စကားပြောတာ

ဒါကြောင့် ကျွန်တော့ကိုတာဝန်ယူဖို့

စဉ်းစားထားပါ ခါး!!....."

ကြားလိုက်ရတဲ့စကားတွေက နေ့ခင်းကြောင်တောင် ခေါင်းတည့်တည့်ကို

မိုးကြိုးပြစ်ချလိုက်သလို ဒိန်းခနဲ

နေတဲ့အခါမှာ!!!

သာကတော့ သဘောတကျပြုံးရင်း

ခါးကိုဆွဲခေါ်နေပေမဲ့ ခါးကတော့

မျက်နှာအပျက်ပျက်နဲ့ပဲသူ့လက်ကို

ဆောင့်ရုန်းကာ ဘေးထွက်ရပ်၍

“နေအုံးသာမည မင်းအခုဘာတွေ

လုပ်လိုက်တာလဲ??....."

“ဘာလုပ်လို့လဲ ဘာမှမလုပ်ပါဘူး....."

ပေါ့ပေါ့ပါးပါးပြောနေတဲ့သူကတည်ငြိမ်

နေသလောက် ခါးကတော့ပူလောင်လို့ပင်!!

စဉ်းစားဦးမယ်တွေးထားတာမို့ ဒီလိုကြီး

ချက်ချင်းတော့မဖြစ်နိုင်လောက်ဘူးမလား??

“မင်းဘာလို့မဟုတ်တဲ့ကိစ္စကို

လျှောက်ပြောထားရတာလဲ??...."

ခါးအပြောကြောင့် သူကကျစ်သပ်ကာ

ခါးထောက်လိုက်၍

“ဘာကိုမဟုတ်တာ ပြောထားရမှာလဲဗျာ....

ညကအတူအိပ်ခဲ့တာက တကယ်ဟုတ်နေတဲ့

ကိစ္စကို....."

“အဲ့တာ ဘာမှမဖြစ်ခဲ့တဲ့ ရိုးသားတဲ့

ညတစ်ညဖြတ်သန်းခဲ့ရုံပဲလေ မင်းဘက်က

အတင်းအကျပ်စီစဉ်ခဲ့ပြီးတော့

ကိစ္စတွေကိုရှုပ်ထွေးအောင်မလုပ်နဲ့ သာမည....”

စိတ်တိုနေတဲ့မျက်နှာလေးနဲ့ ခါးရင်ထဲ

မြိုသိပ်မထားနိုင်ပဲပြောမိတဲ့အခါမှာ

သူက ခါးရဲ့ပုခုံးကိုဖွဖွဆုပ်ကိုင်၍

“ကျွန်တော်မဟုတ်တာလျှောက်ပြောတာ

မဟုတ်ပါဘူးဗျာ ညကကျွန်တော်လဲ

အိပ်ပျော်သွားတုန်း မာမီကဗီဒီယိုကောလ်

ခေါ်လာတာ.....ပုံမှန်လဲကိုင်နေကျပဲမို့

ကိုင်ပြီးတော့ စကားပြောရင်း ကျွန်တော်နဲ့

အတူတစ်ကုတင်ထဲအိပ်နေတဲ့ခါးကိုပါ

မြင်သွားတာ ပြီးတော့ခါးကလဲကျွန်တော့ကို

အတင်းဖက်ထား......"

ပါးစပ်ကိုလှမ်းအုပ်ကိုင်လိုက်တဲ့သူမရဲ့

မျက်နှာကရဲရဲလေးနဲ့ ဘေးလူတွေ

ကြားသွားမှာကြောက်နေတဲ့ပုံဖြစ်နေတာမို့

သာ သူမလက်ကိုဆွဲဖယ်ကာ

“ဟုတ်တယ် မာမီကခါးကိုနဂိုထဲက

သဘောကျနေတာ အဲ့တာညကကျွန်တော်တို့

နှစ်ယောက်ရဲ့ပုံကိုမြင်လိုက်တော့

သူအရမ်းအံ့ဩပြီး ပျော်လဲပျော်သွားတာ...."

“ဘာကိုပျော်ရမှာလဲ?? ဒို့နှစ်ယောက်

ဘာမှမဖြစ်ခဲ့ဘူးဆိုတာရှင်းပြလိုက်ရောပေါ့

မင်းဘက်ကခေါင်မိုးရေယိုလို့ဒို့ဘက်

လာအိပ်တယ်ဆိုတာ.....”

“ယုံမှာတဲ့လား?? ခေါင်မိုးပေါက်ပြီး

ဘေးအိမ်မှာလာအိပ်တဲ့လူက ခါးရဲ့

မွေ့ယာပေါ်ထိရောက်နေတာကို ရိုးသားပါတယ်လို့ဘယ်သူယုံမှာလဲ??...."

“အဲ့တာမင်းအတင်းအိပ်ယာပေါ်

တက်အိပ်တာလေ ဒို့ငြင်းရဲ့သားနဲ့

မင်းရအောင်နေတဲ့ကိစ္စ ဒို့နှစ်ယောက်ကြား

ဘာမှမဖြစ်ခဲ့တာကို လူကြီးတွေကို

အခုပဲသွားပြောမယ်....."

အတင်းသွားရန်ပြင်နေတဲ့သူမရဲ့လက်မောင်းကို သာဆွဲထားရင်းမှ ကိုယ်လုံးလေးကို

တည့်တည့်လှည့်၍

“ယောင်္ကျားနဲ့မိန်းမ တစ်ကုတင်ထဲ

အတူရှိနေတဲ့ကိစ္စက ထင်ထားသလောက်

မရိုးရှင်းဘူး ခါး!!....”

“ဒါပေမဲ့ ညကဘာမှမဖြစ်ခဲ့ဘူး‌....."

“အဲ့လိုမဖြစ်အောင်ကျွန်တော်ထိန်းလို့လေ.....”

“ဟင်.....”

ခါး အလန့်တကြားလေးဖြစ်သွားတော့

သူကရယ်ကျဲကျဲနဲ့ ခါးကိုငုံ့ကြည့်ကာ

“ဟုတ်တယ် ကျွန်တော့စိတ်ကိုကျွန်တော်

ထိန်းပြီး ညကမနည်းအိပ်ပျော်အောင်

ကြိုးစားလိုက်ရတာ ဒါကြောင့် ကျွန်တော်တို့

ဘာမှမဖြစ်ခဲ့ပါဘူးပြောရင် အရွယ်ရောက်

ပြီးတဲ့လူတိုင်းကဟားတိုက်လိမ့်မယ်.....”

“ဒါပေမဲ့ ဒီကိစ္စကဒီတိုင်းပြီးသွားလို့မှ

မရတာ....မင်းအမေကတော့သူ့သားဖြစ်တဲ့

မင်း‌အကြောင်းကိုကောင်းကောင်းသိမှာပါ

ဒါကြောင့် အန်တီ့ကိုနားဝင်အောင်

ရှင်းပြလိုက်ရအောင်....."

ခါးပြောလိုက်တော့ သူ့မျက်နှာက

မချိုမချဉ်ဘက်ရောက်သွားပြန်ကာ

အိမ်ထဲကအမေဖြစ်သူကိုငဲ့ကြည့်၍

“မာမီကပိုဆိုးတယ် ကျွန်တော့ကိုအဲ့ညထဲက

ဆူနေတာ ဘယ်ကထဲကခါးကို

အနိုင်ယူ‌ထားတာလဲတဲ့!!...."

ဒီတစ်ခါလဲခါးမျက်နှာလေးရဲရင်း

အကြံအိုက်သွားတော့သူက ဂွင်တွေ့သလို

ခါးလက်ကိုဆွဲကိုင်ကာ အိမ်ဘက်ဦးတည်၍

“လာ သာမညဆိုတဲ့ကျွန်တော့သမာဓိကို

မိဘတွေအပါအဝင်ဘော်ဒါတွေတောင်

မယုံဘူး.....အဲ့တော့ဖြစ်သမျှကိစ္စတိုင်းကို

သူ့နည်းအတိုင်းပဲဆက်သွားကြတာပေါ့.....”

ခါးလဲဘာဆက်ပြောရမှန်းမသိပဲနဲ့

‌ခြေလှမ်းလေးကန်စွာနဲ့ပဲ သူ့နောက်ကို

လိုက်ပါလာရကာ လူကြီးတွေရှေ့

ခပ်ရို့ရို့ဝင်ထိုင်လိုက်ရသည်။

“ဦးလေး အခုမှပထမဆုံးတွေ့ဖူးတာပါ.....

မင်္ဂလာပါရှင့်.....”

မကောင်းတတ်တော့သည်မို့ အန်တီ့ဘေး

ကပ်လျက်ထိုင်နေတဲ့ဦးလေးကို နှုတ်ဆက်တော့ ဇနီးဖြစ်သူနဲ့အကြည့်ဆုံကာ

ပြုံးသွားတာက ခါးကိုသဘောကျဟန်နှင့်!!

“မိန်းမကဒီကပြန်လာပြီးပြောပြောနေထဲက

သမီးက ဒီပုံမျိုးဆိုတာထင်တော့ထင်တယ်

ဒါကြောင့် ဦးလေးမိန်းမရဲ့စိတ်ကို

ဖမ်းစားထားတာကိုး!!...."

ခါး အခက်တွေ့သွားတာမို့ မချိပြုံးလေးပဲ

ပြုံးတော့ သာကခါးလက်ကိုဆုပ်ကိုင်၍

“ဒယ်ဒီ့သားကိုရော သူကဖမ်းစားသွားတာဗျ

မာမီမှမဟုတ်ဘူး ကျွန်တော်ရောပါတယ်...."

အခြေအနေတွေကိုပိုဆိုးအောင်

လုပ်နေတာမို့ သု့ဘော်ဒါတွေရဲ့ရယ်သံ

သဲ့သဲ့ကိုကြားရတဲ့အခါမှာ ခါး ပူထူစွာဖြင့်

အန်တီ့ကိုသာအားကိုးတကြီးကြည့်လိုက်၍

“အန်တီ ခါးရဲ့သိက္ခာကိုငဲ့ရင်ပဲ‌ဖြစ်ဖြစ်

အဲ့ညကဘာမှမဖြစ်ခဲ့တာကိုယုံပေးပါနော်....”

မျက်နှာငယ်နဲ့ပြောနေတဲ့ခါးရဲ့

ခံစားချက်ကိုနားလည်ဟန်နဲ့အန်တီက

ပြုံးပြကာဖြင့် ရှေ့မှာရှိနေတဲ့ခါးရဲ့

လက်လေးကိုကိုင်ဆွဲ၍

“သမီးရှက်‌နေမှာကိုအန်တီနားလည်ပါတယ်...

ဒါပေမဲ့ ပတ်ဝန်းကျင်ကရှိသေးတယ်လေ

ကိုယ့်ဘာသာကိုယ်ဘယ်လိုပဲထိန်းသိမ်းတယ်ဆိုအုံး ပတ်ဝန်းကျင်ကကိုယ့်ကိုအပုတ်ချဖို့

စောင့်နေကြတာ ဒါကြောင့်အန်တီက

သမီးသိက္ခာကိုအရမ်းငဲ့တဲ့အတွက်

သားရှင်အနေနဲ့ထိထိရောက်ရောက် တာဝန်ယူပေးမှာပါ....."

အတွင်းထဲထိစကားနှိုက်ရင်းခါးကို

တုပ်နှောင်လိုက်သလိုမို့ ခါး ပြောစရာ

စကားပျောက်ရှနေတော့ အန်တီက

နွေးထွေးစွာပြုံးပြကာဖြင့်

“နော်သမီး ဒါကြောင့်အန်တီတို့ဘက်က

တောင်းဆိုမှုကိုသမီး လက်ခံပေးပါ...."

“ခါးစဉ်းစားပါရစေ.....”

“အကြာကြီးစဉ်းစားဖို့မလိုပါဘူး

သမီးရယ်နော် ဘာပဲစဉ်းစားစဉ်းစား

အဖြေကဒီတစ်ခုထဲပဲမို့ သမီးဘက်က

ခေါင်းညိမ့်ရင် အန်တီတို့က သားရှင်ဘက်ကပဲ

မဟုတ်ပဲ သမီးရဲ့အုပ်ထိန်းသူတွေကိုယ်စားပါ

ခမ်းခမ်းနားနားတာဝန်ယူပေးမှာပါ....

အခုတောင် သားဘက်ကမိဘတွေအနေနဲ့ရော

သူငယ်ချင်းတွေပါသက်သေခေါ်ပြီး

အန်တီတို့တာဝန်ယူချင်စိတ်ကိုပြတာပါ.....”

ကိစ္စတွေကကြီးထွားလာပြီ!!

ဘေးနားရှိနေတဲ့သူ့ကိုငဲ့ကြည့်တော့

အပြစ်မရှိတဲ့ကလေးသူငယ်လို

innocent မျက်နှာနဲ့မျက်လုံးကလယ်ကလယ်!

ခါး စိတ်ရှုပ်သလိုကျစ်သာသပ်ရင်း

ဒီနေရာကနေ ခေတ္တပျောက်ကွယ်သွား

လိုက်ချင်မိ၏။

ခါးကျမှဘာလို့ဒီလို‌တွေဖြစ်နေတာလဲ??

........

တစ်ဖက်မှာ သူငယ်ချင်းတွေနဲ့မိဘတွေကို

နေရာပေးထားတာမို့ သူကခါးအိမ်ဘက်ကို

လိုက်လာလေသည်။

လူက အမြင်မကြည်တော့တာမို့

တကောက်ကောက်လိုက်နေတဲ့သူ့ကိုပဲ

ယောင်းမနဲ့ဒေါင်ခနဲခေါက်ချင်စိတ်က

တဖွားဖွား!!

“ပျော််လိုက်တာဗျာ နောက်ဆုံးတော့

ခါးကိုတရားဝင်ပိုင်ဆိုင်ရတော့မယ်....."

ဟန်မဆောင်နိုင်စွာပြောတဲ့သူ့မျက်နှာကို

မျက်ထောင့်နီနဲ့ကြည့်လိုက်ပေမဲ့သူကတော့

မျက်နှာပိုးမသတ်ကာ ချဉ်စူးစူးဖြစ်နေတဲ့

ခါးရဲ့ပါးကိုဖွဖွနမ်း၍

“ချစ်စရာလေး ခါးဘယ်လို‌နေနေကို

ကျွန်တော်ကချစ်... ဒေါင်.......အာ့.....”

ရင်ထဲရှိတဲ့ဆန္ဒကိုမမြိုသိပ်မိနိုင်ပဲ

ခါး ဟင်းအိုးမွှေဖို့ယူထားတဲ့သံဇွန်းနဲ့

သူ့ခေါင်းကိုဒေါင်ခနဲခေါက်ချလိုက်တော့

မျက်နှာရှုံ့မဲ့ရင်းအနားကခွာသွား၍

“ဘာလို့ခေါက်တာလဲဗျာ နာလိုက်တာ....”

“အမြင်ကပ်လို့လေ ကြည့်မရလို့

လုပ်လိုက်တာ...."

သူမကတော့ မျက်နှာတည်လေးနဲ့ပဲ

ပြောရင်းမှ ဇွန်းကိုဆေး၍ တည်ထားတဲ့

ဟင်းအိုးကိုမွှေနေတာမို့ သာ နာရက်ကနေ

ပြုံးတုံ့တုံ့နဲ့ကြည့်မိပြန်၏။

ဘာလို့များအဲ့လောက်ချစ်ဖို့ကောင်းရတာလဲ??

သူမကဟင်းကိုဇွန်းသေးနဲ့ယူရင်း

မြည်းရင်းမှ အလိုမကျ!!

ဆားနဲ့လိုတာတွေထပ်ထည့်ရင်း

ထပ်မြည်းရန်ပြင်နေတာမို့ သာ

ဟင်းရည်ပါတဲ့ဇွန်းလေးကို ကိုင်ထားတဲ့

သုမလက်ကိုအသာဆွဲကာ သူယူမြည်းရင်းမှ

“အတော်ပဲ.....ဒါပေမဲ့ တစ်ခုတော့ပေါ့တယ်...."

“ဘာကြီးလဲ??...."

“အချစ်....."

“ဒီကောင်တော့ထပ်နာချင်နေတာ....”

“ဟာ ဟေ့ ဟေ့ လက်လွန်ကုန်မယ်နော်

ခါး မလုပ်ရဘူး...."

ထပ်ရွယ်လာတဲ့ယောင်းမကြောင့်

သာ ရှောင်လင်သိုင်းသုံးရင်းမှ

သူမနားကနေ ရစ်ဝဲပျံထွက်လာရ၏။

မထင်ထားဘူး!! သူ့အမျိုးသမီးလေးက

ဒေါသလဲကြီးတတ်တာပဲ!! ချစ်စရာကောင်းလိုက်ပုံများ!!

🏠🏠🏠🏠

ညစာကိုခါးအိမ်မှာပဲဝိုင်းဖွဲ့စားကြတာမို့

စားပွဲနဲ့မဆန့်သည်ဖြစ်ရာ အောက်မှာခင်းရင်း

စားသောက်ကြရသည်။

ခါးကဟင်းချက်ကောင်းသူမို့အားလုံး

မြိန်ရေရှက်ရေစားနေပေမဲ့ ဘေးနားမှာ

စားနေတဲ့သူ့ကိုငဲ့ကြည့်လိုက်ရင်ကိုခါးမှာ

စားမဝင်!!

ကိစ္စတွေကဒီလောက်မြန်မြန်ကြီး

ဖြစ်လာမယ်လို့မထင်!!

ဘာမှမပြည့်စုံသေးဘူးလို့ထင်ရတဲ့

ခါးဘဝထဲကို လူတစ်ယောက်မြန်မြန်

ရောက်လာမယ်‌ဆိုတဲ့အသိက လူကို

မပျော်ရွှင်စေ!!

သူရယ်လို့မဟုတ်ပေမဲ့ ခါးဒီလောက်

အမြန်ကြီးအိမ်ထောင်ရေးဆိုတဲ့

ဘောင်အတွင်းကိုမဝင်လိုက်ချင်!!

အဒေါ်ဆုံးတာမကြာသေးလို့ကိုယ့်ဘာသာ

တစ်ယောက်ထဲအေးဆေးလေးနေရမလား

အောင့်မေ့ပါတယ် အခုတော့လူတစ်ယောက်က ထပ်ဝင်လာပြန်တာအလျဉ်းကိုသင့်လို့...။

“ခါး စားလေ....."

ပြောပြောဆိုဆိုသူကဟင်းယူထည့်ပေးတာမို့

ခါး အရှေ့ကိုငဲ့ကြည့်တော့ လူကြီးတွေနဲ့အတူ

အားလုံး ခါးတို့ကိုအကဲခတ်နေတာက

ပြုံးစေ့စေ့နှင့်!!

ခါး သူ့ကိုမျက်နှာတည်နဲ့ကြည့်လိုက်ပေမဲ့

သူကတော့ပေါ့ပေါ့ပါးပါးပင်ခပ်မြူးမြူး

ပြုံးပြ၍ သူ့ပန်းကန်သူအာရုံရောက်သွား၏။

ခါး စိတ်တွေရှုပ်နေပေမဲ့လူကြီးတွေလဲ

ရှိနေသည်ဖြစ်ရာ ဟန်မပျက်ပဲ

ထမင်းစားလိုက်ရလေသည်။

......

“ကယ် သမီးလဲတစ်နေကုန်မနားထားရတော့

ပင်ပန်းနေမှာပဲ နားလိုက်တော့လေ

အန်တီတို့ဟိုဘက်မှာသွားနားတော့မယ်နော်..."

“ဟုတ်ကဲ့....."

လွတ်လွတ်လပ်လပ်နေချင်တာမို့

အန်တီကအလိုက်တသိပြောချိန်

ခါး ဟန်ပင်‌မဆောင်နိုင်စွာပြောလိုက်တော့

အကုန်လုံးအိမ်ထဲက အလျှိုလျှိုထွက်သွားကြ၏။

ထိုအခါမှ ခါးသက်ပြင်းကြီးနဲ့အတူ

ထွက်သွားတဲ့သူ့ကိုပါကြည့်ရင်း

စိတ်ပြေလက်ပျောက်ရေချိုးရန်ပြင်လိုက်သည်။

.....

ရေအေးအေးလေးနဲ့ချိုးပြီး သဘတ်ပတ်ရင်း

ခါး အခန်းထဲဝင်ကာ အဝတ်အစားလဲရန်ပြင်လိုက်၏။

ခါး အတွင်းဝတ်နဲ့အတူ အင်္ကျီထုတ်ရင်းမှ

ရေအရင်သုတ်၍ ဝတ်တော့ အတွင်းဝတ်ရဲ့

ချိတ်ကအနည်းငယ်ချိတ်ရခက်နေသည်။

ဒါကဖြစ်နေကျပဲမို့ ခါးလက်ပြန်နဲ့

တစ်ဖက်ချိတ်ကိုစမ်းရင်းမှ တပ်ရန်ပြင်တော့

လွယ်လွယ်ကူကူနဲ့ရသွားလေ၏။

သို့ပေမဲ့ အောက်ပိုင်းတွေကခါးတောင်

တပ်စရာမလိုပဲသူ့ဟာသူအလိုလိုတပ်ပြီးသား

ဖြစ်နေတာကြောင့် စမ်းမိတဲ့အတိုင်း

မျက်နှာလေးကတဖြေးဖြေးပျက်ကာ

နောက်ကိုလှည့်ကြည့်လိုက်တော့ ဟန်ပါပါ

ပြုံးနေတဲ့သူ့ကိုမြင်လိုက်ရတာမို့ ခါး

သတိမထားမိခင် အော်ရန်ပြင်လိုက်တော့သူက အနားတိုးလာကာခါးရဲ့နှုတ်ခမ်းကို

ဖိကပ်နမ်းလိုက်လေသည်။

အသံတွေကလည်ပင်းဝမှာတင်တစ်စို့ကာ

အနေအထားကိုသတိထားမိတဲ့ခါး

ပူထူရင်းမှ သူ့ကိုယ်လုံးကိုတွန်းထုတ်လျက်

ထမိန်ဆွဲတင်၍ သဘတ်ပတ်လိုက်၏။

ခါး ရှက်လဲရှက်လွန်းနေတာမို့ သူ့ကိုလဲ

မကြည့်ရဲပဲ သဘတ်စကိုပဲတင်းနေအောင်

ဆွဲထားကာဖြင့်

“ဘာလုပ်တာလဲ....."

“ခါးအော်မှာဆိုးလို့ နမ်းလိုက်တာလေ....."

“အဲ့တာပြောတာမဟုတ်ဘူး....."

စိတ်ကလဲတိုနေတာမို့ ခါးအသံက

မာနေပေမဲ့ အနည်းငယ်တုန်ယင်နေသည်။

“အော် ချိတ်တပ်ပေးတာကိုပြောတာလား??

ခါးခက်ခဲနေလို့လေ ပြီးတော့ နောက်ဆို

အသင့်ဖြစ်အောင် တစ်ခါထဲလေ့ကျင့်ထားတာ....”

“ဘာ....."

“ဟုတ်တယ်လေ မကြာခင်ပဲဒီထက်ပို

ပတ်သတ်ရတော့မှာကို ဒါလောက်ကတော့

ပါမွှားလေးပါ ဟုတ်တယ်မလား??...”

ခါးပြောလဲနိုင်မည်မဟုတ်တာမို့ သူ့ကို

မျက်စောင်းထိုးရင်းမှ အဝတ်လဲရန်အပြင်ပဲ

ပြန်ထွက်လာခဲ့ရ၏။

ရင်တွေလဲတဒုန်းဒုန်းခုန်နေသည်ဖြစ်ရာ

ခါး လေပူတွေမှုတ်ထုတ်ရင်းမှ စိတ်အေးချိန်

အဝတ်ဝတ်၍ အပြင်မှာပဲရပ်နေမိသည်။

သူ့အားနဲ့ယှဉ်ပြီးသူ့ကိုလဲအပြင်ကို

နှင်ထုတ်လို့ရမှာမဟုတ်!!

ပြီးတော့လူတွေလဲအများကြီးရှိနေသည်မို့

ကိစ္စတွေအကျယ်အကျယ်လုပ်လို့မရသည်ဖြစ်ကာ ခါး မတ်တပ်လေးရပ်ရင်းသာ

အကြံအိုက်နေ၏။

“ငါဘယ်လိုလုပ်ရမလဲ?? အခန်းထဲ

ပြန်မဝင်ချင် အမေ့......"

“အခန်းထဲမှာအိပ်ရမှာကိုအခန်းထဲမဝင်တော့

ဘယ်ကိုဝင်ချင်လို့လဲ?? အိပ်ချိန်ကိုအပြင်မှာ

နေတာမကောင်းဘူး လာ ....."

ပြောပြောဆိုဆိုနဲ့ခါးကိုယ်လုံးလေးကို

စွေ့ခနဲပွေ့ချီသွားတဲ့သူ့ကြောင့်ခါးမှာ

လေပေါ်မြောက်တက်ရင်းမှ သူ့လက်ထဲ

ရုန်းကန်ရင်းနဲ့ပဲပါသွားရလေသည်။

“သာမည ဘာမှလုပ်ဖို့မကြံနဲ့နော်.....”

“ကျွန်တော်ဘာကြံနေတယ်လို့ထင်လို့လဲ??...."

သူကကိုယ့်ကိုမေးခွန်းထုတ်ရင်းမွေ့ယာပေါ်

တင်ပေးကာ အပေါ်ကအုပ်မိုးလာတာမို့

ခါး လက်လေးနှစ်ဖက်ကိုယှက်ကာထား၍

မျက်နှာရဲရဲလေးနဲ့သာသူ့ကိုအလန့်တကြား

ကြည့်မိလေ၏။

“နမ်းချင်တယ်......ရလား??....."

“ဟင့်အင်း......."

ဖြေပြီးတာနဲ့စက္ကန့်မခြားဘေးကို

စောင်းသွားတဲ့ သူမကြောင့် သာ ပြုံးလိုက်ကာ

သူမဘေးဝင်လှဲရင်းကိုယ်လုံးလေးကို

ခပ်တင်းတင်းဖက်ထားတော့ သူ့ကို

တံတောင်နဲ့တွတ်၍

“အတူမအိပ်နဲ့....."

“ဟိုဘက်အိမ်မှာဒီလောက်လူတွေအများကြီး

ဒီမှာ အတူမအိပ်လို့ဘယ်သွားအိပ်ရမှာလဲ?

မကြာခင်ပဲလက်ထပ်ရတော့မဲ့ဟာကို....."

ဖြစ်ချင်တာပြောရင်းသူမကိုနောက်ကနေ

ပိုတိုးဖက်လိုက်တော့ ရုန်းကန်နေပေမဲ့

သူ့ရဲ့အားကိုတော့မယှဉ်နိုင်သည်ဖြစ်ရာ

သူမငြိမ်ကျသွားရသည်။

သာ သဘောတကျနဲ့နှစ်နှစ်ကာကာပြုံးလိုက်မိ၍ သူမရဲ့ဆံနွယ်တွေကိုမွှေးနမ်း၍

သူ့စိတ်ထဲတွေးနေမိတာတွေက!!

________

“ဒီနားလောက်ဆိုမွေ့ယာနဲ့တည့်ပါ့မလား??...."

ခေါင်မိုးပေါ်ရောက်သွားပြီဖြစ်တဲ့သာ

နေရာကိုမမှတ်မိတော့တာမို့ သွပ်ပြားလဲ

ပျက်စီးသွားမည်ဆိုးကာ ‌လန့်လန့်နဲ့ပဲ

ကုန်းကုန်းကြီး မြင်ရတဲ့အပေါက်လေးကနေ

ချောင်းကြည့်မိသည်။

မွေ့ယာကအခုသူကြည့်နေတဲ့နေရာနဲ့

နည်းနည်းဝေးတာမို့အကွာအဝေးကို

မှန်းဆကာ ထိုနားသွား၍ စိတ်မှန်းနဲ့ပဲ

ထိုနားကသွပ်ကို လက်ထဲပါလာတဲ့‌

ကျောက်ခဲတုံးကြီးနဲ့ထုချလိုက်၏။

အပေါက်နည်းနည်းဖြစ်သွားတာမို့

သူကုန်းပြီးကြည့်ကြည့်တဲ့အခါ

မွေ့ယာနဲ့ကွက်တိတန်းနေတာမို့ ကြိတ်ပြုံးရင်း ထပ်ထုကာ ရပြီဆိုပေမဲ့ သိသာနေတာမို့

လက်နဲ့ပြန်ပြီးအချောသတ်တော့

သွပ်ပြားရှပေမဲ့လဲ သူ့မှာမနာနိုင်!!

ခေါင်မိုးပေါ်က ခဲရာခဲဆစ်နဲ့ဆင်းရင်း

အောက်ရောက်တော့အခန်းထဲပြေးဝင်ကြည့်တဲ့အခါ မွေ့ယာနဲ့အတိဖြစ်နေတာမို့

ကိုယ့်ကိုကိုယ်ကျေနပ်ကာ ပြုံးမိသွားသည်။

ကျန်တာကတော့ မိုးရွာမှပဲဆက်ပြီး

လုပ်ရပေတော့မည်။

“မိုးရေ အမြန်ဆုံးရွာပေးရင်ကောင်းမှာပဲ...."

အသံကျယ်ကြီး‌နဲ့အော်ပြောနေတဲ့သူက

သူမနဲ့အတူ အားကစားလာလုပ်သူတွေလဲ

မရှိတာမို့ အခြေအနေကသူ့စိတ်ကြိုက်!!

မိုးမင်းကသူ့စကားကိုကြားသည်ထင်၏။

သူမပြန်လာပြီး မိုးချုပ်ပြီဆိုတာနဲ့ကို

ရွာတာရွာတာ ထိန်းမနိုင်သိမ်းမနိုင်မို့

သူ့မှာကျေနပ်ပေမဲ့ မိုးကတစ်နေရာထဲ

ကွက်မကျတာမို့ မွေ့ယာကစိုတဲ့နေရာစို

မစိုတာကမစို!

ဒါကြောင့် စိတ်မရှည်စွာပဲ ရေချိုးခန်းထဲက

ရေယူကာ သူကိုယ်တိုင်ပဲမေတ္တာရေချမ်း

ပက်ဖျန်းပေးလိုက်သည်။

ဒါမှသူတို့လဲအေးချမ်းမှာ!!

သူမလာတာနဲ့သူ့ပထမအစီအစဉ်

အောင်မြင်တာမို့ ဝမ်းသာပီတိဂွမ်းဆီထိတဲ့

သာ နှစ်ယောက်သား တစ်ကုတင်ထဲ

အတူအိပ်ရပြီ‌ဆိုတာနဲ့ အိပ်မပျော်မဲ့တူတူ

သူမအိပ်ပျော်သွားတာနဲ့သူ့လုပ်ငန်းကို

စလိုက်၏။

မာမီ့ကိုဖုန်းခေါ်ရင်း သူနဲ့ခါးအတူအိပ်နေပြီ

ဖြစ်သလို သူမကိုမရရအောင် တောင်းပေးရမယ်ဆိုတာ ဂျစ်တိုက်တာမို့ မာမီက

မယုံပေမဲ့ ဗီဒီယိုကောလ်ခေါ်ရင်း

ရင်ခွင်ထဲရောက်နေတဲ့သူမကိုတိုက်ရိုက်ပြကာမှ ဆရာမကြီးက မျက်လုံးပြူးမျက်စံပြူး

လန့်ရင်း သူ့ကိုပြောတဲ့စကားက

“သူများအိပ်နေတုန်း အခန်းထဲခိုးဝင်ပြီး

မိန်းကလေးကိုယုတ်မာတာလား??....” တဲ့

ဘာမှမဖြစ်ပါဘူးအတင်းရှင်းပြမှ

မနိုင်ဘူးဆိုပုံနဲ့ သက်ပြင်းချတဲ့မာမီက

သူ့‌ဆန္ဒကို‌လိုက်လျောပေးမည်တဲ့လေ!!

ဒါပေမဲ့ ခါးလုံးဝလက်မခံနိုင်ဘူးဆိုရင်တော့

သူမတို့လဲ နောက်ဆုတ်မည်တဲ့!!

သာအစက ထိတ်လန့်နေမိပေမဲ့

သူမရဲ့တုန်ပြန်မှုက ထင်ထားသလောက်

မဆိုးတာမို့ အခုတော့ ဒုတိယအကြိမ်

သူ့ရင်ခွင်ထဲအိပ်ပျော်နေတဲ့ကိုယ်လုံးလေးကို

စိတ်အေးအေးနဲ့ဖက်ကာအိပ်နိုင်ပြီလေ.....။

“ရပါတယ် မလောပါဘူး အေးဆေးပေါ့

အခုမဟုတ်လဲ တစ်နေ့နေ့တော့ ခါးကို

ကျွန်တော်ပဲပိုင်ရမှာကို!! အခုတော့

ဖက်အိပ်တာလောက်နဲ့ပဲတင်းတိမ်လိုက်မယ်...."

သူမမကြားနိုင်ပေမဲ့လဲ နားနားကပ်ပြောရင်း

မွှေးညှင်းနုလေးတွေမြင်နေရတဲ့သူမရဲ့

နားကိုဖွဖွကိုက်ကာ သူ့ရဲ့ချစ်စိတ်တွေ

ပြင်းပြနေရလေသည်။

« ရှေ့အခန်း - အပိုင်း၃၆ နောက်အခန်း - အပိုင်း၃၈ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ