တစ်ပတ်အချိန်ယူလိုက်ရတဲ့နောက်မှာ
သူ့ဘော်ဒါတွေဆီကပြန်စာဟာ ၄၆၈သိန်း.....ဒါဆိုလိုတာက
၁၃၂သိန်း.....၊
မာမီတို့ကရှိတဲ့ရွှေတစ်ချို့ရောင်းလိုက်တာ
၁၀၀လောက်တော့ရသည်ပြော၏။
ဒါကြောင့် ကျန်တဲ့ ၃၂သိန်းကိုတော့
သူပဲစိုက်မည်ဖြစ်ကာ ခေါင်းထဲအကြံထုတ်မိသည်။
ဒီကြားထဲ ခါးကိုစပေါ်ပေးတာ၊အိမ်ငှားတာနဲ့
ဟိုတစ်ခါ gym ဖွင့်ပွဲလုပ်လိုက်တာအပါဝင်
သိန်း၄၀နီးနီးလောက်ကုန်သွားတာမို့
ပိုက်ဆံကအဲ့မှာလျော့သွားလေ၏။
လောလောဆယ်တော့ သူ့လက်ထဲလဲ
၁၀သိန်းလောက်ပဲရှိသည်ဖြစ်ရာ ၂၂သိန်းလိုသည်။
မတတ်နိုင်တော့သည်မို့ သူ့မှာရှိတဲ့ပြေးစက်နှစ်ခုကိုသာရောင်းရပေတော့မည်။
နောက်မှပဲမဖြစ်ဖြစ်တဲ့နည်းနဲ့
အဆင်ပြေရင်ပြန်ဝယ်ရမှာပဲ!!
ပြေးစက်ကလဲတစ်ခုကို ၁၀နီးပါးဈေးပေါက်တာမို့ ပြန်ရောင်းရင်တော့ မှန်းထားသလောက်
ရလောက်မှာပါ!!....။
“သား ပြည့်လောက်လားဟင်
ဘယ်လောက်လိုသေးလဲ??....."
မာမီလဲမနေရပဲသူ့ကိစ္စအတွက်
လုံးပမ်းပေးနေရက်ကနေ အခုမေးလာတာမို့
သာ မျက်နှာကိုတော့ပြုံးလိုက်ကာဖြင့်
“မများပါဘူး ၂၀ကျော်လောက်ရရင်
ပြည့်ပြီ....."
“ဟယ် တော်သေးတာပေါ့....
အမလေး ဟိုကလေးတွေကောင်းလို့
ဒီလောက်ပမာဏလောက်ရတာ.....
ဘုရားမတာပဲ....."
သူမတို့မှာမရှိဘူးမဟုတ်ဘူး ရှိပေမဲ့
ဘိုးဘွားစဉ်ဆက်အမွေမို့ ရှေးဟောင်း
ပစ္စည်းတွေကိုတော့မဖြုတ်ပြစ်နိုင်!!
ဒါကြောင့် သူမတို့လက်ထပ်မှဖြစ်တည်လာတဲ့
ပစ္စည်းအချို့ကိုတော့ လက်မလွှတ်ချင်လဲ
လွှတ်လိုက်ရလေသည်။
အဓိကက သူမတို့သားလေးဂုဏ်သိက္ခာ
မညှိုးငယ်ရစေဖို့ပါပဲ!!
“ဟုတ်တယ် ကျွန်တော်လဲဒီကောင်တွေ
အားကိုးနဲ့မို့ပဲမိုက်ရဲတာ....."
“အေအေ ဘာပဲဖြစ်ဖြစ် ကျန်တဲ့
၂၀ကျော်လောက်ကိုတော့ မာမီ
မေသန်းဆီမှာ အတိုးနဲ့ခဏဆွဲလိုက်မယ်
ဒါဆို ငါ့သားစိတ်မပူနဲ့တော့နော်
ပြည့်တာနဲ့ချက်ချင်းသွားပေးပြီး
အဲ့မိသားစုနဲ့တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ်
မြန်မြန်အဆက်အသွယ်ဖြတ်လိုက်တော့....”
“အင်း....."
မိဘချင်းရင်းနှီးပြီး နွေသဲမာနဲ့
ငယ်ပေါင်းဖြစ်ခဲ့ပေမဲ့ စရိုက်ကွာတာမို့
သူတို့ဟာ ရေရှည်ပေါင်းသင်းလို့မဖြစ်တဲ့
ခပ်နွမ်းနွမ်းဆက်ဆံရေးတစ်ခုသာသာ!!
ဘယ်လိုပဲဖြစ်ဖြစ် သူညံ့လို့သူ့ကြောင့်
ဖြစ်ခဲ့တဲ့ကိစ္စတွေမို့ စာရင်းစာအုပ်ထဲ
တစ်ရာမကျန်အကုန်ထည့်ရေးထားကာ
ဘော်ဒါတွေပိုက်ဆံကအစ မာမီလုပ်ပေးတဲ့
ဒီအတိုးနဲ့ပိုက်ဆံထိအဆုံး တစ်ပြားတစ်ကျပ်
မလျော့ ချမှတ်ထားလိုက်သည်။
ချက်ချင်းကြီးမဟုတ်ရင် တဖြေးဖြေးနဲ့
နည်းနည်းစီပြန်စပ်မှာပါ!!
^^^^^
ဒီအထိမလာချင်ပေမဲ့လဲ သာတစ်ယောက်ထဲ
မာန်တင်းပြီးလာရင်း အိမ်ရှေ့အရောက်
ဝင်လိုက်ဖို့ကိုတောင် စိတ်ကမလိုက်!!
ဘာနေနေ ကိစ္စတွေအပြတ်ဖြတ်တော့မည်မို့
သာ ဘဲလ်တီးတော့ ခြံစောင့်လာဖွင့်ပေးသည်။
“ဒေါ်နွေမင်းရှိတယ်မလား??...."
“ဟုတ်ကဲ့ ရှိပါတယ်....."
သူ့ကိုဒီအိမ်ရဲ့သားမက်မှန်းသိနေပေမဲ့
ထဲထဲဝင်ဝင်ပြောမနေပဲတန်းပြီးဖွင့်ပေးတဲ့
တံခါးနောက်မှာ သာခပ်သွက်သွက်ပင်
လိုက်ဝင်ရင်းမှ အိမ်ထဲဝင်ခဲ့တော့
စာရင်းစာအုပ်မှာတစ်ခုခုချရေးနေတဲ့
ဒေါ်နွေမင်းဘေးမှာ ခပ်ရို့ရို့ထိုင်နေသူက
နွေသဲမာ!!
သူမြင်ခဲ့ဖူးတဲ့ပုံရိပ်တွေနဲ့လားလားမျှ
မဆိုင်တာမို့ ကရုဏာတော့သက်မိပေမဲ့
မချစ်မနှစ်သက်တဲ့အိမ်ထောင်ရေးကိုတော့
သူဟာမထူထောင်ချင်!!
ဒါကြောင့်အခုရှုပ်မှနောင်ရှင်း
ကိစ္စတွေကိုအပြတ်ဖြတ်လိုက်တော့မည်။
“ဒီမှာ အဲ့ဘက်ကလိုချင်တဲ့ငွေသား!!....."
ပြောလိုက်တော့ခေါင်းမော့လာတဲ့
ဒေါ်နွေမင်း မျက်နှာမာသွားပေမဲ့
နွေသဲမာကတော့ဆန့်ကျင်ဘက် ငိုမဲ့မဲ့နဲ့
သူ့ကိုအသနားခံသလိုကြည့်နေလေ၏။
ဒါပေမဲ့ သူတို့နှစ်ယောက်ကြားက
ပတ်သတ်မှုတွေအကုန်ဖျက်ပြီးပြီလေ!!
သူမအဲ့လိုပုံလုပ်ပြတော့ရော
သူဘာလုပ်ပေးရမလဲ??
“တစ်ပတ်ထဲနဲ့ ၆၀၀ရတယ်ဆိုတော့
ဘာအလုပ်အကိုင်များလဲ?? ငွေဖြူငွေမဲ
ခွဲလို့ရောရရဲ့လား??...."
ထေ့ငေါ့နေတာမို့ သာ အံသာကြိတ်လိုက်ရင်းမှ
လက်ဆွဲအိတ်ကိုသူမရှေ့စားပွဲပေါ်
ဗျန်းခနဲချလိုက်ကာဖြင့်
“ငွေဖြူဖြစ်ဖြစ် ငွေမဲဖြစ်ဖြစ်
တောင်းဆိုခဲ့တဲ့လူကအန်တီတို့ဘက်ကမို့
အခုနေ ရတဲ့ပိုက်ဆံကိုသာ တာဝန်အတိုင်း
သိမ်းလိုက်ပါ.....”
ပြောပြီးတာနဲ့အထဲကပိုက်ဆံတွေကို
အထုပ်လိုက်ထုတ်ရင်းမှ
ဒေါ်နွေမင်းရှေ့အစီအရီချပေး၍
ပိုက်ဆံတွေနဲ့အတူခပ်မိန့်မိန့်ထိုင်နေတဲ့
သားအမိနှစ်ယောက်ကိုပါဖုန်းနဲ့
ဓာတ်ပုံရိုက်ယူလိုက်ကာဖြင့်
သာ အိတ်ကပ်ထဲဖုန်းပြန်ထည့်၍
“အဲ့အိတ်ထဲမှာ စေ့စပ်လက်စွပ်အတွက်ငွေနဲ့
တခြား တိုတိုထွာထွာ ငွေတွေလဲအကုန်
ထည့်ပေးထားတာမို့ ကြားမှာရှိနေတဲ့
ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို
အပြီးတိုင်ဖြတ်တောက်လိုက်တာပေါ့
ဒီအတောအတွင်းရိုင်းပျခဲ့တာရှိရင်လဲ
အန်တီတို့ဘက်ကလူကြီးပီပီသဘောထား
ကြီးကြီးနဲ့ခွင့်လွှတ်ပေးမယ်လို့မျှော်လင့်ပါတယ်....နွေသဲမာအတွက်လဲအန်တီတို့
မော်ကြည့်နိုင်မဲ့ ဂုဏ်အရှိန်အဝါနဲ့လူကို
ရပါစေလို့ကျွန်တော်ကစိတ်သန့်သန့်နဲ့
ဆုတောင်းပေးခဲ့ပါတယ်နော် ဒါကြောင့်
ကျွန်တော့ကိုခွင့်ပြုပေးပါဦး....."
ပြောချင်ရာပြောပြီးထွက်သွားတဲ့သာ့ကြောင့်
ဒေါ်နွေမင်း မျက်နှာရဲသွားရကာ
လက်သီးဆုပ်လိုက်မိကာဖြင့်
“ဒီကောင်လေး ရိုင်းကိုရိုင်းတာ
တောင်းပန်မယောင်ယောင်နဲ့ငါ့ကို
စော်ကားသွားတာ.....ငါတို့ကိုစော်ကားသွားတာ သိရဲ့လားနွေသဲမာရဲ့...နင်တသသဖြစ်နေတဲ့နင့်အကောင်က ငါတို့ကိုအနိုင်နဲ့ပိုင်းပြီး
ထွက်သွားတာ....ဟင်းနော်!!
အဲ့တာနင့်ကြောင့် နင့်ကြောင့်ပဲ....."
တစ်ခါမှလက်နဲ့မရွယ်ခဲ့ဖူးပေမဲ့
အခုလိုအကြောခံရတော့ ဒေါ်နွေမင်း
စိတ်မထိန်းနိုင်စွာဖြင့်သာ နွေသဲမာကို
ဒေါသတို့ပုံချမိလေသည်။
🏠🏠🏠🏠
ပေးပြီးပြန်လာတာနဲ့ မာမီကစိုးရိမ်တကြီး
အိမ်မှာစောင့်နေလေ၏။
သာ အိမ်ထဲဝင်ဝင်ချင်းသောကမသေတဲ့
မျက်နှာမျိုးနဲ့အနားကိုတိုးလာကာဖြင့်
“ဘာတဲ့လဲဟင် ချောချောချူချူရော
ဖြစ်သွားခဲ့ရဲ့လား....."
“မပူပါနဲ့ သူတို့တောင်းဆိုထားတဲ့အတိုင်း
ကျွန်တော်တို့အကုန်လိုက်လျောထားခဲ့တာပဲကို
တစ်ခုခုဆို ဉပဒေနဲ့အညီပဲရှင်းလိုက်ရုံပဲ
ဘာမှမခက်ခဲပါဘူး....."
စိတ်အားရှိအောင်ပြောလာတာမို့
ဒေါ်ဉမ္မာ အခုမှပဲသက်ပြင်းကြီးကို
ချလိုက်မိတဲ့အဖြစ်!!
တော်သေးတာပေါ့ သူမတို့ကိုတစ်လလောက်
စိတ်သောကပေးပြီးနောက်မှာ
ဒီဒုက္ခကြီးကနေ ကွင်းလုံးကျွတ်
လွတ်မြောက်သွားပေလို့!!
ခြေနှစ်ချောင်းမယုံကောင်းဆိုတဲ့
စကားပုံဟာလဲအမှန်ပဲမို့ မိတ်ရင်းဆွေကောင်း
ဖြစ်ခဲ့တာတောင် ပိုက်ဆံကြောင့်သူမတို့ကို
ရန်သူ တစိမ်းကြီးတွေလိုဆက်ဆံသွားတဲ့
မနွေမင်းကိုအကြောက်ကြီးကြောက်သည်။
အစက သာ့ကိုရိုင်းလို့အမြင်မကြည်တာ
ထင်ပေမဲ့ သူမရဲ့အဓိက target က
သိန်း၆၀၀ပဲဖြစ်နေချိန်မှာတော့
ကြားကြားချင်းသူမမှာယုံတောင်မယုံနိုင်!!
“မာမီ ကိစ္စတွေလဲရှင်းသွားပြီဆိုတော့
ကျွန်တော်သွားတော့မယ်နော်....."
အတွေးတွေထဲနစ်မြှုပ်နေမိတဲ့ဒေါ်ဉမ္မာ
ဆတ်ခနဲမော့ကြည့်တော့ သာ့မျက်နှာက
အရင်ကလိုမကြည်မသာမဟုတ်ပဲ
တိမ်မဲတွေကင်းစင်သွားတဲ့ကြည်ပြာရောင်
ကောင်းကင်ကြီးလို ပကတိကြည်လင်နေရင်း
ပြောလာလေ၏။
“ကိစ္စလဲမဖြစ်တော့ဘူးဆိုတော့
ဒီမှာပဲပြန်လာနေလို့မရဘူးလားသားရယ်
မာမီတို့နဲ့အတူမနေချင်ရင်တောင်
မြို့ထဲမှာပဲဆိုတော့တွေ့ချင်တဲ့အချိန်
တွေ့ရတာပေါ့ မဟုတ်ဘူးလား??...."
ဝောာင်းဆိုသလိုပြောလာပေမဲ့ သာ့မှာလဲ
ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မာမီစိတ်အေးအောင်သာခေါင်းညိမ့်ပြလိုက်၍
“အဲ့ကိစ္စကျွန်တော်စဉ်းစားကြည့်ပါ့မယ်
လောလောဆယ်တော့ ကျွန်တော့မှာ
လုပ်စရာတွေ စိတ်ပူစရာတွေရှိနေသေးတာမို့
ပြန်မှဖြစ်မယ်......”
သွက်သွက်လက်လက်အပေါ်ကိုပြေးတက်သွားတဲ့သာ့ပုံက ခါးဆိုတဲ့အမျိုးသမီးဆီ
ဘယ်လောက်တောင်သွားချင်နေတယ်ဆိုတာ
သက်သေအဖြစ်ပြတာမို့ ဒေါ်ဥမ္မာ
ငြူစူခြင်းကင်းမဲ့စွာပင်ခေါင်းယမ်းမိလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမသားလေး
ပျော်ရရင် သူမတို့လဲကျေနပ်ရသည်မို့
မမြင်ရသေးတဲ့သူမရဲ့ချွေးမက
စာရိတ္တကောင်းမွန်သူဖြစ်ရန်သာ
စိတ်ထဲကဆုတောင်းမိ၏။
သာမညဆိုတာလူကဲခတ်မညံ့တာမို့
ကိုယ်တိုင်ရွေးထားပုံထောက်ရင်တော့
ခါးဟာ အကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့
မိန်းမကောင်း မိန်းမချောလေးပဲဖြစ်မှာပါ!!
အတွေးတို့နဲ့ ပြုံးရိပ်သမ်းသွားမိတဲ့
သူမနားကို သာရောက်လာကာ ပါးပြင်ကို
ခပ်ဖွဖွအနမ်းခြွေ၍
“ကျွန်တော်အလုပ်ပြန်ကြိုးစားပြီး
မာမီ့ရဲ့ရွှေတွေကိုပြန်လုပ်ပေးမှာပါ
ဒါကြောင့် အချိန်လေးတော့ပေး....”
“နေပါငါ့သားရယ် မာမီတို့မှာကုန်စရာ
ဒီသားလေးတစ်ယောက်ပဲရှိတာ
ဒါကြောင့် သားဘာသာအဆင်ပြေအောင်နေ
ပြဿနာတစ်ခုခုဖြစ်ရင် မာမီတို့ကို
အရင်ဆုံးတိုင်ပင်ရမယ် ကြားလားသား??...."
“ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော်သွားတော့မယ်နော် မာမီ့အနာဂတ်ချွေးမကို
ကျွန်တော့အပိုင်ဖြစ်အောင်လုပ်ဖို့
အောင်မြင်အောင်လဲဆုတောင်းပေးအုံး
အဲ့အမျိုးသမီးက တော်တော်အကြောတင်းတာဗျ ဒါကြောင့်မာမီ့ရဲ့ဆုတောင်းကိုလဲ
ကျွန်တော်လိုအပ်သေးတယ်....."
ပိုကိုပိုတယ်ဆိုပုံမျိုးနဲ့နှာခေါင်းရှုံ့တော့
စမတ်ကျကျပြုံးပြရင်းမှ ထွက်ခွါသွား၏။
ကျန်နေခဲ့သူမှာသာ လွမ်းရိပ်တသမ်းသမ်းနဲ့
အပြုံးလေးတစ်ဝက်တော့ပျောက်ခဲ့ရသည်။
သူမသားလေးလာနေသွားတဲ့တစ်လက
အိမ်မှာ လူလေးစုံသွားတာမို့
သူမအတွက်တော့ ပီတိဖြစ်ရတာပါပဲ!!
🏠🏠🏠🏠
မကောင်းမှန်းသိပေမဲ့လဲသူမအိမ်ထိ
လာပြီးတော့ကို အောင်သူ သဲကိုတကူးတက
လာတွေ့ဖြစ်လေသည်။
သူမအမေကတော့ ဘယ်သူပဲဖြစ်ဖြစ်
ငွေကြေးပြည့်စုံရင်ပြီးရောမို့ စီးပွားရေး
လုပ်ငန်းရှင်တွေဖြစ်တဲ့ သူတို့မိသားစုကို
အရင်ထဲကအရေးပေးထားလေ၏။
အခုလဲ သဲကမတွေ့ချင်ဘူးတဆာဆာ
ငြင်းနေပေမဲ့ သူမကလဲလမ်းခင်းပေးရင်း
သဲရဲ့အခန်းထဲထိအရောက်ပို့ပေးလေသည်။
စိတ်ထဲနည်းနည်းတော့စနိုးစနောင့်
ဖြစ်သွားပေမဲ့ အခုနေသဲကိုတွေ့ရဖို့သာ
ပိုအရေးကြီးတာမို့ မွေ့ယာပေါ်မှောက်ခုံ
အိပ်နေတဲ့သဲဘေးနားကိုသွားကာဖြင့်
”အဆင်ပြေရဲ့လား??....."
မတွေ့ချင်ဘူးအတင်းပြောထားတာကို
အခန်းထဲထိရောက်လာတာမို့ စိတ်တိုပေမဲ့
သဲမှာသူ့ကိုပြန်ချေပဖို့လောက်အထိကို
အင်အားတွေပြုတ်ကျနေခဲ့၏။
အမြဲတမ်းကိုယ့်ကိုကိုယ်မြှင့်တင်ပြီး
တဇွတ်ထိုးနေခဲ့တဲ့လူမို့ အခုလိုပြစ်ချခံရချိန်
အထူးသဖြင့် သူမချစ်တဲ့လူဆီကနေ
စွန့်ပစ်ခံလိုက်ရတဲ့အချိန်မှာ ဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့!!
သန်မာတယ်ထင်ထားမိပေမဲ့သဲဟာ
အလဲလဲအကွဲကွဲနဲ့ မျက်ရည်တွေသာ
အံတုနေရချိန်မှာ သူကရောက်လာလေသည်။
“အဆင်ပြေရဲ့လား”တဲ့
လူကိုလာလှောင်နေတာလား??
ဒီလောက်မြင်မကောင်းအောင်ပြိုလဲနေတာကို
အဆင်ပြေရဲ့လားမေးတဲ့သူက သဲကို
အားပေးမယောင်နဲ့ လှောင်ချင်နေတာများလား??
“သဲ....."
အနားမှာဝင်ထိုင်လိုက်သလို မွေ့ယာက
သိမ့်ခနဲဖြစ်သွားပေမဲ့ သဲ မှောက်ခုံတိုင်းပဲ
သူ့ကိုမျက်နှာလွှဲထားလျက်ကမှ မျက်ရည်သာ
တအိအိကျနေရလေ၏။
အောင်သူရှိနေတာကိုသဲပိုပြီး
ဝမ်းနည်းနေမိတယ်!!
“သဲ ကိုယ့်ကိုကြည့်ပါအုံး....."
ပုခုံးကိုဆွဲထူရန်ပြင်နေတာမို့ သဲ
အတင်းရုန်းကာဖြင့် သူ့ဘေးနားကနေခွာ၍
“အောင်သူ ငါအခုပျော်နေတာမဟုတ်မှန်း
နင်လဲသိမှာပါ.....နင်သွားတော့ဟာ!!"
သူမနှင်ထုတ်နေပေမဲ့လဲ အောင်သူ
ခေါင်းမာမာနဲ့ပဲ ဆက်နေရင်းမှ
သူမကျောပြင်လေးကိုဖွဖွပွတ်သပ်ကာဖြင့်
“အခုနေ နင်ဝမ်းနည်းနေမယ်ဆိုတာသိပေမဲ့
ပွဲလန့်တုန်းဖျာဝင်ခင်းတယ်လို့သဘောမထားပဲ ငါပြောမဲ့စကားကိုနားထောင်ပေးပါ....”
“ကျစ် ထွက်သွား....”
မျက်နှာရဲရဲလေးက ဝမ်းပမ်းတနည်းနဲ့
ဘေးနားရှိနေတဲ့ခေါင်းအုံးကိုသူ့ဆီ
ပြစ်ပေါက်တာမို့ အောင်သူထပြီး
ရှောင်လိုက်ရင်းမှ သက်ပြင်းရှိုက်ကာဖြင့်
“သွားမှာပါ မသွားခင်ပြောစရာရှိတာ
တစ်ခါထဲပြောသွားချင်လို့ အခုနေ
သဲမှာရှိတဲ့အချုပ်အနှောင်တွေစည်းတွေ
အားလုံးပျက်သွားပြီဆိုတော့ ကိုယ့်ကို
ပိစိလေးပဲဖြစ်ဖြစ် စဉ်းစားပေးပါနော်.....
အခွင့်အရေးယူတာမဟုတ်ပဲနဲ့ ကိုယ့်ဘက်က
ခံစားချက်တွေကိုတောင်းဆိုတာမို့ သဲက
ကိုယ့်ကိုသဲတမှုန်လောက်လေးပဲဖြစ်ဖြစ်
စဉ်းစားကြည့်ပေးဖို့တောင်းဆိုချင်တယ် နော်.....”
ပြန်မဖြေလာပေမဲ့လဲ အခုနေသူမစိတ်က
ပေါက်ကရတွေလျှောက်လုပ်ပြစ်မှာ
ဆိုးတာမို့ အရင်လက်ဦးမှုလာယူတာဖြစ်ကာ
အောင်သူ သူမအခန်းထဲကနေတိတ်တဆိတ်
ပြန်ထွက်လာခဲ့မိ၏။
“ပြန်တော့မလို့လား?? မထိုင်တော့ဘူးပေါ့....”
“ဟုတ်ကဲ့ ကျွန်တော်အလုပ်ကိစ္စလေးရှိလို့
ဒီလောက်နဲ့ပဲသွားလိုက်ပါတော့မယ်
ခွင့်ပြုပါဦးနော်....."
ရုပ်ရည်သန့်သန့်နဲ့ လှုမှုရေးကောင်းတဲ့
ဒီကောင်လေးကို ဒေါ်နွေမင်းမျက်စိထဲ
အကြိုက်တွေ့သွားရသည်။
“one go....next come ....
ဘယ်လိုဖြစ်ဖြစ် သူလဲမဆိုးပါဘူး...
ဒါပေမဲ့ဒီတစ်ခါတော့လက်နှေးနေလို့မရဘူး
ခေါင်းမာတတ်တဲ့သဲရဲ့စရိုက်နဲ့ဆို
အမြန်ဆုံးအမိဖမ်းဖို့တော့
လိုမယ် ဟွန်းဟွန်း.....”
တစ်ယောက်ထဲကျေနပ်စွာပြုံးရင်းမှ
သဲရဲ့အနာဂတ်အတွက် အစီစဉ်တစ်ချို့ကိုပါ
သူမစိတ်ထဲပလန်ဆွဲချလိုက်၏။
🏠🏠🏠🏠
“သမီး သိမ်းတော့လေ....."
ဒီရက်ပိုင်းနည်းနည်းလဲအရောင်းအဝယ်
ပါးတာမို့ ခါး ဝတီ့ကိုဆိုင်သိမ်းဖို့ပြောတော့
သူမက ဝတ္ထုစာအုပ်ဖတ်လက်စကို
သေချာမှတ်ရင်းမှ ထကာဖြင့်သိမ်းလေသည်။
ခါးလဲပုံမှန်အတိုင်းပဲ ပိုက်ဆံထပ်ရင်း
စာရင်းစစ်နေပေမဲ့ စိတ်တို့ကလွန်ခဲ့တဲ့
တစ်လလောက်ကလိုတော့ မြူးမြူးကြွကြွ
ဖြစ်မနေ!!?
အရင်ကဆို ဆိုင်သိမ်းပြီးအိမ်ပြန်ရင်
စိတ်ပျော်စရာတစ်ခုခုရှိနေသလိုခံစားရရင်း
တက်ကြွနေမိပေမဲ့ ဘယ်ကိုမှန်းမသိ
သူထွက်သွားပြီးနောက်ပိုင်း ခါးစိတ်ထဲ
တစ်မျိူးတော့ဖြစ်နေလေ၏။
ဆိုင်သိမ်းပြီးအိမ်ပြန်လဲဘာမှမထူးသလို
ခံစားရတာမို့ သိမ်းဖို့ကိုဝန်လေးရင်း
မသိမ်းဖြစ်ခဲ့ပေမဲ့ ဒီရက်တွေကတော့
မနက်ခင်းတစ်ချိန်လောက်သာအရောင်းဝယ်
ရှိသည်မို့ ၁နာရီလောက်ဆိုတာနဲ့သိမ်းပြီး
အိမ်မှာပဲပြန်နားဖို့စဉ်းစားဖြစ်ခဲ့သည်။
သူမရှိလို့အိမ်မပြန်ချင်ဘူးဆိုရအောင်
သူကဘာမို့လို့လဲ??
ခါးကရောဘာကြောင့်အိမ်မပြန်ချင်ရမှာလဲ??
ကိုယ့်အိမ်ကိုယ်ပြန်တာသူရှိရှိမရှိရှိ
ခါးကဘာဂရုစိုက်စရာလို့လဲ??
ဒီတိုင်းရောမပြန်ရတော့ဘူးလား??
အရေးမပါတာ!!
ကိုယ့်ဘာသာကိုယ်ပဲအပြစ်တင်ရင်းမှ
ဖြုတ်စရာရှိတာတွေဖြုတ်ရင်း သိမ်းပြီးတာနဲ့
ဝတီ့ကိုနေ့ဖိုးရှင်းပေးလိုက်ကာ
ခါး ထီးဖြူလေးဆောင်းရင်းမှ
အိမ်ပြန်လာခဲ့၏။
ပြန်လမ်းတစ်လျှောက်လဲစိတ်ထဲတွေးမိတာဟာ နှစ်ခါသုံးခါလောက်သူနဲ့ခါးအတူ
ပြန်လာမိတဲ့အကြောင်းတွေပါပဲ!!
ဒီအတောအတွင်းဘာပဲလုပ်လုပ်
သူ့အကြောင်းတွေပဲစိတ်ထဲတွေးမိသည်မို့
ခါး စိတ်ပျက်လက်ပျက်ညည်းညူရင်းမှ
တစ်ယောက်ထဲခံစားချက်တွေရှုပ်နေရသည်။
......
ခြံဝန်းထဲဝင်တာနဲ့ ဟိုတစ်ခါမြင်ဖူးထားတဲ့
သူ့သူငယ်ချင်းတွေက လေ့ကျင့်ရေး
ဆင်းနေရင်းမှ ခါးကိုမြင်တာနဲ့ထုံးစံအတိုင်း
ပြုံးပြလေ၏။
ဘာရယ်ဘာကြောင့်ဆိုတာမမေးတာမို့
သိပ်မရင်းနှီးပေမဲ့ ပြုံးပြနှုတ်ဆက်
လောက်တော့ရင်းနှီးနေသည်။
ခါး ကိုယ့်ဘက်ကိုယ်တံခါးဖွင့်ရင်းမှ
ဝင်ကာ ဘေးလွယ်အိတ်လေးကိုသူ့နေရာသူ
ထားကာဖြင့် ထမင်းတစ်အိုးအမြန်
ကောက်ထိုးလိုက်၏။
ဟင်းတွေကမနက်ထဲကအစောကြီး
နိုးနေတာမို့ချက်ထားခဲ့တဲ့အတွက်
တကူးတကပြင်နေစရာမလို!!
ရေမိုးချိုးရန်အတွေးနဲ့ ခါး လိုအပ်တာ
ယူရင်းမှ ရေမိုးချိုးခေါင်းလျှော်၍
ပြန်ထွက်လာတော့ ခုံမှာထိုင်နေတဲ့
သူ့ကိုမြင်လိုက်ရတာမို့ ရင်ထဲလဲဒိန်းခနဲ
ဖြစ်သွားသလို လက်ထဲကိုင်လာတဲ့
ခေါင်းလျှော်ရည်ဘူးနဲ့ ရေစိုသဘက်က
အောက်ကိုပြစ်စလတ်ခတ်ကျသွားရသည်။
“ဘယ် ဘယ်လိုလုပ်ရောက်နေတာလဲ??....”
တအံ့တဩနဲ့ဟန်မဆောင်နိုင်စွာပင်
တုန်တုန်ရီရီမေးလိုက်မိတာက တကယ့်ကို
ရင်တုန်တုန်နဲ့သာ!!
“လွမ်းလို့လေ ခါးကိုမြင်ချင်လွန်းလို့
ပြန်ရောက် ဟင်......”
ပြောလက်စစကားရပ်သွားရတာက
လျော့ကျသွားတဲ့သူမရဲ့ထမိန်စကြောင့်....
ခါးလဲအလျင်အမြန်ဖမ်းထိန်းလိုက်ပေမဲ့
မို့မောက်နေတဲ့ရင်ဘတ်မို့မို့လေးက
တစ်ဝက်လောက်အထိသူ့အရှေ့မှာ
လုံခြုံမှုကင်းမဲ့စွာ ထင်ပေါ်သွားရတာမို့
တစ်ကိုယ်လုံးပူထူသွားရင်းမှ ဘာမှလဲ
မဆိုနိုင်ပဲနဲ့ ပြုတ်ကျနေတဲ့ဟာတွေကိုလဲ
ပြန်မကောက်နိုင်စွာပင်ခါးအခန်းထဲ
အမြန်ပြေးဝင်လာမိ၏။
သာလဲ ဖြစ်ပျက်သွားတာတွေကြောင့်
ရင်ထဲရှိန်းခနဲဖြစ်သွားတဲ့အခါ
သူ့နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားရလေသည်။
သူပြန်လာလိုက်တာတောင်မှန်သွားပြီပဲ!!
ဘယ်လိုပဲဖြစ်ဖြစ် တစ်လကျော်လောက်မတွေ့ရတာတောင် အခုမြင်ရတာနဲ့ဆိုတန်ပါတယ် ဟဲဟဲ!!
အခန်းမှတ်ချက်များ (0)