Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၁၃

မနက်ခင်းကသာယာသလို ကျေးငှက်တို့ရဲ့

တေးသီသံတစီစီကြောင့် ခါးရဲ့မျက်ဝန်းတို့

ပွင့်လာခဲ့ရသည်။

တလူလူလွင့်နေတဲ့လိုက်ကာနောက်က

ရောင်ခြည်ဖြာတဲ့ ပတ်ဝန်းကျင်ကိုကြည့်ရင်း

သဘောတကျ ပြုံးလိုက်မိလေ၏။

မနက်ခင်းမှာအဲ့လိုသာယာတဲ့ရာသီဉတုနဲ့

နိုးထလိုက်ရရင် အလိုလိုအားရှိသွားတာပါ!!

“ဟင်....."

အကြောဆန့်တုန်းရှိသေးကိစ္စတစ်ခု

ခေါင်းထဲရောက်လာတာမို့ ခါး

ဟင်ခနဲ ကုတင်ပေါ်ကထထိုင်လိုက်မိသည်။

ခါး ခါးဘယ်လိုလုပ်ပြီးကုတင်ပေါ်

ရောက်နေရပြန်တာလဲ??

အတွေးတို့နဲ့အတူ ညကအခြေအနေကို

ပြန်ပြီးစဉ်းစားကြည့်မိလေ၏။

ခါးဟာညက ဇာတ်ကားကြည့်ရင်းမှ

တဖြေးဖြေးအိပ်ချင်လာတာမို့

အိပ်ရန်ပြင်ပေမဲ့ အဖော်မက်တဲ့သူက

မပြန်သေးတာမို့ လူကအနေခက်နေရသည်။

တီဗီကလဲဇာတ်ကားပြီးပြီမို့ နောက်ထပ်

လာတဲ့ဇာတ်ကားတွေကိုမကြိုက်ကာ

တီဗီလှမ်းပိတ်ရင်း ဘာဆက်လုပ်ရမယ်မသိ!!

သူ့ကိုလှည့်ကြည့်တော့ ဖုန်းကိုပဲအာရုံစိုက်ကာ

ဘာတွေလုပ်နေသည်တော့မသိ!!

ခါး တစ်ယောက်ထဲအို့တို့အန်းတန်း

ဖြစ်နေတာမို့ အလုပ်မရှိပဲဘေးနားရှိတဲ့ဖုန်းကို

ဖွင့်ကာဘာရယ်မဟုတ်ကြည့်နေတော့

နဂိုအိပ်ချင်နေတာမို့ လူကငိုက်ကာ

ဖုန်းကလက်ထဲကထွက်ကျတာခဏခဏ!!

“အိပ်ချင်နေပြီနဲ့တူတယ်....."

“ဟုတ်တယ်....."

မေးလာချိန် စက္ကန့်မခြားအမြန်ဖြေလိုက်ပေမဲ့

သူကရယ်လျက်သားနဲ့ဖုန်းဆီအာရုံ

ပြန်ရောက်သွားတာမို့ ခါး စိတ်ညစ်သွားကာ

ဖုန်းပြန်ကောက်ရင်း အာရုံထည့်ဖို့

ကြိုးစားလိုက်ပေမဲ့ ဖုန်းကိုလက်နဲ့

ရွှေ့ရင်း ရွှေ့ရင်းနဲ့ကို အောက်ကိုတဖြေးဖြေး

လျော့ကျသွားရင်း ခါးလဲဆိုဖာမှာမှီနွဲ့ကာ

အိပ်ပျော်သွားရသည်။

ထိုအခါ သူမပုံတွေကို edit တာပြီးသွားတဲ့

သာတစ်ယောက် ညောင်းညောင်းနဲ့

အကြောဆန့်ရင်းဘေးနားကိုအကြည့်

ရောက်တဲ့အခါ ခွေခွေလေးဖြစ်မတတ်

အိပ်ပျော်နေတဲ့သူမကိုမြင်လိုက်ရ၏။

သူလဲအခုမှသတိထားမိတာမို့

အကြာကြီးနေမိတဲ့ကိုယ့်ဘာသာကိုယ်

အပြစ်တင်မိရင်းမှ ဖုန်းဘေးနားချကာဖြင့်

သူမထိုင်နေတဲ့နားတိုးသွားမိသည်။

အသက်ရှုသံမျှင်းမျှင်းလေးနဲ့အိပ်ပျော်နေတဲ့

သူမပုံရိပ်လေးက သူ့ကိုအသည်းယားစေ၏။

သာ ပုခုံးလေးကနေအသာဆွဲယူကာ

ပွေ့ချီလိုက်တော့ သူမကနည်းနည်းလေး

လှုပ်သွားရင်းမှ ပြန်ညိမ်သက်သွား၍

သူ့ရင်ဘတ်ပေါ်ခေါင်းလေးမှီနွဲ့လာသည်။

သာ ရင်ခုန်သံတဒိတ်ဒိတ်နဲ့သူမကိုအခန်းထဲ

ခေါ်လာခဲ့ရင်းမှ မွေ့ယာပေါ်ချပေးကာ

စောင်စဆွဲခြုံပေးလိုက်၏။

ပြတင်းပေါက်ကနေလိုက်ကာတလူလူ

ဖြစ်နေတာမို့ တစ်ခြမ်းတော့ပိတ်ကာ

တစ်ခြမ်းကိုခပ်ဟဟလေးထားပေးလိုက်သည်။

မနေသင့်မှန်းသိပေမဲ့လဲ အိပ်နေတဲ့

သူမဘေးနားထိုင်ကာဖြင့် နှဖူးပေါ်

ဝေ့ဝဲကျနေတဲ့ဆံပင်လေးကိုသပ်ပေးကာ

မေးရိုးလေးကိုအမြတ်တနိုးကိုင်လိုက်မိ၏။

မသိစိတ်ထဲကပိုင်ဆိုင်ချင်ပေမဲ့

လက်တွေ့မှာတော့ သူ့မှာချည်ကြိုးတွေ

ရှိနေတာမို့ အရင်ဆုံးပြသနာတွေကို

ဖြေရှင်းဖို့တော့လိုပေမည်။

နီဖျော့ဖျော့အရောင်ရှိတဲ့နှုတ်ခမ်းပါးလေးကို

ခွင့်ပြုချက်မရပဲနဲ့ ဒုတိယအကြိမ်

စတေးချမိ၏။

ဒီတစ်ခါတော့ ပထမတစ်ခါလို

စက္ကန့်ပိုင်းမဟုတ်ပဲ မိနစ်ပိုင်းလောက်ထိ

ထိရုံထိကပ်ထားမိသည်။

ပြန်ခွာလိုက်တဲ့အချိန် သာမန်တိုင်းကျန်ခဲ့တဲ့

နှုတ်ခမ်းလေးကိုနှမြှောတသသ

ကြည့်နေမိပေမဲ့ သူလဲဘာမှမတတ်နိုင်သည်မို့

စိတ်လျော့ကာဖြင့် အခန်းထဲကထွက်ကာ

သူမအိမ်ကိုသေချာစေ့ပေးခဲ့ရင်းမှ

သူထွက်လာခဲ့၏။

.....

ခါး ညကသူ့ကိုစောင့်နေရင်းနဲ့ကို

ရုတ်တရက်ကြီးအိပ်ပျော်သွားတာက

ခုံပေါ်မှာပင်!!

သို့ပေမဲ့ နိုးတော့အိပ်ယာပေါ်

ရောက်နေတာက!!

ဆက်မတွေးနိုင်တော့တာမို့ မျက်နှာလေး

နွေးရက်သားနဲ့တင် ကုတင်ပေါ်ကထကာ

ရေမိုးချိုးရန်ပြင်ဆင်လိုက်သည်။

ခါးဘာသာ တစ်ရေးနိုးတော့အိပ်ယာထဲ

လာမိတာနေမှာပါ!!

လက်လွတ်စပယ်အိပ်အိပ်သွားတတ်တဲ့

ကိုယ့်ဘာသာပဲစိတ်တိုချင်၏။

သေချာတယ် ခါးအိပ်ပျော်သွားတာက

သူမပြန်ခင်လေးကဆိုတာ!!

သနပ်ခါးလိမ်းနေပေမဲ့စိတ်ကမပါ!!

ထမင်းအိုးငှဲ့ရင်းမှ သူ့အတွက်ဟင်း

ထည့်ချက်ပေးရမည်ကိုသတိရကာ

ခါး သက်ပြင်းချမိသည်။

လူတစ်ယောက်စရိတ်ကမသေးတာကို

ခါးက ငွေတစ်မျက်နှာထဲနဲ့ခေါင်းညိမ့်မိပြီ!!

ဒီတိုင်းဆို ကိုယ့်ဘာသာစားချင်ရင်စား

မစားချင်ရင်နေ လုပ်လို့ရပေမဲ့

အခုတော့ သူ့အတွက်တကူးတက

အားလဲချက် မအားလဲချက်ပေးရတော့မည်။

မနက်စာကိုတော့ မလုပ်တတ်တော့သည်မို့

ထမင်းပူနဲ့ ကြက်ဉတစ်လုံးကြော်‌ပေးကာ

ရှိနေတဲ့ ငါးရံ့ခြောက်ဖုတ်ဘူးကိုယူ၍

သူ့အိမ်ဘက်ထွက်လာခဲ့၏။

“သာမည.....သာမည....."

နှစ်ခါမျှခေါ်ပြီးချိန် အိမ်ထဲကနေ

စွပ်ကျယ်ဝတ်လက်စတန်းလန်းနဲ့

သူထွက်လာလေသည်။

ခါး ရုတ်တရက် အပေါ်ဗလာလို

ဖြစ်နေတဲ့သူ့ကိုယ်လုံးကြောင့် မျက်နှာလေး

ရဲသွားရသလို တစ်ကိုယ်လုံးရှိန်းသွားရ၏။

သူကတော့ ခပ်တည်တည်ပဲအနားကို

ရောက်လာရင်းမှ လက်ထဲကပေါင်းအိုးသေးလေးနဲ့ ပန်းကန်တွေကိုဝေ့ကြည့်ကာဖြင့်

“ကျွန်တော့အတွက်လား??....."

“ဟုတ်တယ်လေ မင်းအတွက်သုံးနပ်လုံး

တာဝန်ယူထားမှတော့ ဒို့ကဒီလောက်တော့

လုပ်ပေးရမှာပေါ့.....”

ထိုအခါမှ ပြုံးတုံ့တုံ့နဲ့သူက ခါးလက်ထဲက

ထမင်းအိုးကိုလှမ်းယူလေသည်။

ထမင်းအိုးသေးလေးရဲ့အဖုံးကို

ပက်လက်လှန်ထားတာမို့ အထဲမှာ

ငါးခြောက်ဖုတ်ဘူးလေးနဲ့ ကြက်ဉကြော်

ပန်းကန်ကိုတင်ထား၏။

“ကျွန်တော် စားပြီးတော့ထမင်းအိုးကို

ဟိုဘက်မှာပြန်ထားပေးထားမယ်နော်...."

“ရတယ် စားနိုင်သလောက်စားပြီးတော့

ဟိုဘက်အိမ်မှာပြန်ထားပေး သော့က

ခတ်ထားလဲရတယ် မခတ်ထားလဲရတယ်

ဒီမှာ....."

လက်ထဲကိုသော့တွဲ တိတိကျကျ

ထည့်ပေးတာမို့ သာပျော်သွားတော့

သူမက တစ်ခုခုကိုအတည်ပြုနေပုံလေးနဲ့ပဲ

သူ့နားက ထမင်းချိုင့်လေးကိုင်ရက်သားနဲ့

လှမ်းထွက်သွားသည်။

သာ သူမကြော်ထားပေးခဲ့တဲ့

ကြက်ဉကြော်နဲ့ ငါးခြောက်ဖုတ်လေးစားကာ

မနက်ခင်းကို အရသာရှိရှိဖြတ်သန်းလိုက်လေ၏။

🏠🏠🏠🏠

နေ့လည်ရောက်ပြီမို့ ခါတိုင်းဆိုအပူမရှိတဲ့

ခါး သူ့အတွက်အတွေးထဲရောက်ကာ

ဘေးအိတ်လေးလွယ်ရင်းမှ ဟင်းချက်စရာ

ဝယ်ဖို့အတွက်ထွက်လာခဲ့မိသည်။

ပုဇွန်ထုပ်လေးတွေတွေ့တာမို့ ခါး

ဝယ်လိုက်တဲ့အခါ တစ်ဆယ်သားကို

၅၀၀၀ တဲ့!!

ဈေးများပေမဲ့ စေတနာမပါပဲလဲ

မကျွေးချင်တာမို့ ခါးဝယ်လိုက်ကာ

တစ်ခြား အရံဟင်းအတွက် ဟိုတို့တို့

ဒီတို့တို့ဝယ်တာနဲ့ တစ်သောင်းဟာ

စုန်းစုန်းမြုပ်!!

ဒီကြားထဲ ရာသီပေါ်သီးနှံလေးတွေ

ဝယ်တာနဲ့တင် ခါးပါအိတ်စိုက်ရသေး၏။

အော် မိခါးရေ နင်ရှည်မိတာဟေး!!

ခြင်းလေးနဲ့အပြည့်ဝယ်ထည့်ပြီးနောက်

ခါးဆိုင်ကိုပြန်ရောက်လာရသည်။

“မမ သမီးဒီမှာရောင်းထားတာတွေ.....

ဒါက စပို့ရှပ် ၁၆၀၀၀ နဲ့တစ်ထည်

ဒါက ဂျင်းပင်န်တို ၃၅၀၀၀ နဲ့

ဒီဟာက underwear 2XL ဆိုဒ် ၆၀၀၀ နဲ့တစ်ထည် အားလုံး၅၇၀၀၀ မမ"

“အေးအေး သမီး....."

ယုံရတဲ့ကလေးမို့ ခါးအထူးတလည်

မေးမနေပေမဲ့ သူမဘာသာသူမ

သိတတ်စွာနဲ့ထုတ်ပြောတာမို့ ခါး

ပြုံးလိုက်ရင်းမှ နာရီကြည့်လိုက်တော့

၁နာရီထိုးခါနီးနေပြီ!!

ခါး ဆိုင်မှာပဲနေရင်းမှ ဝယ်လာတဲ့ပုဇွန်ကို

အပြီးသတ်အခွံခွာသန့်စင်လိုက်၍

အိမ်ရောက်ရင်ချက်ဖို့အားလုံးအဆင်သင့်

ပြင်ဆင်ထားလိုက်၏။

အစောကြီးတော့မသိမ်းနိုင်သည်မို့

အိမ်ရောက်ရင်တန်းပြီးချက်လို့ရအောင်တော့

အကုန်အဆင်သင့်လုပ်ထားလိုက်သည်။

နာရီတကြည့်ကြည့်နဲ့ နောက်ဆုံးလူလဲ

ရှင်းနေသည်မို့ ခါး ၂နာရီထိုးမှာသိမ်းလိုက်၏။

မနေ့ကလိုစီသိမ်းစရာသိပ်မများသည်မို့

ကလေးသိမ်းတော့ ၃နာရီထိုးခါနီးမှာ

အကုန်ပြီးစီးသွားသည်။

ခါး သော့ခတ်သိမ်းဆည်းရင်း ဘေးအိတ်လေး လွယ်ကာ ဆွဲခြင်းလေးတစ်ဖက်နဲ့

အိမ်ပြန်လာခဲ့၏။

ဟိုဘက်အိမ်ထဲမှာတော့ လူတွေတရုန်းရုန်းမို့

အရင်လို လူသိပ်မများတဲ့ခြံက အခုတော့

ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ရှုပ်ကာ

ဆူညံသံတွေလဲများပြားနေသည်။

ခါး မလိုလားပေမဲ့လဲမတတ်နိုင်တော့သည်မို့

အိမ်သော့ဖွင့်ရန်ကြံတော့ သော့ကိုဟိုဘက်မှာ

ပေးခဲ့တာကိုသတိရကာ ကျစ်သပ်မိ၏။

မသွားချင်ပါဘူးဆိုမှ!!

ခါး စိတ်ပျက်ပျက်နဲ့ပဲဟိုဘက်အိမ်ရှေ့

ရောက်လာတဲ့အခါ လူစုံတက်စုံမို့

အိမ်ရှေ့ရောက်လာတဲ့ မြန်မာဝမ်းဆက်လေးနဲ့

လှပကျော့ရှင်းနေသော ခါးဆီကို

မျက်ဝန်းတွေရောက်လာကြကုန်သည်။

ချွေးသံတရွှဲရွှဲပေမဲ့ ကြည့်ရဆိုးမနေပဲ

အကုန်လုံးစတိုင်ကျကျဖြစ်နေတဲ့

လူငယ်တွေရဲ့မျက်စိတွေက ခါးဆီကို

အထာကျကျ ကျရောက်လာတာမို့

လူကပူထူသွားပေမဲ့ အားတင်းရင်းမှ

“သာမည....”

ခါးလှမ်းခေါ်လိုက်တော့ နည်းပြပေးနေတဲ့

သူက ချွေးစတစ်ချို့နဲ့အတူ

လှည့်ကြည့်လာရင်းမှ ခါးကိုလဲမြင်ရော

အနားကိုအပြေးရောက်လာ၍

“ဘာဖြစ်လို့လဲ??...."

“အိမ်သော့...."

ခါးပြောလိုက်မှသူက ခပ်ပြုံးပြုံးဖြင့်

အိမ်ထဲပြန်ဝင်သွား၏။

သို့ပေမဲ့ အကုန်လုံးကခါးကိုပဲ

တပြူးတပြဲကြည့်နေကြသေးတာမို့

ခါး မျက်နှာလွှဲလိုက်ရင်းမှ အိမ်ရှေ့ကနေ

နည်းနည်းခွာရပ်လိုက်သည်။

သက်ပြင်းချရုံရှိသေး သူကသော့

လာပေး‌တာမို့ ခါးယူကာ သူ့ကိုကြည့်လိုက်ရင်းမှ

“ဗိုက်မဆာသေးဘူးမလား အခုမှ

ဆိုင်သိမ်းလာတာဆိုတော့ ဟင်းကမချက်ရသေးဘူး...."

“အာ ရတယ်ရတယ် ကျွန်တော်လဲအခုနေ

မအားသေးဘူးဆိုတော့ ခါးဘာသာ

အေးဆေးချက်...."

“အင်းပါ ပုဇွန်တွေဘာတွေစားတတ်တယ်

မဟုတ်လား??...."

“ရတယ် ခါးချက်ရင်အကုန်စားတယ်...."

မျက်နှာကိုတည့်တည့်ကြည့်ရင်း မချိုမချဉ်

ပြောလာတာမို့ ခါး ဘာလုပ်ရမှန်းမသိပဲ

ခပ်တည်တည်လေးနဲ့သာ အိမ်ဘက်ကို

ထွက်လာခဲ့လိုက်၏။

......

ခါး ဟင်းချက်ပြီးတာနဲ့ ထမင်းနဲ့ဟင်းတွေ

လင်ဗန်းလေးထဲထည့်ကာဖြင့် သူ့ဘက်ကို

လျှောက်လာတော့ အစောကလောက်တော့

လူကသိပ်မများတော့!!

ခါး သူ့ကိုလှမ်းခေါ်ရင်းလင်ဗန်းလေးပေးတော့ သူကရေမချိုးရသေးပေမဲ့

လန်းလန်းဆန်းဆန်းပဲပြုံးပြကာဖြင့်

“ကျေးဇူးပဲနော်ခါး ကျွန်တော်ကောင်းကောင်း

စားလိုက်ပါ့မယ်....."

“အင်း...."

ခါး ပြန်ထွက်လာခဲ့ရင်းမှ ခါးလဲ

ထမင်းစားကာ အိမ်ရှေ့ကအမှိုက်လေးတွေ

တံမြက်စည်းနဲ့လှည်းကျင်းကာဖြင့်

ရှုပ်နေတာလေးတွေရှင်းလိုက်သည်။

အချိန်တွေပိုနေသည်မို့ အိမ်ထဲပြန်ဝင်ကာဖြင့်

ရောင်းရတဲ့စာရင်းနဲ့ ငွေနဲ့တိုက်ကာဖြင့်

အရှုံးအမြတ်တွက်နေမိ၏။

ခါးရဲ့ဝမ်းစာကဒါပဲမို့ ဒီအလုပ်ကိုတော့

သေချာတစိုက်မတ်မတ်လုပ်ကာ စီးပွားရေးကို ဒီထက်ပိုတိုးတက်အောင်လုပ်ရမည်။

အခုလဲ စုမိဆောင်းမိထားတာလေးတွေ

ရှိလာပြီမို့ သတ်မှတ်ထားတာပြည့်ရင်

ရွှေလေးဖြစ်ဖြစ် လုပ်ထားဖို့အတွက်

ခါးရည်စူးမိလေ၏။

ဖေဖေနဲ့မေမေ ခါးအတွက်မပူပါနဲ့!!!

ခါး နောက်လတွေကျရင် ဖေဖေနဲ့မေမေအတွက် ကောင်းမှုကုသိုလ်လုပ်ပေးပါ့မယ်!!

ဖေဖေနဲ့မေမေရဲ့ပုံကိုကန်တော့ရင်းမှ

ခါး ဘုရားရှစ်ခိုး ပုတီးစိပ်ကာ

တရေးတမောအိပ်ရန်ပြင်လိုက်သည်။

......

၆နာရီလောက်ပြန်နိုးတာနဲ့ ခါး

ကိုယ်လက်မျက်နှာသစ်ကာ အိမ်ထဲကို

တံမြက်စည်းတစ်ချက်လှည်းရင်း

ဟင်းလေးတွေပြန်နွှေးလိုက်၏။

ခဏနေရင် ဆရာသမားလာကာ

ထမင်းစားတော့မည်လေ!!

ခါး အကုန်လုံးလဲပြီးပြီမို့ အိမ်ထဲမှာ

လိုအပ်တာလေးသွားဝယ်ရန် ခြံထဲက

ထွက်လာခဲ့လိုက်သည်။

လမ်းမှာ မယုနဲ့အမှတ်မထင်တွေ့ပေမဲ့

ခါးကိုမသိချင်ယောင်ဆောင်ကာ

ထွက်သွားတာမို့ ခါး ခံပြင်းစွာရယ်လိုက်မိရင်း

စတိုးဆိုင်ကိုရောက်လာခဲ့၏။

“ဟယ် ခါးတောင်မလာတာကြာပြီနော်....."

“ဟုတ်တယ်အစ်မ ခါးလဲဒီရက်ပိုင်း

မအားတာနဲ့ မလာရတာ....."

“အေးငါ့ညီမလေး.... ဒါနဲ့ငါ့ညီမလေးဘေးမှာ

လာငှားနေတဲ့ကောင်လေးက အားကစားရုံ

ဖွင့်ထားတာဆို....."

“အင်း ဟုတ်တယ်လေအစ်မ ....."

“အေ သတင်းတွေကြားပါတယ်အေ

ပိုင်ရှင်ကောင်လေးကလဲချောချောလေးဆို

အစ်မလဲ နောက်အားမှ လာဆော့ပါအုံးမယ်

ဟီးဟီး ချောချောလေးငမ်းရင်းပေါ့....."

ပိုင်ရှင်အပျိုကြီးက တခစ်ခစ်နဲ့ပြောတာမို့

ခါး ပြုံးရုံပြုံးရင်း လိုတာဝယ်ကာဖြင့်

အိမ်ကိုပြန်လာခဲ့သည်။

.....

အိမ်ရောက်တော့ ဟိုဘက်အိမ်ကို

အကြည့်ရောက် သာမညရဲ့လက်ကိုကိုင်ထားတဲ့ မိန်းကလေး‌တစ်ယောက်ရဲ့လက်ကြောင့်

ခါး ကြည့်ရင်းမှရင်ထဲတစ်မျိုးလေးတော့

ဖြစ်သွားရလေ၏။

ဒီကောင်လေးဘာပါလိမ့်!

ကိုယ်နဲ့လဲမဆိုင်တာမို့ ခါး အိမ်ဘက်ကို

လျှောက်လာရင်းမှ အိမ်ထဲဝင်ရန်ပြင်တော့

မျက်စိကလဲ စပ်စပ်စုစုနဲ့အဲ့ဘက်ကိုရအောင်

ရောက်သွားတဲ့အခါ နှစ်ယောက်သား

ဖက်နေတာမို့ ခါးဖျဉ်းခနဲဖြစ်သွားလျက်မှ

အိမ်ထဲကိုအမြန်ပြေးဝင်ခဲ့သည်။

အမလေးတော်.....လူမြင်ကွင်းမှာ

အဲ့နှစ်ယောက်ဒီလောက်ပဲအရှက်မဲ့ရလား??

နဂိုရှိနေတဲ့ကြည်ဖြူစိတ်တစ်ချို့က

နှစ်ယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရချိန်

ရင်ထဲမှာ ဖရိုဖရဲဖြစ်ကုန်ရင်း အထင်သေးစိတ်တစ်ချို့ ရင်ထဲကိန်းသွား၏။

ထင်တော့ထင်ပါတယ်!! ဒီလိုခေတ်ဆန်တဲ့

လူမျိုးတွေက ဒီလိုစရိုက်ရှိတယ်ဆိုတာ.....။

« ရှေ့အခန်း - အပိုင်း၁၂ နောက်အခန်း - အပိုင်း၁၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ