မနက်ခင်းသူမ မနက်စာလာပို့တာမို့
သာ မျက်နှာမှာရေစက်လက်နဲ့ပဲ
လှမ်းယူလိုက်၏။
သို့ပေမဲ့ ခါးတောင့်တောင့်လေးဖြစ်သွားရတာက ထမင်းလင်ဗန်းကိုလှမ်းယူတဲ့
သူ့ရဲ့လက်က ခါးရဲ့လက်တွေကို
အုပ်ကိုင်လိုက်တာပဲမို့ဖြစ်သည်။
လက်နှစ်ဖက်လုံးနွေးသွားတာမို့
ဖျက်ခနဲလွှတ်ချလိုက်ချင်ပေမဲ့ သူကတင်းတင်းကျပ်ကျပ်ကိုင်ထားတာမို့
လူကလှုပ်လို့မရကာ ဒေါသတွေသာထွက်၍
“လွှတ်လေ....."
“ခဏလေးလေဗျာ ကျွန်တော်လွှတ်လိုက်ရင်
လင်ဗန်းလဲပြုတ်ကျသွားမှာပေါ့
နေပါဦး အရှိန်ယူလိုက်ပါဦးမယ်....."
သူကတအားကိုခက်ခက်ခဲခဲဟန်နဲ့
ခါး လက်ထဲကလင်ဗန်းလေးကိုလက်လွှဲ
ယူနေလေ၏။
ရည်းစားရှိရက်နဲ့ ညကခါးကိုပိုင်နိုင်စွာ
ဆက်ဆံတာမို့ စိတ်တိုနေရက်သားကမှ
အခုလိုရဲရဲတင်းတင်းပြုမူလိုက်တော့
ပိုစိတ်တိုကာ ခါးရင်ဘတ်လေးအနိမ့်အမြင့်
မညီဖြစ်နေရလေသည်။
ဒီကောင်အဲ့လိုပဲမိန်းကလေးတိုင်းကို
အသားယူနေကျလား??
စိတ်ပျက်ပျက်အတွေးတို့နဲ့အတူ
လင်ဗန်းသူ့လက်ထဲရောက်သွားတာနဲ့
သူ့ကိုလဲလှည့်ကြည့်မနေတော့ပဲ
ခါး အိမ်ဘက်ကိုထွက်လာကာ
ထမင်းဆွဲခြင်းနဲ့အိတ်လေးလွယ်လျက်
အိမ်တံခါးသော့ခတ်၍ထွက်လာခဲ့၏။
သာလဲကြည့်နေရက်သားကမှ သူ့ကို
အိမ်သော့မပေးတော့ပဲခပ်ဆတ်ဆတ်
ထွက်သွားတဲ့သူမကြောင့် မျက်နှာတော့
အနည်းငယ်မှိုင်းသွားရလေသည်။
သူနဲ့နွေသဲမာကိုတွဲတွေ့ပြီးထဲက
သူမဟာသူ့ကို အလိုလိုရှောင်နေတတ်တာ!!
ဒါတောင် သူ့ဘက်ကအခုလိုဇယားလေးတွေ
ရှုပ်ထားတာမို့ သူမမျက်နှာကိုမြင်ခွင့်
ရနေသေးတာ မဟုတ်ရင် မနက်ခင်း
သူ မနိုးခင်တောင် သူမဆိုင်ရောက်သွားနိုင်၏။
အတွေးတို့နဲ့အတူ သာ မနက်စာကို
စိတ်မပါစွာစားရင်းမှ သူ့ခေါင်းထဲ
အကြံတစ်ခုတိုးဝင်လာတာမို့ ဖုန်းယူကာ
သူ့ဘော်ဒါတွေကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်လိုက်၍ ဒီနေ့အိမ်ကိုလာရန်
ချိန်းလိုက်သည်။
အရင်ကဆို အောင်သူမပါပေမဲ့ ဟိုတစ်ရက်က
အောင်သူကသူ့တည်နေရာလှမ်းမေးသည်မို့
အခု အောင်သူ့ကိုပါဖုန်းဆက်ကာ သူ့အိမ်ကို
ခေါ်၍ ဘော်ဒါတွေဆုံမည့်အကြောင်း
တိုင်ပင်လိုက်၏။
gym ဖွင့်ပွဲအတွက်သူတို့ကိုအသိပေးရင်း
ဒီနေ့ သူမဆိုင်မှာနည်းနည်းသွားရှုပ်အုံးမည်။
အတွေးတို့နဲ့ကြိတ်ပြုံးလိုက်တဲ့ သာ
လူတရုန်းရုန်းမကြိုက်တဲ့သူမမျက်နှာကို
ပြန်မြင်ယောင်ရင်း သဘောတကျကျ
ဖြစ်သွားမိ၏။
........
အားလုံး ၉ယောက်ရောက်လာကာ
လက်ထဲမှာလဲ ရေမီးအစုံတော့ပါလာသေးသည်။
သူခေါ်ရင်ဘယ်တော့ဘယ်နေရာဖြစ်ဖြစ်
ဒါတွေရအောင်ဝယ်လာတတ်တဲ့သူတို့ကို
တစ်မျိုးတော့သဘောကျ၏။
“ထိုင်ကွာ အောင်သူ ငါ့သူငယ်ချင်း
မင်းကိုလဲမတွေ့ရတာကြာပြီ
မင်းကဟိုတစ်ခါအိမ်လှမ်းမေးပြီးတော့
ဘာလုပ်တာတုန်းကွ ငါကမင်းကိုစောင့်နေတာ....."
အကုန်လုံးညှိပြီးရောက်လာတာမို့
အုပ်လုံးထဲမှာ ပါလာတဲ့အောင်သူကို
မေးလိုက်တဲ့အခါ လက်ထဲကကားသော့
စားပွဲပေါ်ပြစ်တင်ရင်းမှ အခင်းခင်းထားတဲ့
ကြမ်းပြင်မှာပဲပြစ်စလတ်ခတ်ဝင်ထိုင်၍
“ကျစ် အဲ့တာသဲပေါ့ကွာ မင်းကိုမှ
အဆက်အသွယ်မရရင် အခုပဲရှုံးပွဲချငိုတော့မလိုဖြစ်နေလို့ ငါလဲမနေနိုင်တာနဲ့
မင်းကိုဆက်သွယ်ပေးလိုက်တာ....."
“ဘာ ဒါဆို သူဒီတည်နေရာကိုသိသွားတာ
မင်းကြောင့်ပေါ့....."
“အော် မင်းကြောင့်ပေါ့ဆိုတော့ မင်းကမှ
သူဆက်သွယ်တာကိုအရေးမလုပ်တာကွ
အဲ့တော့ငါ့ကိုအပူကပ်တော့ ငါလဲမကြည့်ရက်တာနဲ့ကူညီလိုက်ရတာ....."
အခုမှသိရတဲ့သာကတော့ စိတ်ပျက်လက်ပျက်
ကျစ်သပ်သွားတာမို့ အောင်သူ
သူတို့နှစ်ယောက်ရဲ့ဇယားကို နားမလည်သလိုဖြစ်သွားကာ အိတ်ထဲပါလာတဲ့ဘီယာဘူးကို
ဖောက်၍ တစ်ငုံသောက်လိုက်ရင်း
“နေပါဦး မင်းကသူ့ကိုအသည်းအသန်ရှောင်
သူကမင်းကိုအသည်းအသန်ရှာ မင်းတို့
နှစ်ယောက်ဇယားကဘာလဲကွ....."
အဲ့ဒီ့အကြောင်းကြီး ရင်ထဲမပြောနဲ့
နားထဲရောက်လာရင်ကို အလိုလိုစိတ်ပျက်တာမို့ သူလဲဘီယာတစ်လုံးကောက်ဖောက်၍
မော့လိုက်ရင်းမှ
“အဲ့အကြောင်းပြောရရင် စိတ်ညစ်စရာ
ကောင်းတယ်ကွာ...."
“ဘာတုန်း ပြောစမ်းပါဟ....."
အောင်သူက အလုပ်ကိစ္စတွေရှိတာမို့
ခရီးခဏခဏထွက်နေရတဲ့အပြင်
ဘော်ဒါတွေတရုန်းရုန်းဆိုလဲ သူမပါတာမို့
ဘာဖြစ်ဖြစ် အသိနောက်ကျခဲ့ရ၏။
အခုလဲနည်းတူမေးလိုက်တော့ ကျန်တဲ့သူတွေကသိပြီးသားလိုပုံတွေနဲ့ စိတ်မဝင်စားတော့ကာ သူပဲအသည်းအသန်နားထောင်ရင်းမှ
“ဒီလိုဟေ့ လွန်ခဲ့တဲ့ ၅လလောက်တုန်းက
ညတစ်ည အဲ့နေ့ညကမိုးကလဲ မိုးဆိုမှမိုး!!
ငါလဲအိပ်လို့မပျော်တပျော်ဖြစ်နေတာ
အဲ့အချိန်မှာ အိမ်ရှေ့ကငါ့ကိုအော်ကြီးဟစ်ကျယ်နဲ့ခေါ်နေတာ နားကြားမှားလာဘာလားမသဲကွဲတာနဲ့ ငါလဲခဏနေပေမဲ့
ဆက်တိုက်ခေါ်လို့ သေချာမှသွားကြည့်တော့
ငါ့အိမ်ရှေ့မှာ တကယ့်ကြွက်စုတ်လိုဖြစ်နေတဲ့
နွေသဲမာ....."
အောင်သူကတကယ်ကိုစိတ်ဝင်တစားနဲ့
ဘာဆက်ဖြစ်မလဲဆိုတာ ရင်တထိတိထိတ်
စောင့်စားနေလေရဲ့!!
“ငါ့စိတ်ထဲနည်းနည်းထင့်နေတာမို့
သူ့ကိုအပြင်ထုတ်ပေမဲ့ ဆရာမကအကွက်ချပြီးလာတာတော့ ရုန်းရင်းဆန်ခတ်ဖြစ်အောင်
လုပ်ပြီး ငါတို့နှစ်ယောက်ဖရိုဖရဲဖြစ်နေချိန်
လူကြီးတွေရောက်လာအောင်ဂွင်ဆင်ထားတာ
အဲ့ကျမှ ငါလဲဟာခနဲဘာပြောရမှန်းမသိ!!
သူ့အမေလဲပါလာတော့ ကုလားကားတွေ
ရိုက်ပြတာဟေး...သူ့သမီးလေးကဘယ်သူနဲ့မှ
ဒီလိုတွေမဖြစ်ဖူးလို့ ရင်ကျိုးတော့မှာရော
သူတို့ဂုဏ်သိက္ခာတွေအဖကိဆယ်မရဘူးတွေရော စုံနေတာပဲ ငါလဲအဲ့တာနဲ့ပဲသူ့ကို
တာဝန်ယူပေးတဲ့အနေနဲ့ စေ့စပ်လိုက်ရတာ....ဒါတောင် သူ့အမေကြီးက
လက်ထပ်ဖို့အထိပါအတင်းပြောနေတာနဲ့
ငါနဲ့စစ်တိုက်လိုက်ရသေးတယ် ဟုတ်တယ်လေ အားမနာနိုင်ပါဘူး သူ့အိမ်ကိုငါသွားပြီး
ညကြီးမင်းကြီးဒီလိုဖြစ်ပျက်နေတယ်ဆိုထား၊
အခုကသူကိုယ်တိုင်ကငါ့အိမ်လာပြီး
နှငိထုတ်တာတောင် မသွားရဲလို့ဆိုတဲ့အကြောင်းပြချက်နဲ့ငါ့အရှက်ကိုခွဲခဲ့တဲ့
သူ့ကို ဘာအကြောင်းနဲ့မှ
အားနာပါးနာနဲ့မယူနိုင်ပါဘူး နွေသဲမာအဲ့လောက် မာယာများမှန်းငါအခုမှသိတော့တယ်....."
ပြောပြီး တစ်ငုံထပ်မော့တဲ့သာ့ရဲ့ရင်ထဲ
အဲ့နေ့ညက လူကြီးတွေရှေ့ရောက်သွားတဲ့
အခြေအနေကိုပြန်တွေးမိလိုက်တာမို့
ရင်ထဲပူဆင်းသွားပေမဲ့ တစ်ဖက်က
အောင်သူမှာလဲ ဝေခွဲမရဖြစ်သွားကာ သာ့ကို
မရဲတရဲပြန်ကြည့်လိုက်၍
“ဒါဆိုအဲ့နေ့ညက သူကဂွင်ဆင်ပြီးမင်းကို
အပိုင်သိမ်းချင်နေတာပေါ့ ဒါမို့လူကြီးတွေကို
အဲ့အိမ်ထိခေါ်ပြီး နှစ်ပေါက်တစ်ပေါက်
ရိုက်လိုက်တာပေါ့လေ....."
“အေးဆိုကွာ....."
“ဟေ့ရောင် ဟုတ်ပါ့မလားသာ...ရ??
သူကမိန်းကလေးလေကွာ သူ့သိက္ခာသူ
ချနင်းပြီးတော့ အဲ့လိုကြီးလုပ်ပါ့မလားကွ
မင်းဘာသာမင်း သူ့ကိုအမြင်မကြည်တာနဲ့
ရောပြီးစိတ်ထင်တာရောမဖြစ်နိုင်ဘူးလား??...."
အောင်သူ့စကားကြောင့် သာလက်ထဲက
ကုန်သွားတဲ့ဗူးခွံကိုပြစ်ချကာ စိတ်ပျက်လက်ပျက်မျက်နှာလွှဲ၍
“အဲ့ဒီ့မိန်းကလေးက ပိုကြောက်ဖို့
ကောင်းတာဟေး သူ့သိက္ခာသူငဲ့ရင်အဲ့ညက
ငါ့ဆီလာမှာတောင်မဟုတ်ဘူး....
မင်းသူ့မာယာတွေကိုမသိသေးလို့:
ဒီလိုထင်နေတာအောင်သူရ... တစ်ခါတစ်လေ
ငါ့ကိုပိုင်ဆိုးချင်နေတဲ့သူ့ရဲ့မူယာမာယာတွေကို မင်းကို “ရော့အင့်” ဆိုပြီးယူပြလိုက်လို့
ရရင်တောင် ငါပြလိုက်ချင်တယ်....."
ရင့်ရင့်သီးသီးပြောနေတဲ့သာကတော့
ဒေါသတွေရောပါနေပေမဲ့ နားထောင်နေရတဲ့
အောင်သူမှာတော့ သူ့နားသူဟုတ်မဟုတ်
စစ်ဆေးနေရ၏။
အခုသာပြောတဲ့အကြောင်းတွေက
ဟုတ်ရောဟုတ်ရဲ့လား??
.......
ခဏအမောဖြေပြီးတာနဲ့ သူတို့မြို့ထဲက
သူမဆိုင်ကို ကားနဲ့ထွက်လာခဲ့လိုက်သည်။
“ဟျောင့် ဒါမင်းဘေးအိမ်က မမရဲ့
ဆိုင်လားကွ...."
“အေ မင်းတို့ကောင်တွေ ကိုယ့်အိန္ဒြေ
ကိုယ်ထိန်းကြနော် မင်းတို့ကိုပြချင်လွန်းလို့သာပြရတာ သူကလူတွေရှုပ်ရှုပ်ရှက်ရှက်
သိပ်ကြိုက်တာမဟုတ်ဘူး.....”
“ကျစ် သိပါတယ်ကွ ဒီစကားမှာနေတာ
ငါတို့နားထဲမှာ ခေါင်းလောင်းထိုးနေပြီ...
ရပြီ သာမန်လောက်ပဲဆက်ဆံ...."
မဲ့ရွဲ့ပြောတာမို့ သာပြုံးရင်း
သူမဆိုင်ရှေ့မှာ သူတို့ကားနှစ်စီး
ထိုးရပ်ကာဖြင့် သူကပဲဦးအောင်ဆိုင်ထဲ
ဝင်လာခဲ့လိုက်တော့ ဘောက်ချာရေးနေတဲ့
သူမကမော့ကြည့်လာရင်း သူ့လဲမြင်ရော
မျက်နှာတင်းသွားလေ၏။
ဟောဗျာ အသားလွတ်ကြီး!!
သူ့ကိုမြင်ရင်ကိုတင်းမာနေတာမို့
သာ အားမလိုအားမရနဲ့ သူမနားတိုးသွားကာ
ကောင်တာရှေ့ခုံမှာဝင်ထိုင်ကာဖြင့်
“အဲ့လိုကြီးမဆက်ဆံပါနဲ့ဗျာ ကျွန်တော်က
ဘော်ဒါတွေကိုခေါ်လာပေးတာ
ခါးကိုအားပေးရအောင်လို့.....”
“မလိုပါဘူး ဒို့ဟာဒို့လဲလောက်ငှအောင်
ရောင်းရတယ်....."
တည့်တည့်ကြီးပြောတာမို့ သာတောင်
ပြောစကားပျောက်သွားရသည်။
“ဟာ အစ်မ မင်္ဂလာပါ သာ့ရဲ့အိမ်ရှင်ထင်တယ်...."
ပါးစပ်သွက်သူတွေမို့ ရွှင်ရွှင်မြူးမြူး
နှုတ်ဆက်ပေမဲ့ သူမကတော့
သာမန်လောက်ပဲ ခေါင်းညိမ့်ပြကာ
အောက်ပြန်ငုံ့သွား၍
“သမီး ဝတီ ဧည့်သည်တွေကို
သေချာရောင်းပေးလိုက်ဦး...."
ဒီတိုင်းဆို ခါးပါထရောင်းမလို့ပေမဲ့
သူ့ဘော်ဒါတွေဆိုတာမို့ တမင်ပေရေပြီး
အခုပဲခါးဆီကအော်ဒါလှမ်းမှာထားတဲ့
ဘောင်ချာစာရင်းကို တွက်နေလိုက်၏။
ခါးပြောတာလဲအမှန်ပါ!!
ခါးမှာကိုယ့်မိတ်နဲ့ကိုယ် ပြန်ရောင်းဖောက်သည်တွေလဲရှိသည်မို့ တစ်ရက်တစ်ရက်
အရောင်းဝယ် လေးငါးသိန်းအထက်မှာရှိသည်ဖြစ်ရာ အဲ့လောက်ကြီးအပူတပြင်း
ဈေးရောင်းရဖို့တော့မလို!!
ဒါပေမဲ့ ထပ်တိုးရောင်းရတော့လဲမဆိုးသည်မို့
သူ့ကိုနည်းနည်းတော့ကျေးဇူးတင်မိသည်။
သူ့ဘော်ဒါတွေက ယောင်္ကျားလေးဝတ်တွေ
လိုက်ကြည့်နေပေမဲ့ သာကတော့
သူမမျက်နှာကိုပဲအကဲခတ်သလို
ကြည့်နေတဲ့အခါ သူမကခေါင်းမာစွာ
မျက်နှာငဲ့ကြည့်မလာပဲ အေးစက်စွာဖြင့်
စာရင်းကိုရအောင်လုပ်နေလေ၏။
ဝတီကတော့ ခပ်ချောချောအစ်ကိုကြီးတွေ
အများကြီးကိုရောင်းရတာမို့ သွားအဖြဲသားနဲ့
ဝိုင်းဝိုင်းလည်နေသည်။
သူ့ဘော်ဒါတွေကလဲ ပါးစပ်ရဲတာမို့
ဝတီကို ရိသဲ့သဲ့နောက်ကာရယ်ကြနှင့်
ဆိုင်ထဲဆူညံလို့နေ၏။
“မမ ကျွန်တော့ကို ဟိုတီရှပ်လေး
ဖြုတ်ပြလို့ရလားဟင်....."
ကောင်းချစ်က ငြိမ်နေတဲ့ခါးဘက်ကို
ဦးတည်ကာစလာပြီမို့ သာမျက်နှာ
တင်းသွားရင်း မျက်နှာရိပ်ပြတော့
သူ့ကိုအဖက်မလုပ်ပဲနဲ့သူမဘက်ကိုပြန်
ဦးတည်ကာ အပေါ်မှာချိတ်ထားတဲ့တီရှပ်ကို
ရအောင်ဖြုတ်ခိုင်းနေသည်။
“အင်း...."
မဖြုတ်ပေးချင်ပေမဲ့ မိစပ်စလူးက
ယောင်္ကျားလေးတရုန်းရုန်းနဲ့ သွားဖြဲနေတာမို့
သူမခေါ်တာလဲကြားမည်မထင်ကာ ကိုယ်တိုင်ပဲထဖြုတ်ရတော့ပေ၏။
“အို အမေ့....."
သာ သူမထဖြုတ်မည်ဆိုးတာမို့
တမင်တကာ မသိမသာလေးနဲ့
သူမခြေထောက်ရှေ့ ခြေထိုးခံလိုက်တော့
သူမကလဲကျမလိုဖြစ်သွားတဲ့အခါ
လူစွမ်းကောင်းဝင်လုပ်လိုက်သည်။
တစ်ဆိုင်လုံးတိတ်ကျသွားသလို
အားလုံးအကြည့် ခါးတို့ဆီရောက်လာသည်မို့
ခါး မြန်မြန်သူ့လက်ထဲကရုန်းထွက်ကာ
ဘေးထွက်ရပ်လိုက်၏။
ထိုအခါမှ အထာသိတဲ့သူငယ်ချင်းတွေ
ပြုံးစေ့စေ့ဖြစ်ကုန်ကာ သာလဲအထာကျကျ
ပြုံး၍ ကောင်းချစ်ပြတဲ့တီရှပ်ကို
တုတ်တံရှည်နဲ့လှမ်းဖြုတ်ကာ လက်ထဲ
ထိုးပေးလျက်
“ဒါလား ရော့ မြေနိုးလေး မင်းလုပ်လို့
ခါးပြုတ်ကျတော့မလို့....."
သူပဲလုပ်လိုက်တာကို ကောင်းချစ်
မြင်တာမို့ သာ့ကိုအသံတိတ်ကျိန်ဆဲတော့
သာက မျက်စိမှိတ်ပြရင်း သွားဖြီးနေလေသည်။
....
“ကယ် အားလုံးပြီးပြီဆိုတော့
ပြန်ကြရအောင်...."
ကောင်းကြီး စကားခံလိုက်တော့
အားလုံးအလျှိုလျှို ထွက်သွားကုန်ကာ
သာတစ်ယောကိပဲဆိုင်ထဲကျန်ခဲ့၏။
ကောင်တာမှာထိုင်နေဆဲဖြစ်တဲ့ ခါးကို
ပြုံးစေ့စေ့နဲ့စိုက်ကြည့်ကာဖြင့်
“ခါးကိုလာပြီးအားပေးသွားတာမို့
ကျွန်တော့ကို အေးစက်စက်
မဆက်ဆံနဲ့တော့နော် ပြန်တော့မယ်...."
ကလေးငယ်တစ်ယောက်လိုတောင်းဆိုရင်း
ထွက်သွားတာမို့ ခါး အခုမှရင်တုန်တာ
ပျောက်ကာ သက်ပြင်းချမိသည်။
သူတို့အကုန်လုံးပေါင်း ၃ ၄သိန်းဖိုးလောက်
အားပေးသွားပေမဲ့ ခါးကတော့အဲ့တာနဲ့မတန်
ဖျဉ်းခနဲခံစားလိုက်ရလေ၏။
ဘယ်သူ့ခြေထောက်နဲ့များခိုက်မိတာလဲ??
အင်္ကျီဖြုတ်ခိုင်းတဲ့ကောင်လေးလား?
ဒါမှမဟုတ် သာမညလား??
ဝေခွဲမရ အစောကအဖြစ်ကိုပြန်တွေးမိတိုင်း
ရင်ထဲတလှပ်လှပ်နဲ့ ခါး ရင်တုန်တာကို
ဖျောက်လို့မရပဲရှိနေရသည်။
အခန်းမှတ်ချက်များ (0)