ဘာလိုလိုနဲ့အချိန်ဟာ ၁လဖြစ်သွားသလို
သာ့ရဲ့သည်းခံနိုင်စွမ်းတွေကလဲ တစ်ရက်ထပ်
တစ်ရက်ပိုပိုလျော့လာလေ၏။
မာမီနဲ့ဒယ်ဒီ့ရဲ့ဆန္ဒနဲ့သိက္ခာကိုငဲ့နေလို့သာ
သူဟာဒီနေ့အထိ နှုတ်ဆိတ်နေခဲ့တာဖြစ်သည်။
မဟုတ်ရင် စေ့စပ်ပွဲကိုသူကိုယ်တိုင်
ရှေ့နေရှေ့ရပ်တွေနဲ့ဖျက်ပြီး သူမဆီကို
အမြန်ပြန်သွားနေလောက်ပြီ!!
အခုတော့ ကောင်းကြီးနဲ့အတူ အားမဲ့လူတွေ
အလှည့်ကျသူ့ရဲ့ gym က်ုလည်ပတ်ပေးနေ၏။
တော်သေးတာပေါ့!! ဒီကောင်တွေရှိနေပေလို့!!
အတွေးတို့နဲ့ ဆိုဖာမှာမှီထိုင်နေတုန်းအိမ်ထဲကို
လူကြီးတွေဝင်လာတာမို့ လျော့ရဲနေတဲ့
သာ့ကိုယ်လုံးကမတ်ခနဲဖြစ်သွားရသလို
အပေါ်ကနေ ဆင်းလာတဲ့ဒေါ်ဉမ္မာလဲ
ထိတ်ခနဲတော့ဖြစ်သွားရလေသည်။
လူကြီးတွေနဲ့အတူနောက်မှာ ဒေါ်နွေမင်းတို့
မိသားစုလိုက်ဝင်လာတဲ့အခါ ဒေါ်ဉမ္မာ
သာ့ကိုလက်တို့ကာဖြင့်
“ဒယ်ဒီ့ကိုဖုန်းခေါ်ပြီး အိမ်ခဏလာခိုင်းလိုက်...."
သာလဲ တကယ်တမ်းပွဲကြမ်းချင်ပေမဲ့
တည်ကြည်တဲ့ဒီလူတွေကိုမြင်လိုက်တဲ့အခါ
အနည်းငယ်တော့ရှိန်သွားရကာဖြင့် ဒယ်ဒီ့ကို
လှမ်းအကြောင်းကြားလိုက်၏။
သာ ဝင်ထိုင်တော့ လူကြီးတွေနဲ့မလှမ်းမကမ်း
ထိုင်နေတဲ့ဒေါ်နွေမင်း အကြည့်စူးစူးနဲ့
ကြည့်လာတာမို့ ခပ်တည်တည်ပင်
မျက်နှာလွှဲလိုက်သည်။
ဒီလိုလူကြီးဆုံရာခေါ်လာတိုင်း
သူကကြောက်မယ်ထင်နေလား!!
ဟွန်း! သာမညဆိုတဲ့ကောင်ကိုသွေးတိုး
လာစမ်းချင်နေတာပဲ!!
ခဏအကြာ ဦးမြတ်သာအိမ်ထဲဝင်လာတာမို့
ရှေ့နေကြီးက မျက်မှန်ကိုအပေါ်ပင့်တင်ကာ
စေ့စပ်စာချုပ်တွေကိုဖြန့်ချကာဖြင့်
“ကဲ လူစုံပြီဆိုတော့စလိုက်ရအောင်......
*၁.၃.၂၀၂၆*မှာနှစ်ဖက်မိဘစုံစုံညီညီနဲ့
အများသိပြည်သိ ကျင်းပခဲ့တဲ့
မောင်သာမညနဲ့ မနွေသဲမာတို့ရဲ့စေ့စပ်ပွဲကို
“၆.၁၀.၂၀၂၆” မှာနှစ်ဦးနှစ်ဖက်
မိသားစုများရဲ့သဘောနဲ့အတူ ပယ်ဖျက်ပိတ်သိမ်းမည်ဖြစ်တာကြောင့်
ကျွန်တော်တို့လူကြီးတွေကအသိသက်သေ
လူကြီးနေရာကနေလာရောက်
ဆွေးနွေးပေးတာပါ..... ဒါကြောင့်အခုလို
စေ့စပ်ပွဲဖျက်သိမ်းတာမှာ နှစ်ဦးနှစ်ဖက်
အဘက်ဘက်ကသဘောတူရဲ့လား??......"
အကုန်လုံးတိတ်ဆိတ်သွားသလို သဲကတော့
တင်းမာလွန်းနေတဲ့ကိုကို့ရဲ့မျက်နှာထားကို
ကြည့်ရင်းနဲ့ကို မျက်ရည်ကပေါက်ခနဲကျ၏။
“ကျွန်မတို့ဘက်ကတော့သဘောမတူပါဘူး
ရှေ့နေကြီး ဒါကြောင့်ကိစ္စတွေကို
ကျွန်မတို့ဘက်ကနစ်နာမှုပါအစားထည့်ပြီး
မျှမျှတတစီစဉ်ပေးပါ.....”
ထပြောတဲ့ဒေါ်နွေမင်းကို ဦးကောင်းနိုင်
လက်တို့ပေမဲ့ရုန်းဖယ်သွားရင်း မာန်မဲပြသည်။
“ဒါဆို စေ့စပ်ပွဲကို သားရှင်ဘက်က
စဖျက်တာပေါ့....."
“ဟုတ်တယ် အကြောင်းပြချက်မရှိ...
ကျွန်မတို့သမီးဘက်က ချို့ယွင်းချက်လဲ
မရှိတာကို သက်သက်လွတ်ကျွန်မတို့ဂုဏ်သတင်းဖျက်ခံရတာမို့ တရားဉပဒေနဲ့အညီ
ဆောင်ရွက်ပေးပါ....."
“စိတ်လျော့ပါမနွေမင်း ကျွန်မတို့ဘက်က
အစထဲကအလျော့ပေးထားပြီးသားပါ
ဒါကြောင့် ရှေ့နေကြီးကိုအေးဆေးပဲ
ဆုံးဖြတ်ခိုင်းပါနော် အရာရာကိုမလုပ်ခင်မှာ
ခေါင်းအေးအေးနဲ့တော့စဉ်းစားပေးပါရှင်
ကျွန်မတို့နှစ်ဦးနှစ်ဖက်အတွက်လဲ
မကောင်းနိုင်လို့ ကျွန်မတောင်းဆိုရတာပါ...."
လေပြေအေးနဲ့ချော့တေးဆိုနေတာမို့
ဒီထက်ပိုမိုက်ပြရင် လူကြီးကြား
မျက်နှာနာရမှာက သူမပဲမို့အံကိုတင်းတင်းကြိတ် လက်သီးဆုပ်ရင်း ဒေါ်နွေမင်း
တိတ်လိုက်ရလေ၏။
“ကယ် ဒါဆိုစကားပြန်ဆက်မယ်
အဓိကက သားရှင်တွေဘက်ကစေ့စပ်ပွဲ
ဖျက်တာဆိုတော့ အကြောင်းအရင်းတော့
ရှိရမှာပေါ့....."
သူတို့ဘက်ကိုဦးတည်လာတာမို့
ကြည့်ကေားအောင်ဖြေရန်ပြင်နေတဲ့
မာမီ့လက်ကိုသာ ဆုပ်ကိုင်ကာ တိတ်ရန်
အချက်ပြတော့ မာမီကမျက်လုံးတွေနဲ့
သူ့ကိုစကားပြောရင်းတွန့်ဆုတ်သွားရသည်။
“ကျွန်တော်ဖြေပါရစေရှေ့နေကြီး......
သူနဲ့ကျွန်တော်စေ့စပ်လိုက်ရတာက
အကြောင်းတစ်ခုခုကြောင့်ပါ လူကြီးတွေလဲ
ရှိနေတာမို့ ဒီတိုင်းကိုယ်ရေးကိုယ်တာတစ်ခုကြောင့်လို့ပဲသဘောထားပြီး နားလည်ပေးပါ
ဒါပေမဲ့ အဲ့လိုစေ့စပ်ပြီး တစ်ဖက်မိန်းကလေး
နစ်နာအောင်ကျွန်တော်ဘာတစ်ခုမှ
မကျူးလွန်ထားပါဘူး နှုတ်အားရော
ကိုယ်အားရော ဘာမှစည်းမကျော်ထားတာ
ကျွန်တော်တို့ကာယကံရှင်နှစ်ယောက်လုံး
သိပါတယ်....."
သဲ ရှက်လွန်းလို့မျက်နှာပင်မဖော်နိုင်ပေ!!
လူအများကြားမှာ သူမနဲ့ကိုကို့ဆက်ဆံရေးက
ဒီလိုဆိုတာဖွင့်ထုတ်လိုက်ပြီမို့ အမြဲတမ်း
မာန်တထောင်ထောင်ဖြစ်နေတတ်တဲ့သဲတောင်
ရေငုံနှုတ်ပိတ်နဲ့ရင်ပူ ခေါင်းငုံ့နေရတဲ့အဖြစ်!!
“ဒါဆို အခုစေ့စပ်ပွဲဖျက်တဲ့ကိစ္စမှာ
မိန်းကလေးဘက်ကချို့ယွင်းချက်တစ်ခုခု
ရှိလို့မဟုတ်ဘူးပေါ့....."
“အဲ့လိုမဟုတ်ပါဘူး စေ့စပ်ပေးထဲက
နှစ်ဦးနှစ်ဖက်သိက္ခာဆယ်တဲ့အနေနဲ့
လိုက်လျောထားတာမို့ အခုလိုဖျက်တာကလဲ
ဒီတိုင်းခံစားချက်နဲ့ပဲဆိုင်တဲ့ပြသနာတစ်ခုပါ
ဒါကြောင့် ဘာနစ်နာမှုမှမရှိတဲ့ဒီဆက်ဆံရေးကို လူကြီးတွေရှေ့မှာတင်ကျွန်တော်က
ဖျက်ပါမယ်....."
အတိအကျပြောနေတာမို့ငြိမ်နေတဲ့
ဒေါ်နွေမင်း လှုပ်လှုပ်ယွယွဖြစ်လာကာ
ဘေးနားရှိနေတဲ့လူတွေကိုအားမနာနိုင်ပဲနဲ့
“မင်းကကျူးလွန်ထားတာမရှိလို့
နစ်နာမှုမရှိဘူးပြောရအောင် ငါ့သမီးက
ခြုံကြားထဲကကောက်ထားတာမဟုတ်ဘူး
ဒေါ်နွေမင်းနဲ့ဦးကောင်းနိုင်ရဲ့တစ်ဦးတည်းသောသမီးမှန်း ဂုဏ်သရေရှိတဲ့လူတွေ
အကုန်သိတယ် ဒါကြောင့် အခုလိုဖြစ်သွားတဲ့ကိစ္စအပေါ်မှာ ငါတို့ရဲ့ဂုဏ်သိက္ခာရော
ငါ့သမီးရဲ့ဂုဏ်သိက္ခာရောက
ပြောမပြတတ်အောင်ကိုနစ်မွန်း
စုပ်ပြတ်သွားရတာ ဒါကြောင့်
ငါတို့ဘက်ကတော့လွယ်လွယ်နဲ့မကျေအေးပေးန်ုင်ဘူး......"
မိန်းကလေးရှင်ဘက်ကပြောတာမှန်တဲ့အတွက် တစ်ဖက်ကတိတ်သွားပြီမို့
ရှေ့နေကြီး အခြေအနေကိုသုံးသပ်ကာ
သားရှင်တွေကိုဘက်ကိုလှည့်လိုက်ကာဖြင့်
“အဓိကက စေ့စပ်ပွဲစဖျက်တာ သားရှင်ဘက်ကမို့ အရင်ဆုံးစေ့စပ်လက်စွပ်နဲ့ဟိုဘက်က
ပွဲအတွက်ကုန်ကျထားတဲ့ ကုန်ကျစရိတ်၊
လက်ဖွဲ့ဘာညာ တခြားဘာရိယကုန်ကျထားတဲ့
စက္ကူငွေအကုန်ပြန်ပေးအပ်ဖို့အတွက်
တာဝန်ရှိပါတယ်...ဒါ့အပြင် ပစ္စည်းတွေ၊
ကုန်ကုန်ပြောရရင်အပ်တစ်မျှင်ကမကျန်ပေါ့!!
ဒါဆို သမီးရှင်ဘက်ကိုပြန်မေးပါမယ် ကျေနပ်ရဲ့လား??....."
“မကျေနပ်နိုင်ဘူး....."
စေ့စပ်လက်စွပ်က သူမတို့ဘက်ကလုပ်ပေးထားတာမို့ သူမတို့ပြန်ရသင့်တာမှန်ပေမဲ့
ဒီကိစ္စလောက်ကို ဒါလေးနဲ့တော့သူမတို့
ကျေအေးမပေးနိုင်!!
ဒေါ်နွေမင်းအပြောကြောင့် ဒေါ်ဉမ္မာနဲ့
ဦးမြတ်သာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်း ရင်တထိတ်ထိတ်!!
“ဒါဆို ဒီဘက်က သားရှင်မိသားစုကို
ဘာများတောင်းဆိုချင်လို့လဲ??....."
သူမရဲ့ဂွင်ထဲကိုဝင်လာပြီမို့...ဒေါ်နွေမင်း
နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်ကာဖြင့်
မာရေမာကျေအချိုးမကျတဲ့သာမညရဲ့
မျက်နှာကိုသာဦးတိုက်ကြည့်၍
“စေ့စပ်လက်စွပ်ကစလို့ စေ့စပ်ပွဲမတိုင်ခင်
ကျန်မတို့ဘက်ကကုန်ကျခဲ့တဲ့ကုန်ကျစရိတ်
တစ်ပြားတစ်ချပ်မှမကျန်ပြန်လိုချင်တယ်...
ဒါ့အပြင် ၃လပိုင်းကစထားတာမို့
၉လပိုင်း စေ့စပ်ပွဲဖျက်သိမ်းမယ်ပြောတဲ့အထိ ကျွန်မတို့သမီးကို အချိန်၆လ
ဆွဲထားခဲ့တဲ့အတွက် ငွေသား သိန်း၆၀၀ကို
နစ်နာကြေးအနေနဲ့ကျွန်မတို့ဘက်ကလိုချင်တယ်......"
“ဟင် သိန်း သိန်း၆၀၀....."
များလွန်းတဲ့ပမာဏမို့ ဒေါ်ဉမ္မာရင်ဘတ်
ဖိတဲ့အခါမှာ ဒေါ်နွေမင်းက ဟွန်းခနဲ
တွန့်ရယ်ကာဖြင့်....
“ရတယ်လေ မပေးနိုင်လဲ ရှေ့နေတင်
မဟုတ်ပဲ တရားရုံးထိတက်ကြတာပေါ့
အဲ့အချိန်ကျမှရှင်တို့သိက္ခာဘယ်လောက်ထိ
အဖက်ဆယ်လို့ရမလဲဆိုတာ ကျွန်မ
စောင့်ကြည့်မယ်....."
ရှေ့နေတွေရှေ့မှာတင်ခြိမ်းခြောက်စကား
ဆိုနေပေမဲ့ သူမတို့မိသားစုရဲ့ကြောက်စရာ
ကောင်းမှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာမို့ ဒေါ်ဉမ္မာ ရှေ့နေကြီးဘက်လှည့်ကာ
“ကောင်းပြီ ကျွန်မတို့ဘက်က မနွေမင်းတို့ရဲ့
အစစကုန်ကျခဲ့တဲ့ကုန်ကျစရိတ်တွေနဲ့အတူ
ငွေသား ၆၀၀ကို နစ်နာကြေးအနေနဲ့ပေးပြီး
ဒီစေ့စပ်ပွဲကိုဖျက်ဖို့သဘောတူပါ့မယ်.....”
ရှေ့နေကြီးကခေါင်းညိမ့်ရင်းမှ ပါလာတဲ့
စေ့စပ်ပွဲဖျက်သိမ်းတဲ့စာချုပ်မှာ လိုအပ်တဲ့
အချက်အလက်တွေထည့်ရင်းမှ လက်မှတ်ထိုးသလို ပါလာတဲ့လူကြီးတွေအကုန်လုံးကိုလဲ
အဆင့်ဆင့်ထိုးခိုင်းရင်းမှ အရင်ဆုံး
သားရှင်တွေဘက်ကိုလက်မှတ်ထိုးခိုင်း၏။
သာမညအပါအဝင်အကုန်လုံးလက်မှတ်
ထိုးပြီးတာနဲ့ ဒေါ်နွေမင်းတို့ဘက်ကိုပေးတဲ့အခါ သူမတို့ထိုးရင်း သဲလက်ထဲရောက်တော့
ဘောပင်ကိုင်ထားတဲ့လက်တို့တုန်နေသည်။
သဲဘယ်တော့မှမပျော့ညံ့!!
လိုချင်တာအမြဲတမ်းရခဲ့ပေမဲ့ ဒီတစ်ခါတော့
သူမဘဝပါ ပါသွားသလိုခံစားရတာမို့
မျက်ရည်တွေကြားကနေပဲ ဝိုးတဝါးနဲ့
လက်မှတ်ထိုးပေးလိုက်ရလေ၏။
“ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦး....."
အကုန်လုံး ထွက်သွားတော့မှာမို့ ဒေါ်နွေမင်း
တားထားကာ
“အားလုံးရှေ့မှာ သတိပေးမှာက
အဲ့ငွေသားကို တစ်လအတွင်းကျွန်မတို့
လက်ထဲအပ်ပေးဖို့ပဲ.....အဲ့တော့
၁၁လပိုင်း၇ရက်နေ့မှာ ကျွန်မတို့ပိုက်ဆံယူဖို့
ပြန်လာခဲ့မယ်......”
ပြောပြီးထွက်သွားတဲ့နောက်ကို ဦးကောင်းနိုင်
လိုက်ရင်းမျက်နှာလဲပူနေမိသည်။
တကယ်ဆို နွေမင်းကကိုယ့်ပေါင်ကိုယ်
လှန်ထောင်းရုံမကပဲ သမီးကိုပါငွေနဲ့
ရောင်းစားနေတာ!!
ဒါတွေပြောလဲ သူ့စကားဆိုအရာမဝင်ဘူးမို့
မျက်ရည်အဝိုင်းသားနဲ့ သမီးလေးကိုခေါ်ကာ
ထိုအိမ်ထဲကနေ ကျောမလုံပဲနဲ့ထွက်လာခဲ့ရလေ၏။
🏠🏠🏠🏠
“သိန်း ၆၀၀ ဘယ်လိုလုပ်ပြီးအဲ့ပိုက်ဆံကို
ကျွန်မတို့ကရှာပေးရမလဲ??....."
သူတို့ပြန်သွားပြီးထဲက ဒီအကြောင်းကိုပဲ
တတွတ်တွတ်ပြောရင်း သောကတွေများနေတဲ့ ဒေါ်ဥမ္မာ!!
ခင်ပွန်းဖြစ်သူ ဦးမြတ်သာလဲဘာမှ
မလုပ်ပေးတတ်သည်မို့ နည်းတူသောကရောက်နေပေမဲ့ သာကတော့ ဘယ်လိုလုပ်ရင်
ကောင်းမလဲစဉ်းစားကာဖြင့်
ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
“ဒါသက်သက်ညစ်တာ သူတို့က
နွေသဲမာကိုအသုံးချပြီး သူတို့အတွက်
အခွင့်အရေးကိုအရယူနေတာ သမီးကိုတောင်
ရောင်းစားတဲ့မိဘတွေကိုကျွန်တော်
အခုမှတွေ့ဖူးတယ်......"
အားမလိုအားမရပြောတဲ့သာလဲ
ကြံရာမရဖြစ်နေပုံမို့ မိဘတွေက
ပိုပြီးစိတ်ညစ်ရလေ၏။
သူမတို့ကြောင့်ပါ!! ဒီကလေးအခုလို
စိတ်ညစ်စရာတွေနဲ့ကြုံရတာ မိဘတွေဖြစ်တဲ့
သူမတို့ရဲ့လောဘကြောင့်ပါ!!
နွေသဲမာနဲ့အတင်းစေ့စပ်ပေးခဲ့မိတဲ့
သူမတို့ကြောင့်မို့အခုလိုအဖြစ်ဆိုးမျိုးနဲ့
ကြုံရတာ!!
တော်သေးတယ်!! စေ့စပ်ပွဲပျက်တာလဲ
တစ်မျိုးကောင်းတာပဲမို့ ဒေါ်နွေမင်းရဲ့
စိတ်ဓာတ်ကိုစောစောသိလိုက်ရပြီဖြစ်ကာ
သူမတို့တော်ပါသေးဟုသက်ပြင်းချမိတာကတစ်ကြောင်း!!
သာ ကြာကြာဆက်မတွေးချင်တော့တာမို့
ဖုန်းထုတ်ကာ ကောင်းကြီးကိုဆက်၍
တခြားလူတွေနဲ့အတူ သူတို့ဆိုင်တစ်ဆိုင်မှာ
စုဝေးရန်တိုင်ပင်လိုက်ကြသည်။
“သားလေးဘယ်လဲ??....."
ဖျော့တော့နေတဲ့မာမီ့ကိုကြည့်ရင်းမှ
စိတ်ပြေအောင်သာပြုံးပြခဲ့၍
“ကျွန်တော်အပြင်ခဏပဲသွားမှာပါ.....
မိုးမချုပ်ခင်ပြန်လာခဲ့မယ်....."
သူမခင်ပွန်းလဲအလုပ်ပြစ်ပြီးလာခဲ့ရတာမို့
ပြန်သွားရမည်ဖြစ်ကာ အိမ်မှာ
သူမတစ်ယောက်ထဲသာ ငေါင်တောင်တောင်နဲ့
ကျန်ခဲ့ရလေ၏။
......
“မင်း တစ်လနီးပါးကြီးကွာ ဘာဖြစ်တာတုန်း
အဆက်အသွယ်လဲမလုပ် ဟိုအိမ်ကိုလဲ
ငါတို့နဲ့ပဲအပ်ထားတာ မင်းတစ်ခုခု
ဖြစ်နေတာတော့သေချာပါတယ်.....”
ကောင်းချစ်ပြောတာမို့ သာ မျက်နှာ
မအီမသာနဲ့ ဖျော်ရည်အေးအေးကို
အပူမီးငြိမ်းအောင်သောက်ချလိုက်၍
“ဒီနေ့ ငါနဲ့နွေသဲမာ စေ့စပ်ထားတာ
ဖျက်လိုက်ပြီ....."
“ဟင် တကယ်လား??....."
“ဟာ ဟုတ်လား??....."
သာ့စကားကြောင့် မျက်နှာလွှဲထားမိတဲ့
အောင်သူ ဆတ်ခနဲဖြစ်သွားမိကာဖြင့်
လှည့်ကြည့်မိတော့ သာက သူ့ကိုဦးတည်
ကြည့်လာကာ အအေးခွက်ကိုအောက်ပြန်ချ၍
“ဟုတ်တယ်......"
“ဒါကြောင့်မို့မင်းပျောက်နေတာကိုး!!....”
“ဟျောင့် အဲ့တာမင်းဝမ်းသာရမှာမဟုတ်ဘူးလား??....."
“အေးလေကွာ မင်းပဲတစ်ချိန်လုံး
နွေသဲမာနဲ့စေ့စပ်ပွဲဖျက်ချင်နေတာမဟုတ်ဘူးလား?? အခု ပြီးပြီပဲကို မင်းမျက်နှာကလဲ...."
“ဘာလဲ မဟုတ်မှ မင်းသူ့ကိုနှမြောနေတာတော့ မဟုတ်ဘူးမလား??...."
“အင်း ဖြစ်ရင်လဲဖြစ်နိုင်ပါတယ် သူက
မင်းကိုတန်းတန်းစွဲနေတဲ့ဟာကို......"
အောင်သူကသာအံ့ဩလို့တိတ်နေပေမဲ့
အားလုံးက ထင်ကြေးပေးနေကြတာ
တစ်ယောက်တစ်ပေါက်နှင့်?!!
“ကျစ် မင်းတို့ခဏတိတ်ပြီးငါပြောတာ
နားထောင်ပါဦး...."
ထိုအခါမှတိတ်သွားတာမို့ သာ
သက်ပြင်းချရင်းမှ ခုံမှာခပ်လျောလျော
မှီထိုင်လိုက်မိ၍
“စေ့စပ်တာကဖျက်လိုက်ပြီ အိုကေတယ်
ဒါပေမဲ့ သူ့အမေက ပျက်စီးသွားတဲ့
သူတို့ဂုဏ်သိက္ခာနဲ့ သူ့သမီးရဲ့နာမည်အတွက်
နစ်နာကြေး သိန်း၆၀၀ တောင်းတယ်....."
“ဟင် သိန်း သိန်း၆၀၀...."
“ဟာ နွေသဲမာကိုရောင်းစားနေတာများလား??...."
“အေးလေကွာ ၆၀၀ကြီးကတော့
များပါတယ် မင်းနဲ့သူလဲထွေထွေထူးထူး
ဆက်ဆံရေးမှမဟုတ်ခဲ့တာ......”
“အဲ့တော့မင်းဘာလုပ်မယ်စိတ်ကူးထားလဲ??...."
အားလုံးကြားထဲမှာမှ အောင်သူက
မဝံ့မရဲစကားဟလာတာမို့ သာ
သက်ပြင်းသာချလိုက်မိ၍
“အေး ငါလဲခေါင်းထဲအဖြေမထုတ်တတ်လို့
အခုလိုမင်းတို့နဲ့တိုင်ပင်မိတာပေါ့ကွာ....
ဘာလုပ်ရမလဲမသိတော့ဘူး.....”
“အတိုးနဲ့ယူရင်ရော....."
“ရူးနေလားကွ.....သိန်း၆၀၀ကို
အတိုးနဲ့ယူတော့ မင်းအဘက
အတိုးဖိုးပေးရတာနဲ့တင်
တစ်သက်လုံးကျေမှာမဟုတ်ဘူး
ပြီးတော့ အဲ့လောက်ငွေကိုမင်းကိုလဲ
ဘယ်သူမှတစ်ပုံထဲမချပေးဘူး နေပါကွာ
ဖြစ်နိုင်မဲ့အကြောင်းလေးတွေပဲ
ပြောရအောင်......”
မင်းဆက်ကသိသလောက်အကြံပေးတာကို
ကောင်းကြီးကြားကနေ ဝင်ဖြေရလေ၏။
ဘယ့်နှယ် ဒီကောင်တွေဖြစ်နိုင်မဲ့အကြောင်း
မပြောကြဘူး!!!
“ဒါဆို ငါတို့ဘော်ဒါတွေဝိုင်းပြီး
ဆွမ်းကြီးလောင်းကြရင်ရော....."
အောင်သူအပြောကြောင့် သာပါသူ့ကို
ကြည့်လိုက်မိတဲ့အခါ အကုန်လုံး
စဉ်းစားသွားကြတာမို့ အောင်သူက
ကိုယ်ကိုရှေ့ကိုပိုကိုင်းကာ အကုန်လုံးကို
ဝေ့ဝဲကြည့်၍
“ဘော်ဒါတွေစုပြီးဒီကောင့်ကိစ္စကို
တတ်နိုင်တဲ့ဘက်က ဖြည့်စည်းပေးလိုက်ကြရအောင်....."
“ဟာ မလိုပါဘူး ဒီတိုင်းအကြံညဏ်ပဲ
ပေးရင်ရပါပြီ မင်းတို့မှာလဲမင်းတို့သောကနဲ့
မင်းတို့ဖြစ်နေမှာကို ကျန်တဲ့အကူညီတော့
ငါမယူပါရစေနဲ့....."
အကုန်လုံးဘောစိတွေမှန်းသိပေမဲ့လဲ
အခုလောက်ကြီးထိတော့ အကူအညီ
မယူရဲတာမို့ သာငြင်းတော့ ကောင်းချစ်က
ကျောကုန်းကိုခပ်ဖွဖွပုတ်ရင်းမှ
လက်ဖျောက်တစ်ချက်တီး၍
“ဟုတ်ပြီ ငါတို့အားလုံး၁၀ယောက်ပြည့်တယ်
အဲ့တော့ သာအပါအဝင် တစ်ယောက်ကို
၅၀စီလောက်တော့ စိုက်ထုတ်ပေးနိုင်တယ်မလား??...."
အကုန်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တိုင်ပင်ကုန်ကြသည်။
သူငယ်ချင်းကောင်းမှန်ပေမဲ့ သူတို့ဟာလဲ
စီးပွားရေးသမားတွေမဟုတ်!!
ဒီတိုင်း ဝေလေလေသဘောမျိုးနေနေတဲ့
လူတွေမို့လို့ ၅၀ဆိုတာကတော့ နည်းတဲ့
ပမာဏအားမဟုတ်!!
အကုန်လုံးအခက်တွေ့ကုန်တာမို့
သာ မျက်နှာပူကာ ကောင်းချစ်ပုခုံးကို
ဖိဆုပ်လိုက်၍
“နေပါကွာ ငါ့ကောင်တွေက ရွှေတွင်း
ပိုင်ထားကြတာမှမဟုတ်တာ ၁၀ ၂၀ ဆိုထားအုံး ဒါကြီးကတော့မင်းတို့လဲဝန်ကြီးပါတယ်....”
သာကအားနာသလိုဖြေသိမ့်တာမို့
အကုန်လုံး စိတ်ပြေလျော့သွားကာ
ခေါင်းညိမ့်၍
“ကောင်းပြီ ငါ့မှာစုထားတာဘယ်လောက်ရှိလဲကြည့်ကြည့်လိုက်မယ်....၅၀လောက်တော့
ပြည့်လောက်မှာပါ....."
“အေး ငါလဲဒယ်ဒီ့ဆီနည်းနည်း
အပူကပ်ကြည့်မယ် ရလောက်မှာပါ....."
“ငါ့ဆိုင်ကယ်တစ်စီးခဏပေါင်ပြီး
မင်းအတွက်လုပ်ပေးမယ်ကွာ......”
“နေကြပါကွာ....."
သာပြောတော့ အောင်သူကလဲ
ခေါင်းတဆတ်ဆတ်ညိမ့်ပြကာဖြင့်
“ငါကရေလျှံနေတဲ့လူဆိုတော့ ၁၀၀တော့
ဖြစ်အောင်လုပ်ပေးမယ်ကွာ အဲ့တော့
မင်း သိပ်ပြီးစိတ်ပူမနေနဲ့......"
“အောင်သူပြောတာဟုတ်တယ် ငါလဲ
အိမ်ရောက်ရင် ငါ့မားသားကြီးဆီမှာ
နှစ်လခသုံးစရာကြိုတောင်းလိုက်မယ်.....”
“အေးကွာ ငါလဲ ငါ့အန်ကယ်ဆီက
ချေးပေးမယ်...."
အကုန်လုံးတစ်ယောက်တစ်ပေါက်နဲ့
သူ့ကိစ္စကိုဝိုင်းဝန်းပြီးပူလောင်ပေးနေတာမို့
သူငယ်ချင်းရှိခြင်းရဲ့အားကို သာတစ်ယောက်
ရင်ထဲသိမ့်ခနဲတော့ခံစားလိုက်မိလေသည်။
“ဒါဆိုရင်တော့မင်းတို့ကိုကျေးဇူးကမ္ဘာပါကွာ
ဒါပေမဲ့ ငါစာရင်းနဲ့မှတ်ထားမှာပါ....
မင်းတို့ကိုအလှည့်ကျဆီတော့ပြန်ဆပ်မယ်....."
“ကျစ် ပြောစရာလားကွ.....
ငါတို့ညိုကီတွေကြား ဒါကပါးပါးလေးပါ....”
ပီတိတွေဝေဆာသွားရင်းမှ သာ
ခေါင်းတဆတ်ဆတ်နဲ့သာ ရင်ထဲက
သောကလုံးကြီးပြေလျော့သွားလေ၏။
ဒီကောင်တွေရသလောက်ကြံဖန်ပေးတာနဲ့
လိုတာကို သူလဲဖန်တီး မာမီတို့လဲဖန်တီးလိုက်ရင် ဘာနေနေ ၆၀၀လောက်တော့ပြည့်လောက်မှာပါ!!
ဘာပဲနေနေ အိပ်မက်ဆိုးကြီးကနေ
လွတ်မြောက်ပြီမို့ သူ့အာရုံထဲ သူ့အမျိုးသမီးသာ ခေါင်းထဲပေါ်လာလေသည်။
ကျွန်တော်အမြန်ဆုံးလာခဲ့တော့မယ် ခါး!!
အခန်းမှတ်ချက်များ (0)