Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂၈

မနက်ခင်းအစောကြီးနိုးနေတဲ့ခါးရင်ထဲ

ဝမ်းသာတာလိုလို ရှက်တာလိုလို

သူနဲ့ထပ်တွေ့ရမှာကိုပဲ ဝန်လေးနေသလိုလို

ကြောက်စိတ်လေးနည်းနည်းကလဲဝင်ရင်း

ခံစားချက်တွေတော့ရောထွေးနေလေ၏။

အိပ်ယာကထရင်း မွေ့ယာဘေးကြည့်မိတော့

သူ့ဖုန်းကဒီတိုင်းရှိနေဆဲပင်!!

ခါး ဘယ်သူမှမရှိမှန်းသေချာအောင်

ဘေးဘီဝဲယာကို သူခိုးချောင်းသလိုလေး

ချောင်းရင်းမှ မော်ဒယ်မြင့်မှန်းသိသာအောင်

ထည်ထည်ဝါဝါဖြစ်နေတဲ့သူ့ဖုန်းကို

ကိုင်ကြည့်တော့ ကာဗာအထူကြီးဖြစ်သလို

လေးလဲလေးလေသည်။

ခါး ဘယ်တော့မှသူများပစ္စည်းကို

လက်လွတ်စပယ်မထိကိုင်တတ်ပေမဲ့

အခုတော့ သူဟာမှန်းသိသိရက်နဲ့စိတ်ထဲ

သိချင်တာမို့ ရည်ရွယ်ချက်မရှိအဖွင့်ခလုတ်

နှိပ်လိုက်မိ၏။

မနက်ခင်းစောစောစီးစီးမှာတင် ခါးရင်ထဲ

ဗြောင်းဆန်အောင်ဖြစ်သွားရတာဟာ

သူ့ရဲ့ wallpaper မှာနေရာယူထားတဲ့

ခါးရဲ့ပုံကြောင့်ပါပဲ!!

ဈေးဝယ်သူတွေနဲ့အသိတစ်ချို့သိအောင်

viber မှာခါးတင်ထားတဲ့ပုံလေးကို

သူက ဖုန်းမျက်နှာပြင်မှာထားထားသည်တဲ့လေ!!

ခါး အမြင်မှားတာတော့မဟုတ်ဘူးမလား??

ဒါဆို ဒီဖုန်းဖွင့်လိုက်တိုင်းခါးရဲ့ပုံကို

သူမြင်နေရမှာပဲ!!

မျက်နှာလေးနွေးခနဲနေရင်း ဖုန်းထဲမှာ

ဘာတွေများထပ်ရှိမလဲသိချင်တာကြောင့်

ခါး မဝံ့မရဲနဲ့ပဲ အပေါ်ကိုဆွဲလိုက်တော့

home ထဲရောက်မသွားပဲ lock ခံနေ၏။

ဘာရယ်မဟုတ် စပ်စပ်စုစုနဲ့ခါး စိတ်ထင်တဲ့

lock တွေလျှောက်နှိပ်ကြည့်ပေမဲ့မရ!!

အခွင့်အရေးနောက်တစ်ကြိမ်ပဲရှိတော့တာမို့

ခါး ရင်တုန်တုန်နဲ့ယမ်းသမ်ပြီးနှိပ်ကြည့်ပေမဲ့

မိနစ်သုံးဆယ် လော့ကျသွားတဲ့အတွက်

စိတ်ပျက်ပျက်နဲ့မွေ့ယာပေါ်ပြန်ချလိုက်သည်။

ဒါနဲ့နေပါဦး!! ခါးကဘာကိစ္စနဲ့သူ့ဖုန်းကို

စိတ်ဝင်စားနေရတာလဲ??

သူ့ဘာသူ အထဲမှာဘာတွေပဲရှိရှိ

ခါးကဘာလို့သူ့ဖုန်းကိုဖွင့်ချင်နေတာလဲ??

ခါး အဲ့လိုသူများရဲ့ကိုယ်ရေးကိုယ်တာကို

ဘယ်တော့မှစိတ်မဝင်စားခဲ့ဖူး.....။

အခုမှကိုယ့်ကိုကိုယ်ဘာတွေဖြစ်နေမှန်း

မသိပဲ ကျစ်သပ်မိကာဖြင့် ကုတင်ပေါ်ကထကာ အကြောဆန့်ရင်းမှ မနေ့က

အခြေအနေကိုပြန်သတိရကာ မျက်နှာလေး

နွေးသွားရပြန်၏။

ခါးက သုံးဆယ်နားကပ်နေတဲ့အမျိုးသမီးတစ်ယောက်!!

ဒီလိုဘာမဟုတ်တာလေးအတွက်နဲ့

ကမ္ဘာပျက်သလို ခါးမခံစားသင့်ဘူး!!

ခါး ရင့်ကျက်သင့်နေပါပြီ!!

ကိုယ့်ကိုကိုယ်အားပေးရင်း ခါး အထပ်ထဲက

ရေလဲထမိန်တစ်ထည်ထုတ်ယူကာ

ရေချိုးရန်ပြင်နေတုန်း

“ခါး ......ခါး ကျွန်တော့်ဖုန်းလေးယူချင်လို့...."

“ဟာ သေစမ်း....."

သူ့အသံနဲ့အတူ ဖုန်းယူမယ်ဆိုတာမို့

ခါး ကျစ်သပ်ရင်းမှပူထူသွားသည်။

ခါးအစောကမှကမြင်းထားတဲ့သူ့ဖုန်းက

မိနစ်၃၀ ဖွင့်လို့မရဘူးမို့အခုနေသူ့ကိုသာ

ပေးလိုက်ရင် ဘယ်လိုဖြစ်လဲသူသိမှာပါ!!

ခါးဖုန်းခိုးဖွင့်တာသူသိသွားရင်

ရှက်စရာကြီးမို့ ခါး အသံမပေးပဲနေတော့

သူကတံခါးထပ်ခေါက်ရင်းမှ

“ခါး ကျွန်တော့အမေကိုအရေးကြီး

ဆက်စရာရှိလို့ ဖုန်းလေးယူမယ်နော်....."

သူ့အမေကိုဆိုတာမို့ ခါးဘယ်လိုမှ

မနေသာပဲ သူ့ဖုန်းကိုပြေးယူကာကြည့်တော့

အချိန်ပြည့်ဖို့က မိနစ်၂၀လိုသေး၏။

အဲ့ဝာာပြီးမှသူ့ဖုန်းဖွင့်လို့ရမှာပါ!!

“ခါး အော်....."

ဆက်ပြောမလို့ပေမဲ့တံခါးပွင့်လာခြင်းနဲ့အတူ

မလုံမလဲဖြစ်နေတဲ့သူမရဲ့စိုးရိမ်တကြီး

မျက်နှာလေးကဘွားခနဲတံခါးဝမှာ

ပေါ်လာတာမို့ သာရပ်တန့်သွားရသည်။

“ဖုန်းယူမလို့လား??...."

ညကလိုမာထန်တဲ့မျက်နှာထားမဟုတ်ပဲ

အနည်းငယ်မလုံမလဲဖြစ်နေတဲ့သူမမျက်နှာက

တစ်မျိုးလေးချစ်စရာကောင်းတာမို့

အိပ်ယာထကာစ အဆီတစ်ချို့နဲ့

ဝင်းဝင်းလေးဖြစ်နေတဲ့သူမမျက်နှာလေးကို

သဘောတကျအကြာကြီးငေးကြည့်နေမိ၏။

“ဟုတ်တယ်လေ ဘာလို့လဲ?? ညက

ကျွန်တော့ကိုစိတ်ဆိုးတာနဲ့ ကျွန်တော့ဖုန်းကို

ခွဲလိုက်တာတော့မဟုတ်ပါဘူးနော်...."

“အို အဲ့လိုဖြစ်စရာလား?? အဲ့လိုလုံးဝ

မဟုတ်ဘူး အခုက ဟိုဟာ....."

သူမကအပြောခက်ဟန်နဲ့ဖုန်းကိုလှမ်းပေးနေပေမဲ့ တွန့်ဆုတ်ဆုတ်ရယ်သာ!!

သာ ဘာလဲသိချင်တာမို့ချဉ်ပြုံးပြုံးနဲ့ပင်

သူမလက်ထဲကဖုန်းကိုဆက်ခနဲဆွဲယူလိုက်တော့ တစ်ယောက်ယောက်ကlockကို

မသိပဲအတင်းဖွင့်ပြီးဖုန်းထဲဝင်ရန်

ကြိုးစားထားတာမို့ ဖုန်းစခရင်က

နောက်၁၉မိနစ်အထိ လော့ဖွင့်လို့ရမှာမဟုတ်!!

သာ ဘာလဲရိပ်မိတာမို့သူမကိုကြည့်လိုက်တော့

မိသွားပေမဲ့ မျက်နှာမာသွားကာခပ်တင်းတင်း

သူ့ကိုပြန်ကြည့်၍

“အိပ်ချင်မူးတူးနဲ့ဖုန်းမှားပြီးဒို့ဖုန်း

အောင့်မေ့လို့ lock အတင်းဖြေမိတာပါနော်

မင်းဖုန်းကိုတမင်ဖွင့်တာမဟုတ်ဘူး

မင်းဖုန်းထဲမှာဘာတွေရှိနေလဲလဲ ဒို့လုံးဝ

စိတ်မဝင်စားဘူး ပြီးတော့မင်းဖုန်း

wallpaper ကိုလဲဒို့ဘာမှမမြင်လိုက်ဘူး...."

သူမမေးဘဲ ဘူးပေါ်သလိုပေါ်တဲ့သူမရဲ့

အမူအရာတွေနဲ့အတူ သူပြုံးတုံးတုံးနဲ့

စိုက်ကြည့်နေမိတော့ အတင်းတိုးတိုက်ရင်း

နောက်ထဲဝင်သွားတဲ့သူမမျက်နှာလေးက

ရှက်စိတ်ကြောင့်ရဲရဲကိုနီလို့!!

အဲ့လိုအမူအရာလေးတွေကိုချစ်လွန်းလို့

ဘာလုပ်လို့လုပ်ရမှန်းမသိပေ!!

သူမကိုအမြန်ဆုံးသာတစ်သက်လုံးစာအတွက်

ပိုင်ဆိုင်လိုက်ချင်တယ်!!

______

သာ သူမရေချိုးနေမဲ့အချိန်မှာ နံပြားနဲ့

နို့မလိုင်သွားဝယ်ရင်း ပြန်လာတော့

သူ့အိမ်ဘက်ကဘော်ဒါတွေက

မျက်နှာတွေပုတ်သိုးလို့ဖြင့်!!

“မင်းက မနေ့ကလဲအဲ့အိမ်မှာသွားစားပြီး

ငါတို့ကိုကောင်းကောင်းမကျွေးဘူး

အခုလဲ နံပြားနဲ့မလိုင်ကို နှစ်ယောက်စာပဲ

ဝယ်လာပြီးငါတို့အတွက်မပါပြန်ဘူး.....

ငါတို့ကမင်းမရှိတဲ့ဒီတစ်လလုံး ဒီgym

ကောင်းကောင်းလည်ပတ်နေနိုင်အောင်

မအားတဲ့ကြားကကြိုးပမ်းပေးထားတာကွ...."

ကောင်းချစ် ငြူစူခြင်းကင်းစွာပြောတော့

သာ ပြုံးတုံ့တုံ့နဲ့ အိတ်ကပ်ထဲက

တစ်သောင်းတန်နှစ်ရွက်ကိုကမ်းပေး၍

“ဆောရီးကွာ ငါသူနဲ့အတူစားချင်တာပဲ

သတိရပြီးမင်းတို့ကိုမေ့နေမိတာ ရော့

အခုပဲဖြစ်ဖြစ်သွားဝယ်စားလိုက်....."

ပြီးစလွယ်ထားခဲ့တာမို့ ကောင်းချစ်နဲ့

ကျန်တဲ့သုံးယောက်တစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ရင်း မဲ့ရွဲ့လိုက်မိ၏။

ဒီကောင်အဲ့ဘက်အိမ်က အစ်မကိုဆို

ပိုကိုပိုတာပါ!!

.....

သာလဲ နံပြားသုံးချပ်ကိုပန်းကန်ထဲထည့်ရင်း

မလိုင်ကိုဇလုံလေးထဲထည့်၍ သကြားနဲ့

အရှေ့ကိုယူလာခဲ့လိုက်သည်။

သူမကအခန်းထဲမှာပဲရှိနေသေးတာမို့

သာ ဖုန်းကိုဖွင့်ရင်းနာရီကြည့်မိတော့

၆နာရီထိုးခါနီးပြီ!!

တစ်ဆက်တည်း ဖုန်းwallမှာမြင်နေရတဲ့

သူမရဲ့ပုံလေးကြောင့် မနက်ကဖြစ်သွားတဲ့

အမူအရာကိုလေးကိုပြန်မြင်ယောင်ကာ

သူ့နှုတ်ခမ်းတွေပြုံးမိသွားရ၏။

ဒါဆို သူမဒီပုံကိုမြင်သွားမှာအသေအချာပဲ!!

ဖုန်းကိုဖွင့်ဖို့ကြိုးစားတာလဲ ဟုတ်နေတာမို့

သာ မသိမသာပဲသူမကိုစောင့်နေမိတဲ့အခါ

ပါးမှာပါးကွက်စိုစိုလေးနှစ်ကွက်တင်ထားတဲ့သူမက သူ့ကိုမြင်တာနဲ့ခြေလှမ်းတုန့်ခနဲ

ရပ်သွားလေသည်။

“ဘာလုပ်နေတာလဲ??...."

“မနက်စာအတူစားချင်လို့စောင့်နေတာ..."

ပြောလိုက်တော့သူမက ဘေးအိတ်လွယ်ကာ

ထည့်ထားပြီးသားထမင်းဆွဲခြင်းလေး

ကောက်သယ်ကာဖြင့်

“တော်ပြီ မစားချင်ဘူး...."

“မစားချင်လို့မရဘူး တူတူစားချင်လို့

မနက်အစောကြီးထဝယ်ထားရတာ....

ဒါကြောင့် ခါးစားပြီးမှဆိုင်ကိုသွားခွင့်ပြုမယ်...."

သူနဲ့ပြိုင်ငြင်းလို့မရမှန်းသိတာမို့ ခါး

စိတ်ညစ်ညစ်နဲ့စားပွဲလေးမှာဝင်ထိုင်တော့

သူကနံပြားပန်းကန်ကို‌ခါးရှေ့တိုးပေးကာ

မလိုင်ကိုလဲ အနှစ်တွေသေချာမွှေပေး၍

“စား ခါးကိုကျွေးချင်လို့တကူးတက

သွားဝယ်လာတာ...."

ဒီလောက်ကြီးအထိပြောနေတာမို့

ခါး မကောင်းတတ်တာနဲ့စားလိုက်ရတဲ့အခါ

သူကစားပွဲခုံပေါ်လက်တင်ရင်းမှ

ခါးစားတာကိုကြည့်နေလေ၏။

လူကအနေခက်လှတာမို့ သူ့ကိုမသိမသာ

ကြည့်မိတော့ ခါးကိုခပ်တည်တည်ပဲ

စိုက်ကြည့်နေလျက်ကမှ

“အစောကဖုန်းဖွင့်တာဘာသိချင်လို့လဲ??

ကျွန်တော်ကလျို့ဝှက်မထားတတ်တာမို့

ခါးသိချင်ရင်အမှန်တိုင်းပြောပြမှာပါ...."

ဒဲ့ကြီးပြောလာတာမို့ ခါးမချိပြုံးလေး

ဖြစ်သွားရကာ လည်ပင်းလေးပွတ်မိလျက်ကမှ

“ဘာတွေပြောနေတာလဲ?? အဲ့ဖုန်းကို

တမင်တကာဖွင့်တာမဟုတ်ပါဘူး....."

“ကျွန်တော့ကိုမညာပါနဲ့ မဖွင့်ထားဘူးဆိုရင်

ကျွန်တော့ဖုန်းက ၅ကြိမ်တိတိ lockမှား

နှိပ်လို့ရတယ် အခုဟာက ခါးက၅ကြိမ်လုံး

ဆက်တိုက်ဖွင့်ဖို့ကြိုးစားလို့အခုလိုဖြစ်တာ..."

အသေချာပြောလာတာမို့ ခါး သူ့ကို

မျက်နှာလွှဲရင်းမှ တိတ်ဆိတ်နေတော့

သူကအိတ်ကပ်ထဲကဖုန်းကိုနှိုက်ထုတ်ကာ

ခါးရှေ့ချပေး၍

“ခါးနဲ့ပတ်သတ်တဲ့တစ်ခုခုကိုထားထားတာမို့

သိချင်ရင်စမ်းကြည့်ကြည့်....."

ခိုးပါတယ်ဆိုမှ ‌ငါ့မျက်စိရှေ့မှာခိုးဆိုတဲ့ပုံမျိုး

လုပ်နေတာမို့ ခါး သူ့ဖုန်းကိုဘေးကို

ခပ်ဆတ်ဆတ်ပြန်ပြီးတွန်းရွှေ့ပေးလိုက်ရင်းမှ

“စိတ်မဝင်စားပါဘူး.....”

သာ ပြုံးသဲ့သဲ့နဲ့ဖုန်းကိုပြန်မယူပဲ

နံပြားနဲ့မလိုင်စားကာ သူမကိုလဲအကဲခတ်နေတော့ သူ့ကိုမလုံမလဲနဲ့အမြန်စားနေ၏။

“ဖြေးဖြေးစားပါ နင်ပါဦးမယ်....”

သူကဒီတိုင်းကြီးပဲစိုက်ကြည့်နေတာမို့

ခါး ဒီတစ်ခါတော့အမြန်စားပြီး ဆိုင်သွားချင်နေပြီ!!

သူကစားပြီးတာနဲ့ ပန်းကန်တွေယူပြီး

ဆေးရန်နောက်ဖေးထဲဝင်သွားတာမို့

ခါး မသိမသာချောင်းဟန့်ရင်းမှ လက်သုတ်၍

အနားမှာရှိ‌နေသေးတဲ့သူ့ဖုန်းကိုဆွဲယူလျက်

ခါးနဲ့ပတ်သတ်တဲ့လော့ဖွင့်ရန်ကြိုးစားမိသည်။

အရင်ဆုံး သူဒီအိမ်ပြောင်းလာတဲ့ရက်!!

ပြီးတော့ ခါးတို့မယုဆီသွားတဲ့ရက်!!

သူ့gymဖွင့်ပွဲလုပ်တဲ့ရက်!!

ဒါ့ထက်ဘာကျန်သေးလဲဆိုတော့ ခါးကိုသူ

ဖွင့်ပြောတဲ့ရက်!!

လေးခါပြီးပြီမို့ နောက်တစ်ခါဆို

အစောကလို နာရီဝက်ဖုန်းသုံးလို့မရတော့မည်ဖြစ်ကာ ခါးအကြံအိုက်သွားမိ၏။

ဖျက်ခနဲခေါင်းထဲဝင်လာတဲ့အတွေးဟာ

viber မှာပေါ်တဲ့မွေးနေ့မွေးရက်ကြောင့်

ခါး ကတုန်ကယင်နဲ့ပဲခါးရဲ့မွေးနေ့ကို

ယမ်းသမ်းထည့်ကြည့်တဲ့အခါ ဖျက်ခနဲ

ပွင့်ရင်း home ထဲရောက်သွားတာမို့

ပျော်သွားရသလို တစ်ဆက်တည်း

မြင်လိုက်ရတာဟာ ခါး အထည်ဆိုင်ကို

၁၇သိန်းတန်အထုပ်အကြောင်း စိတ်ဆိုး

မာန်ဆိုးနဲ့ဖုန်းဆက်နေတာကိုဘေးတိုက်

ရိုက်ထားတဲ့ပုံလေးဖြစိနေသည်။

ဒါကိုwallpaper ထားတာမြင်တာမို့

ခါးအံ့ဩသွားမိ၏။

ဒါဆိုအဲ့နေ့ကသူမအထင်ဟာမှန်တာပေါ့!

သူခါးကိုရိုက်တာလား?? သူ့ဘာသာ

ဖုန်းသုံးနေတာလားမသဲကွဲတဲ့အဲ့ဒီ့နေ့မှာ

သူဟာခါးရဲ့ဓာတ်ပုံကိုခိုးရိုက်နေခဲ့သည်တဲ့!!

“အဟမ်း......"

အတွေးတို့နဲ့ကြည်နူးရင်ခုန်ဖြစ်နေတုန်း

အနောက်ကသူ့ရဲ့ချောင်းဟန့်သံကြားတာမို့

ခါး အယောင်ယောင်အမှားမှားနဲ့ ဖုန်းကို

ပိတ်ကာ ဆတ်ခနဲဟိုဘက်ကိုပြန်တိုးရက်မိသား!!

အနောက်ကိုငဲ့ကြည့်တော့ဘယ်သူမှ

မရှိတာမို့ ကိုယ့်ဘာသာကိုယ်မလုံမလဲနဲ့

ကျစ်သပ်ရင်း ယူစရာရှိတာယူကာအိမ်ထဲက

အမြန်ထွက်လာခဲ့သည်။

“အစ်မ သွားတော့မှာပေါ့....."

ဟိုဘက်အိမ်ကကောင်လေးကလှမ်းနှုတ်ဆက်တာမို့ ခါး ရှက်ကမ်းကမ်းနဲ့

ခေါင်းလေးသာညိမ့်ရင်းထွက်လာခဲ့၏။

ကျန်နေခဲ့တဲ့သာလဲ ပန်းကန်သာဆေးနေပေမဲ့

သူမရဲ့သူ့ဖုန်းကိုခိုးဖွင့်နေပုံကိုမြင်လိုက်တာမို့

သဘောတကျနဲ့ပြုံးစေ့စေ့ရယ်မိသည်။

သူမကသူ့အကြောင်းကိုစိတ်ဝင်စားရဲ့သားနဲ့

ဟန်ဆောင်နေတာပဲ!!

ဟွန်း ကြည့်ကြသေးတာပေါ့!!

ခါးကြာကြာဆက်ပြီးဟန်ဆောင်နိုင်မလား??

ကျွန်တော့ဘက်ကိုပဲပါလာမလားဆိုတာ!!

အကြံနဲ့အတူ သာ့ရဲ့နှုတ်ခမ်းတွေက

ထောင့်စွန်းတစ်ဖက် တွန့်ကွေးတက်သွားရတဲ့အခါမှာ!!

🏠🏠🏠🏠

တစ်နေကုန် သူမကိုစောင့်ရင်းမှ

နောက်ဆုံးတော့ဆိုင်သိမ်းလာလေ၏။

သာ သူ့ဘော်ဒါတွေကိုမျက်စိမှိတ်ပြခဲ့၍

သူမအိမ်ဘက်ကိုကူးလာခဲ့တော့

သော့ဖွင့်နေတဲ့သူမကသူ့ကိုငဲ့ကြည့်လာရင်းမှ

“ဘာကိစ္စရှိလို့လဲ??....”

“ဘာရယ်တော့မဟုတ်ပါဘူးဗျာ

ခါးကပင်ပင်ပန်းပန်းနဲ့ဈေးရောင်းပြုပြီး

ပူပူလောင်လောင်ချက်ပြုတ်ရမှာဆိုတော့

ကျွန်တော်ကမကြည့်ရက်တာနဲ့ကူညီမို့ပါ....”

သူ့အပြောကြောင့် ခါး ပြုံးစေ့စေ့ဖြစ်သွားချင်တဲ့နှုတ်ခမ်းတွေကိုပြန်ထိန်းထားကာမျက်နှာကိုတည်ထားလျက်ကမှ

“မလိုပါဘူး ဒီတိုင်းပဲလုပ်လာတာ

နှစ်ချီပြီ အခုမှတော့သူများရဲ့အကူအညီ

မလိုပါဘူး....."

ပြောပြီး ခါး သော့ဖွင့်ပြီးတော့ သူက

သော့ကိုဆွဲယူကာ တံခါးမှာချိတ်၍

တံခါးတွေဖွင့်ရင်းမှ ခါးပုခုံးပေါ်က

အိတ်ကိုယူကာ အိမ်ထဲကိုအရင်ဝင်သွားကာဖြင့်

“အဲ့လိုရယ်တော့ဘယ်ဟုတ်မလဲဗျာ

ကျွန်တော်ကိုကမနေနိုင်တာပါ

ကိုယ်ချစ်တဲ့လူပင်ပင်ပန်းပန်းလုပ်နေရတော့

ကျွန်တော့အနေနဲ့ဘယ်လိုမှကို ဒီတိုင်းလက်ပိုက်ပြီးကြည့်မနေနိုင်ဘူး....

ဒါကြောင့်ကူညီပေးပါရစေ....."

ပိုကိုပိုလွန်းတဲ့သူ့စကားကြောင့်

ခါးဘာမှဆက်မပြောပဲအိမ်ထဲဝင်လာတဲ့အခါ

သူကရေတစ်ခွက်ခပ်ရင်း အသင့်ကြိုနေလေသည်။

“အမောဖြေလိုက်ပါဦး ကျွန်ဝောာ်

ချိုင့်တွေဆေးပေးထားမယ်....."

ခါးရဲ့အိမ်သူလိုလုပ်နေတဲ့သူ့ကိုကြည့်ရင်း

ဘာပြောရမှန်းမသိ!!

မလုပ်နဲ့လို့ပြောရအောင်လဲသူကနောက်ဖေးထဲရောက်လို့ ထမင်းချိုင့်ကိုဖွင့်ပြီးနေပြီ!!

ရေတစ်ခွက်သောက်ရင်းမှ မသိမသာ

ထိုင်နေတော့ ချိုင့်ဆေးပြီးပြန်ထွက်လာတဲ့

သူက ခါးကိုကြည့်လာ၍

“ဒီနေ့ဘာဟင်းချက်မှာလဲဟင်....."

“ကြက်ဟင်းခါးသီးကြော်မယ်

ပဲအချိုလေးချက်ပြီး မြင်းခွာရွက်သုပ်မယ်...."

“ဒါဆို မြင်းခွာရွက်နဲ့ကြက်ဟင်းခါးသီးကို

အဆင်သင့်လုပ်ပေးထားမယ်နော်....."

“မလိုပါဘူး ဆိုင်မှာထဲကအကုန်

လုပ်ခဲ့ပြီးသား ပဲကိုလဲမနက်ထဲကစိမ်ခဲ့တာ

အခုနေ အိုးထဲပြစ်ထည့်ပြီးချက်ရုံပဲ....."

သာအကြံအိုက်သွားပုံကိုကြည့်ရင်း

ခါး ဟန်ပါပါပြုံးကာ ရေခွက်ယူရင်း

အနောက်ထဲဝင်ခဲ့တော့ သူကဘေးကနေ

တောက်လျှောက်လိုက်လာရင်းမှ

“အဲ့တာဆိုလဲ အိုးထဲထည့်တာအထိ

ကျွန်တော်ကကူညီပေးမယ်ဗျာ နော်....."

ခါး ပြောလဲရမည်မဟုတ်တာကြောင့်

ဘေးနားရှုပ်နေတဲ့သူ့ကိုဒီတိုင်းပဲထားတော့

ခါးဘာလုပ်လုပ်သူကလက်လွှဲယူသွား၏။

ကြက်သွန်ခွာလဲ သူပဲအတင်းယူခွာ!!

လှီးရန်ပြင်တော့လဲ သူပဲအတင်းယူပြီး

မလှီးတတ်လှီးတတ်တွေနဲ့လှီးတော့

အတုံးတုံးအတစ်တစ်တွေနဲ့မြင်မကောင်း!!

ခါးကြာတော့ စိတ်မရှည်တော့သည်မို့

လုပ်ချင်ရာလုပ်နေတဲ့သူ့ဘက်ကိုလှည့်လိုက်၍

“သာမည မင်းကကူညီတာပဲမဟုတ်ပဲ

ဒို့ကိုအနှောင့်အယှက်ပေးနေတာလား??....”

စိတ်ပျက်သလိုသူမမျက်နှာကြောင့်

သာ မျက်နှာငယ်လေးလုပ်ပြကာ လက်ထဲက

ဓားကိုအောက်ချ၍

“ကျွန်တော်ကကူညီချင်လို့ပါ...."

“ဘာအတွက်လဲ??...."

“ခါးချက်တဲ့ထမင်းဟင်းကိုစားချင်လို့!....."

ပိုက်ဆံပြန်ပေးပြီးဇယားဖျက်ထားတာမို့

ခါးရဲ့ထမင်းစားပွဲထဲသူမပါတော့သည်ဖြစ်ရာ

အခုလိုမျက်နှာငယ်နဲ့တောင်းဆိုတော့

ထပ်ပြီးဗရုတ်သုတ်ခတွေဖြစ်မည်ဆိုးတာမို့

ခါး စိတ်ညစ်ညစ်နဲ့ပဲခေါင်းညိမ့်ပြ၍

“ကောင်းပြီ ကျွေးမယ် ထမင်းလဲကျွေးမယ်

ရေလဲတိုက်မယ် ဒါကြောင့်ညိမ်ညိမ်လေးပဲ

နေပါနော် တောင်းပန်ပါတယ်....."

ဦးချရမလိုဖြစ်နေတာမို့ခါးပြောတော့

သူကဟဲခနဲရယ်ရင်းမှ နောက်နည်းနည်းဆုတ်ကာ နံရံကိုမှီရင်းလူကိုကြည့်နေပြန်၏။

ခါး သက်ပြင်းကြီးနဲ့အတူ လုပ်စရာရှိတာသာ

လုပ်ရင်းမှ သူ့ကိုမရှိတဲ့လူတစ်ယောက်လို

ခဏသဘောထားရင်း ပြင်ဆင်လာခဲ့တာတွေကိုခပ်သွက်သွက်ပဲဆေးကြောသန့်စင်ရင်း

ဟင်းချက်‌လိုက်လေသည်။

.....

ဟင်းချက်ပြီး ခါးရေချိုးမည်ဆိုတော့

သူ့အိမ်ဘက်ခဏပြန်မယ်ဆိုပြီး ပြန်သွားလေ၏။

ခါးလဲရေမိုးချိုး အဝတ်လဲပြီးပြန်ထွက်လာတဲ့အထိ သူကပြန်တော့မရောက်သေး!!

သူပါစားမည်ဆိုတာမို့ စားပွဲပေါ်မှာ

သေသေသပ်သပ်ဖြစ်အောင်ပြင်ဆင်ရင်း

ထမင်းပန်းကန် နှစ်ပန်းကန်သွားယူ၍

ပြန်လာတဲ့အထိ သူမလာသေးတာမို့

မျက်စိကခုံလက်ရန်းပေါ်တင်ထားတဲ့

သူ့ဖုန်းကိုအကြည့်ရောက်သွားပြန်သည်။

ဘာရယ်မသိ သူ့ဖုန်းကိုဖွင့်ချင်နေတာအာသီသ!!

သူ့ဖုန်းထဲမှာခါးနဲ့ပတ်သတ်တာတွေ

ဘယ်လောက်ထိရှိမလဲသိချင်နေတာဆို

ပိုမှန်မည်။

ထမင်းပန်ကန်လေးကိုင်လျက်သားနဲ့

ခါး ဘေးဘီကိုဝေ့ကြည့်မိကာ ပြတင်းပေါက်ကြားကနေ သူ့အိမ်ဘက်ကိုလှမ်းကြည့်မိတော့ သူကလေ့ကျင့်ရေးဆင်းပေးနေ၏။

ဒီပုံအတိုင်းဆိုကြာအုံးမှာမို့ ခါး

တစ်ကိုယ်တည်းကြိတ်ပြုံးကာ မနက်ကဖွင့်ထားမိတဲ့လော့ကိုသတိရကာ ပြန်ဖွင့်ရင်း

ဝင်ကြည့်တော့ သူ့ဖုန်းကပွင့်သွားလေသည်။

ခါး မြန်မြန်ပင် ဓာတ်ပုံတွေသိမ်းဆည်းတဲ့

အခန်းထဲကိုဝင်ကြည့်ရန်ပြင်လိုက်တော့

ဘာမှတော့မတွေ့!!

မဟုတ်လောက်ပါဘူး ခါးရဲ့ပုံတွေ

သူ့ဆီမှာရှိပါတယ်!!

“ပြောတော့စိတ်မဝင်စားဘူးဆို....."

“အမလေး ဂလွမ်းဂလွမ်း......"

ရှိမယ်ထင်ထားတာတွေမတွေ့တာမို့

ဖုန်းကိုအလိုမကျသလို သဲကြီးမဲကြီး

ရှာဖွေနေတုန်း နားနားကပ်ပြောတဲ့သူ့ကြောင့်

ခါး ရင်တုန်ကာလန့်အော်မိခြင်းနဲ့အတူ

လက်ထဲက ပန်းကန်နှစ်ချပ်ကလဲ

ပြစ်စလတ်ခတ်လွတ်ကျတာမို့

ကျယ်လောင်စွာမြည်သံတွေအပြင်

သူ့ရဲ့ရယ်သံသဲ့သဲ့ကိုပါ

တစ်ဆက်တည်းကြားလိုက်ရတဲ့အခါမှာ

ခါးတစ်ကိုယ်လုံးပူထူကာ ရှက်ရွံ့သွားရလျက်.....။

« ရှေ့အခန်း - အပိုင်း၂၇ နောက်အခန်း - အပိုင်း၂၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ