Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၅

“ဒါ ဒါတွေက.....”

နံရံမှာအပြည့်နေရာယူထားတာက

ခါးရဲ့ပုံတွေချည်းဖြစ်သလို ဘောင်ကွပ်ထားတဲ့ထဲမှာလဲ ခါးရဲ့ပုံတွေပဲမို့

ရင်ခုန်သံတွေမြန်လာခြင်းနဲ့အတူ

သူ့ကိုငဲ့ကြည့်လိုက်မိတဲ့အခါ!!!

သူကတော့ ဓာတ်ပုံတွေကိုတစ်လှည့်

ခါးကိုတစ်လှည့်ကြည့်ရင်းမှ စောင်စဖယ်ကာ

အနားကိုလျှောက်လာနေ၏။

ခါး အခုထိအံ့ဩထိတ်လန့်ဟန်လေးနဲ့ပဲ

နံရံကိုတစ်ခေါက်ပြန်ကြည့်မိတဲ့အခါ

ခါး ဟိုတစ်ခါခုံပေါ်မှာအိပ်ပျော်နေတဲ့

ပုံလေးတွေကအစ ရှိနေလေသည်။

ခါးတင်ထားတဲ့ပုံလေးတွေရော၊

ခါးမသိခင် သူခိုးရိုက်ထားတဲ့ပုံလေးတွေရော၊

ဒါဆို ဟိုတစ်ခါသူ့ဖုန်းကိုဖွင့်တုန်းက

ဘာပုံမှမတွေ့တာဟာ သူဟာခါးရဲ့ပုံတွေကို

အခုလို ဓာတ်ပုံအဖြစ်ထုတ်ထားလို့လား??

ဒါကြောင့်ဖုန်းထဲမှာ မထားတော့တာလား??

ဒါကိုခါးကမသိပဲနဲ့ အသည်းအသန်

ရှာနေမိတာ!!

ကိုယ့်သဘောကိုပြန်တွေးရင်းမှ ရှက်စိတ်

ဝင်လာတာမို့ ခါးမျက်နှာလေးရဲလာကာ

တအိအိနဲ့ရှက်စိတ်ကတက်လာရလေ၏။

ခါး ခါးက သူ့အခန်းထဲမှာဒီလို

အနေအထားမျိုးတွေနဲ့နေရာယူထားတာပဲ!!

ဒါဆိုသူဟာ သတိရရင်ပဲဖြစ်ဖြစ်

သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ် ခါးရဲ့ပုံတွေကို

တွေ့နေရမှာပဲ!!

ရှက်လိုက်တာ....၊

တစ်ကိုယ်တည်းအတွေးနဲ့ရှက်ကန်းကန်း

ဖြစ်နေတဲ့ခါး အနောက်မှာသူရောက်လာပြီဆိုတာတောင် သတိမထားမိ!!

သာလဲ သူမရဲ့အမူအရာကိုခန့်မှန်းမိတာမို့

အသည်းယားစရာကောင်းလောက်အောင်

နီရဲရဲလေးဖြစ်နေတဲ့ သူမမျက်နှာကိုငုံ့ကြည့်ရင်း ကိုယ်လုံးလေးကိုနံရံဆီတွန်းလိုက်၍

“အစကတော့ ခါးရဲ့စကားတွေကြောင့်

ကိုယ့်စိတ်ကိုထိန်းချုပ်ပြီး ဝေးဝေးမှာ

နေပေးကြည့်မလို့ပေမဲ့ အခုလိုအနီးကပ်

မြင်တွေ့နေရတော့မရတော့ဘူးထင်တယ်....”

“ဟင် ဘာကိုဆိုလိုတာလဲ??....."

“နောက်မှရှင်းပြမယ်....."

ပြောပြီးတာနဲ့ငုံ့ကျလာတဲ့သူ့မျက်နှာနဲ့အတူ

ခါးရဲ့နှုတ်ခမ်းလေးကိုအပိုင်သိမ်းသွားတဲ့

သူ့နှုတ်ခမ်းနွေးနွေးတွေကြား ရင်ခုန်သံ

တဒုတ်ဒုတ်ဖြစ်လာရလေသည်။

ဒီတစ်ခါတော့ငြင်းဆန်ဖို့အတွက်

သတိမရတဲ့ခါး သူ့အနမ်းတွေကိုအနည်းငယ်

တုန့်ပြန်မှုပေးမိတော့ အားမလိုအားမရဟန်နဲ့

သူကခါးကိုနံရံထဲနစ်ဝင်မတတ်ဖိတိုးကာ

ဦးခေါင်း‌ကိုချုပ်ကိုင်ထားရင်းအသက်ရှုသံ

ပြင်းပြင်းနဲ့ချယ်လှယ်နေလေ၏။

တစ်ပတ်လောက်ဟုတ်တိပတ်တိ

မတွေ့ဖြစ်တဲ့နှစ်ယောက်လုံးမှာ ခါးက

မသိစိတ်ထဲကကြိတ်ပြီး တမ်းတမိပေမဲ့

အပြင်မှာတော့ တည်တည်ငြိမ်ငြိမ်သာ!!

သာကတော့ ခါးရဲ့ သူ့ကိုအသက်အရွယ်အရ

ပိုင်းခြားလိုက်တဲ့ စည်းမျဉ်းကြီးကြောင့်

သူမနဲ့မတွေ့ဖြစ်အောင် သူ့ဘာသူပဲ

ရှောင်နေမိကာမှကို မျက်စိရှေ့ရောက်အောင်

လာတဲ့သူမကြောင့်အသိစိတ်တို့ကလွတ်ထွက်ချင်နေသည်။

တစ်ချက်တစ်ချက်တုန့်ပြန်မှုပေးနေတဲ့

နွေးထွေးနူးညံ့တဲ့နှုတ်ခမ်းတစ်စုံကြောင့်

သူ့စိတ်တွေပေါက်ထွက်တော့မတတ်ဖြစ်ကာ

မွှေးရနံ့တစ်ချို့သင်းပျံ့နေတဲ့ကိုယ်လုံးကို

စွေ့ခနဲပွေ့ချီလိုက်၏။

ထိုအခါမှ သတိဝင်မိတဲ့ခါး သူနဲ့

မျက်နှာချင်းခွာလိုက်တော့ ခါးကို

စူးစူးကြီးစိုက်ကြည့်နေကာ ဘာစကားမှ

မဆိုပဲ ချီထားလျက်နဲ့ကုတင်ဆီသွားနေတာမို့

ခါး ရင်ခုန်သံတွေမြန်လာလျက်ကမှ

“သာမည ဒို့အဲ့သဘောဆိုလိုတာမဟုတ်ဘူး...."

ခါး စကားအလှနဲ့ငြင်းပေမဲ့သူကတော့

ခါးကိုလှည့်မကြည့်ပဲနဲ့ ကုတင်ဆီမတ်မတ်

လျှောက်လာကာ ခါးကိုမွေ့ယာအစွန်းမှာ

တင်ပေး၍ သူကဘေးမှာဝင်ထိုင်လေသည်။

ထိုအခါမှ ခါး သက်ပြင်းချရင်းနေတော့

သူက အနည်းငယ်ပွယောင်းသွားတဲ့

ခါးရဲ့ဆံနွယ်တွေကိုသပ်ပေးကာ မျက်နှာ‌ကို

တစိမ့်စိမ့်ကြည့်လျက်ကမှ မျက်ခုံးတွေ

တွန့်ချိုးသွား၍

“ဒီအချိန်ကြီးကို မိတ်ကပ်လိမ်းထားတာလား??...."

“ပါးပါးလေးပါ အပြင်သွား‌တာ

နည်းနည်းလောက်တော့ပြင်ဆင်ပါရစေအုံး...."

တစ်ဖက်ကပိုင်ဆိုင်သူလိုဆူနေပေမဲ့ ခါးလဲ

ဆူပုတ်ပုတ်နဲ့ပင်သူ့ကိုပြန်ပြီးဖြေရှင်းချက်

ပေးနေမိ၏။

သူက သဘောတကျပြုံးကာဖြင့်

ခါးရဲ့နှဖူးလေးကိုဖွဖွနမ်းလျက်ကမှ

“ဟိုတစ်နေ့ညက ခါးကိုကျွန်တော်က

စတာလေ အခန်းထဲမှာဒါတွေရှိတယ်ပြပြီး

ပေးစရာရှိလို့ကို စကားကိုဆုံးအောင်

နားမထောင်ဘူး ထမိန်မပြေးတော့တာပဲ....”

သူ့အပြောကြောင့် ခါးမျက်နှာလေး

ရဲသွားကာ ‌အဖျားရှိန်ကြောင့်အနည်းငယ်

ဖျော့တော့နေတဲ့ သူ့လက်မောင်းကို

လက်သီးဆုပ်နဲ့ဘုတ်ခနဲထုချလိုက်၍

“အဲ့တာ မင်းက ဒို့ကိုတစ်ခုခုလုပ်တော့မယ်

ထင်လို့လေ ပြီးဝောာ့ သာမန်နမ်းတဲ့

အနမ်းတွေမှမဟုတ်တာ...."

ပြောပြီး မျက်နှာလွှဲသွားပြန်တာကြောင့်

သာ သဘောတကျနဲ့သူမရဲ့လက်လေးကို

ဆွဲယူကာဖွဖွကိုက်လိုက်‌၍

“ချစ်လိုက်ရတာဗျာ ကျွန်တော်က

ခါးကျွန်တော့ကိုလုံးဝမချစ်နိုင်ဘူးဆိုပြီး

စိတ်ဓာတ်တွေကျနေတာ...."

သူ့အပြောကြောင့် ခါး ဆတ်ခနဲ

လှည့်ကြည့်ကာဖြင့် ရှက်ယမ်းယမ်းတဲ့

မျက်နှာလေးနဲ့ပဲ

“အို အခုရောမင်းကိုဒို့ဘက်ကချစ်နိုင်တယ်

မပြောမိပါဘူးနော်.....”

“ဒါဆိုဘာလို့နမ်းတာကို ညိမ်ခံတာလဲ??....."

“အဲ့တာမင်းချုပ်ထားလို့လေ....."

“ဒီတစ်ခေါက်ချုပ်စရာမလို‌အောင်

အသာတကြည်အနမ်းခံတာ ခါးလေ....."

“ဒို့အသာတကြည်အနမ်းမခံပါဘူး....."

“ပြန်တောင်နမ်းသေးတာကို အသာတကြည်

မဟုတ်ဘူးလုပ်နေသေးတယ်....."

တစ်ခွန်းဆီခွန်းတုန့်ပြန်နေတဲ့သူက

အသာစီးရနေတာမို့ ခါး ဘာမှမပြောတတ်ပဲ

မျက်နှာရဲရဲလေးနဲ့သာ လျှာရှည်ပြီး

တုန့်ပြန်မှုပေးမိတဲ့ကိုယ့်ကိုကိုယ်သာ

စိတ်တိုမိလေ၏။

အဲ့တာ နင်ရှည်လို့ မိခါးရဲ့!!

သူမဘက်ကတိတ်ဆိတ်သွားတာမို့

သာ ပြုံးလိုက်မိတာဖြင့် ကုတင်ဘေးက

အံဆွဲလေးဖွင့်ကာ အထဲကဆွဲကြိုးလေးကို

ထုတ်၍ သူမကိုဆတ်ခနဲဆွဲဖက်လိုက်သည်။

“သာမည လွှတ်နော်....."

ရုတ်တရက်ဆန်တာမို့ ခါး ရှက်ရှက်နဲ့

သူ့လက်တွေကိုဖယ်နေပေမဲ့ လည်ပင်းက

ယားကျိကျိဖြစ်နေခြင်းနဲ့အတူ

သူလဲလှုပ်လှုပ်ယွယွနဲ့ခဏနေမှလှုပ်ရှားမှုတွေရပ်တန့်သွား၏။

“ရပြီ.....”

ပြောပြီးတာနဲ့ဖြေလွှတ်ပေးတဲ့သူက

ခါးရင်ဘတ်ကိုအကြည့်ရောက်နေတာမို့

ခါးလဲလိုက်ပြီးငုံ့ကြည့်လိုက်တဲ့အခါမှာ

ပြိုးပြတ်လက်နေတဲ့ဆွဲကြိုးလေးတစ်ကုံး!!

ဖန်စီလဲမဟုတ်နိုင်တာမို့ သူ့ကို

မော့ကြည့်မိတော့ ခါးကိုအမြတ်တနိုး

ပြုံးပြကာဖြင့်

“ခါးဆွဲနေကျဆွဲကြိုးလေးလောက်တော့

တန်ဖိုးမကြီးနိုင်ပေမဲ့ ကျွန်တော့ရင်ထဲက

မေတ္တာတွေနဲ့မို့တော့ ပိုပြီးပနံသင့်မှာပါ....”

မရှိတဲ့ကြားကနေ သူမအတွက်

ခြစ်ကုပ်လုပ်ပေးထားတာလေးမို့ အခုလို

ပိုင်ရှင်ဆီရောက်သွားချိန်မှာ သာ့ရင်ထဲ

ပီတိပြုံးဖြစ်ထွန်းရလေသည်။

ခါးလဲ ဆွဲကြိုးလေးကိုထိကိုင်ရင်းမှ

ရင်ထဲထိသွားပေမဲ့ သူ့ကိုအလန့်တကြားပဲ

ပြန်ကြည့်လိုက်၍

“ဒါလဲတန်ဖိုးကြီးမှာပဲ လက်မခံပါရစေနဲ့...."

“မလုပ်ပါနဲ့ဗျာ စလုပ်ကထဲကခါးအတွက်

ရည်စူးပြီးလုပ်ထားတာမို့ နာမည်တောင်

ခါးနာမည်ပဲထွင်းထားတာ လက်ခံပေးပါ...."

သေချာယူကြည့်ကြည့်တော့ KLN ဆိုတဲ့

အတိုစာလုံးလေးက စာသားလှလှလေးနဲ့

တင့်တယ်လို့ပင်!!!

ခါး ပီတိမျက်ရည်တွေလည်လာရင်း

သူ့ကိုကြည့်မိတော့ သူကခါးကိုရင်ခွင်ထဲ

ဆွဲသွင်းကာဖြင့်

“ကျွန်ဝောာ့အချစ်ကိုလက်ခံပေးပါနော်....."

ဒီလိုကြီးဒဲ့ပြောလာပြန်တော့လဲ ခါး

မျက်နှာလေးမထားတတ်အောင်ဖြစ်သွားကာ

သူ့ရင်ခွင်ထဲကရုန်းထွက်လိုက်မိ၍

“ဟို အဲ့ကိစ္စကဆုံးဖြတ်ဖို့တော့အချိန်

လိုအုံးမယ်ထင်တယ် သာမညနဲ့ဒို့က

အသက်အားဖြင့်လဲ....."

“ဘယ်လောက်ကွာနေလို့လဲ ခါးက၂၈နှစ်

ကျွန်တော်က ၂၄နှစ် ၄နှစ်လောက်ကွာတာ

ပြစ်ဒဏ်ကြီးတစ်ခုလား?? ခါးကကျွန်တော့ထက်ကြီးတယ်ဆိုတော့ရော အမေနဲ့သား

အရွယ်လောက်တော့မဖြစ်နေပါဘူးဗျာ

တန်းညှိရင်တောင် လယ်ဗယ်တန်းလောက်

ရှိတာကိုကျွန်တော့ကိုကလေးဇာတ်မသွင်းပါနဲ့....."

တရစပ်ပြောသွားတာမို့ ခါးငြင်းကွက်

ပျောက်ရတော့ သူကခါးလက်ကိုဆွဲကိုင်ကာ

သူ့ရင်ဘတ်ကိုကပ်ပေးတော့ နှလုံးခုန်သံ

တဒိတ်ဒိတ်ကိုအတိုင်းသားကြားနေရသည်။

“ကျွန်တော်ကလူငယ်ဆန်ဆန်

ခေတ်ရှေ့ပြေးတယ်ဆိုတာက gym ထရိန်နာ

တစ်ယောက်ဖြစ်နေလို့ပါ တစ်ခြား

လူငယ်တွေနဲ့တန်းတူရင်ဘောင်တန်းပြီး

ခန္ဓာကာယလုပ်တဲ့အခါမှာတော့ ပုံတုံးကြီး

ဖြစ်နေလို့မရဘူးလေ ဒါကြောင့်နေရာအလိုက်

ကျွန်တော့ရဲ့စတိုင်အတိုင်း နေတတ်သလို

နေတာပါ ဒါကိုခါးကအမြင်‌လွဲနေတာထင်တယ်....."

ခါးနဲ့အန်တီပြောတာတွေကိုသူကြားသွားမှန်း

ရိပ်မိတာမို့ ခါး မျက်နှာလေးနွေးခနဲ

ဖြစ်သွားရကာ ရင်ထဲတစ်မျိုးတော့

ခံစားလိုက်ရ၏။

“ဟို အဲ့တာက အန်တီနဲ့ဒီတိုင်း

ရောက်တတ်ရာရာပြောမိတာပါ....."

“ခါးကစကားပြောရင်အဲ့လိုမလိုတာတွေ

မပြောတတ်မှန်းကျွန်တော်သိပါတယ်....."

ဒါလဲမှန်တာပဲမို့ ခါးမှာပြောစရာမရှိပဲ

ထပ်ပြီးတိတ်ဆိတ်သွားရပြန်သည်။

“ကျွန်တော်နဲ့နွေသဲမာကဟိုတစ်ခါ

ခါးကိုပြောပြထားသလိုပဲ သူ့ရဲ့စနက်ကြောင့်

ကျွန်တော်တို့စေ့စပ်ခဲ့ရတာ သူ့မိဘတွေလဲ

အလိုပါပဲမို့ကျွန်တော်တို့ရဲ့ဆက်ဆံရေးက

ရှေ့ဆက်သွားခဲ့ရတယ် ကျွန်တော်ဟိုကနေ

အိမ်ပါပြောင်းလာတယ်ဆိုတာကလဲသူနဲ့

ခဏဝေးပြီးစိတ်အေးရအောင်ပါ.....

ဒီအတိုင်းဆို အနှေးနဲ့အမြန် ကျွန်တော်နဲ့သူ

လက်ထပ်ဖို့ကို ကျွန်တော့ဘက်ကမတွန်းလှန်

နိုင်ပေမဲ့ ခါးကိုတွေ့ပြီးနောက်ပိုင်းမှာတော့

ကျွန်တော်အားတွေရလာခဲ့တယ်.....ခါးကြောင့်ဆိုတဲ့စိတ်နဲ့ကျွန်တော့်ဘက်ကစပြီး

စေ့စပ်ပွဲဖျက်ဖို့ကိုတောင်းဆိုခဲ့မိတယ်

နှစ်ဖက်မိဘနဲ့ပါသက်ဆိုင်သွားတဲ့

ကိစ္စကြောင့်မို့ တစ်ဖက်ကကျွန်တော်တို့ကို

ကြိုးရှည်ရှည်နဲ့လှန်ပြီး အကြောင်းမပြန်ဘူး

ဒါကြောင့်ကျွန်တော်ပြန်လာလို့မရခဲ့တာ...."

ပထမတစ်ခေါက်သူရှင်းပြတုန်းက

နားမဝင်ခဲ့ပေမဲ့ အခုတစ်ခါမှာတော့

ခါး တကယ်ကိုစိတ်ဝင်တစားနဲ့သူ့ရဲ့

ဖြေရှင်းချက်တွေကိုနားထောင်နေမိ၏။

သူကငြိမ်နေတဲ့ခါးရဲ့‌လက်လေးကို

ဆွဲယူရင်း သူ့လက်နဲ့ယှက်နွယ်ထားကာ

လက်မနဲ့ဖွဖွလေးပွတ်သပ်နေတာမို့

လူကအသည်းယားနေရသည်။

“နောက်ဆုံးတစ်လပြည့်ပြီးချိန်မှာ

ရှေ့နေရှေ့ရပ်တွေနဲ့အိမ်ရောက်လာပြီး

စေ့စပ်ပွဲဖျက်ဖို့အတွက်သဘောတူတယ်

ဒါပေမဲ့ ‌သိန်း၆၀၀ပေးရမယ်ဆိုပြီး

ကျွန်တော်တို့ကိုခြိမ်းခြောက်ခဲ့တာ

မပေးရင် တရားရုံးအထိအကျယ်ချဲ့မယ်

ဆိုတာမို့ ဒီအနေအထားမျိုးနဲ့ကျွန်တော်တို့

သိန်း၆၀၀အပြင် သူတို့ကုန်ကျပေးထားတဲ့

စေ့စပ်ပွဲကုန်ကျငွေတွေ တခြားကုန်ကျစရိတ်တွေအကုန်အကုန် လျော်ကြေးပြန်ပေးရတယ်...."

“ဟယ် ဒါဆို အဲ့ကောင်မလေးနွေသဲမာက

သူ့ရဲ့သိက္ခာကို ရောင်းစားလိုက်သလိုပဲပေါ့...."

သူမကသဘောပေါက်သွားကာ ဝင်ပြောတာမို့

သာခေါင်းညိမ့်ပြ၍

“ဟုတ်တယ် ဒါပေမဲ့အဲ့တာတွေကျွန်တော်

စိတ်မဝင်စားဘူး.....အဓိကက သူနဲ့ကျွန်တော့ကြားက အဲ့ဒီ့ကြိုးကြီးကိုဖြတ်ချပြစ်ဖို့ပဲ

အဲ့တာကလဲခါးကြောင့်.....”

ရင်ထဲနွေးခနဲဖြစ်သွားရင်းသူ့ကို

မော့ကြည့်မိတော့ သူကခါးရဲ့ပါးပြင်ကို

အုပ်ကိုင်ကာ နှဖူးလေးကိုတစ်ခါထပ်ပြီး

အနမ်းခြွေ၍

“ကျွန်တော် ခါးကိုစိတ်ကစားတာ

မဟုတ်ပါဘူး...တကယ်ချစ်တာပါ

အချိန်တိုလေးနဲ့ချစ်မိတယ်ဆိုပြီးခါးဘက်က

မယုံနိုင်ပေမဲ့ ကျွန်တော်ကတော့

မြင်မြင်ချင်းအချစ်ပါ...ဒါကြောင့်

ခါးမသိခင် ဓာတ်ပုံလေးတွေ

ရိုက်ယူမိတဲ့အထိပါပဲ....."

ခံစားချက်တွေအပီအပြင်ဝန်ခံနေတာမို့

မနေနိုင်တော့တဲ့နှလုံးသားက သူ့အတွက်

ခုန်ပေါက်ပေးနေကာ ခါး ရင်ခုန်သံကို

ကိုယ်တိုင်တောင်ပြန်ကြားနေရလေသည်။

“ဘယ်လိုလဲ ခါးဘက်ကကျွန်တော့ကို

နည်းနည်းလေးပဲဖြစ်ဖြစ် လက်ခံပေးမယ်မလား??...."

“ဟင်.....”

“ရတယ် အခုမဖြေချင်လဲရတယ်

ကျွန်တော်စောင့်ပါ့မယ်......"

သူမဝေ့လည်ကြောင်ပတ်နဲ့ ရှက်ကန်းကန်း

စကားတွေလှည့်တော့မှာမို့ သာ သူမကို

ဆွဲဖက်ရင်းပြောတော့ ညိမ်ကျသွား၏။

သို့ပေမဲ့ သူမရဲ့ရင်ခုန်သံ‌ကိုသာတစ်ယောက်

ခံစားမိနေတာမို့ နှုတ်ခမ်းတွေကတော့

အလိုတကျပြုံးနေမိလေသည်။

🏠🏠🏠🏠

“ဟယ် ဟုတ်လား ဒါဆိုငါ့သားကို

ခါးက အရမ်းကြီးမငြင်းတော့ဘူးပေါ့...."

“ဟုတ်တယ်မာမီ ကျွန်တော်ပေးထားတဲ့

ညကထဲက အဲ့ဆွဲကြိုးလေးကိုအခုထိ

ဆက်တိုက်ဝတ်ထားတာ ကျွန်တော်

ပျော်လိုက်တာအရမ်းပဲ...."

ဒီသတင်းကြားရတော့လဲ အမေဖြစ်တဲ့

သူမရင်ထဲမှာ သားကိုယ်စားပျော်မိပြန်၏။

ချွေးမလေးကရည်ရည်မွန်မွန်အပြင်

သိက္ခာလဲကြီးသူမို့ သူမသားကိုငြင်းတဲ့စကား

ပြောပေမဲ့ ဒေါ်ဉမ္မာမှာစိတ်မဆိုးနိုင်တဲ့အပြင်

အားနာစိတ်ကသာပိုများနေရသည်။

သို့ပေမဲ့အခုလို သူမဘက်ကအရမ်းကြီး

စိမ်းစိမ်းကားကားမရှိတော့ဘူးဆိုတော့

ကြားရတဲ့သူမအဖို့လဲမင်္ဂလာပါ!!

“ဒါဆိုသားဘက်ကပိုပြီးလိုက်လိုက်လျောလျောဆက်ဆံပေး သမီးကအပေါ်ယံတွေ

မကြိုက်တာမာမီခန့်မှန်းမိတယ်....."

“ကောင်းပြီမာမီ ကျွန်တော့ရဲ့

မင်္ဂလာပွဲစီစဉ်ဖို့ကိုသာပြင်ဆင်‌ထားတော့..."

အပိုင်ကိုတွက်ရင်း‌ဖုန်းချသွားတာမို့

ဒေါ်ဉမ္မာ ရယ်ကျဲကျဲကျန်ခဲ့တော့

အပေါ်ကဆင်းလာတဲ့ခင်ပွန်းဖြစ်သူက

ပုခုံးကိုဖွဖွပုတ်၍

“ဘာတွေသဘောကျနေတာလဲ??

ဟိုရက်တွေတုန်းကတော့မျက်နှာ

မကောင်းပဲနဲ့....."

“ဟင်းဟင်း ပျော်လို့ပါ ကျွန်မတို့

ချွေးမအသစ်ရတော့မယ်ဆိုလို့...."

“ဟင် ဟုတ်ရဲ့လား ဘယ်သူလဲ??...."

“အို ရည်ရည်မွန်မွန်လေးအပြင်

ချောချက်လှချက်ပဲ နောက်မှသာ့ကို

လာပြီးမိတ်ဆက်ပေးခိုင်းမယ်....."

အတိအကျကိုပြောနေတာက သူပဲ

မျက်နှာချင်းဆိုင်မြင်ဖူးနေသလို

သေချာနေတာမို့ ဦးမြတ်သာ ဟွန့်ခနဲ

ရယ်လိုက်မိလေသည်။

“ဒေါ်ဉမ္မာရေ ဟုတ်မှလဲလုပ်ပါဟ.....”

“အို ရှင်စောင့်ကြည့်နေလိုက်ပါ...."

“အွန်းပါ ကောင်းပါပြီ....."

သူလဲမနိုင်သည်မို့ ဦးမြတ်သာ

ရှေ့ကလက်ဖက်ရည်သာယူသောက်လိုက်၏။

.......

မိုးကလဲတကယ့်ကိုသည်းသည်းမည်းမည်း!!

ညနေ ၅နာရီလောက်ပဲရှိနိုင်သေးတာကို

မှောင်မဲနေတာက ကျောတောင်ချမ်းချင်စရာ!!

ခါးနဲ့အတူ ထမင်းလာစားပြီးတဲ့သူက

အခုပဲဟိုဘက်ကိုပြန်သွားတာမို့

အိမ်ထဲမှာခါးတစ်ယောက်ထဲ မှောင်နဲ့မဲမဲထဲ

အနည်းငယ် စိတ်လှုပ်ရှားမိသည်။

မီးကလဲပျက်နေသည်မို့ လျှပ်စီးတလက်လက်

မိုးခြိမ်းသံတဂျုံးဂျုံးက မကြောက်တဲ့လူကို

ကြောက်အောင်ခြောက်နေသလိုပါပဲ!!

“ခါးရေ....."

အော်ခေါ်သံကျယ်ကြီးနဲ့အိမ်ကိုပြေးဝင်လာတဲ့

သူကရွှဲရွှဲစိုလို့!!

ခါး အထိတ်တလန့်နဲ့ထိုင်နေတဲ့ခုံကနေ

ထမိတော့ သူကအနားတိုးလာရင်းမှ

မျက်နှာ‌ကရေတွေကိုသပ်ချ၍

“ကျွန်တော့အခန်းထဲမှာ ရေတွေယိုနေလို့....”

“ဟင် ဟုတ်လား??..."

“ဟုတ်တယ် အိပ်ခန်းထဲမှာ ကုတင်ပေါ်

တည့်တည့်ကိုမှကျနေတာ....."

သူ့အပြောကြောင့် ခါးညိမ်ရင်း

ကြည့်နေမိတော့ သူကကျစ်သပ်ရင်း

ခါးလက်ကိုဆွဲခေါ်လာကာ အိမ်ထဲက

ထွက်ရန်ပြင်နေတာမို့ ခါးရုန်းလိုက်၍

“ဘယ်ကိုလဲ...."

“ဟာ ခါးကအိမ်ရှင်အနေနဲ့နည်းနည်းတော့

ကြည့်ပေးရမယ်လေဗျာ လိုက်ခဲ့ပါ....'

ဒီလိုပြောတော့လဲဟုတ်နေတာမို့

ခါး ထီးလေးယူရင်းမှ သူ့အိမ်ဘက်ကို

လိုက်လာခဲ့တဲ့အခါမှာ ခါးအိမ်အတိုင်း

မဲမဲမှောင်လို့!!

“အိပ်ခန်းထဲမှာလား??...."

“ဟုတ်တယ်....."

ပြောပြီးသူက ဖုန်းမီးထွန်းကာ ခါးလက်ကို

ဆွဲရင်း သူ့အခန်းထဲခေါ်သွား၍

ခေါင်မိုးပေါ်ကိုမီးနဲ့ထိုးပြတော့ တကယ်ကို

ရေတွေယိုနေကာ အပေါက်ကလဲ

ခပ်သေးသေးမဟုတ်!!

မသိရင် တစ်ခုခုပြင်းပြင်းထန်ထန်

ပြုတ်ကျပြီးသွပ်ပြားကပေါက်သွားသလို!!

မိဘတွေဆုံးပါးပြီးထဲကသွပ်ပြားတွေက

ဆယ်နှစ်ကျော်သက်‌တမ်းလောက်တော့

ရှိသည်ဖြစ်ရာ ပေါက်တာယိုတာကတော့

ထူးဆန်းတဲ့ကိစ္စတော့မဟုတ်!!

ခါးလဲသူပြလို့သာကြည့်တာ ထမိန်စမပြီး

သွပ်ပြားပေါ်လဲတက်မဖာတတ်သည်မို့

အားနာတဲ့အကြည့်လေးနဲ့သာ

“ပြလို့မြင်ပေမဲ့ ဘာမှတော့မလုပ်ပေးတတ်ဘူး မွေ့ယာနားဆိုနေတာဆိုလို့ တခြားမှာ

ပြောင်းအိပ်ကြည့်ရင်ရော....."

“ကျွန်တော်ကမွေ့ယာမှမဟုတ်ရင်

အိပ်မပျော်ဘူး....."

“ဒါဆိုလဲ မွေ့ယာရွှေ့အိပ်လေ....."

“မွေ့ယာကစိုနေတာလေဗျာ တစ်ခုပဲ

ရှိတာအပိုမှမရှိတာ....."

ပြောတာမို့ကိုင်ကြည့်လိုက်တော့အဟုတ်ပင်

စိုရွှဲနစ်နေတာ မသိရင်ရေလောင်းထားတဲ့အတိုင်း!!

“အဲ့တာဆိုဘယ်လိုလုပ်မလဲ??....”

“ဘယ်လိုမှမလုပ်တတ်ဘူး ဒီနေ့ညတော့

အဲ့ဘက်မှာလာအိပ်မယ်......"

“ဟင် ဘယ်လို....."

“ဟုတ်တယ်လေ အိမ်ရှင်တစ်ယောက်အနေနဲ့

ဒီလောက်တော့ တာဝန်ယူမှု တာဝန်ခံမှု

ရှိရမယ်မလား မခါးလွန်းနွယ်......"

သူ့အပြောကြောင့် ခါးမှာပြောစရာ

စကားပျောက်ရှကာ ပါးစပ်လေး

ပွင့်ဟလျက်သာရှိနေရတော့သည်။

« ရှေ့အခန်း - အပိုင်း၃၄ နောက်အခန်း - အပိုင်း၃၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ