Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၄

အကုန်ပြင်ဆင်ထားပြီးတဲ့စားပွဲဝိုင်း

ခပ်သေးသေးမှာ စားသောက်စရာတွေ

အလျှံအပယ်ပင်!!

ထမင်းပန်းကန်တင်စရာနေရာတောင်

မကျန်ချင်လောက်အောင်အထိ

သူမချက်ထားတာ ပုဇွန်ဟင်း၊ငါးကြော်၊

ငါးခြောက်ဖုတ်၊ အမဲနှပ်၊ ပဲနှပ်ဆီပြန်၊

ချဉ်ပေါင်ကြော်၊ အာလူးနှပ်၊ ငါးပိထောင်း၊

အတို့အမြှုပ်စုံလို့ပါပဲ......>

“ရှုပ်ရှက်ခတ်နေတာပဲမလား??

အန်တီဘာကြိုက်တတ်မှန်းမသိလို့

ရောက်တတ်ရာရာချက်ထားတာပါ

အဆင်ပြေတာလေးနဲ့ထည့်စားနော်....."

လူကြီးကိုလဲတွေးပေးတတ်တာမို့

ဒေါ်ဉမ္မာ သဘောအကျကြီးကျကာဖြင့်

“ဒီလောက်မလိုပါဘူးကွယ် အခုနေ

သမီးချက်ထားတာတွေအကုန်အန်တီ

ကြိုက်ပါတယ်......”

ပြောလိုက်တော့လဲဟုတ်ကဲ့ဆိုပြီး

သူမပန်းကန်ထဲကို ဟင်းတွေသေးသေးစီ

ဘေးကပ်ထည့်ပေးလေ၏။

“အန်တီ စားကြည့်ပါဦး.....”

ကိုယ်တိုင်မစားသေးပဲ သူမကိုအရင်

ဦးချမြည်းစမ်းခိုင်းနေတာမို့ ဒေါ်ဉမ္မာ

စားလိုက်တဲ့အခါ အရသာကတကယ်ကို

ကောင်းမွန်နေလေသည်။

“သမီးကဟင်းချက်တော်လိုက်တာ......”

ကျေနပ်ဟန်လေးနဲ့ပြုံးပြတဲ့သူမက

ထရင်းရေတစ်ခွက်ခပ်ပေးလေ၏။

“သမီးကမစားဘူးလား??.....”

“အန်တီစားပါ ခါးကမဆာသေးဘူး....."

ကျွေးတဲ့လူစိတ်ချမ်းသာအောင်ရော

စားကောင်းတာရောကြောင့် ဒေါိဥမ္မာ

ရှုးရှုးဒိုင်းဒိုင်းစားရင်းချွေးတွေလဲ

ပျံလာရပြီဖြစ်သည်။

မီးပျက်ပြီးပန်ကာမရတာမို့ ဘေးနားကနေ

ယပ်တောင်လေးနဲ့လေပေးနေတဲ့သူမကို

ဒေါ်ဥမ္မာ အမြတ်တနိုးငဲ့ကြည့်ကာ

မမြိုသိပ်ထားနိုင်တော့ကာဖြင့်

“သမီးရဲ့မိဘတွေရော....."

“……နှစ်ယောက်လုံးမရှိတော့ပါဘူး....."

အနည်းငယ်တွေဝေသွားပြီးမှ သူမကို

မကြည့်ပဲပြောလာတဲ့ဒီစကား!!

ရင်ထဲကရုဏာသက်သွားမိတော့ သူမက

မော့ကြည့်လာကာပြုံးပြ၍

“နေသားကျနေပါပြီ....ခါးငယ်ငယ်ထဲက

မိဘတွေမရှိတော့တာဆိုတော့ အဒေါ်နဲ့

အတူနေပြီး အဲ့ကထဲကကိုယ့်အားကို

ကိုးလာခဲ့တာပါ.....”

“သမီးကဒါဆိုဘက်စုံတော်တာပဲ....

ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ့်ခြေထောက်ပေါ်

ကိုယ်ရပ်တည်နိုင်တယ် အိမ်မှုကိစ္စလဲ

နိုင်နင်းတယ် မိန်းမသားတို့ရဲ့အင်္ဂါရပ်တွေ

သမီးမှာပြည့်စုံနေတာအန်တီ

သဘောကျတယ်.....”

တစ်ခါထဲစကားဖောက်တော့ အပြုံးလေးနဲ့ပဲ

တုန့်ပြန်ရင်းညိမ်သက်သွားလေသည်။

ဒေါ်ဥမ္မာ ထမင်းကိုအပြီးသတ်စားတော့

သူမကစားပြီးသားပန်းကန်ကိုဘေးယူကာ

ဘယ်ကထဲကချထားမှန်းမသိတဲ့ လက်ဆေးရေပန်းကန်ကိုချပေးကာဖြင့်

“ဆေးလိုက်ပါအန်တီ.....”

“ကျေးဇူးပါပဲကွယ် သမီးလေးကရိုသေပြီး

သိတတ်နားလည်လိုက်တာ မိဘတွေရှိသေးရင်

သူတို့သမီးလေးအတွက်ဂုဏ်ယူနေမယ်ထင်တယ်....”

“အဟွန်း......"

ရယ်ပြရုံလေးပေမဲ့ လှည့်ထွက်လာခဲ့တဲ့

ခါးမျက်နှာက ဝမ်းနည်းခြင်းအရိပ်အယောင်တို့နှင့်!!

ခါးကိုဒီလိုသင်ပေးထားတဲ့မိဘတွေက

ခါးအခုချိန်ထိ လိမ္မာနေသေးတာကိုတောင်

သူတို့မမြင်သွားရဘူးလေ!!

ပန်းကန်ဆေးကြောရင်းဗိုက်ဆာနေပေမဲ့

တကူးတကရောက်လာတဲ့လူကြီးကို

မလေးစားရာကျမှာဆိုးတာမို့ ခါး

မုန့်ခြောက်လေးတစ်ခုစားကာရေနဲ့မြှော၍

အရှေ့ပြန်ထွက်လာခဲ့သည်။

“အန်တီ ဗိုက်ပြည့်သွားလား ခါးသံပုရာရေ

အေးအေးလေးဖျော်ပေးရမလား??.....”

“နေပါသမီးရယ် အန်တီ့နားကို

လာထိုင်ပါဦး.....”

ထွက်ပဲပြေးနေတာမို့ သူမဖမ်းခေါ်တော့

မချိပြုံးလေးနဲ့အနားဝင်ထိုင်ကာ အောက်က

ယပ်တောင်ယူ၍ သူမကိုခပ်ပေးနေလေ၏။

“သမီးမှာမွေးချင်းမရှိဘူးပေါ့....."

“ခါးတစ်ယောက်တည်းပါ....."

ပုံမှန်ဆိုဒီလိုမေးခွန်းအစ်အစ်တွေ

မေးတာမကြိုက်ပေမဲ့ ခါးကိုတကယ်

သဘောကျပြီး မိခင်တစ်ယောက်အနေနဲ့

မေးလာတဲ့သူမအမူအရာတွေကြောင့်

ခါးမှာ စိတ်လျော့ရင်းသာဖြေမိလေသည်။

“အဒေါ်ကရော မရှိတော့ဘူးပေါ့....."

“ဟုတ်တယ် အဒေါ်ကသာမညအိမ်မပြောင်းခင် ရက်နည်းနည်းအလိုကဆုံးသွားတာ...."

“အော် စိတ်မကောင်းပါဘူး......."

စာနာဟန်ပြနေတာမို့ ခါး

မပြုံးမရယ်မျက်နှာလေးနဲ့ပဲ

“အခုပြောတာကိုဘယ်လိုမှတော့

သဘောမထားပါနဲ့နော် အန်တိ့ကိုတကယ်

ခင်မင်လို့ပြောပြတာပါ တကယ်တော့

ခါးကအဒေါ်ကိုမချစ်ဘူး သံယောဇဉ်လဲ

မရှိဘူး သေသူကိုမပြောကောင်းပေမဲ့

သူရှိစဉ် သူနဲ့အတူနေခဲ့ရတဲ့ရက်တိုင်းက

ခါးအတွက်တကယ့်ကိုဆိုးရွားတဲ့နေ့တွေပဲ...."

“အဒေါ်ကအဲ့လောက်တောင်ဆိုးတာလား??...."

“အတိုးပေးစားတာလေ ခါးကိုလဲကြုံရင်

ကြုံသလိုအတိုးတောင်းခိုင်းသေးတာ

မရလာရင်မျိုးစုံပတ်ဆဲတော့တာပဲ....

ခါးက အတိုးပေးစားပြီးရလာတဲ့အကျိုးအမြတ်တွေကနေမစားချင်ဘူး

ဒါကြောင့် မိဘတွေဆုံးပြီးမကြာခင်ထဲက

ကိုယ့်ဘာသာ ရရာအလုပ်လုပ်ရင်းနောက်ဆုံး

ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်ခဲ့တာ အဲ့ကျမှပဲ

အဒေါ်ရဲ့အရိပ်အောက်ကနေ ခါးလွတ်ခဲ့တာ...."

“အော် အဲ့အတောအတွင်းသမီး

စိတ်ဆင်းရဲခဲ့ရမှာပဲ....."

ဒေါ်ဉမ္မာက အလွန်သနားသွားတဲ့

မျက်နှာပေးနဲ့ပြောလာလေသည်။

“သာမညအခုငှားနေတဲ့အိမ်က

ခါးမိဘတွေအိမ်လေ အဖေကမောင်ဆိုတော့

သူဆောက်ထားတဲ့အိမ်ကိုအဖေနဲ့အမေကို

ပေးနေတာ အလကားတော့မဟုတ်ဘူးပေါ့

အဖေကအလုပ်လုပ်ရသလို သူခိုင်းတာတွေလဲ

အကုန်လုပ်ပေးရတယ် အမေဆိုလဲသူ့အတွက်

လျော်ဖွတ်ချက်ပြုတ်ကအစတာဝန်ယူ

ပေးရတယ် ခါးလဲနီးရင်နီးသလိုအဲ့ကထဲက

သူ့ကိစ္စတွေဝင်လုပ်ပေးရတယ် ဒါပေမဲ့

မိဘတွေဆုံးပြီးတာနဲ့အဲ့အိမ်ကိုသူပိုင်တယ်

ပြန်ယူမယ်ဆိုပြီး ခါးကိုသူနဲ့အတူနေခိုင်းခဲ့တာ အဲ့ကထဲက လူငှားတွေတက်လိုက်ဆင်းလိုက်နဲ့ အရင်ကပျော်ခဲ့ရတဲ့အိမ်ကြီးက

သူများတွေလက်ထဲယိုယွင်းလာခဲ့ရတယ် အန်တီ.....”

မျက်ရည်တွေဝိုင်းမတတ်ဖြစ်လာတာမို့

ဒေါ်ဉမ္မာပါရင်ထဲစို့နင့်ကာ ထိုတိုင်းလေးပဲ

ကြည့်နေမိတော့၏။

“ဒါကြောင့် ခါးကအဲ့အိမ်ကိုဒီတိုင်းပဲ

ထားတော့မလို့ကို မထင်ထားတဲ့ကိစ္စတစ်ခုကြောင့် သာမညကိုအိမ်ငှားတင်လိုက်ရတယ်....”

“တစ်ဖက်လှည့်နဲ့သားကိုအိမ်ငှားခံရတဲ့

ကိစ္စလား??...."

သိနေတာမို့ ခါးအံ့ဩတော့ သူမက

ဟုတ်တယ်ဆိုပုံနဲ့ပြုံးပြကာ

“သာမညကအကုန်ပြောပြတယ် အရင်ကဆို

ဒီကလေးက အမေကိုတောင်ဘာမှ

တိုင်ပင်ဆွေးနွေးခဲ့တာမရှိပေမဲ့ ဒီအိမ်ငှားပြီး

‌သမီးနဲ့တွေ့ပြီးမှ သူပြောင်းလဲခဲ့တာပဲ

ဖြစ်သမျှအကုန်ပြောပြသလို သေးသေးကအစတိုင်ပင်တယ် တကယ်‌ဆိုစေ့စပ်ပွဲ

ဖျက်တာလဲ သမီးကြောင့်အများကြီးပါတယ်...."

“ခါးကြောင့်...."

“ဟုတ်တယ် သမီးကိုသဘောကျလွန်းလို့

စေ့စပ်ပွဲဖျက်ပါဆိုလို့ အန်တီတို့မှာ

ဒုက္ခရောက်ခံပြီး ဟိုဘက်မိသားစုကို

မျက်နှာပျက်ပျက်နဲ့စေ့စပ်ပွဲဖျက်လိုက်ရတာ

အဲ့ကျမှပဲကိုယ်တော်ချောရဲ့မျက်နှာ

ပြုံးတော့တယ်....."

ဒီလိုပြောလာတော့လဲ ခါးရင်ထဲ

ပျော်မိပေမဲ့ မျက်နှာလေးကတော့

တည်နေဆဲဖြစ်ကာ

“သာမည ခါးကိုအခုလောက်အထိ

သဘောကျပေးလို့ ခါးဝမ်းသာပါတယ်

ဒါပေမဲ့ သူ့ခံစားချက်ကအရမ်းမြန်လွန်းတယ်အန်တီ သူကခါးထက်ငယ်တဲ့အပြင်

သွက်လက်တဲ့ခေတ်လူငယ်တစ်ယောက်

ခေတ်ရှေ့ပြေးပြီးအရာရာကိုပျော်ပျော်

တွေးတတ်တာမို့ ခါးကိုလဲအဲ့ဒီ့လို

သဘောထားရောမှာကြောက်တာပါ....."

သူမရဲ့ရင်တွင်းခံစားချက်ကို

ပြောလာတာမို့ ဒေါ်ဉမ္မာ ပြုံးလိုက်ကာ

ဘေးနားရှိနေတဲ့လက်ဝါးလေးကို

ထပ်လျက်အုပ်ကိုင်၍

“သားရဲ့မိခင်တစ်ယောက်အနေနဲ့

အတည်ပြုပေးနိုင်တာက သာမညက

သမီးကိုတကယ်ချစ်တာပါ သူ့ဘဝမှာ

မိန်းကလေးတစ်ယောက်ကိုလိုလိုချင်ချင်

မိဘကိုပြောလာတာဆိုလို့ခါးတစ်ယောက်ပဲ

ရှိတယ်သမီး.....သူကလူငယ် ခေတ်ရှေ့ပြေးတဲ့လူတစ်ယောက်မို့ သမီးလက်ခံရခက်နေမယ်ဆိုတာအန်တီသိပေမဲ့ သူကသမီးထင်သလိုလူစားမျိုးမဟုတ်တာ အန်တီ့ရဲ့

သိက္ခာနဲ့လောင်းကြေးထပ်ရဲပါတယ်

ဒါကိုတော့သမီးယုံပါ....."

ဒီလောက်အထိသားဘက်ကအာမခံ

ပြောပေးနေတာမို့ ခါး အားလဲနာ

မျက်နှာလဲပူလာသည်ဖြစ်ရာ လေပူတစ်ချို့

မှုတ်ထုတ်လိုက်၍

“ခါးကအရင်ထဲက တစ်ယောက်တည်း

နေလာခဲ့သူပါအန်တီ ယောင်္ကျားဆိုလို့

သူငယ်ချင်းတောင်မထားခဲ့တဲ့ခါးအဖို့

ကိုယ့်ထက်ငယ်ရွယ်တဲ့လူကိုလက်ခံဖို့ဆိုတာ

ခါးသဘောအတိုင်းပြောရရင် လုံးဝမဖြစ်နိုင်ပါဘူး...အခုသာမညရဲ့ခံစားချက်က

ခါးကိုသဘောကျနေတယ်ဆိုပေမဲ့ ခါးဘက်က အနေအထားတွေရှုပ်ထွေးနေသေးတယ် အန်တီ .... ခါးအနေနဲ့တော်ဖြစ်ရင်

ယောက်ခမဖြစ်လာမဲ့အန်တီ့ဆီက

လိုလိုလားလားကမ်းလင့်နေတဲ့လက်တစ်စုံကို

ကျေးဇူးတင်ပေမဲ့ ဘဝနဲ့ဆိုင်တဲ့ကိစ္စမှာ

ခါး ဆုံးဖြတ်ချက်တော့မလောချင်ဘူး

ဒါကြောင့် ခါးရဲ့နှလုံးသားကသေချာပြီ

သူ့ကိုလက်ခံနိုင်ပြီဆိုရင်တော့ ခါး

အကြောင်းပြန်မှာပါ....."

ခါးပြောလိုက်တော့ မျက်နှာပျက်ယွင်း

သွားတဲ့သူမရဲ့အမူအရာက ဝမ်းနည်းရိပ်

တွေပါဝင်ရောက်လာကာ

“ဒါဆို အန်တီကသမီးကိုအနေခက်သွား

စေတာပေါ့နော် သမီးရဲ့စိတ်ခံစားချက်

ပိုရှုပ်ထွေးအောင်အန်တီက ရောက်လာထဲက

သက်သက်မဲ့လှုံ့ဆော်ပေးမိတာပေါ့

တောင်းပန်ပါတယ်သမီးရယ် အန်တီက

လူကြီး‌ဖြစ်ပြီးသမီးရဲ့ဆန္ဒကိုထည့်မတွက်မိလိုက်ဘူးကွယ်...."

အခုလိုကြီးသေချာတောင်းပန်နေပြန်တော့လဲ

ခါးမနေတတ်‌တာမို့ အန်တီ့လက်ကို

ဖွဖွပြန်အုပ်ကိုင်၍

“ခါးပြောဝာာအဲ့သဘောမဟုတ်ပါဘူး

အန်တီကဖြစ်ချင်တဲ့ဆန္ဒလေးကိုပြောတာ

ဆိုပေမဲ့ ခါးကလဲခါးမှာရှိတဲ့ဆန္ဒ

ခါးရဲ့အခက်အခဲကိုတစ်ခါထဲပြောပြတာပါ

ဒါ့ကြောင့် အန်တီကကျန်တာဘာမှစိတ်ထဲ

မထားပါနဲ့နော်.....”

“အေးကွယ် သမီးလေးကနားလည်ပေးလို့သာပေါ့ အန်တီကအပျိုလေးဖြစ်တဲ့

သမီးရဲ့ဂုဏ်သိက္ခာကိုတောင်မငဲ့ကွက်ပဲ

စော်ကားမိသလိုဖြစ်သွားတာ တကယ်

စိတ်မကောင်းပါဘူး အန်တီ့ကိုခွင့်လွှတ်ပါနော်...."

“ရပါတယ် ခါးဘယ်လိုမှသဘောမထားပါဘူး....”

သူမကိုပြန်ပြီးနှစ်သိမ့်နေတာမို့ ဒေါ်ဥမ္မာ

ဒီကလေးကိုအားနာသလို မျက်နှာလဲ

ပူမိလေသည်။

နှစ်ယောက်သားတိုးတက်ပြီအောင့်မေ့လို့

အပိုင်ကြံမယ်ဆိုကာမှ ကိုယ့်ကြောင့်

တစ်ဖက်ကကလေးက စိတ်ကသိကအောက်

ဖြစ်သွားတယ်ဆိုတာသိရတာမို့ စိတ်ထဲတော့

နည်းနည်းလေးမကောင်း!!

ဒါ့ထက် အိမ်ရှေ့အကွယ်မှာရပ်ရင်း

နှစ်‌ယောက်ရဲ့စကားကိုနားထောင်နေမိတဲ့

သာလဲ သူမရဲ့စကားတွေကိုကြားတာမို့

သူ့ရဲ့စိတ်တွေအရောင်မှိုင်းကာ ကြိုးပြတ်တဲ့

စွန်လိုမျှော်လင့်ချက်ပျောက်ဆုံးသွားရ၏။

သူကသူမထက်ငယ်လို့၊ ခေတ်ရှေ့ပြေးလို့၊

ဒီလိုအရာတွေကြောင့်ပဲနှလုံးသားကိုတောင်

သေချာမစစ်ဆေးပဲသူ့ကိုငြင်းလိုက်တာလား?

အပိုင်တွက်ထားတဲ့မာမီ့ကိုလဲအနုနည်းနဲ့

ဖြေရှင်းချက်ပေးလိုက်တာမို့ သာဟာ

ဘက်ထရီကုန်သွားတဲ့ သံပတ်ရုပ်လို

ခေါင်းငိုက်စိုက်ရင်း သူ့အိမ်ဘက်သူ

ပြန်လာမိလေသည်။

ပြတ်သားလိုက်တာ ခါးရယ်!!

🏠🏠🏠🏠

သာမညရဲ့အမေက ခါး‌နဲ့စကားပြောပြီး

နောက်ရက်နေတော့ပြန်သွားသလို

သာမညလဲအဲ့ကထဲက ခါးဆီမလာတော့!!

သူ့အမေများပြန်ပြောလို့လားမပြောတတ်ပေမဲ့ တကယ်ကိုအဲ့နေ့ပြီးထဲကဒီနေ့နဲ့ဆို

တစ်ပတ်လောက်တောင်ရှိလောက်ပြီ!!

မနက်လဲမျက်နှာမတွေ့ရသလို ညနေတောင်

နည်းနည်းလေးမှမတိုးတော့!!

ကိုယ့်ကိုတကူးတကကြီးရှောင်နေတယ်လို့

ထင်မိတာမို့ ခါးစိတ်ထဲမတင်မကျ

ဖြစ်မိပေမဲ့လဲ ကိုယ်ကမိန်းကလေးမို့

ဆန္ဒကိုသိက္ခာနဲ့ထိန်းကာဖြင့် ကိုယ့်ဘာသာ

ဖာသိဖာသာနေမိလေ၏။

သူလဲကလေးမှမဟုတ်တာ သူ့ဟာသူ

နေတတ် စားတတ်မှာပဲကိုငါကဘာတွေ

တွေးပူနေတာလဲ??

ခါး အရေးမပါတာတွေခေါင်းထဲက

ထုတ်လိုက်စမ်း!!

တစ်ကိုယ်တည်းတွေးရင်းမှ ခါး ရေမိုးချိုး

သန့်စင်ကာ စိတ်ပြေအောင်အပြင်မှာ

တစ်ခုခုသွားစားရန်စဉ်းစားမိသည်။

ဟင်းချက်စရာလဲထွေထွေထူးထူး

မဝယ်လာသည်မို့ ညနေစောင်းပိုင်းလေး

အာပူလျှာပူဖြစ်ဖြစ် မုန့်တီဖြစ်ဖြစ်

ပူပူစပ်စပ်လေးသောက်ရင်း စိတ်ထဲက

အစိုင်အခဲတစ်ချို့ကို အငွေ့အဖြစ်နဲ့

ဖြောလိုက်ချင်၏။

ဒီနေ့တော့ သေသေသပ်သပ်ဝတ်ရင်း

ခါး ဆံပင်လေးလျော့လျော့ထုံးကာဖြင့်

မှန်ထဲမှာတစ်ချက်ကြည့်၍ အိတ်လေးလွယ်လျက်ထွက်လာခဲ့သည်။

အိမ်ဘက်ကိုသော့ခတ်ရင်း ဟိုဘက်ကို

မသိမသာကြည့်မိတော့ သူ့ကိုမတွေ့ရပဲ

သူ့သူငယ်ချင်းတွေပဲထပ်ရောက်နေကာ

ထရိန်နင်ဆင်းပေးနေ၏။

ခါးလဲ ဘာမှသိပ်တွေးမနေပဲထီးလေးယူကာ

တစ်ကိုယ်ထဲအေးဆေးထွက်လာခဲ့သည်။

.....

မုန့်တီပူပူစပ်စပ်လေးဗိုက်ဝအောင်

သောက်ပြီး သူ့အတွက်သတိရမိသွားတာမို့

အကြော်ပူပူဝယ်ရန်စောင့်ရပြန်၏။

စောင့်နေတုန်း ရောက်တုန်းရောက်ခိုက်

စားလို့ရအောင် ည‌နေချိန်ရောင်းတဲ့

မုန့်လင်မယားပူပူလေးပါတွဲဖက်ဝယ်၍

ခါးပြန်လာခဲ့သည်။

အပြန်လမ်းတစ်လျှောက်လုံးရင်ထဲမှာ

တစ်မျိုးတော့ဖြစ်နေသလိုပင်!!

ခါးတစ်ခါမှ အခုလိုသူ့အတွက်တကူးတကကြီး သီးသန့်ဝယ်ပေးတာမျိုးမှမရှိတာ!

ဒါကိုသူတစ်မျိုးတော့မတွေးလောက်ပါဘူးနော်!!

လာလဲမတွေ့ ထမင်းလဲလာမစားဆိုတော့

သူ့ကိုဒီမုန့်တွေနဲ့ချော့တယ်လို့ထင်ရင်

ရှက်စရာ!!

အတွေးတွေနဲ့တစ်လမ်းလုံးရှုပ်လာတဲ့ခါး

အိမ်ပြန်ရောက်ပြီမို့ ဝင်လာခဲ့တော့

တစ်ဖက်မှာ လူတွေရှင်းနေလေ၏။

သူ့ဘော်ဒါတွေလဲပြန်သွားလောက်ပြီမို့

သော့ခတ်မထားတဲ့အိမ်ထဲကိုခပ်ဖွဖွပဲ

ဝင်လာခဲ့မိသည်။

အသေအချာ ချေမ‌ခြဖူးတာမို့

ခင်းကျင်းပုံကိုတိတိကျကျသတိမထားမိတဲ့

ခါး အခုလိုသေချာမြင်လိုက်ရတော့လဲ

မဆိုးဘူးလို့တော့ထင်မိသား!!

ကော်ဇောလှလှတွေခင်းထားတာမို့

ပိုပြီးတက်ကြွနေသယောင်ခံစားရကာ

အားကစားပစ္စည်းတွေကလွဲရင်ကျန်တာက

ရှင်းနေ၏။

ခါး နောက်ဖေးထဲဝင်ကာကြည့်တော့

အသုံးအဆောင်များများစားစားမရှိပဲ

ရှင်းရှင်းလင်းလင်း၊

ခါး အကြော်နဲ့ မုန့်လင်မယားကို

တစ်ပန်းကန်ဆီထည့်ကာ အရှေ့စားပွဲကို

ယူလာရင်းမှဝေ့ကြည့်တော့လဲသူ့ကိုမတွေ့!

အစောကနောက်ကိုဝင်သွားတော့လဲ

ရေချိုးခန်းပွင့်နေတာမို့ သူရေချိုး

နေတာတော့မဖြစ်နိုင်!!!

ဒါဆိုအိမ်မှာများမရှိတာလား??

“ဟပ်.......ချိုး!!!!!!...”

အတွေး‌တို့နဲ့ငြိမ်နေမိတဲ့ခါး နှာချေသံ

ကြားလိုက်တာမို့ ပုခုံးလေးပင်တုန်တက်

သွားရလေသည်။

“ဟင် နေများမကောင်းဘူးလား??...."

အသံက နှာသံကြီးပေါက်နေတာမို့

ခါး ဘာမှမတွေးနိုင်ခင် အသံကြားတဲ့

သူ့အခန်းထဲကိုဗြုန်းခနဲဝင်လာခဲ့တော့

ကုတင်ပေါ်မှာ စောင်ပုံကြားထဲနေနေတဲ့

သူ့ကိုမြင်လိုက်ရတာမို့ လူကစိုးရိမ်သွား၏။

ကိုယ်တိုင်တောင်မသိခင် ခါးသူအိပ်တဲ့

ကုတင်နားသွားရင်းမှ နှာတချေချေဖြစ်နေတဲ့

သူ့နှဖူးကိုဖက်ခနဲစမ်းမိတော့ မျက်ဝန်းတွေ

ဆတ်ခနဲပွင့်လာလေသည်။

“နေမကောင်းဘူးလား??.....”

ခါးမေးလိုက်တော့သူကခါးကို

စိုက်ကြည့်နေပြီးမှ ခေါင်းကိုအသာ

ညိမ့်ပြ၍

“အအေးမိသွားတာ.....”

“ကျစ် သတိထားမှပေါ့....."

စိုးရိမ်သလိုပြောရင်းမှ ခါး မျက်စိတွေက

‌လိုက်လံရှာဖွေနေမိသည်။

“ဘာရှာနေတာလဲ??...."

“ဆေးကြည့်တာလေ သောက်ပြီးပြီလား...."

“အင်း ပြီးပြီ.....”

“အော်....."

သူ့ဘက်ကအနည်းငယ်အေးစက်စက်

ဖြစ်နေတော့လဲ ခါးမနေတတ်သလို!!

ဒါ့ထက် ဆေးသောက်ပြီးပြီဆိုတော့

ခါးလဲဘာမှမလုပ်တတ်တော့သည်မို့

အိန္ဒြေထိန်းကာ သူ့ကိုငဲ့ကြည့်၍

“သာမညအတွက် အကြော်နဲ့မုန့်လင်မယား

ဝယ်လာတယ် အဲ့တာလာကျွေးတာ....."

“အင်း ကျေးဇူးပဲ....."

ပြောပြီး တိတ်သွားပြန်တာမို့

ခါး နည်းနည်းတော့ စနိုးစနောက်ဖြစ်သွားကာ

သူ့အနားကပြန်လာရင်းထွက်ရန်အလုပ်

အဝင်တုန်းကသတိမထားမိလိုက်တဲ့

အရာတွေကို အခုမှမြင်လိုက်ချိန်

အံ့ဩမှင်သက်သွားခဲ့ရလေသည်။

“ဒါ ဒါတွေက.....”

နံရံမှာအပြည့်နေရာယူထားတာက

ခါးရဲ့ပုံတွေချည်းဖြစ်သလို ဘောင်ကွပ်ထားတဲ့ထဲမှာလဲ ခါးရဲ့ပုံတွေပဲမို့

ရင်ခုန်သံတွေမြန်လာခြင်းနဲ့အတူ

သူ့ကိုငဲ့ကြည့်လိုက်မိတဲ့အခါ!!!

« ရှေ့အခန်း - အပိုင်း၃၃ နောက်အခန်း - အပိုင်း၃၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ