သာ ဒီနေ့လဲထုံးစံအတိုင်းသူမ ဆိုင်သိမ်းလာမဲ့
အချိန်ကိုစောင့်နေမိလေသည်။
ဆော့သူတွေ နည်းနည်းပိုများလာတာမို့
train ရတာမအားပေမဲ့လဲ သူ့စိတ်ထဲတော့
သူမနဲ့အတူ ထမင်းစားရမဲ့အချိန်ကိုစောင့်နေမိလေ၏။
အတွေးတို့နဲ့ပျော်မြူးနေပေမဲ့ သူ့အိမ်ထဲကို
လှမ်းဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့်
သာ့မျက်နှာကအလိုမကျသလိုဖြစ်သွားရသည်။
သူမကတော့ အားကစားဝတ်စုံပန်းရောင်နဲ့
လှချင်တိုင်းလှနေတာမို့ gymဆော့နေတဲ့
လူငယ်တွေ ငေးသွားကြပေမဲ့သာကတော့
မျက်နှာပါလွှဲလိုက်မိတဲ့အဖြစ်!!!
လက်ထဲမှာ yoga ဖျာကိုင်လာတဲ့သဲက
ဝေ့ဝဲကြည့်ရင်းမှ သူ့ကိုမြင်တာနဲ့
ရွှန်းရွှန်းဝေစွာဖြင့်အနားကိုရောက်လာ၍
“သာ့ရဲ့ဆန္ဒအတိုင်းနေပေးပေမဲ့အခုက
ကျန်းမာရေးကြောင့်မို့လို့လာဆော့တာ
သာက သင်တန်းသားတစ်ယောက်လိုပဲ
သဘောထားပြီး ကိုယ်ဖိရင်ဖိသင်ပေးရမယ်နော်....”
ခပ်တိုးတိုးပြောတဲ့စကားကြောင့် သာ
ကျစ်သပ်ရင်းမှ စိတ်ပျက်လက်ပျက်
ဖြစ်နေရလေ၏။
“လုပ်ပါ သဲ သာ့ကိုဘာမှအနှောင့်အယှက်
မဖြစ်စေရပါဘူး ဒီတိုင်းလေး ကျန်းမာရေးအတွက် ဆော့ချင်လို့....."
သူလက်မခံရင် သူမကဇွတ်တရွတ်ဆန်မှန်း
သိတာမို့ သာ မငြင်းသာပဲနဲ့ ဖျာခင်းပြီး
yoga လုပ်ရန်ပြင်နေတဲ့သူမအနားကနေ
ထွက်လာခဲ့သည်။
သဲလဲထွက်သွားတဲ့ချစ်ရသူရဲ့
ကြွက်သားတွေကိုကြည့်ကာ သဘောတကျ
ပြုံးလိုက်မိ၏။
ဘာပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာ
မြင်ရတာနဲ့တင် သူမစိတ်ချမ်းသာနေပြီ!!
မနက်တစ်ချိန်နဲ့ ညနေတစ်ချိန်
အချိန်ကန့်ပေးထားတာမို့ အဆင်ပြေတဲ့အချိန်
လာဆော့ကြသူတွေ ညနေ ၃နာရီဆိုတာနဲ့
အဝေးသမားတွေပြန်ကုန်ကြသည်။
နေရာဝေးပေမဲ့လဲ သူ့ဆီကိုတကူးတက
လာရောက်ပေးတဲ့ပုံမှန်ကစားသူတွေကိုတော့
ကျေးဇူးတင်မိ၏။
သူဘယ်ရောက်ရောက်အားပေးဖို့
အသင့်ရှိကြသူတွေ!!
ဒီရပ်ကွက်ထဲကလူငယ်လေးတွေ
တစ်ချို့ကတော့ အခုမှအဖွဲ့လိုက်လာကာ
စမ်းဆော့ကြည့်နေကြတာမို့ သူ့မှာမနားရပဲ
သူတို့ကိုဆော့ပုံဆော့နည်း ကောင်းကျိုးဆိုးကျိုးပြောပြနေရသည်။
အဲ့တာမှသူတို့ဆော့မယ်ဆို သင်တန်းကြေးနဲ့
စနစ်တကျသင်ပေးမှာဖြစ်လေ၏။
အခုကတော့ အစမ်းရက်မို့မဆော့ဖူးသေးတဲ့
တစ်ချို့ကိုစမ်းဆော့ခိုင်းကြည့်ကာ
ဆော့နိုင်ပြီသေချာမှ ပိုက်ဆံယူတာဖြစ်သည်။
သဲကတော့ ခေါင်းမာစွာနဲ့အပြေးစက်ပေါ်
ပြေးနေရင်းမှ လာဆော့တဲ့လူတွေကို
စိတ်ရှည်ရှည်သင်ပေးနေတဲ့ ဗလတောင့်တောင့်နဲ့သူမချစ်ရသောသူကို ပြုံးပြုံးကြီး
ကြည့်နေမိလေ၏။
နဂိုထဲကပိန်တဲ့သူအပြင် ကိုယ်ခံအား
နည်းတာမို့ လေ့ကျင့်ခန်းလုပ်ရင်မောတတ်တဲ့
သဲ အခုလိုနာရီနဲ့ချီပြီးလှုပ်ရှားနေရတော့
ကိုယ့်ကိုကိုယ်မဟန်မှန်းသိရလေသည်။
သို့ပေမဲ့ သာမညဆိုသူရဲ့မျက်နှာလေးကို
မြင်ရရင်မြင်ရသလောက် သူမစိတ်ထဲ
ကျေနပ်ရတာမို့ ခေါင်းမာမာနဲ့ဆက်ဆော့နေမိဆဲ!!
တဖြေးဖြေး လာဆော့ကြတဲ့လူတွေလဲ
ပြန်သွားကြသလို gymထဲမှာ သာနဲ့သဲရယ်
ကောင်လေးနှစ်ယောက်ရယ်ပဲကျန်ခဲ့တော့၏။
သာကအကုန်လုံးပြီးစီးပြီမို့ ရေချိုးရန်
ပြန်အလှည့် သူ့ကိုပြီတီတီကြည့်နေတဲ့
သူမကိုမြင်လိုက်ရတာမို့ အခုမှသတိဝင်ကာ
သူ့မျက်နှာရှုံ့မဲ့သွားရပြန်သည်။
“မင်းမပြန်သေးဘူးလား??...”
“ပြန်တော့ပြန်မယ်လေ....."
“ပြန်မယ်မဟုတ်ဘူး ပြန်ရတော့မှာ
ညနေတောင်စောင်းနေပြီမို့ မင်းသွားသင့်နေပြီ....."
“သာကသဲကိုစိတ်ပူနေတာလား??
သဲပြန်ရင်တစ်ယောက်ထဲ အပြန်နောက်ကျမှာ
ဆိုးလို့လေ....."
သူလိုတာချည်းစွတ်ပြောနေတာမို့
သာ မျက်နှာလွှဲလိုက်ရင်းမှ ပြန်ချင်ပြန်
မပြန်ချင်နေလွှတ်ထားလိုက်ကာ အိမ်ရှေ့ကို
ထွက်ကြည့်တော့ ဟိုဘက်အိမ်မှာ
သော့ဖြုတ်ရက်သား!!
ဒါဆိုသူမပြန်လာပြီပေါ့....၊
အတွေးတို့နဲ့ပျော်မြူးစွာအိမ်ထဲပြန်ဝင်ရင်းမှ
ရေချိုးရန်ပြင်ဆင်ဖို့အတွက် နောက်ထဲ
ဝင်လာခဲ့၏။
သဲလဲ မြူးတူးသွားတဲ့ပုံကြောင့်
ထူးဆန်းသလို စပ်လဲစပ်စုချင်သည်မို့
ပြေးစက်ပေါ်က အောက်ဆင်းကာ
ခြေထောက်တုန်တုန်နဲ့ပဲ အိမ်ရှေ့ထိ
ထွက်ကြည့်တော့ ဟိုဘက်မှာအိမ်တစ်လုံးအပြင် ဘာမှထွေထွေထူးထူးမရှိ!!
ဇဝေဇဝါနဲ့မို့အိမ်ထဲပြန်ဝင်ကာ
လက်စသတ်ပြီး ပြန်ရန်ပြင်လိုက်သည်။
......
ရေမိုးချိုးပြီးပြန်ထွက်လာတဲ့ကိုကို့ကို
မြင်ချင်သေးတာမို့ ပြန်မယ်ဆိုပြီး
မပြန်ဖြစ်သေးတဲ့သဲ ထွက်လာတဲ့
ကိုယ်လုံးတောင့်တောင့်ကိုသွားရည်ယိုမတတ်
ငေးနေမိလေ၏။
ခေါင်းရေသုတ်လက်စနဲ့သာကတော့
နာရီကိုတစ်ချက်ငဲ့ကြည့်ရင်း ရေမွှေးတစ်ချက်ကောက်ဖျန်းကာ အိမ်ထဲကထွက်သွားရန်
ပြင်နေတာမို့ သဲ အပြေးတစ်ပိုင်းလေး
နောက်ကလိုက်ကြည့်တော့ စတိုင်ကျကျ
ခြေလှမ်းတွေက ဘေးအိမ်ဆီကို
ဦးတည်နေတာပါပဲ!!
မသိမသာလေးလိုက်ချောင်းကြည့်တော့
ကိုကိုက အဲ့အိမ်ထဲမှာထိုင်ကာဖုန်းကြည့်ရင်း
ခဏအကြာ လှပတဲ့အမျိုးသမီးတစ်ယောက်
အခန်းထဲကထွက်လာလေသည်။
“ခါး အားရောအားရဲ့လား??
ကျွန်တော်ကအလုပ်ပြီးလို့ဒီတိုင်း
ထွက်လာတာနော် အရေးမကြီးဘူးရတယ်...”
ဘာကိုပြောဝာာမှန်းမသိပေမဲ့
တစ်ဖက်မိန်းမရဲ့မျက်နှာကတော့
လိုလိုလားလားမဟုတ်ကာ သာမန်ပဲ
ကြည့်လျက်ကမှ
“ရပါတယ် ဒို့က ကတိပေးထားတာမို့
မအားရင်တောင် မင်းအတွက်လုပ်ပေးမှာပါ....စားတာမစားတာကတော့
မင်းအပိုင်းပေါ့"
“မစားစရာလားဗျာ စားချင်လွန်းလို့
မရှက်မရွံ့အိမ်ထိလာတာပေါ့....
ခါးကိုကကျွေးချင်တဲ့သဒ္ဓါထက်အား
နည်းနေတာနဲ့တူတယ်....."
“အို မနည်းပါဘူးနော် ဒို့ကအလှူအတန်း
ရက်ရောပြီးသား!! ပြီးတော့မင်းလို
ဒို့ကိုအစစအရာရာကူညီပေးထားတဲ့
လူကိုဆိုရင် ပိုပြီးစေတနာရှိသေးတယ်....'
အားကျမခံပြန်ပြောလိုက်ရပေမဲ့
သူမစိတ်ထဲအဲ့လောက်မဟုတ်တာ
ခါးကိုယ်တိုင်ပဲသိမည်။
သာကတော့ သူမပုံလေးကိုမှန်းမိတာမို့
ပြုံးစေ့စေ့နဲ့ အနောက်ထဲလိုက်ဝင်ကာ
ထမင်းခူးရန်ပြင်ဆင်လိုက်၏။
ကျန်နေခဲ့တဲ့သဲမှာသာ သူတို့နှစ်ယောက်ရဲ့
အနေအထားကိုရိပ်မိစွာဖြင့် မျက်နှာလေး
ညိုမှိုင်းကာဖြင့် ရင်ထဲမနာလိုမှုတွေ
ကိန်းအောင်းလာခဲ့ရသည်။
ကိုကို သဲဆီကနေထွက်ပြေးတာက
ဒီလိုမိန်းမနဲ့တစ်ခြံထဲအတူနေချင်လို့ပေါ့!!
ပြီးတော့ ထမင်းပါအတူစားနေပြီဆိုတော့
နောက်ဆို အတူ!!!
ဆက်မတွေးနိုင်တော့တာမို့ ဒီတိုင်းပဲငြိမ်ပြီး
ကြည့်နေတဲ့အခါ ကြင်စဦးမောင်နှံလို
တစ်ကူတစ်လှည့် ထမင်းဝိုင်းပြင်နေတဲ့
နှစ်ယောက်က တကယ့်ကိုရင်ခုန်စဖွယ်!!
သဲ မကြည့်ချင်တော့စွာနဲ့မျက်နှာလွှဲကာ
သူမရဲ့ဖျာလေးကိုတင်းတင်းကိုင်လျက်
အိမ်ထဲကထွက်လာခဲ့မိ၏။
သာကသဲကိုကျော်ပြီးအဲ့မိန်းမနဲ့
ပျော်ရမယ်ထင်လား?? အဟွန်း
နွေသဲမာဆိုတဲ့မိန်းမကချစ်လို့အလျော့ပေးထားတာကို ကိုကိုကရောင့်တက်နေတာပဲ!!
ကားပေါ်တက်ရင်းအကြမ်းပတမ်း
မောင်းထွက်လာခဲ့တဲ့ သဲရဲ့ဒေါသက
မာန်မသေတဲ့အခါ!!
🏠🏠🏠🏠
ထမင်းဝိုင်းမှာထိုင်ရင်း သူမချက်ကျွေးတဲ့
ထမင်းကိုအားရပါးရစားနေတဲ့သူ့ကိုကြည့်၍
ရင်ထဲပီတိဖြစ်သွားပေမဲ့ ဒိကောင်လေးရဲ့စကားတွေကတစ်ခါတစ်လေ
အနှောင့်အသွားမလွတ်တာမို့ ခါးအရမ်းကြီး
မရောရဲပေ!!
ပြီးတော့ သူကလူပေါင်းစုံနဲ့
ထိတွေ့ပြောဆိုနေတာမို့ လူတွေရဲ့
အထာကိုနောကျေနေလောက်ပြီ!!
ခါးသာသူ့ဂွင်ထဲရောက်သွားရင်ဖြင့်
အတွေးတို့နဲ့မျက်နှာလေးတည်သွားရပြန်ကာ
ကိုယ့်ဘာသာ ထမင်းပြန်စားနေလိုက်၏။
သာလဲစားနေရင်းမှ သူမကိုကြည့်ကြည့်နေရတာမို့ စားတာမဖြောင့်ပေမဲ့လဲသူပျော်ပါသည်။
“ကျွန်တော်အမြဲတမ်းဒီလိုမျိုး
စားလို့ရတယ်မလား??....”
သူ့စကားကြောင့်ခါး တွေဝေသွားပေမဲ့
ခေါင်းမညိမ့် ခေါင်းမခါပဲနဲ့
“အမြဲတမ်းမရပေမဲ့ တစ်လလောက်တော့
ဒို့လက်ခံပါတယ် ဒါဆိုရင်အထုပ်ပြန်ယူပေးတာအတွက်နဲ့ လျော်လို့ရတယ်မလား??
ဒါပေမဲ့ မင်းကိုအခုကျွေးတာကလဲ
တာဝန်အရဆိုတာထက် ဒို့ရင်ထဲက
စေတနာလဲပါပါတယ်....အဲ့တော့
စိတ်မခုပဲနဲ့ စား....."
အပြတ်ပြောတာမို့ သာမရွှင်မလန်း
ဖြစ်သွားပေမဲ့ ခေါင်းထဲအကြံတစ်ခု
တိုးဝင်လာကာ
“ဒါဆိုကျွန်တော်ပိုက်ဆံပေးမယ်လေ
တစ်နေကုန်စာအတွက် ကျွန်တော့ကိုပါ
ပိုချက်ပေးပေါ့ ခါးတောင်းသလောက်
ကျွန်တော်ပေးပါ့မယ်...”
“နေပါဦးသာမည မင်းကတို့ကို
အတော်အားနေတယ်များထင်နေလား?
မင်းအတွက်ထမင်းဟင်းချက်ပေးဖို့အထိ
ဒို့ကိုအဲ့လောက်ပဲမင်းမျက်စိထဲ
မြင်တာလား??...."
သူမဒီလိုမေးလာတော့ သာ ပြာပြာသလဲ
လက်ခါပြရင်းမှ
“အဲ့လိုမဟုတ်ပါဘူးဗျာ ခါးရဲ့လက်ရာက
စားကောင်းလွန်းလို့ပါ ဝယ်စားတော့လဲ
သဘောမတွေ့တာနဲ့ အခုလိုစားကောင်းတာလေးတွေစားရတော့ ကျွန်တော့စိတ်ထဲ
အမြဲတမ်းစားချင်နေလို့ပါ အဲ့တာကြောင့်
ခါးမအားတဲ့ကြားကချက်ပေးတာက
အလကားမဖြစ်ရအောင် ကျွန်တော်ကလဲ
စေတနာကြေးအနေနဲ့ပေးမယ်ပြောတာပါ
ကျွန်တော့ကိုတလွဲမတွေးပါနဲ့....."
မျက်နှာငယ်နဲ့ဖြေရှင်းနေတော့လဲ စိတ်က
ပျော့သွားပြန်ကာ ခါး မျက်နှာကြော
လျော့ရင်းတိတ်သွားတော့ အခြေအနေ
ကြည့်နေတဲ့သာ သက်ပြင်းချရင်းမှ
“ကျွန်တော်က အားကစားလုပ်တဲ့လူဆိုတော့
အစားနည်းလို့မရဘူးလေ အဲ့တော့
ကောင်းကောင်းစားပြီးမှသူများကို
ပြန်ပြီး ထရိန်နင် လုပ်ပေးလို့ရမှာ
အစားနည်းပြီးကျွန်တော်ကိုယ်တိုင်
အင်အားမရှိရင် ကျွန်တော့ရဲ့ဝင်ငွေကလဲ
မရနိုင်တော့ဘူးလေ အဲ့တော့ကျွန်တော့
ကျန်းမာရေးအတွက်ပါ ခါးကိုအကူအညီ
တောင်းတာပါ...."
ပိုပိုလိုလိုပြောလိုက်တော့ နဂိုထဲက
စိတ်ပျော့တဲ့သူမ တွေဝေသွားဟန်
ရှိတာမို့ သာ လှစ်ခနဲပြုံးလိုက်ကာ
“ကျွန်ဝောာ်ကအစားမကြီးပါဘူး
တစ်ရက်စာအတွက် ၁၀၀၀၀ ဆို
ခါးအဆင်ပြေနိုင်တယ်မလား??
တစ်လဆို ၃၀၀၀၀၀ ထပ်ရတော့ ခါး
ကျွန်တော့ဆီက အိမ်လခအပြင် အပိုအလျှံ
ထပ်ရတာပေါ့ဗျာ ဟုတ်တယ်မလား??
အဲ့ပိုက်ဆံစုပြီးတော့ပဲဖြစ်ဖြစ် ခါးရင်းရင်
အဲ့အတွက် အရင်းတသီးတသန့်ရှာနေစရာ
မလိုတော့ဘူးလေ ခါးအတွက်သာပါတယ်...."
လမ်းကြောင်းတည့်ပေးတော့ သူမမျက်နှာ
အရောင်ပြောင်းသွားပေမဲ့ သူ့ကိုတော့
မော့မကြည့်လာပဲ
“ကောင်းပြီလေ ဒါဆို တစ်လသုံးသိန်းနဲ့
မင်းအတွက် ထမင်းသုံးနပ်တာဝန်ယူပေးမယ်....”
“အိုကေပြီ ဒါပေမဲ့မနက်စာနဲ့နေ့လည်က
ရပေမဲ့ ညစာကိုတော့ ကျွန်တော်ဒီဘက်
အိမ်မှာပဲလာစားမှာနော် အဖော်နဲ့ဆိုတော့
နည်းနည်းပိုစားဝင်လို့ပါဗျာ....."
ဘယ်လိုလုပ်လုပ် သူ့ဆီကတစ်လ
သုံးသိန်းထပ်ရပြီမို့ မသိစိတ်ထဲကတော့
အပျော်ကြီးပျော်နေမိလေသည်။
သူလဲအစားတော့သိပ်မကြီးပါဘူး!!
စားသောက်ပြီး ခါးပန်းကန်တွေဆေးတော့
ထုံးစံအတိုင်းသူကဆေးပြီးသား
ပန်းကန်တွေကို ဗီဒိုထဲယူထည့်ပေးတာမို့
တစ်ချက်တစ်ချက်ထိကပ်သွားတဲ့
ခန္ဓာကိုယ်ကိုသတိထားမိလေ၏။
မရည်ရွယ်တာလား?
သူတမင်ပဲလုပ်နေသလား??
အားလုံးပြီးစီး အရှေ့ထွက်လာတော့
သူကခပ်တည်တည် ခုံမှာဝင်ထိုင်တာမို့
ခါး နာရီကြည့်တော့ ၆နာရီထိုးနေပြီ!!
စောလဲစောသေးတာမို့ ပြန်လွှတ်ဖို့
အားနာသွားကာ ခါးလဲသူနဲ့ခပ်လှမ်းလှမ်းမှာ
ထိုင်ရင်းမှ ဖုန်းကြည့်နေမိသည်။
“ဒီနေ့ဇာတ်ကားအပိုင်း၂၀လာမှာပဲ...."
မနေ့ညကဘုရားရှစ်ခိုးတာနဲ့ မကြည့်လိုက်
ရသည်မို့ ခါး တီဗီဖွင့်ကာ ပြန်ပြသော
အပိုင်း ၁၉ကို အားရပါးရကြည့်နေမိ၏။
သို့ပေမဲ့ တီဗီမီးရောင်တလပ်လပ်
ထင်ဟပ်နေတဲ့ခါးရဲ့မျက်နှာလှလှလေးကို
ဘေးတိုက် ဓာတ်ပုံခိုးရိုက်နေတဲ့
သာ့ကိုဝောာ့ သတိမထားမိလိုက်ပေ!!
တစ်ယောက်ထဲသူမပုံလေးတွေကိုကြည့်လိုက်
အဆင်မပြေ ထပ်ရိုက်လိုက်နဲ့အလုပ်ရှုပ်နေတဲ့
သာရဲ့မျက်နှာက မှိုရသလိုဖြစ်နေလေသည်။
အခန်းမှတ်ချက်များ (0)