Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂၄

“အန်တီ....."

ဒေါ်ဉမ္မာ....အိမ်ထဲမှာထိုင်ကာ

မနေ့ကအကြောင်းတွေကိုပြန်တွေးရင်း

သောကမသေပဲရှိနေရလေသည်။

သာမညကလဲတစ်ခါထဲအပြတ်ဖြတ်ကာ

နှစ်ဦးနှစ်ဖက် ပြတ်စဲကြောင်းမောင်းတီး

ကြော်ငြာလိုက်ပေမဲ့ ဒေါ်နွေမင်းက

ရင်ဘတ်စည်တီးပြီးသူမတို့ရဲ့

ဂုဏ်သိက္ခာအတွက်ကြေအေးမပေးန်ုင်ဘူး

ဆိုတာမို့ နဂိုကခပ်အေးအေးနေတတ်တဲ့

ဒေါ်ဉမ္မာအကြံအိုက်ရလေ၏။

မတော်တရော် ရုံးရောက်ဂတ်ရောက်တွေဆို

သူမတို့တော့ပိုပြီးတော့ကိုယ်ကျိူးနည်းရတော့မှာပါ!!

အတွေးတို့ဖြင့်သက်ပြင်းတမမချနေတုန်း

အိမ်ထဲကိုလှမ်းဝင်လာတဲ့သဲကို

မြင်လိုက်တာမို့သူမပိုပြီးရင်မောသွားရသည်။

ဒီကလေးကငယ်ငယ်ထဲကအလိုလိုက်

ခံထားရတာမို့ ရင်းနှီးပြီးသားဖြစ်တဲ့

သူမတို့အပေါ်ကိုလဲကလေးဆိုးကြီးလိုပဲ

ဆိုးနွဲ့တတ်လွန်း၏။

အခုလဲဘာအတွက်လာတယ်မသိပေမဲ့

ဒေါ်ဉမ္မာရင်လေးနေရလေပြီ!!

“အန်တီ သဲဝင်လာမယ်နော်....."

ခြေလှမ်းကချပြီးနေပေမဲ့ သူမကိုတော့

ခွင့်တောင်းသေးတာမို့ ဒေါ်ဉမ္မာ

ဟန်ဆောင်ပြီးတောင်ပြုံးမပြနိုင်ပဲ

အပူကပ်တဲ့မျက်နှာနဲ့ပဲခေါင်းညိမ့်တဲ့အခါ

‌ဖြူဝင်းဝင်းခြေထောက်တစ်စုံက

သူမအနားကိုလျှောက်လာလေသည်။

“သဲအန်တီ့ကိုတောင်းဆိုစရာလေးရှိလို့ပါ...."

‌သူမ မလိုက်လျောနိုင်မဲ့ကိစ္စဆိုတာ

သိပေမဲ့လဲ ဒေါ်ဉမ္မာ မျက်နှာငယ်ဖြစ်နေတဲ့

သဲရဲ့မျက်နှာကြောင့် သံယောဇဉ်တစ်ချို့ကို

ပြန်အမှတ်ရပြန်ကာညိမ်နေမိလေ၏။

“သဲ ကိုကို့ကိုအရမ်းချစ်တာပါအန်တီ

အဲ့တာကြောင့် ကိုကိုနဲ့သဲရဲ့စေ့စပ်ပွဲကို

မပျက်အောင်အန်တီထိန်းပြီးကူညီပေးပါနော်.....အခုကိစ္စမှာကိုကို့ဆန္ဒတစ်ခုပဲပါတာ သဲသိပါတယ် အန်တီတို့လဲသဲနဲ့ကိုကို့ရဲ့

ဆက်ဆံရေးကိုအခုလိုမျိုးကြီး

မဖြစ်သွားစေချင်ဘူးမဟုတ်လား”

ပြောရအခက်မို့ ဒေါ်ဉမ္မာ

မျက်နှာမသာမယာနဲ့ပဲ ဘယ်လိုစကားလုံးနဲ့

ငြင်းရင်ကောင်းမလဲစဉ်းစားနေတုန်း

သူမကမျက်ရည်တွေစီးကျလာကာ

ဒေါ်ဉမ္မာရဲ့လက်တွေကိုထပ်လျက်အုပ်ကိုင်၍

“အွန့် သဲမလိမ်တန်းပြောရရင် အဲ့နေ့ညက

ကိုကိုနဲ့ကိစ္စကိုသဲကြံစည်တာပါ.....

သဲနဲ့ကိုကိုမဖွယ်မရာမြင်ကွင်း‌ဖြစ်အောင်

သဲတမင်ကြံစည်တာပါအန်တီ....အဲ့တာကလဲ

ကိုကို့ကိုသဲပိုင်ဆ်ုင်ချင်လို့ပါ....အခုနေ

ကိုကိုသဲဆီကရှောင်ပြေးပြီးသူစိတ်ပျော်ရာ

အရပ်မှာနေနေပေမဲ့လဲ သဲနားလည်ပါတယ်

စေ့စပ်ထားပြီးပေမဲ့ အဲ့ဒီ့ခံစားခွင့်တွေ

သဲမှာဘာမှမရှိတာလဲသဲခွင့်လွှတ်ပါတယ်

အန်တီ အဓိကကကိုကိုနဲ့နီးစပ်ခွင့်လေး

ရနေရင်ကိုသဲပျော်တာပါ ဒါကြောင့်

ကိုကိုနဲ့သဲကိုမဖြစ်ဖြစ်တဲ့နည်းနဲ့

လက်ထပ်ဖို့စီစဉ်ပေး‌ပါနော်.....

သဲတောင်းဆိုတာပါ...."

သူမရဲ့အမေကလဲကိစ္စတွေကို

အပြတ်ဖြတ်ပြီးလျော်ကြေးတောင်းဖို့သာ

ကြုံးဝါးနေတာမို့ ကိုကိုနဲ့သဲရဲ့ဇာတ်လမ်းက

တကယ်ကိုပြတ်တောက်နိုင်လေသည်။

ဒါကြောင့် အသဲမမာနိုင်တဲ့ကိုကို့အမေကို

လာပြီးအပူကပ်တော့ သူမကဝေခွဲမရ

ဖြစ်နေတာမို့ သဲ ပိုပြီးတော့အနားတိုးကာ

သူမလက်မောင်းကိုဆုပ်ကိုင်လိုက်၍

“အန်တီတို့လဲကိစ္စတွေကိုဆိုးရွားအောင်

မဖြစ်ချင်ဘူးမလားဟင် တကယ်လို့

ကိုကိုနဲ့သဲသာစေ့စပ်ပွဲပျက်တယ်ဆိုတဲ့

နာမည်ဆိုးကြီးထွက်သွားရင် လူတွေကြား

အန်တီတို့ရဲ့ဂုဏ်သိက္ခာ....."

“အဲ့တာမင်းနဲ့မဆိုင်ဘူးနွေသဲမာ......”

အပြင်ကနေပြန်လာတဲ့သာမည

ခေါင်းပေါ်ကဦးထုပ်ကိုချွတ်ရင်းမှ

အနားသွားကာပြောတော့ သူမကချက်ချင်း

ဒေါ်ဉမ္မာနားကနေဖယ်ခွာကာ သာ့နားကို

တိုးကပ်လာရင်းမှ လက်မောင်းကိုအားကိုးတကြီးဆုပ်ကိုင်ကာဖြင့်

“ကိုကို သဲနဲ့ကိုကိုရဲ့‌စေ့စပ်ပွဲကို

မာမီကတကယ်ဖျက်တော့မယ်နဲ့တူတယ်

ဘယ်လိုလုပ်ရမလဲ??....."

“အဲ့တာကောင်းတယ်လေ ငါလိုချင်တာလဲ

အဲ့တာပဲကို မင်းကဘာဖြစ်ချင်သေးလို့လဲ??...".

“ဟင့်အင်း သဲကိုကိုနဲ့မခွဲချင်ဘူး

သဲကိုကို့ကိုချစ်တယ် အဲ့တာကြောင့်ကိုကိုနဲ့

စေ့စပ်ပွဲကိုသဲဘက်ကမဖျက်ချင်ဘူး...."

သူ့မိဘရှေ့မှာမှ ပယ်ပယ်နယ်နယ်

ပြောနေတာမို့ သာစိတ်ရှုပ်ကာ

သူမကိုယ်ကိုတွန်းထုတ်၍

“ငါမှမင်းကိုမချစ်တာ ငါချစ်တဲ့လူ

ဘယ်သူလဲဆိုတာလဲမင်းသိနေတာပဲ....

အဲ့တော့ ငါတို့နှစ်ယောက်ကိစ္စကို

လက်လျော့လိုက်တော့နွေသဲမာ...."

သာ ခပ်မာမာပြောတော့သူမက

မျက်ရည်တွေစီးကျရင်းမှ သူ့လက်ကို

ယှက်နွယ်လာကာ

“အခုမချစ်လဲရတယ်လေ အိမ်ထောင်ပြုပြီး

နှစ်ကြာမှချစ်သွားကြတဲ့လူတွေလဲရှိတာပဲ

သဲစောင့်နိုင်ပါတယ်ကိုကိုရယ် ဒါကြောင့်

သဲနဲ့လက်ထပ်ဖို့ကိစ္စကို......"

“တော်စမ်းနွေသဲမာ.....ငယ်သံယောဇဉ်ရှိလို့

မင်းကိုငါဒီလောက်ထိသည်းခံနေတာနော်

အဲ့တော့ မင်းကိုငါဒီထက်ရွံမသွားခင်

ငါ့မျက်စိရှေ့ကနေသွားတာကောင်းမယ်.....”

အပေါ်ကိုတက်ရန်ပြင်နေတဲ့သူ့ကိုယ်လုံးကို

အတင်းလှမ်းဆွဲဖက်ပေမဲ့ စာနာမှုကင်းစွာနဲ့

သဲကိုဖြုတ်ချပြစ်ရင်း

“စေ့စပ်ပွဲဖျက်မှာ အဲ့တာကြောင့်

မင်းမိဘတွေကိုကြိုက်တဲ့နေရာကနေ

ရှင်းလို့ပြောလိုက် သာမညဆိုတဲ့ကောင်က

ဘယ်သူ့ကိုမှမကြောက်ဘူး....."

အိမ်ပေါ်ကိုတဒုန်းဒုန်းတက်သွားတဲ့

သူ့ကြောင့် ကြမ်းပေါ်ပုံကျသွားတဲ့သဲ

အကျယ်‌ကြီးအော်ငိုရင်း အရုပ်ကျိုးပျက်

ဖြစ်နေပုံကိုမကြည့်ရက်တာမို့ ဒေါ်ဉမ္မာ

ဆက်မထိုင်နေနိုင်ပဲနဲ့ ထကာဖြင့်သူမကို

ဖွဖွလေးဆွဲထူလိုက်၍

“မငိုပါနဲ့တော့သမီးရယ် သားကဒီလောက်ထိ

ခါးသီးနေတာသမီးလဲမြင်တာပဲ အဲ့တော့

ဒီလောက်နဲ့ပဲလက်လျော့လိုက်ပါတော့...."

“သဲ သဲကိုကို့ကိုချစ်လို့ပါ...."

တအင့်အင့်နဲ့ငိုရှိုက်ရင်းမှ

ဝမ်းပန်းတနည်းပြောနေပုံက ဆိုးနွဲ့ခြင်း

ဆိုတာထက် ကြံရာမရတဲ့ကလေးလို

ဖြစ်နေလေ၏။

သူမကိုကြည့်ရင်းအားကိုးတကြီး

တောင်းဆိုသလို ရင်ခွင်ထဲပိုမိုတိုးဝင်လာတာမို့

ဒေါ်ဥမ္မာ သဲရဲ့ပုခုံးလေးကိုဖွဖွလေး

ပွတ်သပ်ပေးကာဖြင့်

“သိပါတယ်ကွယ် သိပါတယ် ငါ့သမီးလေးက

သားကိုသိပ်ချစ်မှန်းဘေးကကြည့်တဲ့

လူတွေတောင်သိပါတယ် ဒါပေမဲ့သူက

ဘူးဆိုဖရုံမသီးတာ ငယ်ပေါင်းဖြစ်တဲ့

သမီးလဲသိမှာပါကွယ်....."

“သိပါတယ် ဒါပေမဲ့ သဲနဲ့ကိုကို

အိမ်ထောင်ကျပြီးရင်လဲ သဲကိုကို့အလိုကို

လိုက်မှာပါ သူ့ဆန္ဒတစ်ခုထဲပဲကြည့်ပေးမှာမို့

အဲ့လိုရောမဖြစ်နိုင်ဘူးလားဟင် ??

ယောင်္ကျားနဲ့မိန်းမ အနေနီးရင်

ချစ်လာနိုင်တာပဲမဟုတ်လား??...."

“ရေငတ်ပြေဖို့အတွက်လောက်နဲ့တော့

မမှည့်သေးတဲ့ဖရဲသီးကိုအတင်းမခူးချင်

ပါနဲ့သမီးရယ် အစပိုင်းလေးရေငတ်ပြေရုံလောက်ပဲအဆင်ပြေနိုင်ပေမဲ့ အချိန်ကြာလာလေ အတင်းခူးခဲ့မိတဲ့ကိုယ့်ကိုကိုယ်ကိုပဲ

နောင်တတွေနဲ့ပြန်ကြည့်မိလေဖြစ်‌နေမှာမို့

သမီးကမှည့်မဲ့ဖရဲသီးကိုပဲရှာသင့်တယ်....

အန်တီကသားသမီးချင်းကိုယ်ချင်းစာလို့

ပြောပြတာပါ နော်"

ကလေးငယ်တစ်ယောက်သဖွယ်ဖြစ်နေတဲ့

သဲကို လူကြီးပီပီ နှစ်သိမ့်ပေးရုံမှတစ်ပါး!!

🏠🏠🏠🏠

တစ်ပတ်တိတိအကြောင်း တိတိကျကျမပြန်သေးတာမို့ သာ စိတ်မရှည်ချင်တော့!!

နေ့တိုင်းထိုင်ရမလိုထရမလိုနဲ့

အဖြေကိုစောင့်နေတဲ့သာဟာ သူ့အိမ်ကို

ပြန်ချင်နေလေပြီ!!

သူမမျက်နှာကို‌မတွေ့ရတာလဲ တစ်ပတ်တိတိ

ရှိနေသလို အသံမကြားရတာလဲ

တစ်ပတ်တိတိရှိနေလေ၏။

သူ့နံပါတ်ကိုသိသွားပြီမို့ သူမကလဲ

ဖုန်းမကိုင်တော့ကာ သူ့ကိုအဆက်အသွယ်

ဖြတ်ထားလေသည်။

အဟွန်း!! နေနိုင်တုန်းနေထားပေါ့ခါးရယ်....

ကျွန်တော်ပြန်လာရင်ဝောာ့ခါးနဲ့

ကျွန်တော်တွေ့ကြသေးတာပေါ့!!!

အတွေးတို့နဲ့ သာ ဆတ်ခနဲခုံကနေထရပ်တော့

ဘေးနားမှာ ပုတီးစိပ်နေတဲ့ဒေါ်ဥမ္မာ

လန့်သွားရကာ ရင်ဘတ်ဖိမိကာဖြင့်

“လန့်လိုက်တာငါ့သားရယ် မင်းကိစ္စကို

ဆုတောင်းနေရတာ မာမီ့ကိုအဓိဠာန်

ပျက်အောင်လုပ်တာပဲ....."

မာမီ့အပြောကြောင့် သာ ကြံရာမရပုံနဲ့

ဂုတ်ပိုးကိုင်လိုက် ရှေ့ဆံပင်တွေသပ်လိုက်နဲ့

ကျစ်တသပ်သပ်ဖြစ်နေရင်းမှ ဆုံးဖြတ်ပြီးသလိုမာမီ့ကိုတစ်ချက်ပြန်ကြည့်ကာ

“မာမီ သူတို့အကြောင်းမပြန်ရင်

ကျွန်တော်တို့ပဲသွားမေးလိုက်ရမလား??

ဘာဆက်လုပ်သင့်လဲ?? အပြတ်ဖြတ်ပြီး

သူတို့တောင်းတာပေးလိုက်ရမလား??...”

“နေပါဦးသားရယ် ဟိုဘက်ကနဂိုထဲက

ဆတ်ဆတ်ထိမခံဖြစ်နေတာ သားဘက်က

အခုထပ်ပြီးပွဲကြမ်းလို့ ပိုဆိုးသွားရင်

ကြားမကောင်းတာတွေဖြစ်ကုန်ပါမယ်....

သူတို့အကြောင်းပြန်ပြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာသာ အေးဆေး‌ထိုင်စောင့်တာ

ကောင်းပါလိမ့်မယ်ကွယ် နော်ငါ့သား....."

“ကျစ် မာမီရာ ကျွန်တော်ခါးကိုလွမ်းနေပြီ...

သူကအခု ကျွန်တော့ဖုန်းတောင်မကိုင်တော့ဘူး....."

“ဒါဆိုမာမီ့ဖုန်းနဲ့ခေါ်ပေါ့သားရယ်

ဘယ်သူဖုန်းမကိုင်လဲ တစ်ခြားဖုန်းနဲ့

ပြောင်းခေါ်ပေါ့...."

“ဟာဗျာ ပြောတော့လွယ်လိုက်တာ

ကျွန်တော့အသံကြားတာနဲ့ကို မာမီ့ချွေးမက

ဖုန်းတန်းချပြစ်မှာ မာမီ့နံပါတ်သူသိရင်လဲ

ဘလော့ပြစ်မှာပဲ အဲ့တော့လူကိုယ်တိုင်တွေ့ပြီး ပြောစရာရှိတာတွေအမြန်ပြောချင်ပြီဗျာ

....."

အတော်စိတ်ရှုပ်နေတဲ့သာက ဆံပင်တွေ

ဆွဲဖွရင်းကြံရာမရဟန်မျက်နှာတွေပါရဲလို့!!

“ဒါဆို သားခဏပြန်ပြီးသူ့ကိုအကျိုးကြောင်း

ပြောပြပေါ့ကွယ် ....

“မာမီရာ ဟိုမိန်းမနဲ့ကျွန်တော့ကိစ္စတောင်

ဘာမှပြီးပြတ်သေးတာမဟုတ်ဘူး

မရေရာတဲ့အခြေအနေကြီးနဲ့တော့ပြန်ပြီး

သူ့ကိုမျက်နှာပြောင်မတိုက်ချင်ပါဘူး....”

“ဒါဆို မာမီလိုက်ပြီးရှင်းပြပေးမယ်လေ

သားအပေါ်ထားတဲ့သူ့စိတ်ကလေး

နည်းနည်းပဲဖြစ်ဖြစ်လျော့သွားအောင်ပေါ့...."

မာမီ့ဘက်ကမြင်တောင်မမြင်ဖူးတဲ့

သူ့အမျိုးသမီးပေါ် အလံစိမ်းပြနေတာမို့

ပီတိဖြစ်ချင်ပေမဲ့ ဒီအခြေအနေမှာ

ဘာကိုမှတောင်ပီတိမဖြစ်နိုင်သေးတာမို့

သာ စိတ်အေးအောင်ခေါင်းသာညိမ့်လိုက်ကာ

“အဲ့ကိစ္စကနောက်မှစဉ်းစားကြတာပေါ့

အခုကတော့ မာမီပြောသလိုပဲ

မထူးလက်စနဲ့ဆက်စောင့်လိုက်တာပေါ့....."

လက်မလျော့ချင်ပေမဲ့လဲ မတတ်သာတဲ့

အနေအထားမှာ သူဟာလက်မှိုင်ချရင်း

ခုံမှာအရုပ်ကျိုးပြတ်ထိုင်မိရသည်။

လွမ်းလိုက်တာဗျာ....ခါးကတော့ကျွန်တော့ကို

လူရှုပ်ဆိုပြီးတော့မုန်းနေလောက်မယ်ထင်တယ်.....'

စေ့စပ်လက်စွပ်တွေနဲ့ဓာတ်ပုံတွေကိုသူ့ဆီ

ပြစ်ပြီးနာကျင်နေတဲ့သူမမျက်နှာကို

ပြန်တွေးမိလိုက်ရင် သူ့ကြောင့်ခံစားရတဲ့အတွက် ဝမ်းသာမိပေမဲ့ သူမဘယ်လောက်

စိတ်ပြတ်သားတယ်ဆိုတာသိတာမို့

သာ ရင်မောနေရလေ၏။

🏠🏠🏠🏠

ကော်ဖီတစ်ခွက်ခေါင်းကြည်အောင်

ကိုယ့်ဘာသာပဲဖျော်ရရင်းမှ စာရင်းစစ်နေတဲ့

မိန်းမဖြစ်သူအနားကိုဝင်ထိုင်ကာ

“တစ်ပတ်တောင်ကျော်ပြီမိန်းမရာ

တစ်ဖက်ကိုအားနာဖို့ကောင်းနေပြီလေ

တိကျတဲ့အဖြေ‌လေးတော့ပေးသင့်တာပေါ့..."

ခင်ပွန်းဖြစ်သူအပြောကြောင့် ဒေါ်နွေမင်း

စာရင်းစစ်နေတဲ့လက်တွေရပ်တန့်ကာ

ရွှေရောင်မျက်မှန်ကိုင်းကိုဆွဲဖြုတ်လိုက်ကာဖြင့်

“ဒီကိစ္စတွေရှင်ဝင်မပါနဲ့လို့ပြောထားတယ်နော်

ကိုကောင်းနိုင်......”

ဇနီးဖြစ်သူအပြောကြောင့် ဦးကောင်းနိုင်

လက်ထဲရှိနေတဲ့ကော်ဖီခွက်ကို

အောက်ခဏချလိုက်ကာဖြင့်

“ဘေးလူကိစ္စကိုကိုယ်ဝင်မပါတတ်မှန်း

မင်းသိမှာပါ နွေမင်း အခုဟာကကိုယ်တို့

သမီးကိစ္စ ကိုယ့်ရဲ့တစ်ဦးတည်းရှိတဲ့

သွေးသားရင်းချာကိစ္စလေ....ကိုယ်တို့တွေ

ပိုးမွေးသလိုမွေးလာရတဲ့ဒီကလေးကို

အခုလိုထပ်ပြီးအချိန်တွေဆွဲရင်သူ့အတွက်ရော ကောင်းမယ်လို့မင်းထင်လို့လား??...."

လက်ထဲက ဘောပင်ကိုခပ်ဆတ်ဆတ်ပင်

စားပွဲပေါ်ဗန်းခနဲချရင်းမှ ဒေါ်နွေမင်း

ဦးကောင်းနိုင်ကိုမာမာပဲကြည့်လိုက်၍

“ကျွန်မကရောအချိန်ဆွဲချင်လို့ဆွဲတယ်

ထင်လား?? ကျွန်မတို့သမီးကိုအဲ့ဒီ့

သာမညဆိုတဲ့ကောင်က မတူသလိုမတန်သလို

ဆက်ဆံပြီး သဲရဲ့အချိန်တွေကိုယူခဲ့လို့

ကျွန်မကလဲပြန်ပြီးပညာပေးနေတာ...

ဟွန်း အခုနေသူတို့လဲစိတ်အေးအေးနေနိုင်မှာ

မဟုတ်ဘူး နွေမင်းဆိုတဲ့မိန်းမက

နေမင်းလိုလဲသူတို့ကိုတောက်လောင်အောင်

လုပ်န်ုင်တယ်ဆိုတာသူတို့သိနေလို့လေ..

အခုနေ ကျွန်မတို့ကိုမျက်လွှာတောင်

လှန်ကြည့်ရဲမှာမဟုတ်ဘူး...ဒါသူတို့အတွက်

ပြစ်ဒဏ်ပဲ ကိုကောင်းနိုင်....."

“ကျစ် မင်းမှားနေပြီ အခုလိုလုပ်တော့ရော

ကုန်သွားတဲ့အချိန်တွေပြန်ရမှာမို့လို့လား??....

မင်းကကိစ္စတွေကိုပိုကြီးအောင်လုပ်နေတာပဲနွေမင်း...တကယ်ဆိုဟိုဘက်ကဒီလောက်

သမီးကိုခါးခါးသီးသီးငြင်းနေပြီဆိုထဲက

ဒို့ဘက်ကလက်လျော့လိုက်ရမှာ...

ယောင်္ကျားတစ်ယောက်မချစ်ရင်အဲ့လူကို

တစ်သက်လုံး မချစ်နိုင်တာငါတို့ယောင်္ကျားတွေအသိဆုံးပဲ.....”

“တော် ရှင့်အပေါက်ပိတ်ထားလိုက်တော့

အချစ်တွေအနှစ်တွေကျွန်မမသိချင်ဘူး

လောလောဆယ် သူတို့တွေနည်းနည်းလောက်

လောင်မြိုက်နေပါစေအုံး ဒေါ်ဉမ္မာဆိုတာ

ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုးထားတဲ့လူမို့

ကျွန်မကိုလာလှန်ရဲမှာမဟုတ်ဘူး အဲ့တော့

အဲ့ဒီ့အပြစ်သားတွေက ကျွန်မအမိန့်ပေးမဲ့

အချိန်ကိုသွေးတလန့်လန့်နဲ့စောင့်ကြရလိမ့်မယ်......"

အကွယ်လေးကနေကြည့်နေမိတဲ့သဲ

မနေနိုင်တဲ့အဆုံး ထွက်လာခဲ့တော့

ဒေါ်နွေမင်းရဲ့အကြည့်စူးစူးတွေနဲ့

ရင်ဆိုင်လိုက်ရ‌တာမို့ အခုနေတော့

သူမလဲခေါင်းမဖော်ရဲပဲနဲ့ လက်လေးသာ

လိမ်ကျစ်ထားမိကာ

“‌ဒယ်ဒီပြောတာဟုတ်တယ်မာမီ

ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုတို့ဘက်ကို....."

“တိတ်စမ်းမိသဲ သမီးဖြစ်ချင်သမျှ

အရာရာလိုက်လျောခဲ့တာက အခုလို

လွယ်လွယ်သူများဆီခေါင်းငုံ့ခံဖို့မဟုတ်ဘူး....သူတို့ကစေ့စပ်ချင်တိုင်းစေ့စပ်

ဖျက်ချင်တိုင်းဖျကိရအောင်ဘာမို့လို့လဲ...

မာမီမွေးထားတဲ့သဲက သူတို့ချိုးချင်တိုင်း

ချိုးလို့ရတဲ့မှိုကန်စွန်းမဟုတ်ဘူး အဲ့တော့

သူတို့နဲ့တန်တဲ့ တန်ရာတန်ကြေးကို

သူတို့ကိုပေးဆပ်ခိုင်းနေတာ သမီးပါ

မာမီ့ကိစ္စတွေထဲဝင်မပါပဲနဲ့ကိုယ့်ဘာသာကိုယ်

အခန်းထဲအေးဆေးနေတာကောင်းမယ်

အပေါ်တက်တော့......"

သဲဟာ တစ်လျောက်လုံးနိုင်လာသမျှ

အခုနေ သူမလဲခေါင်းငုံ့ရမဲ့အချိန်

ရောက်လာပြီမို့ ကိုကိုနဲ့မျှော်လင့်ချက်

မဲ့နေတဲ့အချိန်မှာ သူမလဲလက်မှိုင်ချရင်း

အပေါ်ကိုသာတက်လာခဲ့ရလေသည်။

တကယ်ဆို သူမကြောင့်မာမီ

ကိုကို့ဆီမှာအပြောခံခဲ့ရတာကိုး!!

.....

အတ္တသွေးတွေဖုံးလွှမ်းနေတဲ့ မိန်းမဖြစ်သူကို

ကြည့်ရင်း ကိုကောင်းနိုင်သက်ပြင်းကို

ခပ်လေးလေးကြီးချလိုက်မိလေ၏။

မယူခင်တုန်းကနူးညံ့ခဲ့သလောက်

နှစ်တွေကြာ‌လာလေ သူမရဲ့အတ္တတွေဟာ

ပိုပြီးအရောင်တက်လာခဲ့တဲ့ နွေမင်းဆိုတဲ့

ဒီမိန်းမက သူ့ကိုပါနိုင်စားလေသည်။

သူဟာလဲ သမီးလိုအချစ်ကြီးသူမို့

အရာအားလုံးသည်းခံခဲ့ရတဲ့အခါ

ယခုလဲထိုနည်းလည်းကောင်း!!

သူဟာဘယ်တော့များမှဒီမိန်းမရဲ့

မျက်လုံးထဲမှာ အရာရောက်တဲ့လူတစ်ယောက်အဖြစ်ရှိရမှာလဲ??

« ရှေ့အခန်း - အပိုင်း၂၃ နောက်အခန်း - အပိုင်း၂၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ