မနေ့က သူမအကူအညီနဲ့လိုတာတွေ
အကုန်ဝယ်ထားပြီးပြီမို့ သူ့အိမ်ဘက်မှာ
ဘော်ဒါတွေရော ချက်ဖို့အတွက်
ငှားထားတဲ့လူတွေရော အစီအရီရောက်နေကြလေသည်။
ညနေခင်းကျွေးမွေးမှာမို့ အခုထဲက
အကုန်ပြီးစီးအောင်လုပ်ထားရမည်။
အမှန်ဆို သူမကိုဆိုင်မထွက်စေပဲနဲ့
သူ့နားမှာထားချင်၏။
ဘာမှပင်ပင်ပန်းပန်းမလုပ်ခိုင်းဘူးမို့
ဒီတိုင်းပဲ ဟိုဟာလုပ် ဒီဟာလုပ်
အမိန့်ပေးနေရင်တောင် သူမအနားမှာ
ရှိနေတဲ့အတွက်သူပျော်ပါသည်။
သို့ပေမဲ့ သူမလဲစီးပွားရေးတစ်ဖက်နဲ့မို့
သူအရမ်းကြီးဇွတ်မတိုက်ချင်ကာ
စောစောလေးပြန်သိမ်းလာလို့တော့
ပူဆာလိုက်မိသေး၏။
“ဟိုမှာ အောင်သူလာပါပြီ...."
ကောင်းကြီးအပြောကြောင့် သာ
ကြက်သွန်ခွာကူရင်းလှည့်ကြည့်တဲ့အခါ
အောင်သူ့ကားအကောင်းစားလေးက
သူတို့အိမ်ရှေ့ရောက်လာခဲ့သည်။
ဒီကောင်ကသူတို့ထက်အလုပ်ပိုရှုပ်တာမို့
အခုလိုတကူးတကကြီးလာပေးရတာ
သာ အားနာလှ၏။
အတွေးတို့နဲ့အောင်သူ့ကိုခပ်ပြုံးပြုံး
လှမ်းကြည့်နေလျက်ကနေ ကားပေါ်က
ထပ်ဆင်းလာတဲ့ နောက်တစ်ယောက်ကြောင့် သူ့မျက်ခုံးတွေတွန့်ချိုးကျသွားရလေ၏။
နွေသဲမာက ခပ်လန်းလန်းဖက်ရှင်မျိုးနဲ့
အောင်သူ့ကားပေါ်ကဆင်းလာကာ
ခြံထဲကိုစတ်ုင်ကျကျလှမ်းဝင်လာသည်။
သို့ပေမဲ့မျက်ဝန်းတွေက ဟိုဘက်အိမ်ကို
အရင်ကြည့်မိတဲ့အခါ အိမ်တံခါးသော့ခတ်ထားတာမို့ ဒီမှာသူမရှိမှန်းရိပ်မိလိုက်၏။
“မင်းဘာလာလုပ်တာလဲ??...."
တစ်ခြားသူတွေတိတ်နေပေမဲ့ သာကတော့
အားမနာတမ်းထမေးတဲ့အခါ သူမက
မျက်နှာတည်တည်နဲ့ပဲ
“ကိုယ့်ရဲ့ဆိုင်သူက ဖွင့်ပွဲလုပ်မယ်ဆိုတော့
အဖက်ဖက်ကကူညီပေးဖို့ရောက်လာတာလေ
ဘာလို့လဲ?? ကိုကိုကသဲလာတာမပျော်ဘူးလား?...."
အားလုံးရှေ့မှာနာမ်စားကြီးတွေထုတ်သုံးတာမို့ သာ စိတ်ပျက်စွာနဲ့ခေါ်လာတဲ့
အောင်သူကိုပဲကြည့်မိတဲ့အခါ အောင်သူက
သူလဲမတတ်နိုင်လို့ပါဆိုပုံနဲ့ ပုခုံးတွန့်ပြသည်။
“ရတယ် ဒီလိုညစ်ပတ်တဲ့နေရာမျိုးမှာ
မင်းရဲ့စတိုင် မင်းရဲ့ပုံနဲ့ ဘာမှကူညီစရာလဲ
ရှိမှာမဟုတ်ဘူး အဲ့တော့ ကိုယ့်ဘာသာကိုယ်
မင်းသမီးလိုပဲ ကျော့ကျော့လေးနေလိုက်တော့...."
သာကစိတ်ပျက်လို့ဘာမှမပြောချင်တော့ပေ!!
ပျော်ရွှင်ရမဲ့နေ့မျိုးမှာ နွေသဲမာကို
တွေ့လိုက်ရတာနဲ့ကို သူ့အပျော်တွေက
ထက်ဝက်မက ပျောက်ဆုံးသွားရပြီ!!
ထို့ကြောင့် ဘေးနားရှိနေတဲ့ကောင်းကြီးက
အလိုက်သိစွာပြောတဲ့အခါ သဲကနင်နဲ့
မဆိုင်ဘူးဆိုပုံနဲ့ မျက်စောင်းထိုးရင်း
သာ့ဘေးကပ်လျက်မှာဝင်ထိုင်ကာ
ကြက်သွန်ယူရင်းခွာရန်ပြင်နေ၏။
သာ ခွာလက်စတစ်လုံးကိုလက်စသတ်ကာ
ထိုနေရာကထ၍ တစ်ခြားလုပ်စရာရှိတာ
လုပ်ရန်ထွက်လာခဲ့သည်။
သို့ပေမဲ့ သူမကသူသွားတဲ့နေရာအကုန်
နောက်ကလိုက်လိုက်လာတာမို့ လူက
ရိုက်သတ်ချင်စိတ်တွေတဖွားဖွားဖြစ်ကာ
လူအများကြီးရှေ့မှာမို့ မအော်မိအောင်
မနည်းချုပ်တီးနေရ၏။
.....
အတိုအထွာတွေအကုန်ပြီးသွားပြီမို့
သာ နွေသဲမာနဲ့ဝေးရာကိုထွက်သွားရန်
ရည်စူးကာ အိမ်ထဲကနေထွက်လာခဲ့သည်။
သဲလဲတစ်ချိန်လုံးလိုက်ကပ်တွယ်နေပေမဲ့
သူမကိုသိသိသာသာရှောင်ကွင်းသွားတဲ့
သု့ကြောင့် စိတ်တို့ကမကြည်မသာ!
သူမကမကောင်းဆိုးဝါးကျနေတာပဲ!!
အားနေရှောင်ဖယ်ရှောင်ဖယ်နဲ့....၊
သာလဲမရှိတော့သည်မို့ ခြံဝန်းကြီးထဲ
သူ့ဘော်ဒါတွေနဲ့ အလုပ်လုပ်နေတဲ့လူတွေပဲ
ရှိသည်ဖြစ်ရာ သဲတစ်ယောက်ထဲ
ကြောင်အမ်းအမ်း!!
အောင်သူကိုကြည့်တော့လဲ မီးမွှေးပြီး
ဟင်းအိုးကြီးအရင်တည်ဖို့ လုပ်ကူနေသည်မို့
သူမနဲ့ဘယ်သူမှအထူးတလည်
စကားမပြောနိုင်!!
နွေသဲမာ အားလုံးကိုဝေ့ဝဲကြည့်ရင်း
သူမကိုမကြိုဆိုဘူးလို့ ခံစားလိုက်ရပေမဲ့
သူမဟာဘယ်တော့မှလွယ်လွယ်နဲ့
အလျော့ပေးတတ်တဲ့သူမဟုတ်တာမို့
ပေရေပြီးတော့ စတိုင်မပျက်ဆက်နေနေလိုက်၏။
ဟွန်း!! သာကသဲကိုပျော့ညံ့တဲ့မိန်းမလို့
ထင်နေတာလား??
နိုးပဲနော် သဲသာပျော့ညံ့ရင် ညကြီးမင်းကြီး
သာ့အိမ်ကိုလာမှာတောင်မဟုတ်ဘူး......။
🏠🏠🏠🏠
ဘော်ဒါတွေကသူ့ကိုယ်စားလုပ်ပေးမည်
ဆိုတာသိတာမို့ သာ သူမရဲ့ဆိုင်ကို
ခြေလျင် ခပ်အေးအေးပဲလျှောက်လာခဲ့သည်။
သူ့စိတ်တွေမကြည်မလင်ဖြစ်နေတာမို့
အခုနေ သူမမျက်နှာလေးမြင်လိုက်ရရင်
အေးချမ်းသွားပေမည်။
သာ ဆိုင်ထဲကိုဝင်ခဲ့တော့ ဖုန်းပြောရက်
တစ်ခုခုကိုချရေးနေတဲ့သူမကိုမြင်လိုက်ရ၏။
ကြည့်လိုက်တိုင်းအမြဲတမ်း အလုပ်နဲ့လက်
မပျက်တာမို့ တစ်ခါတစ်ခါတော့လဲ
အထင်ကြီးမိသား!!
သူမကသူ့ကိုငဲ့ကြည့်လာပေမဲ့ အလုပ်လုပ်နေတာမို့ ဘာမှမဆိုကာ ဘောက်ချာစာရွက်ကို
အကြည့်ပြန်ရွှေ့သွားသည်။
သူတို့သာတွဲနေကြတယ်ဆို သူ့ကို
အရေးမပေးဘူးဆိုပြီးဆိုးနွဲ့လို့ရပေမဲ့
အခုတော့ သူတို့ကဘာမှမသက်ဆိုင်!!
ဟိုဘက်ကပြောသမျှကိုပြန်ဖြေလိုက်
တစ်ခုချင်းစီချရေးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့သူမ!!
ဝတီကတော့ ဘေးမှာဒီတိုင်းလေး
ရပ်နေရင်းမှ နှစ်ယောက်သားရဲ့အခြေနေကို
အကဲခတ်နေမိ၏။
သူမမှန်းတာမမှားရင် ဒီအစ်ကိုကြီးဟာ
ဒို့မမကိုကြိုက်နေတာပါ!!
မနေ့ကလဲ ဝတီ မပြောဖြစ်လိုက်တာက
မမကိုသူခြေထောက်ထိုးခံပြီး သူပဲ
ဝင်ထိန်းပေးလိုက်တာပါပဲ!!
မမသိရင်စိတ်ဆိုးသွားမယ်ဆိုတာသိတာမို့
ဝတီ မြင်လိုက်ပေမဲ့လဲမပြောမိ!!
ဘာလို့ဆို မမနဲ့အဲ့အစ်ကိုကြီးနဲ့တွဲရင်
တော်တော်ကိုလိုက်ဖက်မှာဆိုတာလေ!!
ကလေးအတွေးသဘောတကျနဲ့မို့
ပြောင်စပ်စပ်ဖြစ်နေတဲ့ ဝတီ့မျက်နှာကို
ခါးဖုန်းပြောနေရင်းနဲ့လှမ်းမြင်လိုက်ကာ
တစ်ဖက်ကချသွားတော့မှ ဝတီ့ကို
ခပ်တည်တည်လှမ်းကြည့်လိုက်၍
“ပြောင်စပ်စပ်နဲ့ဘာဖြစ်နေတာလဲ??...."
“ဘာမှမဖြစ်ပါဘူး မမ...."
“မဖြစ်ရင် ဒီစာရွက်လာယူပြီး
အဲ့ထဲကဟာတွေအောက်မှာပုံထား
ပြီးမှ တိုက်ပြီးပြန်ထည့်မယ်...."
သူမလုပ်နေကျမို့ ခါး အသံမာမာနဲ့
ပြောတော့မှ မျက်နှာပိုးသတ်ကာ
စာရွက်လှမ်းယူလေသည်။
အမှန်တော့ ကလေးကပါခါးတို့ကို
ရိသဲ့သဲ့အကြည့်လာကြည့်တာမို့ ရှက်ရမ်းရမ်းမိတာပါ!!
သူကလဲဆိုင်ကိုလာရင်အဲ့လိုပဲလူကို
ဒဲ့ကြီးထိုင်ကြည့်နေတာမို့ မနေတတ်ပေမဲ့
ကိုယ့်အလုပ်ကိုအကြောင်းပြကာ သူ့ကို
ခဏဉပေက္ခာပြုထားလိုက်နိုင်၏။
“ဘာကိစ္စရှိလို့လဲ??...."
“ကိစ္စရှိမှလာရမှာလားဗျာ...."
ထပ်ပြောလိုက်တဲ့စကားကမရိုးမသားမို့
ခါးအကြည့်တွေသူ့ဆီရောက်တော့
ဖြူဖြူစင်စင်ပဲပြုံးပြ၍
“ဟဲဟဲ နည်းနည်းစိတ်ရှုပ်စရာရှိလို့
ခါးမျက်နှာလေးကြည့်ပြီးအမောလာဖြေတာ
အခုတော့ တကယ်အမောပြေသွားတယ်...."
တကယ်လား နောက်တာလားမသဲကွဲပေမဲ့
ခါးကဝောာ့သူ့စကားကြောင့်ရင်ထဲမှာ
သိမ့်ခနဲဖြစ်သွားသည်။
ဒီကောင်လေး ခါးကိုလာကစားနေတာ!
“ဒို့ကိုကြည့်ရုံနဲ့အမောပြေရအောင်
မင်းကအမောစို့စရာတွေ ဘာလုပ်ထားလဲမှ
မသိတာ....”
“ဟာ ကျွန်တော်မလုပ်ပါဘူး အမောစို့စရာက
သူ့ဟာသူတကူးတကရောက်လာတာ
ကျွန်တော်နဲ့လားလားမှမဆိုင်ဘူး...”
“ဟွန်း မင်းလိုလူပြောတာကိုဒို့က
ယုံမယ်မထင်နဲ့ လျှာရိုးမရှိတိုင်း
လျှောက်ပြောနေတာနေမှာပေါ့ ....."
အီစီကလီလာလုပ်နေတာမို့ ခါးလဲ
ပြန်အီပေးလိုက်တော့သူ့မျက်နှာမှိုင်းသွားကာ
ရှေ့ကိုပဲတည့်တည့်လှည့်သွား၍
“ခါးကပါကျွန်တော့ကို စိတ်ဒဏ်ရာတွေ
ပေးနေရင်တော့ ဒီလောကကြီးမှာတောင်
မနေချင်တော့ပါဘူးဗျာ...."
“ဒါဆိုလဲ လောကကြီးကသွားခါနီး
ပြောသွားဦးနော် မနေဖြစ်မဲ့တူတူ
စပေါ်လေးတော့ ပြန်လျော်ချင်လို့....."
“ကယ်....."
ဘာမှဆက်မပြောနိုင်အောင်ပိတ်လိုက်တာမို့
သာပြောပေါက်ပိတ်သွားတော့ သူမက
ပြုံးပြုံးနဲ့အနားကထွက်သွားတဲ့အခါ
သူပါမသိမသာလိုက်ပြုံးမိ၏။
ဘယ် ရင်ထဲမရှိတဲ့စကားတွေလျှောက်ပြောနေတယ်!!
သူမဘက်ကလဲသူ့ကိုသတိထားမိရဲ့သားနဲ့
မသိချင်ယောင်ဆောင်နေတာ!!
ဒါကြောင့် ဒီနေ့ညတော့ သူသတ္တိမွေးပြီး
မရှိသင့်ပဲရှိနေတဲ့ချည်ကြိုးတွေကို
အကုန်ဖျက်တောက်ပြစ်တော့မည်။
______
ဆိုင်သိမ်းချိန်ထိပေကပ်ပြီးနေနေတာမို့
ဒီနေ့တော့ သူ့ကိုလဲလုပ်ကူပေးမည်တွေးကာ
ခါးလဲ မကောင်းတတ်တာနဲ့ စောစောပဲ
သိမ်းလိုက်ရသည်။
12ထိုးလောက်သိမ်းတာတောင် 1ချက်ထိုးလောက်မှပြီးတာမို့ အကုန်ပြီးစီးချိန်
ကလေးကပြန်သွားသလို ခါးနဲ့သူ
ဘေးချင်းယှဉ်ပြီးအိမ်ပြန်လာခဲ့ကြ၏။
ဒီလိုအချိန်ဆိုနေပြင်းသည်မို့ ခါးကတော့
ထီးစောင်းထားသည်ဖြစ်ရာ သူကဘာမှမပါ!!
“ထီးလေးဘာလေးတော့မယူခဲ့ဘူး...."
“မသိပါဘူးဗျာ ဒီလိုလာချင်တာပဲသိတော့
အဲ့တာတွေကျွန်တော်မတွေးမိဘူး..."
ဒါကျတော့လဲခါး ဘာမှပြန်မပြောတတ်တော့!!
ခါးလက်ထဲကထီးဖြူလေးကို တိုးပေးတော့
သူကပြောင်းကိုင်ရင်း ခါးဘက်ကိုပဲ
သိသိသာသာမိုးပေးထားလေသည်။
“ရပါတယ် ကိုယ့်ဘာကိုယ်ပဲလုံအောင်
ဆောင်းပါ...."
“အဟွန်း ကျွန်တော်ကခါးရဲ့အရိပ်ကြောင့်
တစ်ကိုယ်လုံးလုံပြီးသား....."
တွေ့လား ဒီကောင်လေး!!
အနည်းငယ်လှုပ်ရှားသွားတဲ့စိတ်အစဉ်ကြောင့်
နှလုံးသားအား သူကလူရှုပ်လေးဆိုတာ
ပြန်သတိပေးနေရလေ၏။
🏠🏠🏠🏠
အိမ်ရောက်တာနဲ့ ဖုန်းကြည့်နေတဲ့သဲက
ခြံထဲအတူတွဲဝင်လာတဲ့နှစ်ယောက်ကို
မြင်လိုက်ရတဲ့အခါ ဆွေ့ဆွေ့ခုန်သွားရသည်။
“ကိုကိုက သဲကိုထားပြီး ဒီမိန်းမဆီ
သွားနေတာပေါ့လေ...."
မဆင်မချင်ပြောတဲ့သူမစကားကြောင့်
ခါးမျက်နှာပျက်သွားသလို သာမညလဲ
စိတ်တိုသွားရင်းမှ သဲရဲ့ပုခုံးကိုခပ်ဆတ်ဆတ်
ဆုပ်ကိုင်၍
“မင်းကိုယ်မင်းငါ့ကိုပိုင်သလို လာမလုပ်နဲ့
နွေသဲမာ မင်းနဲ့ငါ့ကြားဘာမှမရှိတာ
မင်းသိမှာပါ....."
“အဲ့တာကိုကို့ဘက်ကအပြောပဲလေ
တကယ်တမ်းသဲတို့နှစ်ယောက်ကြား
ဘာဖြစ်ခဲ့လဲဆိုတာ ကိုကိုပဲအသိဆုံးမဟုတ်ဘူးလား?...."
ကြားနေရတဲ့စကားတွေကြောင့် ခါး
သူ့လက်ထဲကထီးဖြူလေးကိုဆွဲယူကာ
အိမ်ဘက်ကိုလျှောက်လာခဲ့၏။
ခါးလဲဘယ်လိုဟာတွေနဲ့လာတွေ့ရမှန်းကိုမသိ!!
တော်တော် စိတ်ပျက်စရာကောင်းတာပါ!
ယောင်္ကျားလေးကဆိုးလားအောင့်မေ့တာ
မိန်းကလေးကအပြောရဲတာ တော်တော်
ဩချစရာပါ....၊
“သူနဲ့ကျွန်တော်ကဘာမှမပတ်သတ်ဘူး....."
သော့ဖွင့်နေတုန်း အနားကိုရောက်လာရင်း
ပြောတဲ့သူ့စကားကို ခါးဘာမှမတုန့်ပြန်!!
လူကိုတောင်ဒီအထိခေါ်ထားပြီးကာမှ
ဘာမှမပတ်သတ်ပါဘူးဆိုပဲ!
ဟွန်း အရူးပြောရင်တောင်ယုံမှာမဟုတ်ဘူး!!
“ခါး အဲ့လိုကြီးမနေပါနဲ့ဗျာ ကျွန်တော်ပြောတာ နည်းနည်းနားထောင်ပါအုံး...."
“မလိုပါဘူးသာမည မင်းနဲ့ဒို့ကြား
အဲ့လောက်အတွင်းကျကျအရာတွေ
ရှင်းပြဖို့လောက်ထိ ဘာအကန့်မှမှရှိမနေတာ၊
မင်းဘာပြောပြောဒို့ကယုံပါတယ်
ဒို့စိတ်ထဲအဲ့ကိစ္စနဲ့ပတ်သတ်ပြီး
ဘယ်လိုစိတ်ခုတာမျိုးမှရှိမနေဘူး
ဟိုတစ်ခါပြောတယ်ဆိုတာလဲအများလူငှာ
မြင်ရတဲ့နေရာကြီးမှာ ဖက်လိုက်နမ်းလိုက်
ဖြစ်နေလို့ အိမ်ရှင်အနေနဲ့
ကိုယ့်အိမ်ရှေ့အဲ့လိုမဖြစ်စေချင်တာ
ဒါကိုတစ်မျိုးတော့မင်းမတွေးလိုက်နဲ့....."
တစ်ခါထဲအပြတ်ပြောရင်း ကျောခိုင်းခဲ့ပေမဲ့
ကိုယ့်စိတ်ထဲမှာတစ်ခုခုကိုအလိုမကျတာ
ခါးကိုယ်တိုင်ပဲသိပေလိမ်မည်။
သာမညလဲ ခါးသူ့ကိုသဘောထား
ပြောင်းလာပြီအောင့်မေ့လို့ ဒီရက်ပိုင်း
ပျော်နေမိပေမဲ့ သူမကတော့အခုလိုရက်စက်စွာဖြတ်တောက်လိုက်တာမို့ လက်မှိုင်ချရင်း
သူ့ဘက်ကိုထွက်လာခဲ့ရ၏။
......
ရေမိုးချိုးပြီးပြန်ထွက်လာတဲ့ခါး
လူတွေရှုပ်နေတာမို့ အိမ်ကိုတော့ရအောင်
သော့ချိတ်ခဲ့ကာဖြင့် ဟိုဘက်ကိုကူးလာခဲ့သည်။
“မမိုး ခါးဘာလုပ်ရအုံးမလဲ??...."
“အကုန်တော့ပြီးပြီငါ့ညီမ အခုကအချဉ်သုပ်အတွက် သခွားသီးခြစ်ရမယ်....."
“အင်း ခါးကိုပေး....."
သွက်လက်သူမို့ ဘာမှတွေးမနေပဲ
လုပ်စရာရှိတာဝင်လုပ်နေတဲ့ခါးကို
သာ ကတော့အမြတ်တနိုးကြည့်နေပေမဲ့
နွေသဲမာကတော့ အတွင်းနှုတ်ခမ်းသား
တွေကိုဖိကိုက်ထားရင်း အမြင်ကပ်စွာ
ကြည့်မိလိုက်၏။
ဒီမိန်းမ တော်တော်မာယာများတာ!!
အိန္ဒြေရှင်လေးဟန်ဆောင်ပြီး ကိုကို့ကို
မြှားနေတာများ!!
သူလိုမိန်းမ ကုတ်ကမြင်းဆိုတာ အပြင်ပန်းက
ကြည့်ရင်တောင်သိတယ်!!
တစ်ယောက်ထဲပူလောင်စွာတွေးနေပေမဲ့
ခါးကတော့ သူမနဲ့ဆန့်ကျင်ဘက်စိတ်ထဲ
ဘာမှမရှိပဲနဲ့ ကိစ္စလေးတွေအမြန်ပြီးအောင်တစ်ဖက်တစ်လမ်းကကူညီပေးမိလေသည်။
အကုန်ရပြီမို့ အချိုရည်ဖျော်ဖို့
လိုအပ်တာတွေသွားဝယ်တဲ့ကောင်းကြီးနဲ့
ကောင်းချစ် ပြန်ရောက်လာကာ
သူတို့အကုန် အအေးဖျော်ဖို့ပြင်ဆင်ကြ၏။
သာလဲ လိုတာဟိုစပ်စပ်ဒီစပ်စပ်လိုက်လုပ်နေတာမို့ အားလုံးထဲ အားပြီးမုဒိတာပွားနေတာ
ဆိုလို့ သဲတစ်ယောက်သာ!!
သူမကိုဘေးမဲ့ပေးထားတာမို့ ဘယ်သူမှ
အရေးတယူမလုပ်ပေမဲ့ သူမကတော့
ခါးဆိုတဲ့မိန်းမကိုဘယ်လိုလုပ်ရင်
ကောင်းမလဲဆိုတာတွေးနေမိလေသည်။
“ရပြီ သခွားသီးလဲရပြီ ကြက်သွန်လဲ
ရေဆေးပြီးပြီဆိုတော့ ဟိုနားက ဒိန်ချဉ်အိုးလေးယူခဲ့ပေးပါအုံး...."
မမိုးကလှမ်းအော်ပေမဲ့ ဘယ်သူမှ
မအားတာမို့ အောင်သူသွားရန်ပြင်တဲ့အခါ
သဲကဒိန်ချဉ်အိုး ယူလာပြီမို့ သူ့ရင်ထဲ
ပီတိတော့ဖြစ်သွားမိ၏။
သူ့မိန်းကလေးကိုများ သာက
ပြောနေလိုက်တာ သဲကစိတ်ကောင်းလေး
ဝင်ရင် လုပ်ပေးပါတယ်....အဲ့လောက်ကြီးလဲ
စိတ်ထားကမဆိုးလှပါဘူး.....။
တစ်ဖက်ကသဲရဲ့စိတ်ထဲမှာတော့
ကိုယ့်အတွေးနဲ့ကိုယ်မို့ကြိတ်ပြုံးလိုက်ကာ
ဒိန်ချဉ်အိုးကို မနိုင့်တနိုင်မရင်း
အော်တောင်းတဲ့မိန်းမကြီးနားရအောင်
မလာခဲ့သည်။
“အို အမေရေ လုပ်ပါဦး မနိုင်တော့ဘူးတော့...."
“အမလေး....."
မမိုးဘေးနားမှာက ခါးကနယ်ကူဖို့
ထိုင်နေတာမို့ သတိမထားမိလိုက်ပေမဲ့
သူမကရည်ရွယ်ချက်ရှိရှိ ခါးထိုင်နေတဲ့
ဘက်ကနေ ပတ်လာရင်း အနားရောက်မှ
လက်ချော်သွားဟန်နဲ့ လွှတ်ချတဲ့အခါ
အချဉ်သုပ်နယ်ဖို့ထားထားတဲ့ဒိန်ချဉ်တွေ
ခါးကိုယ်ပေါ်ကို ဝေါခနဲမှောက်ကျကုန်၏။
အခန်းမှတ်ချက်များ (0)