Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၂၀

ခါး ကုတင်ပေါ်မှာလှဲနေပေမဲ့

အစောကအခြေအနေကိုပြန်တွေးမိလိုက်တဲ့အခါ လူကတစ်ကိုယ်လုံးပူထူသွားရလေ၏။

“ခါးကိုကျွန်တော်သဘောကျနေမိပြီဗျ...."

လူတစ်ကိုယ်လုံးကိုနောက်ကနေသိမ်းကျုံး

ဖက်ခံထားရတဲ့အပြင် ချစ်ရေးပါ

ဆိုခံလိုက်ရတော့ ခါးတစ်ကိုယ်လုံး

ကျောက်ရုပ်လိုတောင့်တင်းသွားရသည်။

သူ့စကားကိုအတည်ပြုနေတာမို့

လွှဲဖယ်လိုက်ဖို့လဲသတိမရပဲနဲ့

ဒီတိုင်းညိမ်သက်နေမိတဲ့အခါ ခါးပေါ်

ရောက်နေတဲ့သူ့လက်ကပိုမိုတင်းကျပ်သွားရင်း ဂုတ်ပိုးနားသူ့အသက်ရှုသံပြင်းပြင်းကို

သတိထားမိလိုက်၏။

ထိုအခါမှ သတိပြန်ဝင်သည်မို့

သူ့လက်တွေကိုရုန်းဖယ်ရင်း ခါးသူနဲ့

ဝေးဝေးကိုရပ်လိုက်တဲ့အခါ သူက

ဝေ့ဝဲကျနေတဲ့ဆံပင်တွေကိုစတိုင်ကျကျ

နောက်ကိုသပ်တင်လိုက်၍

“ခါးကျွန်တော့ကိုစိတ်ဆိုးသွားတာလား??..."

မျက်နှာချင်းဆိုင်မေးလာတာမို့

ခါး မျက်နှာလွှဲကာ တုန်ယင်ချင်နေတဲ့

တစ်ကိုယ်လုံးကိုအားယူထိန်းထား၍

“မဆိုးဘူး ဒို့ဘယ်လိုမှလဲမခံစားရဘူး...

အဲ့တော့ အခုနေမင်းအတွက်ညစာ

ယူချင်လဲယူ မယူချင်လဲဒီမှာစားပြီး

သွားတော့ ဒီနေ့ညကိစ္စကိုဘာမှမဖြစ်ခဲ့သလို

သဘောထားပေးမယ်......"

ပြောပြီး သူ့နားကနေပဲထပ်ထွက်ပြေးရန်

ပြင်နေတာမို့ သာ သူမလက်မောင်းကို

ဆွဲယူလိုက်ကာ ပါလာတဲ့ကိုယ်လုံးသေး‌လေးကို ခါးကနေဖိဖက်ထားတော့သူနဲ့

လေတိုးပေါက်မရှိအောင်နီးကပ်နေ၏။

အခုမှရှက်ဟန်ပြတဲ့သူမက မျက်နှာ

တစ်ပြင်လုံးရဲတွတ်နေရင်းမှ သူ့ကိုလဲ

မကြည့်ပဲ လည်ပင်းကိုအတင်းလွှဲကာ

လက်နှစ်ဖက်ကလဲ အင်အားရှိသလောက်

ရုန်းကန်နေလေသည်။

“သာမည မင်းတရားလွန်လာပြီနော်

ကူကယ်ရာမရှိတဲ့မိန်းမသားတစ်ယောက်ကို

ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့

မင်းအပြစ်ကျခံချင်လို့လား??....."

“ကိုယ်ထိလက်ရောက်ကျူးလွန်တာမှ

မဟုတ်တာဗျာ ဖက်ရုံအဆင့်လေးပဲ

ရှိသေးတာလေ နမ်းတောင်မနမ်းရသေးဘူး

ပြီးတော့ ကျွန်တော်ကယုတ်မာချင်လို့

လုပ်တာမှမဟုတ်တာ ခါးကိုသဘောကျလို့

ချစ်လို့ အခုလိုလုပ်ရတာပါ.....”

ဘယ်လိုပြောမှလွှတ်မှာလဲမသိတာမို့

ခါးရင်တွေအဆမတန်တုန်လာတဲ့အခါ

မျက်ရည်တွေသာဝဲလာရ၏။

“ဟာ ဘာလို့မျက်ရည်ဝဲရတာလဲဗျာ

ကျွန်တော်ကအနိုင်ကျင့်နေတယ်ထင်လို့လား...."

“မဟုတ်ရင်ရော ဒို့အလိုမတူပဲနဲ့

မင်းကအတင်းဖက်ပြီး အသားယူနေတဲ့ဟာ

အနိုင်ကျင့်တာမဟုတ်ရင်ဘာလဲ??...."

သူပြောလိုက်ကာမှပိုဆိုးနေတာမို့

သာ ဖြေလျော့ပေးလိုက်တော့သူမက

ခြေလှမ်းပြင်နေတာမို့ လက်ကိုတော့

အမိအရပြန်ဆွဲထားကာ ကိုယ်လုံးကို

ခပ်ခွာခွာနေပေးလိုက်၍

“ကျွန်တော်ခါးကိုသဘောကျလို့အခုလိုတွေ

လုပ်နေတာပါ.....ခါးကျွန်တော့ကိုအသားယူ

တုန်းကရောကျွန်တော်ဘာပြောလို့လဲ??...."

“ဟင်.....ဒို့ကဘယ်တုန်းကမင်းကိုအသားယူလို့လဲ??...."

အလန့်တကြားလေးနဲ့မေးလာတဲ့သူမ

မျက်နှာလေးကချစ်စရာကောင်းလွန်းလို့

အားရပါးရနမ်းချပြစ်ချင်ပေမဲ့

ဒီအချိန်သူအဲ့လိုသာသွားလုပ်ရင် သူမ

ရှုံးပွဲချငိုနိုင်လေသည်။

အခုတောင် မာနကြောင့်တောင့်ခံနေတာ

သူမလက်တွေအေးစက်နေတာ သူ

သတိထားမိတာပေါ့!!

“မပြောတော့ပါဘူး ဒါကကိုယ့်ဘာသာ

စဉ်းစားရမဲ့အပိုင်းရောက်သွားပြီ...."

“အို မင်းစခဲ့တဲ့ဟာကိုပြောသွားလေ...."

ခါးကိုယ်တိုင်တောင်ဘာမှန်းမသိတာမို့

စဉ်းစားနေတုန်း သူကလှည့်ထွက်သွားတဲ့အခါ

ခါး ပူထူစွာနဲ့လှမ်းအော်တော့ သူက

နှုတ်ခမ်းတစ်ဖက်ထဲတွန့်ရုံလေးပြုံးပြ၍

“စဉ်းစားကြည့် ကျွန်တော်ပြောတဲ့ဟာရော

ခါးကိုသဘောကျတဲ့အကြောင်းကိုရော...."

“အို.....ဒီကောင်လေး....."

ငြူစူခြင်းကင်းမဲ့စွာပြောရင်း

သူမျက်စိရှေ့ကနေပျောက်သွားကာမှ

ခါး နီးစပ်ရာခုံတစ်ခုံမှာဝင်ထိုင်လိုက်ရ၏။

ဒီကောင်လေး ဒီလောက်လက်ရဲဇက်ရဲ

ထင်မထားတာမို့ အခုလို‌ကြုံလိုက်ရတော့

ခါး ခြေထောက်တွေတောင်အားနည်းသွားရသည်။

လက်ဖျားတွေကိုအချင်းချငိးပွတ်သပ်ရင်း

နွေးအောင်လုပ်ပေမဲ့ တစ်ကိုယ်လုံးက

ကစဉ့်ကလျားဖြစ်နေတာမို့ ခန္ဓာကိုယ်

တစ်ခုလုံး ထူးဆန်းနေရလေ၏။

အထူးသဖြင့်ခါးရဲ့ နှလုံးသားပါပဲ!!

သိသိသာသာကိုတိုးခုန်နေတာက

အခြေအနေကိုထင်မထားလို့ပဲလား??

ဒါမှမဟုတ် သူ့ကိုများလား??

အို မဖြစ်နိုင်ပါဘူး ခါးကဘာကိစ္စ

အဲ့လိုမနူးမနပ်ကောင်လေးကို

ရင်ခုန်ရမှာလဲ??

မဖြစ်နိုင်တာ!!

တစ်ကိုယ်တည်းအတွေးတို့နဲ့ကိုယ့်ကိုကိုယ်

အားပေးကာဖြင့် ခါးအိပ်ယာဝင်ခဲ့လိုက်သည်။

သို့ပေမဲ့အိပ်မပျော်ပဲအများကြီး

စဉ်းစားနေမိတာက သူပြောသွားတဲ့

အကြောင်းတွေကြောင့်ရောပါပဲ!!

ခါးကသု့ကိုဘယ်တုန်းကအသားယူ

ခဲ့မိတာလဲ??

ကိုယ်ကိုယ်တိုင်တောင် သတိမထားမိအောင်

ခါးဘက်ကအမူအရာတွေများ

လွန်ထားလို့လား??

အဲ့လိုဆိုရင်တောင် ခါးကအမြဲတမ်း

ကိုယ့်ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်း

နေတတ်တဲ့လူမျိုးပါ!!

ဘာများဖြစ်နိုင်မလဲ??

‌အတွေးတို့နဲ့ဒီနေ့ညတော့အိပ်ပျော်နိုင်မည်

မထင်ပါ!!

🏠🏠🏠🏠

သာ ညကသူမကိုခံစားချက်တွေ

ဖွင့်ဟလိုက်ရတော့ ရင်ထဲမှာပျော်ရွှင်

ကြည်နူးနေရလေ၏။

သူမအစောကြီးလစ်ထွက်သွားမှာ

ဆိုးတာမို့ တမင်အစောကြီးထရင်း

ခြံထဲကိုတံမြက်စည်းလှည်းကာ

သူမကိုစောင့်ကြည့်နေမိသည်။

သို့ပေမဲ့ ဒီနေ့နောက်ကျမှအိမ်ထဲက

ထွက်လာတဲ့သူမက ခြံထဲမှာ

ထူးထူးဆန်းဆန်းတံမြက်စည်းလှည်းနေတဲ့

သူ့ကိုမြင်ရော ရှက်ကိုးရှက်ကန်းပုံနဲ့

မျက်နှာလွှဲသွားတာမို့ သာ သူမပုံကိုကြည့်ကာ

အကြင်နာပိုရပြန်၏။

“ခါးရေ သွားတော့မှာလား??...."

အိမ်ဘက်ကနေလှမ်းအော်ဝောာ့ သူမက

သူ့ကိုလှည့်မကြည့်ပေမဲ့ ခေါင်းတော့ရအောင်

ညိမ့်ပြသွားကာဖြင့်

“အိမ်ဘက်မှာပဲထားထားတယ် မနက်စာကို

အိမ်ပေါ်တက်စားလိုက်....."

လူကိုယ်တိုင်တောင်လာမပေးတော့တာမို့

သာ ရယ်လိုက်မိပေမဲ့ သူမဒီလိုကြီး

အမြဲတမ်းရှောင်သွားရင်ရောဆိုတဲ့အတွေး

တွေးမိလိုက်ချိန် တစ်မျိုးတော့ခံစားရသည်။

မဖြစ်ပါဘူး သူ့ခြေလှမ်းတွေကို

နယ်ချဲ့အုံးမှပါ!!

သူမအိမ်ဘက်ကိုသွားကာ မနက်စာ

စားနေတုန်း ညကပုံရိပ်တစ်ချို့ကို

ပြန်မြင်ယောင်ကာ သူ့နှုတ်ခမ်းတွေ

ပြုံးမိရလေ၏။

အမြန်ဆုံးပိုင်ဆိုင်ခွင့်ရရင်

ဘယ်လောက်များကောင်းလိမ့်မလဲ??

.......

မနက်ခင်း gym လာဆော့တဲ့လူတွေ

ရှိ‌တာမို့ နေ့လည်ထမင်းစားနားခ်ျန်မှ

လူရှင်းကာ သာလဲ ခြံတံခါးသော့ခတ်ရင်း

သူမဆိုင်ကိုထွက်လာခဲ့သည်။

အချိန်တိုင်းသူမမျက်နှာလေးမြင်ချင်တာဆိုရင် လောဘကြီးရာကျသွားမလား??

သာ ဆိုင်ထဲဝင်ခဲ့တော့ သူမက

ဈေးရောင်းနေရက်ကမှလှမ်းကြည့်ကာ

ရှက်ကိုးရှက်ကန်းအကြည့်လွှဲသွား၏။

သာ ပြုံးတုံ့တုံ့နဲ့ပဲသူမကောင်တာရှေ့က

ခုံမှာဝင်ထိုင်ကာ စိတ်ရှည်လက်ရှည်

ဈေးရောင်းနေတဲ့သူမပုံလေးကို

ငေးကြည့်နေမိလေသည်။

ဆံနွယ်စင်းစင်းတွေကိုဖြန့်ချထားတာမို့

ပန်ကာလေ သူမဘက်လှည့်လာတိုင်း

ဆံပင်လေးတွေတလွင့်လွင့်ဖြစ်သွားကာ

ဟိုယိမ်းဒီထိုးနေပုံကအလှတိုးစေ၏။

သူ့ကိုမကြည့်ပဲ ဈေးဝယ်သူကိုအတင်း

ရှင်းပြနေတဲ့ သူမရဲ့နှုတ်ခမ်းဖူးဖူးလေးက

သူ့ရဲ့ စက္ခုအာရုံကိုဆွဲဆောင်နေသည်။

နှစ်ကြိမ်မျှထိတွေ့ဖူးပေမဲ့ ပကာသနမပါပဲ

ထိကပ်ရုံသပ်သပ်မို့ တတိယအကြိမ်သာ

ရှိလာခဲ့ရင်တော့ ဟင်းဟင်း!!

အတွေးတို့နဲ့သဘောတကျပြုံးနေတဲ့သူနဲ့

ဖျက်ခနဲကြည့်လာတဲ့သူမနဲ့အကြည့်ဆုံတော့

တစ်ဖက်ကမျက်နှာလေးက ခရမ်းချဉ်သီးလို

နီရဲဖြစ်ပျက်သွားလေ၏။

ခါးလဲ ဈေးသာအတင်းရောင်းနေပေမဲ့

ခါးကိုထိုင်ကြည့်နေတဲ့သူ့ပုံရိပ်ကို

မျက်ဝန်းထောင့်ကနေမြင်ရတာမို့ လူက

အနေခက်လို့မဆုံးသေး ဈေးရောင်းပြီး

လှည့်ကြည့်လိုက်မိတဲ့သူ့အမူအရာက

ခါးကိုတဖျန်းဖျန်းရင်တုန်သွားစေသည်။

ခါးကိုသေချာတစိုက်မတ်မတ်စိုက်ကြည့်ရင်း

သဘောတကျနဲ့အထာပါပါပြုံးနေတာမို့

လူကဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့!!

သူဘာကိုရယ်နေတာလဲ?? ခါးကိုလား??

ဘာလို့လဲ?? ဈေးရောင်းတဲ့ပုံက

ကြည့်ရဆိုးလို့လှောင်ရယ်တာလား??

ခါးကသူ့ကိုမြင်ရင်ရှက်နေလို့ သဘောတကျ

ရယ်နေတာလား?? အဲ့လိုမှမဟုတ်ပဲ

ညကခါးကိုထိတွေ့လိုက်ရလို့ သူ့ကိုယ်သူ

ဂုဏ်ယူတဲ့အနေနဲ့ပြန်အမှတ်ရပြီး

သဘောကျနေဝာာလား??.

ဘာမှန်းမခွဲခြားတတ်တာမို့ ခါး ကောင်တာနား

မသွားရဲသေးပဲနဲ့ အခုပဲရောင်းပြီးပွသွားတဲ့

အဝတ်ပုံနားထိုင်ချကာ တမင်တကာ

အချိန်ဖြုန်းရင်းပြန်ခေါက်နေလိုက်၏။

တကယ်တော့ ဒါကဈေးရောင်းပြီးသွားရင်

ဝတီလုပ်နေကြအလုပ်တွေပါ!!!

ဒါပေမဲ့ အခုနေသူနဲ့မျက်နှာချင်း

မဆိုင်ချင်သေးတာမို့ ခါးဝင်လုပ်တော့

အလိုက်မသိတဲ့ကလေးက ခါးလက်ထဲက

အဝတ်တွေကိုဆွဲယူကာ ခါးကိုထစေ၍

“သွားပါ ဒါတွေကဝတီလုပ်နေကျတွေကို

မမဘာသာ အေးဆေးသွားထိုင်နေ

ဟိုမှာဟိုအစ်ကိုကြီးလဲစောင့်နေတာပဲ..."

ရှေ့နေငှားမှထောင်လုံးလုံးကျဆိုသလို

အရောက်ပို့နေတဲ့ဝတီကြောင့် ခါး

သူ့ကိုငဲ့ကြည့်တော့ လာဆိုတဲ့ပုံနဲ့

ပြုံးဟန်ပြသည်။

ကိုယ့်ပုံရိပ်ကိုတအားကြီးလဲနှိမ့်မချချင်တာမို့

ခါး ကောင်တာသွားကာပိုက်ဆံသိမ်းနေတော့

သူက ကောင်တာပေါ်လက်ထောက်ရင်း

ခါးကိုစိုက်ကြည့်နေတာမို့ ခါးမျက်နှာကို

တည်ထားကာ သူ့ကိုမရဲတရဲပြန်ကြည့်၍

“ဘာလာလုပ်တာလဲ မင်းမှာအလုပ်

မရှိဘူးလား??...."

“ရှိတာကရှိပါတယ် အခုကနားချိန်မို့

တစ်ယောက်သောသူမျက်နှာကိုမြင်ချင်တာနဲ့

တကူးတကလာခဲ့လိုက်တာ...."

“ခိ ခိ...."

ခပ်ကြိတ်ကြိတ်ရယ်သံက ဝတီ့ဆီကမို့

ခါး မျက်နှာတည်လေးနဲ့လှမ်းကြည့်တဲ့အခါ

မျက်နှာပိုးသတ်ရင်း ပြုံးစေ့စေ့နဲ့

ဟိုဘက်လှည့်သွားလေ၏။

ထိုအခါမှ ခါးသူ့ကိုခပ်မာမာကြည့်ကာဖြင့်

မနည်းအားတင်းထားကာ

“မင်းအခုလိုဆိုင်ကိုခဏခဏလာတာ

မကောင်းဘူး...."

“ကောင်းပါတယ် ခါးကိုသဘောကျလို့

ဆိုတာပြောပြီးပြီပဲ ဘယ်နေရာက

မကောင်းတာလဲ??...."

“မင်းနော် အဲ့အကြောင်းထည့်ထည့်မပြောနဲ့

အခုလဲ ဘာကိစ္စမှမရှိရင်ပြန်တော့...."

“ပြန်မှာပါ ခါးကိုဝအောင်ကြည့်ပြီးသွားရင်...."

တကယ်ကိုလက်ပေါက်ကပ်လေးမို့

ခါး မျက်နှာရဲရဲလေးနဲ့ပဲ မရှိရှိတဲ့

အလုပ်လုပ်ရန် စာရင်းစာအုပ်ဖွင့်ရင်း

ဟိုကြည့်ဒီကြည့်လုပ်နေတော့ သူက

ရှေ့ကိုင်းလာရင်းမှ ခါးရဲ့နားနားကို

တိုးကပ်ကာဖြင့်

“အတွင်းခံကျွန်တော့ဆိုဒ်ရှိရင်အားပေးမယ်

ဆိုဒ်သေးတော့မရဘူးနော် ဆိုဒ်ကြီးလောက်မှရမယ်....ရှိတယ်မလား??"

“မင်းနော်....."

“ဟဲဟဲ ဆိုဒ်ကြီးသေချာချန်ထားပေးနော်

နောက်ရက်လာမှတကယ်ဝယ်မယ်......”

နှစ်ကိုယ်တည်းကြားရုံဆိုပေမဲ့

ခါးကတော့ ပူထူစွာနဲ့သူ့ကိုကြည့်လိုက်တဲ့အခါ

ခါးကို မျက်စိတစ်ဖက်မှိတ်ပြရင်း

ဆိုင်ထဲကလှမ်းထွက်သွားသည်။

ထိုအခါမှ ခါး အံလေးကိုကြိတ်မိရင်း

ရှက်စိတ်ဖျောက်လိုက်ရ၏။

တော်တော်‌အပြောရဲတဲ့သူရယ်ပါ!!

🏠🏠🏠🏠

၁နာရီခွဲဆိုင်သိမ်းခါနီးပြီမို့ အားလုံး

သိမ်းဆည်းနေချိန်မှာ ဆိုင်ထဲကိုဧည့်သည်

ဝင်လာဝာာမို့ ခါးမော့ကြည့်လိုက်တော့

ဟိုတစ်နေ့က ခါးကိုဒိန်ချဉ်နဲ့လောင်းတဲ့

တစ်ယောက်!!

သူမကခပ်တည်တည်ပင်ဆိုင်ထဲဝင်လာတာက

ဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုပုံ!

“ဘာများလိုအပ်လို့ပါလဲရှင့်....."

ဝတီကအကြောင်းမသိသူမို့ ရိုရိုသေသေ

ဦးညွှတ်နှုတ်ဆက်တဲ့အခါ နွေသဲမာက

ကောင်မလေးကိုမကြည့်ပဲခပ်ဆတ်ဆတ်

တွန်းထုတ်လိုက်၍ ခါးရှိနေတဲ့

ကောင်တာကိုပဲ တန်းတန်းမတ်မတ်

လျှောက်လှမ်းလာခဲ့လေ၏။

ခါးလဲ မထီမဲ့မြင်အပြုအမူကြောင့်

ဒေါသတွေခေါင်းပြူစပြုလာပြီ

ဖြစ်တဲ့အခါ မျက်နှာထားမာမာနဲ့ပဲသူမကို

ကြည့်ပေးလိုက်တော့ ခါးရှေ့မှာဝင်ထိုင်ကာ

ဆံပင်ကိုဟန်ပါပါသပ်လိုက်၍

“ရှင်ကအပြောခံထားရတာ‌တောင်

အခုထိ ကိုကိုနဲ့ပတ်သတ်နေတုန်းပဲဆိုတော့

ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို

အလေးမထားတာထင်တယ်....."

“ဒီမှာ မင်းတို့နှစ်ယောက်ရဲ့အခြေအနေကို

ငါစိတ်မဝင်စားသလို မင်းရဲ့သာမညကိုလဲ

ငါ့ဘက်ကစကပ်တာမဟုတ်ဘူး မင်းကိုယ့်မြင်းကိုယ်နိုင်အောင်မထိန်းနိုင်ပဲ သူများ

စားကျက်ဆီသွားတော့မှ တရှုးရှုးတရှဲရှဲ

လာလုပ်နေလို့မရဘူး....."

ခါးစကားကြောင့် သူမကဟွန့်ခနဲ

ရယ်ရင်းမှ မျက်နှာထားကိုပြင်ကာ

“ရှင့်ကိုယ်ရှင်စားကျက်ကြီးမှန်းသိရင်

လာစားတဲ့မြင်းကပိုင်ရှင်ရှိလား

မရှိလား အရင်စုံစမ်းရတယ်လေ....

ကျွေးချင်တာတစ်ခုထဲနဲ့ပဲ ဘယ်မြင်းမဆို

ကိုယ့်စားကျက်စီလက်မခံနဲ့ပေါ့....."

“မင်းမိုက်ရိုင်းလှချည်လား??...."

ခါး ဆတ်ခနဲထမိသွားအောင်အထိ

သူမစကားကအဓိပ္ပါယ်သက်ရောက်တာမို့

လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အခါ သူမကပါ

လိုက်ထရင်းမှ ခါး‌ရဲ့ကောင်တာခုံမှာ

လက်နှစ်ဖက်ထောက်၍ ကိုယ်ကိုကိုင်းရင်း

“သူကခဏတာစိတ်လွတ်နေလို့

ဘေးစားကျက်ကိုရောက်ရောက်သွားတာ

အဲ့တော့ သူ့စားကျက်သူပြန်လာဖို့အတွက်

ရှင်ကပဲကူညီပေးနော်....."

ပြောပြီး ပိုက်ဆံအိတ်ထဲကတစ်စုံတစ်ခု

ထုတ်ယူနေတဲ့သူမက ခါးကိုခနဲ့တဲ့တဲ့

ကြည့်ရင်းမှ စားပွဲပေါ်ကို ဓာတ်ပုံတစ်ချို့နဲ့

လက်စွပ်နှစ်ကွင်းတင်ပေးလာ၍

“ရှင့်သိက္ခာရှင်တန်ဖိုးထားတယ်ဆိုရင်

အဲ့ဒီ့သိက္ခာကိုကျွန်မမြင်အောင်ပြနော်

အဲ့တာမှ ကျွန်မမျက်စိနဲ့စိတ်ထဲရှင်ကအငယ်အနှောင်းမဟုတ်တာကိုသတိရမှာ...."

ပြောပြီး အောင်နိုင်သူလိုထွက်သွားတဲ့

သူမကြောင့် ခါးမကြည့်ချင်ပေမဲ့လဲ

ယူကြည့်လိုက်ရတဲ့အခါ

သူနဲ့ထိုကောင်မလေးတို့ရဲ့ စေ့စပ်ပွဲက

ပုံရိပ်တစ်ချို့!!

သု့မျက်နှာကသာမန်ပေမဲ့ တစ်ဖက်က

ခွံ့ကျွေးတာတွေ ယုယတာတွေကို

ကြည်ကြည်ဖြူဖြူနဲ့တော့ခံနေလေ၏။

ပြီးတော့ လက်စွပ်နှစ်ကွင်းကိုခါး

ယူကြည့်မိတဲ့အခါ စေ့စပ်လက်စွပ်

နှစ်ကွင်းဖြစ်ကာ ကြီးတဲ့အကွင်းမှာ NTM

သေးတဲ့အကွင်းမှာက TMN လက်စွပ်တောင်

နာမည်ဖလှယ်ထားကြတာမို့ ခါးဟာ

သူတို့နှစ်ယောက်ကြားမှာ တကယ်ပဲ

ကြားလူဖြစ်နေရတာလား??

အတွေးတို့နဲ့ အံကိုတင်းနေအောင်

ကြိတ်လိုက်မိတဲ့ခါးရဲ့မျက်ဝန်းထဲ

စိတ်တိုမှုကြောင့် မျက်ရည်တွေ

သိပ်သည်းနေတဲ့အခါမှာ!!!

« ရှေ့အခန်း - အပိုင်း၁၉ နောက်အခန်း - အပိုင်း၂၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ