Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၃၃

ဒီနေ့ ‌သာမညသူငယ်ချင်းအောင်သူရဲ့

စေ့စပ်ပွဲနေ့မို့ နွေသဲမာမျက်နှာကို

မမြင်‌ချင်တော့ပေမဲ့လဲ တစ်ဖက်ကအသေချာ

ဖိတ်ထားတဲ့အခါမှာ သူနဲ့အတူသွားဖို့

စီစဉ်ရလေသည်။

ခါးကတော့ လောလောလတ်လတ် သူ

ချုပ်ပေးထားတဲ့ ဝမ်းဆက်လေးပဲ

ပြန်ဝတ်၍ အပေါ်ကနေဇာပါးလေး

ခြုံလိုက်ကာဖြင့် အနည်းငယ်ပြင်ဆင်

ခြယ်သရင်းအိမ်ထဲကထွက်လာတော့

သူကလဲဟိုဘက်အိမ်ကနေထွက်လာလေ၏။

ပွဲက ၅နာရီမှစမှာမို့ နှစ်ယောက်လုံး

ဘာမှစားမသွားပဲနဲ့ ဟိုရောက်မှပဲ

ဗိုက်ပြည့်ရုံစားမည်တွေးကာ ခါးတို့

တက္ကစီပဲငှားသွားလိုက်ကြသည်။

“ဘာလို့ဆင်တူချုပ်ထားတာလဲ??...."

“ဝတ်ချင်လို့လေ....."

“သူများတွေတစ်ခုခုထင်ရင်ရော??.....”

“အဲ့လိုထင်ခံချင်လို့ပဲတမင်ဝတ်လာတာ.....”

ရှင်းလွန်းတဲ့အဖြေပဲမို့ နောက်ထပ်မေးခွန်း

ထပ်ထွက်မလာနိုင်ပဲ သူမတို့ စေ့စပ်ပွဲ

နေရာဆီရောက်လာကြလေ၏။

သို့ပေမဲ့ ခါးစိတ်ထဲတော့သူ့စကားအတွက်

အနည်းငယ်ကျေနပ်သွားသယောင်!!

ရောက်တာနဲ့ဟိုဘက်ကအရင်ဆင်းသွားတဲ့

သူက ခါးဘက်ကိုလျှောက်လာကာ

လက်ကမ်းပေးနေတာမို့ ခါး သူ့လက်ကို

ချိတ်လိုက်ရင်းမှ ကားပေါ်ကနေဆင်းလိုက်သည်။

“ဘော်ဒါတွေစရင်စိတ်မဆိုးနဲ့နော်

အောင်ပွဲခံကြမှာဆိုတော့ အဝင်ကောင်းရင်

သူတို့ပေါက်ကရတွေစကြမှာဆိုးလို့ပါ....”

ကြိုပြီးသတိပေးနေတာမို့ ခါး

ခေါင်းညိမ့်ရင်းမှ သူနဲ့အတူပွဲထဲဝင်ခဲ့တော့

အရာအားလုံးပုံမှန်ပဲဖြစ်ကာ သတို့သမီး

ဖြစ်လာတော့မဲ့ နွေသဲမာကတော့

ခါးဘေးနားကသူ့ကိုသဲကြီးမဲကြီး

လိုက်ကြည့်နေလေ၏။

သူမမျက်ဝန်းထဲပုံရိပ်တွေရောင်စုံကို

မြင်နေရတာမို့ခါး ကိုယ်တိုင်တောင်

သတိမထားမိခင်သူ့လက်ကိုပ်ိုတင်းတင်းဆုပ်ကိုင်တော့သူကငုံ့ကြည့်လာတာမို့

ရှက်ပေမဲ့လဲ

ခါး မသိချင်ယောင်ဆောင်နေလိုက်သည်။

“ကျွန်တော်တို့ဒီမှာထိုင်မယ်....."

သူကနေရာပေးတာမို့ ခါး ဝင်ထိုင်ရင်းမှ

ရှေ့ကျနေတဲ့ဆံနွယ်လေးတွေကို

သပ်တင်ကာဖြင့်

“အောင်သူအတင်းဖိတ်လို့သာလာတာ ဒီလို

လူများရင်မနေတတ်ဘူး ဒါကြောင့်

မြန်မြန်စားပြီးမြန်မြန်ပြန်မယ်နော်.....”

အောင်သူကိုကြည့်ရင်းဖြေရှင်းချက်

ပေးနေတာမို့ သာ သူမကိုအပြည့်အဝ

ခေါင်းညိမ့်ပြကာဖြင့်

“အွန်းပါ.....ခါးသဘော....."

သူတို့ဝိုင်းကိုထမင်းပွဲတွေလာချတာနဲ့

အောင်သူနဲ့နွေသဲမာကအနားရောက်လာသည်။

ခါးကြည့်လိုက်မိတော့နှစ်ယောက်လုံး

မျက်နှာကထူးပြီးတော့ခံစားချက်တွေ

မတွေ့ပဲအေးစက်စက်ဖြစ်နေကြကာ...

“အစ်မစားနော် ရင်းနှီးလို့သာဖိတ်တာ

အစ်မမအားမှာလဲကျွန်တော်ကစိုးရိမ်နေတာ...."

“ရပါတယ် ဆိုင်သိမ်းပြီးချိန်ကနေဆို

အားပါပြီ....."

အောင်သူကကြည့်ကောင်းအောင်စကားတွေ

စပေးနေပေမဲ့ နွေသဲမာကတော့

သာနဲ့ခါးကိုခပ်ရိုင်းရိုင်းပဲဝေ့ကြည့်ကာ

သာ့ဘက်ကိုအကြည့်ပြောင်းသွား၍

“ပျော်နေမှာပဲ....."

“ဒါပေါ့ ပျော်တာပေါ့ နင်မှမဟုတ်တာ....."

ဒဲ့ကြီးပဲပြောတာမို့ မိန်းမချင်းဖြစ်တဲ့ခါးက

အားနာသွားပေမဲ့ သူမကမျက်နှာကို

မာထားလျက်ကနေ ခပ်ဆတ်ဆတ်ပင်

သူမတို့နားကထွက်သွားလေသည်။

“အစ်မ ကျွန်တော်သွားလိုက်ဦးမယ်နော်

သာရောပဲ...."

သူတို့ထွက်သွားကာမှ ခါး သူ့ကို

ငဲ့ကြည့်လိုက်၍

“ဘယ်လိုပဲဆိုအုံး သူများမင်္ဂလာ

ယူနေတဲ့အချိန်မှာ ဒီလိုပြောတာတော့

လွန်တယ် သာမည....."

“လွန်လွန်မလွန်လွန် ကျွန်တော်က

ဟန်မဆောင်တတ်ဘူး သူတို့သားအမိ

ကျွန်တော်တို့ပေါ်လုပ်ခဲ့တာ ရိုးရိုးတန်းတန်း

မဟုတ်တာခါးမသိပါဘူး....."

ဘာမှန်းမသိပေမဲ့ သူတို့ကိစ္စတွေမို့

ခါး ပုံမှန်တိုင်းပဲဆက်စားနေကာ

ပြီးတာနဲ့ သူနဲ့အတူထ၍ပြန်ရန်ပြင်လိုက်လေ၏။

“သာ ပြန်တော့မှာလားကွ...."

“အေ ပြန်တော့မယ်လေ ဒီမှာခါးလဲ

ပါလာလို့!!....."

“အော် ငါတို့မရီးလဲလိုက်လာတာပဲ

အေးပါ သွားကြ သွားကြ မင်းတို့က

ရောင်တူဝတ်စုံနဲ့စုံတွဲခု‌တ်နေကြတာပဲ

အားကျတယ်ကွာ....."

ပါးစပ်ဆိုးတဲ့သူတွေမဟုတ်တာမို့

ဒီလောက်နဲ့ပဲပြီးသွားကြတဲ့အခါမှာ

ခါးနဲ့သူ နှစ်ယောက်ခြံထဲကနေဖြေးဖြေးပဲ

လမ်းလျှောက်ရင်းထွက်လာခဲ့ကြသည်။

“ဒီလိုပဲပြန်ကြမယ်နော်....."

ဝေးပေမဲ့လဲ သူ့တောင်းဆိုချက်ကို

ခါးလဲသဘောတူတဲ့အတွက် ခေါင်းညိမ့်တော့

သူကအနားတိုးလာကာ ခါးလက်လေးကို

ဆွဲကိုင်တာမို့ တွန့်သွားရလေ၏။

“ဒီနေ့တော့ခွင့်ပြုပါ....."

အမြဲဇွတ်တရွတ်လုပ်တတ်သူက

သေချာခွင့်တောင်းနေပြန်တာမို့ အခုလဲ ခါး

ငြိမ်သွားရကာ သူ့လက်ထဲကခါးလက်ကို

မရုတ်ပဲထိုတိုင်းလေးငြိမ်သက်ပြီး

ပါလာရလေသည်။

အလာတုန်းကကားနဲ့မို့ ရှုခင်းတောင်

သေချာမကြည့်လိုက်ရသည်ဖြစ်ကာ

ဘေးဘီဝဲယာမှာ ဒီလိုလှတဲ့ပတ်ဝန်းကျင်

ရှိမှန်းသတိထားမိလေ၏။

နှစ်ယောက်သားဘာစကားမှမဆိုမိပဲ

လက်တတွဲတွဲနဲ့သာလျှောက်လာရင်းမှ

တဖြေးဖြေး လေတဝှုးဝှုးတိုက်လာတာမို့

ရှေ့ကိုလှမ်းကြည့်လိုက်တော့ မြစ်ကြီးတစ်စင်းရှိနေသောကြောင့်ဖြစ်သည်။

“ဒီဘက်တွေတစ်ခါမှမရောက်ဖူးတာနဲ့

ဒီမှာမြစ်ရှိတယ်ဆိုတာတောင်သတိမထားမိဘူး.....”

“အွန်း ညရှုခင်းကလှတယ်နော်??....."

တဖြေးဖြေးတံတားကြီးပေါ်ရောက်လာပြီမို့

လေကပိုတိုးလာသလို ခါးရဲ့ဆံနွယ်တွေပါ

လေအလွင့်မှာ တရိပ်ရိပ်ဖြစ်လာ၏။

သာမည လက်ကိုင်ထားရက်ကနေ

လေတိုးနေတဲ့သူမမျက်နှာအေးအေးလေးကို

ငဲ့ကြည့်လိုက်ကာဖြင့်

“ခါးကျွန်တော့ကို အမြန်လက်ခံပေးရင်

ကောင်းမှာပဲ....."

သူ့အပြောကြောင့်ခါးငဲ့ကြည့်တော့

သူက ကြလေးနက်တဲ့အမူအရာနဲ့ပြောနေတဲ့အခါ

ခါး အနေခက်တာမို့ ခပ်တည်တည်ပဲ

ဟန်ဆောင်ကြည့်လိုက်ကာဖြင့်

“ဘာလို့လဲ??....."

“အခုနေ ခါးရဲ့လက်ကိုကိုင်ထားရတာတောင်

ခါးဘက်ကမငြင်းသာလို့လက်ခံတယ်ဆိုတဲ့

အတွေးကြီးပဲခေါင်းထဲဝင်နေတယ် ဒါကြောင့်

ဒီလိုပူးကပ်နေတာတောင် ခါးကိုပိုင်တယ်

မခံစားရဘူး......"

အသေအချာကိုခံစားပြနေတာမို့

ခါး မျက်နှာလေးရဲကာ ချွေးပျံချင်လာလေသည်။

အခုနေ သူ့ကိုလဲဘာပြန်ပြောရမှန်း

မသိသေး!!

ခါးရဲ့နှလုံးသားက်ုဒီထက်သေချာအောင်

စောင့်ကြည့်ချင်သေးတာမို့ ဘာစကားမှ

မကျွံခင် သူ့လက်‌ကိုဖြုတ်ကာ တံတားလက်ရန်းမှာ လက်တင်ရင်း မြစ်ရဲ့အလှနဲ့

ရေစီးသံတို့ကိုအရေးစိုက်ခံစားနေလိုက်သည်။

သာလဲ မထုံးတတ်တေးသူမပုံကြောင့်

မချင့်မရဲဖြစ်သွားပေမဲ့လဲ သူမစိတ်သူ့ဆီ

ပါလာတဲ့အထိ‌ချုပ်တီးထားတာမို့

လေအရှိန်နဲ့တရိပ်ရိပ်လွင့်နေတဲ့ဆံနွယ်တွေနဲ့အတူ ညခင်းရဲ့အရှိန်အဝါနဲ့အေးချမ်းနေတဲ့

သူမပုံရိပ်ကို ခပ်ပြုံးပြုံးနဲ့သာ

ငေးကြည့်နေမိလေ၏။

ဒီအချိန်မှာ ညမီးတိုင်တွေရယ်

မြစ်ကြီးရယ်၊ တံတားရယ်၊ တိုက်ခတ်လာတဲ့လေအချို့၊ ဒါ့အပြင် တယောက်စနှစ်ယောက်စသွားနေတဲ့လူတွေပါပေါင်းလိုက်ရင်

ညကြီးကတကယ့်ကိုသာယာအေးချမ်းဖွယ်အတိ!!

လူနှစ်ယောက် ဘာစကားမှမဆိုမိပေမဲ့

နှလုံးသားထဲမှာတော့ အပြန်အလှန်

စကားသံတွေထွက်နေကြလေသည်။

_______

ခါး မနက်ခင်းမိုးလင်းတာနဲ့ ရေမိုးချိုး

ချက်ပြုတ်ပြီး သူ့အတွက်မနက်စာ

သွားပို့ပေးမိလေ၏။

စိတ်တင်းထားပေမဲ့လဲ နှလုံးသားက

တိုက်တွန်းလွန်းတဲ့အခါမှာတော့ ခါးဟာ

သူ့အိမ်ဘက်ကိုရောက်ဖြစ်အောင်ရောက်ရင်း

ထမင်းပို့ခဲ့မိသည်။

“သာမည....."

“သာမည......”

ခါးခေါ်တော့ တံခါးဖွင့်ရင်းထွက်လာတဲ့သူက

အောက်မှာဘောင်းဘီတိုတစ်ထည်ထဲနှင့်!!

ခါး မျက်နှာလွှဲတော့ သူကဟွန့်ခနဲရယ်ရင်းမှ

ရေစက်တွေကိုခါးဆီခါချကာ

“နောက်လဲအမြဲမြင်ရမှာပဲကို ရှက်မနေနဲ့

အမြန်ကျင့်သားရအောင်လုပ်ထား....."

စလာပြန်တာမို့ ခါးသူ့ကိုမျက်စောင်းထိုးရင်း

လက်ထဲကလင်ဗန်းကိုပြန်ရုတ်ကာ

“စေတနာနဲ့လာပို့တာကို အမြင်ကပ်အောင်

လုပ်ရင် ပြန်ယူသွားလိုက်တော့မယ်....."

“ဟိုး စတော့.....စိတ်ချည်းပဲဗျာ

စတာပါ.....”

သာ လင်ဗန်းလှမ်းယူရင်းမှ မျက်ဝန်းတွေက

ခြံဝကိုအကြည့်ရောက်တော့ လူတစ်ယောက်နဲ့အတူ ဘေးနားပါလာတာကမာမီ!!

“ဒါ မခါးလွန်းနွယ်ရဲ့အိမ်ပါ.....”

စမ်းတဝါးဝါးလိုက်လာရင်းမှ ခြံရှေ့ကနေ

အိမ်ထဲကိုလှမ်းကြည့်ရင်း မြင်လိုက်ရတဲ့

သာ့မျက်နှာကြောင့် ဒေါ်ဉမ္မာ ဘေးနားက

လိုက်ပို့ပေးတဲ့ကောင်လေးကိုကြည့်လိုက်ကာဖြင့်

“ကျေးဇူးပါပဲသားလေးရယ်......"

ခြံတံခါးအပြင်ကသူမကိုလှမ်းမြင်၍

ထင်သည် စကားပြောနေရက်နဲ့အပြင်ကို

ပြေးထွက်လာတဲ့သာက အင်္ကျီမပါ!!

“မာမီ ဘာလာလုပ်တာလဲ??....."

သာ လင်ဗန်းကြီးကိုင်ရက်သားနဲ့မေးတော့

မာမီက သူ့ကိုမျက်စောင်းထိုးရင်းမှ

“ငါ့သားကိုတွေ့ချင်လွန်းလို့လေ ဒါကြောင့်

ကောင်းကြီးကိုနေရာလှမ်းမေးပြီး

ဒီရောက်တော့ အစောကကောင်လေးကို

တွေ့တာနဲ့မေးလိုက်တော့ ဒီအိမ်ရောက်လာတာ

ခါးလွန်းနွယ်ဆိုတာနဲ့သိကြတာပဲနော်....."

မာမီ့အပြောကြောင့် သာသဘောပေါက်သွား

သလိုပြုံးပြရင်းမှ မာမီ့ကိုအိမ်နားထိ

ဆွဲခေါ်လာတော့ အိမ်ပေါက်ဝမှာ

ဒီတိုင်းလေးရပ်နေသေးတဲ့သူမက ဘေးနားက

မာမီနဲ့သူ့ကိုကြည့်နေတာမို့ သာပြုံးပြကာ

“ဒါကျွန်တော့မာမီ မာမီအဲ့တာကျွန်တော်

ချစ်နေတဲ့အမျိုးသမီး ခါးလွန်းနွယ်လေ

ဘယ်လိုလဲ မာမီ့ချွေးမကလှရဲ့လား??....."

သာမညအပြောကြောင့် ခါးတောင့်တောင့်လေးဖြစ်သွားတော့ သူ့အမေဆိုသူကတော့

အတော်သဘောကျသွားဟန်ပြုံးဖြီးကာဖြင့်

“သမီးလေးကိုတွေ့ရတာဝမ်းသာပါတယ်ကွယ်

အန်တီက ဉမ္မာပါ သာမညရဲ့အမေ....

သားကဟိုမှာနေတဲ့အတောအတွင်း

သမီးအကြောင်းကို စက္ကန့်မလပ်ပြောလို့

လူမမြင်ဘူးပေမဲ့ နာမည်ကိုအန်တီက

အလိုလိုရင်းနှီးနေပါပြီ....အန်တီ့သားလေးက

နည်းနည်းဆိုးတာမို့သမီးကဗွေမယူပါနဲ့နော်...."

ခါးက အကျပ်ရိုက်နေတာမို့လည်ပင်းလေး

ပွတ်နေတော့ သာကအမေဖြစ်သူကို

လက်မောင်းနဲ့ဖွဖွတွန်း၍

“ဗွေယူစရာလားဗျာ မာမီ့ချွေးမက

အခုတောင်ကျွန်တော့အတွက်မနက်စာ

လာပို့ထားတာ....."

“ဟယ် အဲ့လောက်ထိဝောာင်သမီးကို

ခိုင်းထားတာလား??....."

“မာမီကလဲဗျာ ခါးကလဲစေတနာနဲ့ပါဗျ

နော် ဟုတ်တယ်မလား....ခါး....."

သားအမိနှစ်ယောက်လုံးကတော့ခါးကို

‌သဘောတွေ့နေမှန်းသိတာမို့ မသိစိတ်က

ကျေနပ်ပေမဲ့လဲ သူတို့အပြောတွေကြောင့်

ခါးတစ်ယောက်အနေခက်ကာ အန်တီ့ကို

အားနာသလိုကြည့်၍

“ဟို အန်တီ ခါးမနက်စောစောဆို

‌အရောင်းအဝယ်လေးလုပ်မှာမို့ သွားတော့မယ်နော်.....ခါးဆိုင်စောစောသိမ်းပြီး

အန်တီ့ကိုကောင်းကောင်းဧည့်ခံပါ့မယ်...."

“မလိုပါဘူးကွယ် သားပြောသလောက်ဆို

မကြာခင်ပဲလူရင်းတွေဖြစ်လာမှာကို....”

ပိုတောင်ဆိုးနေတာမို့ခါး မချိပြုံးလေးနဲ့သာ

နှုတ်ဆက်ရင်းထွက်လာခဲ့မိ၏။

ဟူး!!!! သာမညတော့ဘာတွေမွှေထားခဲ့ပြန်ပြီလဲ??

အန်တီကသူနဲ့ခါးကိုတစ်ခုခုအထင်လွဲ

နေတာတော့မဟုတ်ပါဘူးနော်!!

သာလဲ သူမထွက်သွားကာမှ မာမီ့ပါးကို

ရွှတ်ခနဲငုံ့နမ်းလိုက်၍

“မာမီကတစ်ခါထဲလမ်းဖောက်ပေးလိုက်တာ ကျေးဇူးပါဗျာ ကျွန်တော့ရဲ့အမေပီသပါပေတယ်.....”

ကြည့်လိုက်ထဲကကောင်မလေးက

ရည်ရည်မွန်မွန်လေးမို့ ဒေါ်ဉမ္မာ

ပြေးမလွတ်အောင် တစ်ခါထဲဂျောင်ပိတ်

ထားလိုက်မိသည်။

ဟုတ်တယ်လေ သာနဲ့ နွေသဲမာနဲ့လဲဘာမှ

ပတ်သတ်တော့တာမှမဟုတ်တာ!!

ဘယ်လိုဖြစ်ဖြစ် ဒီ‌ကလေးကိုတော့

ချွေးမ‌အဖြစ်နဲ့လိုချင်မိပါရဲ့!!

အတွေးလေးနဲ့အိမ်ထဲဝင်ထိုင်ရုံရှိသေး

‌ပန်းကန်တစ်ခုနဲ့ထပ်ဝင်လာတဲ့သူမက

သူမထိုင်နေတဲ့ရှေ့ပန်းကန်ချပေးတော့

ကြည့်လိုက်မိတာ ထမင်းကြော်!!

“ခါးစားဖို့ကြော်ထားတာမို့အကြိုက်မတွေ့

မှာတော့ဆိုးမိတယ် အခုတော့အချိန်မရ

တာမို့ ခါးပြန်လာမှပဲ သေချာတစ်ခုခု

ထပ်လုပ်ပေးပါ့မယ် ခွင့်ပြုပါဦးရှင့်....."

အိတ်လေးလွယ်ရင်း ထမင်းဆွဲခြင်းသယ်ကာ

ထွက်သွားတဲ့သူမရဲ့လိမ္မာလွန်းတဲ့

အမူအရာနဲ့အတူမွှေးပျံ့နေတဲ့

ထမင်းကြော်ကို ယူစားရင်း ဒေါ်ဉမ္မာ

မှိုရသလို တပြုံးပြုံးဖြစ်နေမိလေ၏။

သာမပြောနဲ့ ဒီမိန်းကလေးကို သူမတောင်

မြင်မြင်ချင်းသဘောကျမိသည်။

လိမ္မာရေးခြားရှိလိုက်တာ၊

အကြီးအကြီးမှန်း သိတတ်လိုက်ပုံများ.....။

🏠🏠🏠🏠

ခါး တစ်မနက်ခင်းလုံးအတွေးတွေ

များနေတာမို့ ဈေးရောင်းတာတောင်

အယောင်ယောင်အမှားမှားနှင့်သာ!!

အန်တီနဲ့သာမညဈေးကိုပတ်တယ်ဆိုပြီး

ခါးဆိုင်မှာအကြာကြီးထိုင်သွားတာမို့

လူကအနေခက်သလိုလို တစ်မျိုးပါပဲ!!

တစ်နည်းပြောရရင် မဖြစ်နိုင်သေးတဲ့ကိစ္စကို

တစ်ဖက်ကအတင်းလုပ်ယူနေသလိုမို့

ကြားထဲကခါးကအနေခက်ခက်!!

ဝတီရှိနေသေးလို့တော်ကာကျတာမို့

ပိုအမ်းမိတဲ့ပိုက်ဆံတွေကိုလဲသူမက

သေချာပြန်ပြီးတွက်ချက်ပေးလေ၏။

“မမ ဒီနေ့စိတ်နဲ့လူမကပ်သလိုပဲနော်

အဆင်ပြေရဲ့လားဟင် နေမကောင်းဘူးလား??.....'

ဝ‌တီကစိုးရိမ်တကြီးမေးလာတာမို့

ခါး သက်ပြင်းလေးသာချလိုက်မိရင်းမှ

“အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး....”

စိတ်ထဲမတင်မကျဖြစ်နေတာဟာ

ခါးကိုယ်တိုင်တောင် မသေချာသေးလို့ပါပဲ!!

သာမညကိုခါးဘဝအတွက်လက်ခံနိုင်ပြီလား

ဆိုတဲ့မေးခွန်းကိုအဖြေထုတ်နေတုန်းမှာ

အခုလို တစ်ဖက်မိသားစုဆီက တရင်းတနှီး

ဆက်ဆံခံလိုက်ရတော့ ခါးရဲ့ခြေတစ်ဖက်

ကြမ်းကျွံသလိုခံစားလိုက်ရလေသည်။

ဒါအတွက်သာမညကိုအပြစ်မတင်မိပေမဲ့

‌မရေရာတဲ့ကိုယ့်ကိုကိုယ်တော့ အပြစ်

တင်မိလေ၏။

ခါးဘာလုပ်ရမလဲ?? အမေကိုအားနာပြီး

သားကိုတွဲတာမျိုးတော့မဖြစ်ချင်!!

ဒါကြောင့် ခါးကိုယ်တိုင်ရေရာတဲ့အဖြေကို

စဉ်းစားဖို့အချိန်ကျလေပြီ!!

ခါးဟာ ၂၈နှစ်ဖြစ်နေပြီမို့သစ်ရွက်လှုပ်တိုင်း

ရင်ခုန်တတ်တဲ့အရွယ်မဟုတ်တော့!!

ဒါကြောင့် သာမညကိုရင်ခုန်စိတ်လှုပ်ရှားယုံ

သက်သက်နဲ့ ခါးရဲ့လက်တွဲဖော်အဖြစ်

ရွေးချယ်ဖို့ဆိုတာတော့မဖြစ်နိုင်.....၊

ဒါကြောင့် ခါးရဲ့နှလုံးသားကိုပြန်ပြီး

စစ်ဆေးခိုင်းရပေအုံးမည်။

အတွေးတို့နဲ့အတူ ခါးရဲ့မျက်နှာလေးက

အနည်းငယ်အုံ့မှိုင်းမှိုင်းသာ!!

🏠🏠🏠🏠

ဒေါ်ဉမ္မာ ခါးရဲ့ဆိုင်ရှိသည်‌ဆိုတာမို့

မနက်စာစားသောက်ပြီးခဏနားကာ

သာနဲ့အတူထွက်လာခဲ့လိုက်မိသည်။

တကယ်ဆိုကြာကြာနေချင်ပေမဲ့

သာကခါးအနေခက်နေပုံကိုရိပ်မိတာမို့

ခဏလောက်ပဲအဖြစ်ထိုင်ကာ သူမတို့

အိမ်ကိုသာပြန်လာခဲ့ကြ၏။

အမေကရေလာမြောင်းပေးလုပ်ပေးတာ

ကျေးဇူးတင်ပေမဲ့ မနက်ကခါးရဲ့အမူအရာက

စိတ်ရှုပ်သလိုဖြစ်သွားတယ်တဲ့လေ!!

အခုနေဆိုင်မှာပါထပ်ပြီးမျက်နှာကြာကြာပြရင်

ခါးပိုပြီးအနေရခက်သွားမယ်တဲ့!!

ဒီကောင်လေး ခါးရဲ့မျက်နှာအမူအရာကအစ

‌တွေးပေးတတ်တဲ့အထိကို ချစ်မိသွားတာ‌ပါ!!

ဒေါ်ဥမ္မာ မိန်းကလေးတစ်ယောက်အပေါ်

အကြင်နာထားတတ်နေတဲ့ သာ့ရဲ့စိတ်ကို

သဘောကျတာမို့ တပြုံးပြုံးလုပ်ရင်းမှ

အသီးစားကာ သူမရင်ထဲရွှင်မြူးနေရသည်။

မိန်းမချင်းမို့ ဒီလောက်တော့အကဲခတ်မညံ့!

ခါးကသာမညကို စိတ်ယိုင်နေပေမဲ့

သူမကိုယ်သူမအတင်းထိန်းနေတဲ့ပုံမို့

ဒေါ်ဥမ္မာဘက်ကနည်းနည်းတော့‌

ဝင်ရောပေးရမည်။

ဒါမှသူမဘက်ကစကားမှန်ထွက်လာမှာ!!

ချွေးသံတရွှဲရွှဲနဲ့အလုပ်ကြိုးစားနေတဲ့

သူမသားကိုကြည့်ရင်း စိတ်ထဲကတော့

ကြိတ်ပြီးဆုတောင်းလိုက်မိ၏။

ခါးလွန်းနွယ်ဆိုတဲ့ကလေးမလေး သူမသားကိုလက်ခံနိုင်ပါစေ!!

🏠🏠🏠🏠

ညနေ ခါးဆိုင်ကပြန်ရောက်တာနဲ့

ဝယ်လာတဲ့ဟာတွေအကုန်လုံးကို

အစုံချက်ပြုတ်ရင်း ရေမိုးချိုးပြင်ဆင်၍

ဟိုဘက်အိမ်ကိုထွက်လာကာ သားအမိ

နှစ်ယောက်လုံးကိုထမင်းစားဖိတ်လိုက်သည်။

ဘယ်လိုပဲသူ့အမေဆိုအုံး ဒီခြံကကိုယ့်ခြံအပြင် တွေ့တွေ့ချင်းထဲကခါးကို

တရင်းတနှီးဖြစ်နေတာမို့ ဉပေက္ခာပြုဖို့ကတော့မဖြစ်နိုင်....။

ဒါကြောင့် ခါးလာခေါ်တော့ မာမီကသာ့ကို

ငဲ့ကြည့်ကာဖြင့်

“သားကအစောကအသီးတွေစားထားလို့

ဗိုက်ပြည့်နေတယ်မလား?? မာမီပဲ

ခါးနဲ့အရင်သွားစားလိုက်မယ်နော်....."

မာမီကမျက်နှာရိပ်နဲ့ပြတာမို့ သာ

နားမလည်ပေမဲ့လဲ ခေါင်းညိမ့်တော့

လိမ္မာတယ်ဆိုပုံနဲ့ပြုံးပြ၍ ခါးနောက်ကို

လိုက်သွားလေသည်။

မာမီတို့များ!! မတော်ရသေးတဲ့ချွေးမကို

တုန်နေလိုက်တာ မပြောချင်ဘူး!!

သာ မဲ့မဲ့ရွဲ့ရွဲ့တွေးလိုက်မိပေမဲ့

မာမီသာတစ်ခါထဲသူ့အတွက် အယူခံ

ဝင်ပေးခဲ့ရင်ဆိုတဲ့အတွေးနဲ့ သူ့မှာ

ကြည်နူးဝမ်းသာဖြစ်ရလေ၏။

ဘယ်လိုပဲဖြစ်ဖြစ် ခါးကျွန်တော့အပိုင်

ဖြစ်လာတော့မှာပါ!!

« ရှေ့အခန်း - အပိုင်း၃၂ နောက်အခန်း - အပိုင်း၃၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ