Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂၁

အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ

တစ်ကိုယ်လုံးကိုရေနွေးပူနဲ့ပက်ခံလာရသလို

ပူထူရှိန်းမြစွာဖြင့် နေရခက်လှသည်။

ခါးဟာ ကိုယ့်စိတ်ကိုယ်ထိန်းထားပေမဲ့

ချစ်ရေးဆိုထားခဲ့တဲ့ သူ့ကြောင့်အနည်းငယ်

စိတ်ပျော့ကာ နှလုံးသားတံခါး

ဖွင့်ပေးတော့မည်ဆိုပြီး ရည်ရွယ်ပြီးကာမှ

အခုခါးရလိုက်တဲ့ လက်ဆောင်က

သူ့ရဲ့စေ့စပ်ပွဲဓာတ်ပုံတွေနဲ့အတူ

ထီးထီးကြီးတည်ရှိနေတဲ့ စေ့စပ်လက်စွပ်!!

တစ်ခါမှကိုယ့်ကိုကိုယ်သေးနုတ်သလို

မခံစားခဲ့ရဖူးတဲ့ခါးအဖို့ အခုတော့

ဒီနေရာကနေတောင် အငွေ့ပျံပြီး

ပျောက်သွားလိုက်ချင်၏။

သူကသာဘာမှမပတ်သတ်ပါဘူး

ဟိုဘက်ကတစ်ဖက်သတ်ပါပြောပေမဲ့

စေ့တောင်စေ့စပ်ထားတာမို့ သူတို့

ဘယ်အဆင့်ထိရောက်ပြီးပြီလဲဆိုတာ

ခါးမသိ!!

ဘာမှမသက်ဆိုင်တဲ့ခါးကိုတောင်

လက်ကိုင်လိုက် ဖက်လိုက်လုပ်နေရင်

လူမြင်ကွင်းတောင်မရှောင်ဖြစ်နေကြတဲ့

သူတို့က လူကွယ်ရာမှာဆို တော်တော်ကို

အခြေအနေဆိုးနေနိုင်သည်။

သေချာတွေးမိလေ နှစ်ယောက်သားရဲ့

ပတ်သတ်မှုကို သင်္ကာမကင်းဖြစ်လေနှင့်

သာမညဆိုတဲ့ကောင်လေးအပေါ်

အထင်သေးခြင်းတွေက တဖန်ဝင်ရောက်လာပြန်၏။

အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး

မျက်ရည်စတွေစိုးမိုးနေတဲ့ခါးရင်ထဲ

ပူလောင်နေတာ ခါးပဲသိနိုင်လေသည်။

🏠🏠🏠🏠

အိမ်ပြန်ရောက်မှာဆိုးတာမို့ အနှေးဆုံး

လျှောက်လာပေမဲ့လဲ နောက်ဆုံးတော့

ရောက်လာခဲ့ရတာပါပဲ!!

ဖုန်းကိုတစ်ချက်ကြည့်တော့ ၃နာရီထိုး!!

သူ့အိမ်ဘက်မှာတော့ ဒီအချိန်အားကစား

လုပ်သူတွေနဲ့ ဆူညံ‌လို့နေလေ၏။

ခါး သူ့အတွက်ဟင်းချက်ပေးဖို့ကို

စိတ်ထဲမသတီတာမို့ အိမ်သော့ဖွင့်ရင်း

ခြေလက်ဆေးသန့်စင်ကာ အခန်းထဲ

ခဏဝင်လှဲလိုက်သည်။

အစောကကြုံခဲ့ရတဲ့ နွေသဲမာဆိုတဲ့

မိန်းကလေးရဲ့မျက်နှာကိုပြန်ပြီး

မြင်ယောင်နေမိတာမို့ တောက်ပြင်းပြင်း

တစ်ချက်နဲ့အတူ ဒေါသမီးတွေတောက်လောင်ကာ မျက်ရည်ကအလိုလိုဝဲ၏။

ခါးလွန်းနွယ်ဆိုတဲ့မိန်းမကို အဲ့လိုအချိုး

အဲ့လိုပုံစံမျိုးနဲ့ပြောနိုင်အောင် လုပ်ခဲ့တဲ့

တရားခံက သာမညပဲ!!

သူများပြောသမျှကို နောက်ဆုံးမှာ

ခွေးအကြီးလိုနှုတ်‌ဆိတ်နေရအောင်

လုပ်ခဲ့တာလဲ သာမညပါပဲ!!

သူမမှာသာ စေတနာတွေပို သူ့ဆန္ဒတွေကို

လိုက်လျောပေးရတာ!!

သူကတော့ ခါးကိုလှည့်စားလိုက်ရတော့

သူကိုယ်သူအထင်ကြီးဝမ်းသာနေမှာပေါ့!!

ခေါင်းအုံးပေါ်တတောက်တောက်

စီးကျသွားတဲ့မျက်ရည်တွေကိုအမည်

မဖော်တတ်!!

ဘာကြောင့်ကျတာလဲလဲရေရေရာရာမသိ!!

ဝမ်းနည်းလို့လား?? စိတ်တိုလို့လား??

အရူးလုပ်ခံရလို့လား??

ပြီးတော့ သူ့ကြောင့်ကျတာလား?? အဲ့လိုမဟုတ်ပဲ ခါးမာနကိုစော်ကားသွားတဲ့

နွေသဲမာကြောင့်ကျတာလား??

ကိုယ်တိုင်တောင်ခံစားချက်တွေဝေခွဲမတတ်ပဲ

ရှုပ်ရှက်ခတ်နေရင်းမှ အဓိကအကြောင်းခံဖြစ်တဲ့ သာမညကိုသာ စိတ်ထဲအစိုင်အခဲ

ဖြစ်နေမိလေသည်။

..........

တံခါးကိုတဒေါက်ဒေါက်ခေါက်နေသံနဲ့အတူ

ခါးရဲ့နာမ်စားကိုခေါ်နေတာမို့ မျက်ဝန်းတွေ

ပွင့်လာရလေ၏။

အသံကအနည်းငယ်ကျယ်သလိုစိုးရိမ်သံ

ပေါက်နေပေမဲ့ ခါးဖွင့်ပေးဖို့အတွက်

တွန့်ဆုတ်နေမိတဲ့အခါဒီတိုင်းလေးပဲ

ဆက်လှဲနေမိလေသည်။

“ခါး ခါး ကျွန်တော့ကိုတံခါးလေး

ဖွင့်ပေးပါဦး....."

“ဘာကိစ္စရှိလို့လဲ??...."

အသံမာမာနဲ့အော်လိုက်တဲ့အခါ

အပြင်က ခေတ္တတိတ်သွားရင်းမှ

သက်ပြင်းချသံခပ်ကျယ်ကျယ်ကို

ကြားလိုက်ရ၍

“တော်သေးတာပေါ့ ကျွန်တော်ကခါး

အခန်းထဲကနေ တော်တော်ကြာထိ

မထွက်လာတော့ စိတ်ပူလို့....."

ခြေရင်းနားကနာရီလေးကိုငဲ့ကြည့်တော့

ညနေ ၅နာရီတောင်ခွဲနေလေပြီ!!

အပြင်ဘက်မှာစိုးရိမ်တကြီးရပ်နေတဲ့သာလဲ

သူမအခြေအနေကိုနာရီဝက်ခြားတစ်ခါလောက် လာလာပြီးအတည်ပြုပေမဲ့

အခန်းထဲမှာပဲဆက်တိုက်ရှိနေတာမို့

မနေနိုင်တဲ့အဆုံး အခုလိုနှိုးလိုက်ရလေ၏။

သူမအသံက အိပ်ချင်သံမပျောက်သေးတာမို့

အခုမှပဲ သူ့မှာသက်ပြင်းတစ်ချက်နဲ့

ချွေးသိပ်ရသည်။

“ခါးတံခါလေးခဏဖွင့်ပေးလို့ရလား??...."

“မဖွင့်ချင်ဘူး မင်းဘာကိစ္စရှိသလဲပဲ

အဲ့ကနေလှမ်းပြောလိုက်ပါ....."

စိတ်မရှည်သလိုသူမအသံကတစ်ခုခု

မူမမှန်တာမို့ သာ မျက်ခုံးတွေအနည်းငယ်

ကျုံ့သွားရင်းမှ သူဘာအမှားလုပ်မိသလဲ

အနည်းငယ်စဉ်းစားရပြန်၏။

သူမကိုဒီနေ့နေ့လည်ခင်းကဆိုင်မှာ

စခဲ့လို့များလား??

နဂိုရှက်တတ်တဲ့သူမက

အေးဆေးနေတတ်တာမို့

“အတွင်းခံဆိုဒ်ကြီးရှိရင်အားပေးမယ်”

ဆိုတဲ့သူပြောတဲ့စကားကြောင့်များ

သူ့ကိုစိတ်ခုသွားတာလား??

သူမကယောင်္ကျားလေးဝတ်ပါရောင်းနေသူမို့

ဒီလောက်တော့သဘောထားသေးမယ်မထင်!!

“အဲ့လိုအော်ကြီးဟစ်ကျယ်ပြောလို့မကောင်းတဲ့ ကိစ္စမို့လို့ ခဏလေးတံခါးဖွင့်ပါဦး....

ခဏပဲကြာမှာပါ....."

မဖွင့်ပေးမချင်းရစ်နေမှာမို့ ခါး

ကျစ်သပ်ရင်းမှ လေးလံနေတဲ့ကိုယ်လုံးနဲ့ပဲ

တံခါးထဖွင့်လိုက်ရတဲ့အခါ တံခါးဝမှာ

သင်္ကာမကင်းဖြစ်နေတဲ့သူ့မျက်ဝန်းတွေနဲ့

တွေ့လိုက်ရ၍

“ဘာကိစ္စ....."

စကားမဆုံးလိုက်ခင် နှဖူးကိုဖွဖွစမ်းတဲ့

သူ့ကြောင့် ခါးစကားသံတစ်ချို့

ရပ်တန့်သွားတော့ ကရုဏာမျက်ဝန်းတွေနဲ့သူက နှဖူးစမ်းလိုက် ပါးစမ်းလိုက်နဲ့ နောက်ဆုံး

သူ့လက်ခုံနဲ့လည်ပင်းနားကိုပါတို့စမ်းကာ

သူ့ကိုယ်သူပြန်စမ်းကြည့်၍

“ကိုယ်တော့တအားမပူပါဘူး နေများ

မကောင်းလို့လား??...."

“အကုန်ကောင်းတယ် ဘာမှမဖြစ်ဘူး....."

ရုတ်တရက် တဒိတ်ဒိတ်ခုန်လာတဲ့ရင်ဘတ်ကြောင့် ခါး သူ့ကိုမျက်စောင်းတစ်ချက်သာ

ပေးခဲ့ရင်းမှ ကိုယ်လက်သန့်စင်ရန်

နောက်ဖေးရေချိုးခန်းထဲဝင်လာခဲ့သည်။

ဘယ့်နှယ် ဟန်ဆောင်ကောင်းနေတာ!!

ခါးကိုဂရုစိုက်သလိုပုံနဲ့ နောက်ကွယ်မှာ

ဟိုတစ်ယောက်နဲ့သာယာရင် သာယာ

နေမှာပေါ့ ဟွန့်!!

အတွေးတို့နဲ့အတူ ကိုယ်လက်သန့်စင်

မျက်နှာသစ်ပြီးပြန်ထွက်လာတဲ့ခါး

‌အခန်းထဲဝင်မလို့‌ပေမဲ့ အိမ်ရှေ့က

ခုံမှာထိုင်ရင်း ခါးကိုနားမလည်သလို

လှမ်းကြည့်နေတဲ့သူ့ကြောင့် ခြေလှမ်းတို့ရပ်တန့်သွားရ၏။

“မင်းမသွားသေးဘူးလား??....”

ခါးပြောတော့ သူကအနားကို

လျှောက်လာတာမို့ ခြေတစ်လှမ်းတော့

နောက်ဆုတ်သွားရလေသည်။

“မသွားသေးဘူး ခါးကိုစိတ်ပူလို့

ခါးဒီနေ့တစ်ခုခုဖြစ်နေတာသေချာပါတယ်

‌ကိုယ်ထဲမှာတစ်ခုခုများမကောင်းလို့လား??

ကျွန်တော့ကိုပြောပါဦး....."

လက်မောင်းတွေကိုလာရောက်ထိကိုင်နေတာမို့ ခါး မသတီစွာဖယ်ချရင်းမှ မျက်နှာက

ရေစက်တစ်ချို့ကိုသပ်ချကာ

“အကုန်ကောင်းတယ် စိတ်ရောလူရော

အကုန်ကောင်းတယ် ဒါပေမဲ့မင်းအခုလို

တွယ်ကပ်နေတာတော့ဒိ့အတွက်မကောင်းဘူး

အဲ့တော့ ကိုယ့်အိမ်ကိုယ်ပြန်ပါတော့....."

“ဟာ....."

အိပ်ယာထကာစမျက်နှာဖူးအစ်အစ်မှာ

ရေစက်တွေတန်းလန်းနဲ့ ချစ်စရာအလှတိုး

နေပေမဲ့ မျက်ဝန်းတွေကတော့မာကာ

သူ့ကိုနှင်ချည်းထုတ်နေတာမို့ သာ

အားမလိုအားမရဖြစ်ကာ အခန်းထဲ

ဝင်သွားတဲ့‌သူမနောက်လိုက်ဝင်ခဲ့တော့

သူ့ကိုထိုမျက်ဝန်းမာတွေနဲ့ပဲကြည့်လာပြန်၏။

“မင်း မင်း ဘာလို့ခွင့်ပြချက်မရှိပဲသူများ

အခန်းထဲဝင်လာတာလဲ သာမည....."

“ဒါပထမဆုံးမှမဟုတ်တာ....."

သူ့စကားကြောင့် ခါးအံ့ဩသွားတော့

သူက နှုတ်ခမ်းတွန့်ပြရင်းမှ ခါးနားကို

တဖြေးဖြေးတိုးကပ်လာကာ

“ဟုတ်တယ် ဒါနဲ့ဆိုရင်တောင်

သုံးကြိမ်မြောက်လောက်ရှိနေပြီ

သိပ်တော့မစိမ်းတော့ပါဘူး....."

“မင်းဘယ်တုန်းကဝင်ခဲ့တာလဲ

ဒို့ခွင့်ပြုချက်နဲ့ဝင်တာတော့

မဟုတ်ဘူးမလား??...”

သူ့ကိုတောင်မယုံသင်္ကာနဲ့ဖြစ်နေတာမို့

သာ မျက်နှာပိုးသတ်ရင်းမှ

“ကျွန်တော့ကိုအဲ့လိုတော့မကြည့်နဲ့လေဗျာ

မလိုအပ်ပဲနဲ့တော့သူများအခန်းထဲ

ခွင့်ပြုချက်မရှိမဝင်ပါဘူး...."

“‌ဒါဆိုအခုကရော မင်းအတွက်အရမ်း

လိုအပ်နေတယ်ပေါ့......"

“ခါးဘာဖြစ်နေတာလဲ?? ကျွန်တော့ကို

တစ်ခုခုမကျေနပ်တာရှိလို့လား???...."

ဟုတ်တယ်လေ!! စကားအကောင်းလဲ

တစ်ခွန်းမှမပြော!!

ပြီးတော့ သူ့အတွက်နေ့လည်စာလဲ

လာမပို့တာမို့ သူမသွားချင်တဲ့အဲ့အစ်မကြီး

ဆိုင်ကိုသွားပြီးမုန့်ဝယ်တော့ ပြီတီတီနဲ့

အစခံလိုက်ရလေသည်။

အခုသူမကိုမေးလိုက်တော့ သူ့ကို

မျက်စောင်းတစ်ချက်နဲ့သာဝေ့လာရင်းမှ

“ဒီနေ့စိတ်တွေရှုပ်နေတယ် အဲ့တော့

မင်းဒို့အခန်းထဲကထွက်သွားပါတော့

နောက်ဆိုလဲဒို့အခန်းထဲမဝင်ပါနဲ့

ဒို့မကြိုက်ဘူး....."

ပြောပြီး အနားကထွက်သွားရန်ပြင်နေတဲ့

ကိုယ်လုံးကိုဆတ်ခနဲဆွဲယူလိုက်တော့

မာန်ဖီနေတဲ့ကြောင်တစ်ကောင်လို

ပါလာရင်း သူ့ကိုအတင်းတွန်းထိုးကာဖြင့်

“သာမည မင်းတဖြေးဖြေးတရားလွန်လာပြီနော် ငါ့ကိုလွှတ်စမ်း....."

အဖြစ်သည်းစွာအော်နေတဲ့သူမနှုတ်ခမ်းကို

ဖိကပ်နမ်းပေးလိုက်တော့ ကျောက်ရုပ်လို

တောင့်တင်းသွားပြီးမှ သူ့ရင်ဘတ်ကို

ဆောင့်တွန်းကာ လက်ဝါးတစ်ချက်

ရောက်လာရန်ပြင်နေလေ၏။

သာ သူမလက်ကိုဖမ်းထိန်းထားရင်းမှ

အောင်နိုင်သူလိုပြုံးကြည့်ကာဖြင့်

“ဒါနဲ့ဆို ဒီအနမ်းကလဲသုံးခေါက်မြောက်ပဲ

မနေနိုင်လို့ဖွင့်ပြောလိုက်ပြီ...."

“ဘာ....."

“ဟုတ်တယ် ခါးဘက်ကအရင်ကျွန်တော့ကို

အသားယူခဲ့တာလေ ပထမတစ်ခါ

အထည်စစ်နေတုန်းကကျွန်တော့ပေါင်ပေါ်ကို

လဲကျပြီးအိပ်ပျော်သွားတာ ကျွန်တော်လဲ

နိုးမှာဆိုးလို့ခဲရာခဲဆစ် မွေ့ယာထဲထိ

တကူးတက‌ပို့ပေးရတော့ အမောပြေ

အနမ်းလေးတော့ပြန်ယူခဲ့မိတယ် ဒုတိယတစ်ခါ ကျွန်တော်နဲ့အတူထိုင်ရင်း တီဗီကြည့်ရက်သားနဲ့အိပ်ပျော်သွားတဲ့ခါးကိုအဲ့လိုပဲ

တကူးတကပို့ခဲ့ရတယ်လေ အဲ့တာနဲ့ပို့ခ

အနမ်းတစ်ပွင့်ထပ်ယူခဲ့လိုက်တယ်....."

“မင်း တော်တော်ရိုင်းတာပဲ....."

“မရိုင်းပါဘူး ချစ်လို့ပါ အမှန်ဆိုခါးအိပ်ပျော်နေတာ ကျွန်တော်အဲ့ထက်တောင်ပိုလုပ်လို့

ရသေးတယ် ဒါပေမဲ့မလုပ်ပါဘူး

ကျွန်တော်အဲ့လောက်တော့မယုတ်မာဘူး....

တတိယအကြိမ်ဖြစ်လာရင်တော့ဒိတိုင်းလေး

ထိကပ်ရုံနဲ့မတင်းတိမ်ဘူးအောင့်မေ့ထားတာ

ခါးက ဒီနေ့မာန်ဖီနေတဲ့ကြောင်လေးလို

ဖြစ်နေတော့ ကျွန်တော်ကအတင်း

မယူတော့ပါဘူး...."

ဒီလိုစကားကိုထမင်းစားရေသောက်လို

ပြောနေတာမို့ ခါး သူ့လက်တွေကို

ဆောင့်ရုန်းရင်းမှ အံဆွဲကိုခပ်ဆတ်ဆတ်

ဆွဲဖွင့်ကာ သူပေးထားတဲ့ သုံးသိန်းထဲက

နှစ်သိန်းယူထားလျက် ကျန်တစ်သိန်းကို

ယူလာရင်း သူ့ရှေ့တ်ုးပေး၍

“ဒါက မင်းပေးထားတဲ့ ၁၀ရက်စာဖိုး

ကျန်တဲ့ထမင်းစားစရိတ် ၊ နောက်ဆို

မင်းရဲ့စား‌သောက်ဖို့အတွက် တာဝန်

မယူတော့ဘူးမို့ အဲ့ပိုက်ဆံပြန်ယူပြီး

အခုချက်ချင်းဒို့မျက်စိရှေ့ကနေ

ထွက်သွားပါတော့....."

“မဟုတ်သေးပါဘူး ခါးကကျွန်တော့ကို

မကျေနပ်တာတစ်ခုခုရှိနေနိုင်ပါတယ်

ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ဘာတွေများ

ကြိတ်ပြီးခံစားနေရလဲဆိုတာ....."

“မင်းကိုယ်မင်း ဒို့ကိုတအားသိနေတယ်ထင်လား သာမည ...."

“မဟုတ်ရင်ရော ကျွန်တော်ထင်တာ

မဟုတ်ဘူးဆိုရင် ခါးသက်သေပြလေ

ကျွန်တော့ကိုခါးစိတ်ခုနေတာမဟုတ်ရင်

ခါးဘက်ကရှင်းအောင်ပြောရမှာပေါ့.....

အတွင်းခံဆိုဒ်ကြီးလိုချင်တယ်ဆိုလို့

အဲ့တာကိုစိတ်ဆိုးနေတာလား??...."

သူ့စကားကြောင့် ခါးမျက်နှာရဲသွားကာ

အံကိုတင်းတင်းကြိတ်လိုက်၍

“မင်းဆိုဒ်ကိုငါစိတ်မဝင်စားဘူး

အကြီးဆုံးပဲဖြစ်ဖြစ် အသေးဆုံးပဲဖြစ်ဖြစ်

ဒို့နဲ့မဆိုင်ပဲ မင်းကိစ္စပဲမို့လို့

စိတ်ဆိုးစိတ်ခုစရာအကြောင်းကိုမရှိတာ.....”

“အခုမဆိုင်ပေမဲ့ နောက်ဆိုင်ရင်လဲ

ဆိုင်လာမှာပေါ့ မဟုတ်ဘူးလား??....."

ခါး ပူထူလာရင်း ဒေါသတို့ကတစ်ဝက်

လျော့ကာ ရှက်စိတ်တို့သာတစ်ဝက်တိတိ

ကိန်းအောင်းလာရသည်။

အနေအေး‌မယ်ထင်ခဲ့ပေမဲ့နောက်ပိုင်း

သူပြောလာတာတွေက မီးနီလာလို့

ဖြစ်လေ၏။

ခါး ရှက်ပေမဲ့မျက်နှာကိုတော့တင်းထားကာ

သူ့ကိုတည့်တည့်စိုက်ကြည့်၍

“ဒီလိုကိစ္စမျိုးတွေကိုအလွယ်ပြောနိုင်တယ်

ဆိုတော့ ပြောနေကြထင်တယ်

ဒါကြောင့် နွေသဲမာဆိုတဲ့မိန်းကလေးက

မင်းကိုတန်းတန်းစွဲနေတာ....."

သူမပါးစပ်ကနေနွေသဲမာအကြောင်း

ပါလာတာမို့ သာ နည်းနည်းတော့

‌ဇဝေဇဝါဖြစ်သွားကာ

“မဟုတ်မှ ခါးအခုလိုဒေါသတကြီး

ကျွန်တော့ကိုဆက်ဆံနေတာသူ့ကြောင့်လား?

ကျွန်တော်နဲ့သူ့ကိုထပ်ပြီးတစ်ခုခု

ထင်နေတာလား??...."

“အိုး မင်းနဲ့မင်းဟာမအကြောင်းကို

ဒို့စိတ်မဝင်စားဘူး မင်းတို့ဘာသာ

ဘယ်အဆင့်ထိရောက်ရောက်ဒို့နဲ့မဆိုင်ဘူး

အဲ့တော့ကိုယ့်ဟာမကို ကိုယ်ထိန်းထား၊

သူများဆီကို လင်တရူးပြီး

ရောက်မလာဖို့ပါသတိပေးပေး......”

သူမပြောတာတွေကိုဆက်စပ်ကြည့်ရင်

အဖြေတစ်ခုရသွားပြီမို့ သာ ရင်ပူသွားကာ

သူမလက်မောင်းလေးကိုဖွဖွကိုင်၍

“သူ ခါးရဲ့ဆိုင်ကိုလာသွားတာလား??

ဘယ်တုန်းကလဲ ဘာတွေပြောသွားသေးလဲ??..."

ပြာပြာသလဲဖြစ်နေပုံကြောင့် ခါး

ရယ်လိုက်မိကာဖြင့်

“ဘာလို့လဲ?? သူ့ပါးစပ်ကတစ်ခုခု

အမှန်တရားထွက်သွားမှာဆိုးလို့လား??...."

“သူ့ပါးစပ်ကထွက်မှာအမှန်တရားမဟုတ်ဘူး

အလိမ်တွေပဲထွက်မှာ အဲ့မိန်းမအကြောင်း

ခါးမသိပါဘူး....."

“မှန်တယ် သူ့အကြောင်းကိုလဲဒို့မသိသလို

မင်းအကြောင်းကိုလဲ ဒို့မသိဘူး အဲ့တော့

သူပြောတာလိမ်မလိမ် မင်းပဲအတည်

ပြုပေးပေါ့....."

ပြောပြီး သူမအိတ်နားသွားကာအထဲက

တစ်စုံတစ်ခုကိုထုတ်ယူနေလေသည်။

သာ ရင်တထိတ်ထိတ်နဲ့ကြည့်နေတုန်း

သူမကအနားကိုလျှောက်လာကာ

လက်ထဲကဓာတ်ပုံတစ်ချို့နဲ့သူ့ရင်ဘတ်ကို

ပြစ်ပေါက်လိုက်၍ လက်စွပ်နှစ်ကွင်းကို

သူ့မျက်နှာရှေ့ထောင်ပြလျက်

“နာမည်တောင်ဖလှယ်ထားတဲ့မင်းတို့

ဆက်ဆံရေးမှာ သူလိမ်တာပါပြောမလို့လား?

ပြီးတော့ သူ့ဘက်ကတစ်ဖက်သတ်

လိုက်ကပ်နေတာပါလို့လေ......"

သာ ဓာတ်ပုံတွေကိုငုံ့ကြည့်ရင်းမှသူမရဲ့

စနက်ကိုပြန်တွေးကာလက်သီးဆုပ်လိုက်မိရင်းမှ အရှေ့ကခါးကိုပြန်ကြည့်၍

“ဒီဓာတ်ပုံတွေကအလိမ်တွေလို့ကျွန်တော်

မပြောဘူး ဒီလက်စွပ်တွေရောပဲ

ဒါတွေကမှန်တယ် ဒါပေမဲ့....."

“ရပြီ တော်လိုက်တော့ မင်းကိုယ်တိုင်က

အတည်ပြုပြီးတာကို ဘယ်လိုရှင်းပြချက်

မျိုးကိုမှဒို့မလိုချင်ဘူး....."

“မဟုတ်ဘူး ခါး ကျွန်တော်ပြောတာ

ဆုံးအောင်နားထောင်အုံး....."

“မထောင်ဘူး သွားတော့ မင်းမျက်နှာလဲ

ဒို့မမြင်ချင်ဘူး အဓိကကမင်းကဒို့သိက္ခာကိုဆွဲချတဲ့လူပဲ ဒါကြောင့်မင်းဟာမက

ဒို့ကိုပြောကွက်ရသွားတာ တော်တော်

စိတ်ပျက်စရာကောင်းတယ်....."

သူ့ကိုပါရွံသလိုကြည့်ရင်းမှအတင်းကို

နှင်လွှတ်နေတာမို့ သာ ရုန်းကန်ရင်းနဲ့ပဲ

အခန်းပြင်ကိုရောက်လာရကာ အားရှိသလောက်တွန်းလှန်ရင်းပိတ်သွားတဲ့

တံခါးချပ်ဘက်ကိုမျက်နှာမူ၍

“အပြစ်ကင်းကြောင်းသက်သေပြနိုင်ရင်

မှန်ကန်တဲ့တရားသူကြီးကအပြစ်ကို

ခွင့်လွှတ်ပေးတယ်နော် ခါးသာစိတ်‌ဓာတ်မှန်ရင် ကျွန်တော်အပြစ်ကင်းကြောင်း

သက်သေပြနိုင်ခဲ့တဲ့အချိန်ကျ ပြေးလို့

မလွတ်စေရဘူး....."

သတိပေးသလိုပြောသွားပေမဲ့ တစ်ဖက်မှာ

တံခါးကိုကျောမှီရင်း ‌စို့နစ်သွားတဲ့

ခါးရင်ထဲ အမည်မဖော်တတ်တဲ့ ဝေဒနာတစ်ချို့ကိန်းအောင်းလာကာ မျက်ရည်စက်တွေ

စီးကျလာကာဖြင့်

“သူကိုယ်တိုင်ကကို အဲ့ပုံတွေနဲ့လက်စွပ်က

ဟုတ်ပါတယ်လို့အတည်ပြုသွားတာ

ခါးကဘာတွေမျှော်လင့်နေမိသေးတာလဲ??..."

မျက်ရည်စက်တွေကအမှတ်မရှိစွာနဲ့

သူ့ရဲ့ဖြေရှင်းချက်ကိုနားထောင်ခိုင်းနေ၏။

« ရှေ့အခန်း - အပိုင်း၂၀ နောက်အခန်း - အပိုင်း၂၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ