မနက်နိုးလာပေမဲ့ ခါးစိတ်ထဲမကြည်လင်!!
ခြစ်ကုပ်ရှာထားတဲ့ ပိုက်ဆံ၁၇သိန်းက
ကြားထဲမှာမြောနေတာမို့ သူမတော်တော်
စိတ်ပျက်မိလေ၏။
ရေမိုးချိုး ပြင်ဆင်ပြီးချိန်ဆိုင်သွားရန်
တံခါးသော့ခတ်နေတုန်း အနားမှာလာရပ်တာမို့ ခါးငဲ့ကြည့်လိုက်တော့ ဘေးအိမ်ကကောင်လေး!
“မနေ့ကဖုန်းဆက်နေတာကြားလို့
ဘာကိစ္စရှိလို့လဲ?? ကျွန်ဝောာ်ကူညီနိုင်တာ
ရှိမလား??....”
ဘာစိတ်ကောင်းဝင်ပြီးလာမေးတယ်
မသိပေမဲ့ ခါးကတော့မနေ့ကအခြေအနေကို
စိတ်ထဲပြန်အမှတ်ရကာ ဇဝေဇဝါတော့
ဖြစ်သွားလေသည်။
မနေ့က ခါးအမှတ်မထင်ဖုန်းပြောနေတဲ့အချိန်
ခုံတန်းလျားမှာထိုင်နေတဲ့သူက သူ့ဘာသာ
ဖုန်းကြည့်နေတာလား?
ဒါမှမဟုတ် ဆက်တိုက်ခါးကိုပဲကြည့်နေတာလား??
ပြီးဝောာ့ခါးဖုန်းပြောအပြီး ဖျက်ခနဲ
မီးလင်းသွားတဲ့သူ့ဖုန်းက ကင်မရာများ
ရိုက်လိုက်သလား??
ဘာကိုရိုက်လိုက်တာမှန်းမသိပေမဲ့ ခါးစိတ်ထဲ
ကိုယ့်ကိုလှမ်းရိုက်လိုက်တယ်လို့ပဲ
ထင်မိလေ၏။
ကိုယ် စိတ်တိုတိုနဲ့ရုပ်ဆိုးပန်းဆိုးဖြစ်နေတဲ့ပုံကို ဟာသအနေနဲ့များရိုက်ထားလေသလား??
တွေးရင်းနဲ့စိတ်တိုလာတာမို့ ခါး
သူ့ကိုမျက်စောင်းထိုးလိုက်၍
အိမ်တံခါးကိုသော့ခတ်ကာဖြင့်
“ဘာကိစ္စမှမရှိဘူး ပြီးတော့ မင်းလဲ
ကူညီနိုင်မှာမဟုတ်ပါဘူး....."
“ဟောဗျာ....."
ဘာမှတောင်ဆက်မပြောနိုင်ခင်
ဘေးအိတ်လေးလွယ်ကာ ဖျက်ခနဲ
ထွက်သွားပေမဲ့ သူမရဲ့ကိုယ်သင်းနံ့လေးကတော့ အနားမှာဝဲပြီးကျန်ခဲ့လေသည်။
အရင်ကဆိုသူရှိရင်တောင် ခြံတံခါးကို
သိသိသာသာ သော့ခတ်သွားတတ်တဲ့သူမက
gym ပစ္စည်းတွေရောက်လာပြီးထဲက
ခြံတံခါးကိုဒိတိုင်းပဲထားသွားတတ်၏။
သူလဲ gymဖွင့်ရတော့မှာပေမဲ့ ဒီမှာက
gymရုံလိုမဟုတ်ပဲ ပစ္စည်းပြည့်ပြည့်စုံစုံ
မရှိတာမို့ သူ့မှာ ပြုပြင်ပြင်ဆင်နေရတာ
အခုထိကိုမပြီးနိုင်မစီးနိုင်!!
သို့ပေမဲ့ သူ့ဖောက်သည်တွေကတော့
သူထားခဲ့တဲ့ဖုန်းနံပါတ်ကိုလှမ်းဆက်ကာ
နေရာနဲ့ဖွင့်မဲ့အချိန်ကိုမေးကြလေသည်။
အတိအကျတော့သူလဲမပြောတတ်ပေမဲ့
နောက်အပတ်ကိုလဲချိန်းလိုက်သည်မို့
နောက်အပတ်တော့ gymမှာ
လူစုံနိုင်၏။
အခုကလွတ်လွတ်လပ်လပ်မဟုတ်တာမို့
အချိန်သတ်မှတ်ဖို့ရာခက်သွားလေသည်။
သူမလဲဒီရက်ပိုင်းဆိုင်သိမ်းတာ
နည်းနည်းလေးစောလာပြီမို့ ခြံထဲလူတွေ
ရှုပ်ရှက်ခတ်နေမှာကိုမြင်ယောင်ကာ
သက်ပြင်းတော့ချမိ၏။
အားကစားလုပ်သူအများစုကလဲ
ဆိုင်သိမ်းချိန် အလုပ်နားချိန်ဟာ ၅နာရီ
ဝန်းကျင်မို့အဲ့အချိန်ဟာ အဆင်ပြေသည်။
သို့ပေမဲ့ သူမပြန်ရောက်နေချိန်နဲ့တိုက်သည်မို့
သူဟာ အနည်းနဲ့အများတော့စကားပြောရပေတော့မည်။
“ဟျောင့်......သာမည....."
အတွေးတို့နဲ့သူမအိမ်ရှေ့မှာညိမ်မိတုန်း
ခေါ်သံကရင်းနှီးနေတာမို့ သာ
လှည့်ကြည့်လိုက်တဲ့အခါ သူ့ဘော်ဒါတစ်အုပ်
“သာတို့များ တစ်ရွာပြောင်းတာတောင်
မင်းကောင်တွေကိုအသိမပေးဘူးနော်....
ရပါတယ် စိတ်ဓာတ်ပဲ....."
အိမ်မပြောင်းခင်ထဲက မတွေ့ဖြစ်တော့တဲ့
ဘော်ဒါတွေ!!
သူတို့လဲအရင်လိုမအားကြသလို သူကိုယ်တိုင်လဲ gym trainer တစ်ယောက်မို့အားလပ်ချိန်
မယ်မယ်ရရမရှိ!!
ကောင်းကြီးနဲ့တော့အမြဲအဆက်အသွယ်
ရှိဖြစ်တာမို့ သူအညာမိတဲ့အကြောင်းကနေ
ခါးဆိုတဲ့မိန်းမနဲ့ ဘယ်လိုအနေအထားထိ
ရောက်နေပြီဆိုတာအထိ ကောင်းကြီးသိထား၏။
သူခေါင်းရိုက်ခံရတာပါ ပါသေးသည်။
“မပြောဖြစ်လို့ပါကွာ ငါလဲရုတ်တရက်ဆိုတော့ အိမ်ပြောင်းဖို့ပြင်ရတာနဲ့အခုလဲ
gym ဖွင့်ဖို့လုံးပမ်းနေရတာနဲ့ဆိုတော့
ဘယ်လိုမှမအားတော့လို့ကွ.....ငါ့ကောင်တွေစိတ်မဆိုးပါနဲ့”
အပေါင်းအသင်းခင်တတ်သူမို့ ယခုလို
သူ့ဘော်ဒါတွေ ၇ ၈ ယောက်ရောက်လာချိန်
သူ့ရင်ထဲပီတိတော့ဖြစ်သွားလေ၏။
ကျောင်းထဲကကောင်တွေမို့ ပြောမနာ
ဆိုမနာတွေပါ!!
သာ ဦးဆောင်ရင်အိမ်ထဲဝင်သွားတော့
အကုန်လုံးလိုက်ဝင်လာကာ လက်ထဲပါတဲ့
ဘီယာတစ်ချို့နဲ့စားသောက်စရာတွေကို
ချထားရင်းမှ သူ့ကိုဝိုင်းကြည့်လာ၍
“မင်းကမြို့ပေါ်ကနေရာကောင်းကို
စွန့်လွှတ်ပြီး ဒီလိုအနေအေးတဲ့နေရာကို
ရွေးတယ်ဆိုတော့ အကြောင်းပြချက်တော့
ရှိတယ်မလား??...."
“ဟုတ်တယ်သာ မင်းနဲ့နွေသဲမာရဲ့
စေ့စပ်ပွဲပြီးထဲက မင်းအနေစိပ်သွားတာ
အခုလိုပြောင်းတာလဲ သူ့ကြောင့်ပဲမလား??...."
ဖြစ်ကြောင်းကုန်စင်ကိုဘယ်သူမှ
ရေရေရာရာမသိတာမို့ သာလဲထူးပြီးတော့
ရှင်းပြမနေတော့!
ထို့ကြောင့် မသိမသာမျက်နှာလွှဲလိုက်ကာဖြင့်
“အဲ့လိုပဲဆိုပါတော့ ဒါပေမဲ့ငါကိုယ်တိုင်ကကို
အေးချမ်းမှုကိုလိုချင်လို့ဒီနေရာကို
ရွေးလိုက်မိတာပါကွာ ခြံရောအိမ်ရော ဒါထက်
အိမ်ရှင်ရောက ငါ့အတွက်အကုန်လုံး
အေးချမ်းစရာတွေပဲမို့လို့ အဓိကတရားခံ
ကောင်းကြီးကိုပဲကျေးဇူးတင်ရမယ်ကွ....”
သာ့စကားကြောင့် အကုန်လုံးတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကုန်ကာဖြင့်
ပြုံးစေ့စေ့ရီဝေဝေတွေဖြစ်ကုန်ကြရင်း
“သားကြီးတို့ကြားလား?? ခြံနဲ့အိမ်တင်
မဟုတ်ပဲ အိမ်ရှင်ရောတဲ့ကွ....ဒီကောင်ကြီး
အရပ်သစ်ဆီမျက်နှာမူနေတာဒါကြောင့်ကိုး!!
မင်း ကြည့်ကြပ်တော့လုပ်ပေါ့
နွေသဲမာကမင်းကိုတန်းတန်းစွဲနေတာနော်
တော်ကြာ ကိစ္စတွေရှုပ်ကုန်မယ်....”
“ဟုတ်တယ်သာမည မင်း သဲကို
မကြိုက်ဘူးဆိုပေမဲ့ မင်းတို့နှစ်ယောက်က
မိဘသဘောတူစေ့စပ်ထားရတာနော်
လူသိရှင်ကြားလဲဖြစ်နေတာမို့ တစ်ခုခုဆို
မင်းမိဘတွေမျက်နှာတော့ထည့်တွက်အုံး...."
“အေးပါ ငါသိပါတယ်....."
သူတို့တွေသတိပေးတာလဲဟုတ်နေသည်မို့
သာ သက်ပြင်းတော့ချလိုက်မိသည်။
အခုနေ ကိစ္စတွေကဘာမှမသေချာသေးတာမို့
သူ့အပိုင်ဖြစ်လာမဲ့အချိန်ကျရင်တော့
ရှိသမျှနှောင်ကြိုးတွေကိုဖြတ်ရပေမည်။
🏠🏠🏠🏠
ခါး အိမ်ပြန်လာတော့ခြံတံခါးကြီး
ဒီတိုင်းပွင့်နေခြင်းနဲ့အတူ အိမ်ရှေ့မှာ
ကားကြီးတစ်စီးနဲ့အတူ ဆိုင်ကယ်နှစ်စီးကလဲ
ရပ်ထားလေ၏။
အိတ်ကိုပုခုံးပေါ်သေချာတင်ရင်းမှ
ထမင်းဆွဲခြင်းကိုင်လျက်သားနဲ့
ခါး ခြံထဲဝင်လာတော့ ဟိုဘက်အိမ်ထဲကနေ
ဆူညံသံတွေကြားရသည်။
ယောင်္ကျားလေးတွေရယ်မောနေသံမို့
မျက်ခုံးတွေကအလိုလိုစုကျုံ့သွားရင်းမှ
ခြေလှမ်းတွေသွက်ကာ အိမ်တံခါးကို
ဖွင့်ရန်ကြိုးစားလိုက်၏။
ခါးရဲ့ခြံဝန်းထဲမှာအခုလို ယောင်္ကျားလေးတွေ
ဟေးလားဝါးလားလုပ်နေတာကိုမကြိုက်!!
ကိုယ့်သိက္ခာနဲ့ကိုယ်နေတဲ့သူမို့လို့
အိမ်ငှားကိုယောင်္ကျားလေးထားရတာတင်
ခါးအတော်စိတ်ပျက်နေပြီ!
အခုလို အုပ်စုဖွဲ့အကျယ်ကြီးရယ်လိုက်
ပြောလိုက်နဲ့ဆိုတော့ အသောက်အစား
ပါမှာတော့ မလွဲမသွေ!!
“အမလေး....."
နှာခေါင်းရှုံ့ရင်းမှ ခါး အိမ်ထဲဝင်ရန်ပြင်တော့
လက်ကောက်ဝတ်ကိုလာရောက်ဆုပ်ကိုင်တာမို့
လူကကိုယ့်အတွေးနဲ့ကိုယ် ဆတ်ခနဲ
လန့်သွားရလေသည်။
ဖျက်ခနဲ ခပ်ဆတ်ဆတ်လှည့်ကြည့်လိုက်မိတော့ ခါးရဲ့အိမ်ငှားကောင်လေးဖြစ်ကာ
အနည်းငယ်နီမြန်းနေတဲ့မျက်နှာနဲ့အတူ
ရီဝေဝေဖြစ်နေတဲ့မျက်ဝန်းတွေက
သူသောက်စားထားတယ်ဆိုတာကိုပြနေ၏။
ခါး ရုတ်တရက်လန့်လဲလန့်သွားသည်မို့
လက်ကိုဆတ်ခနဲရုန်းတော့ သူ
နောက်ကိုနည်းနည်းလေးယိုင်သွားလေသည်။
“မင်း ဒို့ကိုအဲ့လိုပိုင်ဆိုးပိုင်နင်း
လာမလုပ်ပါနဲ့ကောင်လေး....."
အိမ်ငှားနေတာတော့ တစ်လပြည့်တော့မယ်
ခါးဟာသူ့နာမည်ကိုမသိ!!
သိလဲမသိချင်!!
တစ်နှစ်ပြည့်ရင်သူဟာလာလမ်းအတိုင်း
သွားရမည်မို့ ခါးဟာဒီအတောအတွင်း
သူ့ကိုကူညီထားတယ်ပဲသဘောထားလိုက်၏။
အိမ်လခလဲမယူချင်သည်မို့ ကိုယ့်ဘက်က
ကင်းရှင်းအောင်နေသည်ဖြစ်ရာ အခုလို
လက်လာကိုင်တဲ့သတ္တိအထိရောက်လာတာမို့လူကဒေါသငယ်ထိပ်ရောက်လေသည်။
“မဟုတ်ပါဘူး ခါးကိုကျွန်တော့ရဲ့
ဘော်ဒါတွေနဲ့မိတ်ဆက်ပေးချင်လို့ပါ....
သူတို့ကခါးရဲ့အလှကိုရှုစားချင်လို့ဆိုလို့
အဲ့တာခဏလေး ကျွန်တော့အိမ်ဘက်ကို
လိုက်ခဲ့ပေးပါဦး.....”
အာလေးလျှာလေးပြောနေတဲ့သူ့စကားကြောင့် ခါး မျက်နှာလေးရဲသွားကာ
ဒေါသစိတ်ကတရှုးရှုးတရှဲရှဲဖြစ်လာရင်းမှ
“မင်းစကားပြောတာဆင်ခြင်နော်
ယောင်္ကျားလေးတွေရှေ့ပြစားရအောင်
ဒို့ကမကောင်းတဲ့မိန်းမမဟုတ်ဘူး
မင်းတို့လူငယ်တွေမူးနေရင်ကိုယ့်ဘာသာကိုယ်
အေးဆေးနေကြ မဟုတ်ရင်မင်းတို့အားလုံးကို
ဒီခြံထဲကနေ နှင်ထုတ်ပြစ်မယ်....."
ပြစ်ပြစ်ကာကာပြောရင်း စိတ်တွေဆိုးနေတဲ့
သူမမျက်နှာရဲရဲလေးက အတော်ကို
ချစ်စရာကောင်းလှသည်မို့ သွေးကြွနေတဲ့
သာ ပြုံးကာဖြင့် သူမလက်ကိုထပ်ဆွဲကိုင်ကာ
ဆောင့်ဆွဲလိုက်တော့ ကိုယ်လုံးလေးက
သူ့နားကိုရောက်လာလေ၏။
ဒေါသတွေရေဆူမှတ်မြင့်လာတဲ့ခါး
အတင့်ရဲလွန်းတဲ့သူ့လုပ်ရပ်ကြောင့်
မျက်ဝန်းထဲမီးတွေပွင့်ကုန်ကာ အနည်းငယ်
ယိုင်နဲ့နဲ့အပြင် ဘီယာနံ့တွေမွှန်ထူနေတဲ့
ကိုယ်လုံးကိုဆောင့်တွန်းလိုက်၍ ပါးပြင်ကို
ခပ်ဆတ်ဆတ်ရိုက်ချလိုက်သည်။
လက်စမပြင်းအောင်သတိထားပေမဲ့
သူ့ပါးပြင်ရဲသွားခြင်းနဲ့အတူ ခေါင်းလဲနည်းနည်းလည်သွားလေ၏။
သို့ပေမဲ့ ထိကပါးရိကပါးလာလုပ်တာမို့
ခါး မျက်နှာကြောမလျော့ပဲနဲ့ ရှေ့ကသူ့ကို
ခပ်တည်တည်ပဲပြန်စိုက်ကြည့်ပေးကာ
“ဒို့ကိုမင်းတွေ့ဖူးတဲ့မိန်းမတွေလိုမသတ်မှတ်နဲ့
ဒို့မှာသိက္ခာရှိတယ် ချောတဲ့ယောင်္ကျားတိုင်းကို
ငမ်းငမ်းတက်နေတဲ့အထဲဒို့မပါဘူး
ဒါကြောင့် တစိမ်းယောင်္ကျားတစ်ယောက်
ကိုယ်ထိလက်ရောက်လုပ်တာကိုတော့
ခွင့်လွှတ်မယ်မထင်နဲ့နော်.....မင်းအပြစ်နဲ့မင်းမို့
ဒို့ကိုအဆိုးမဆိုနဲ့....."
ပြောရင်းမှ ခါးအိမ်ထဲဝင်သွားကာ
ကျန်ခဲ့တဲ့ပုံရိပ်ကို အတွေးထဲကဖျောက်လိုက်သည်။
သူဟာမူးနေလို့ဆိုပေမဲ့ ဗီဇဆိုတာ
ပေါ်လာတာမို့ ကိုယ့်ကိုအဲ့လိုဆက်ဆံတာကို
မုန်းလှလေ၏။
သာလဲ အသိနဲ့သတိကပ်ပေမဲ့ ကိုယ့်ဘာသာ
တော်တော်မူးနေပြီဆိုတာကိုသိကာ
သူ့အိမ်ရှေ့အရောက် ပြစ်လဲကျလေသည်။
“ဟာ လုပ်ကြပါဦးဟ ဒီကောင့်ကိုထူပါဦး...
ဒီကောင်ကြီး သူ့အိမ်ပိုင်ရှင်ကိုသွားခေါ်မယ်ဆိုပြီးထွက်သွားတာ ဘယ်လိုဖြစ်လာတာလဲ??...."
“ဘယ်လိုဖြစ်လဲမလုပ်နဲ့ ဒီကောင်ကြီး
လစ်မစ်ကျော်သွားပြီလေ သာမန်ဆို
ဒီကောင် တစ်ဘူးကျော်ရင်တော်တော်
ကောင်းနေပြီကို ဒီနေ့ဘာတွေးပြီး
သောက်တယ်မသိဘူး ၅ဘူးလောက်
ကုန်သွားတာ ဒီလောက်တော့ရှိမှာပေါ့....."
အကြောင်းသိသူငယ်ချင်းတွေမို့
သူ့ကို ကုတင်ဆီခေါ်သွားကာ တင်ပေးရင်း
အနည်းငယ်ရဲလာတဲ့ပါးတစ်ဖက်ကိုလဲ
ဇဝေဇဝါကြည့်မိကြသေး၏။
အသံတစ်ချို့တော့ကြားလိုက်ပေမဲ့
ဒီကောင်ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှမသိ!!
သူတို့လဲ မိုးချုပ်တော့မှာမို့ မြန်မြန်
လက်စသတ်ကာ အိမ်ထဲကနေထွက်ရင်းမှ
ကိုယ်စီကိုယ်စီပြန်ရန်ပြင်လိုက်ကြသည်။
ဧည့်သည်လာလုပ်ကြပါတယ်ဆိုမှ
အိမ်ရှင်ကမူးပြဲနေတော့ ခက်ပါတယ်လေ!!
🏠🏠🏠🏠
မနက်နိုးလာတော့ သာ့ရဲ့ခေါင်းတစ်ခြမ်း
ကိုက်နေလေ၏။
ကျစ်ခနဲညည်းညူရင်းမှ ထထိုင်လိုက်တဲ့အခါ
ဘယ်ဘက်ပါးပြင်တစ်ခြမ်းကစပ်ဖျဉ်းဖျဉ်း!
ဇဝေဇဝါဖြစ်သွားတာမို့ အိပ်ချင်နေတဲ့စိတ်ကို
အရင်ဖျောက်ကာ ရပြီဆိုမှ သာကုတင်ပေါ်ကဆင်းရင်း မှန်ထဲကြည့်မိတော့ သူ့ပါးပြင်မှာ
ခပ်ရေးရေးထင်နေတဲ့လက်ချောင်းရာတွေ!!
“ဟာ...."
ညည်းညူမိတာက သူ့စိတ်ထဲ
ပဟေဠိတွေဖြစ်ကုန်တာမို့!!
ထိုနေရာကိုလက်နဲ့တို့ကြည့်မိတော့
အနည်းငယ်စပ်ဖျဉ်းဖျဉ်းခံစားနေရသေးတာက ဒီဒဏ်ရာဟာအခုရိုက်ထားတာမဟုတ်ပဲ
ညကဟာကိုအရှိန်တက်နေသလိုဖြစ်နေလေသည်။
မနက်ခင်း ရေတစ်ခွက်သောက်ရင်း
သွားတိုက်လျက်သားနဲ့ ညကဘာဖြစ်ခဲ့လဲဆိုတာ ဖြေးဖြေးစီစဉ်းစားကြည့်မိလေ၏။
သူ့ကောင်တွေလာတယ် ပြောကြဆိုကြနဲ့
သူနဲ့နွေသဲမာအကြောင်းတွေးမိတာနဲ့
စိတ်ညစ်ညစ်နဲ့ဘီယာတွေစွတ်သောက်ပြစ်တာ
ဘယ်နှစ်ဘူးတွေဖြစ်ကုန်မှန်းမသိ!!
ပြီးတော့ ဟိုကောင်တွေမြှောက်ပေးလို့
ဟိုဘက်အိမ်ကခါးဆိုတဲ့အမျိုးသမီးကို
သွားခေါ် ခေါ် ဟင်!! ခါး ဟုတ်တာပေါ့ သူမပဲ!!
အခုမှခေါင်းထဲအစီအရီဝင်လာတဲ့
သူ့ရဲ့လုပ်ရပ်တွေနဲ့အတူ စကားပြောတွေက
အနှေးကွက်ရုပ်ရှင်ပြနေသလို တစ်ခုပြီးတစ်ခု ပြန်ပေါ်လာတဲ့အခါ ဒုတိယအကြိမ်
ဟာခနဲဖြစ်ရပြန်သည်။
ထို့ကြောင့် သာ ပလုတ်မြန်မြန်ကျင်းကာ
မျက်နှာကိုဆတ်ခနဲသစ်ချလိုက်၍
အိမ်ထဲကအမြန်ပြေးထွက်လာခဲ့၏။
“ခါး ခါး....."
ဆိုင်မသွားသေးမှန်းသိတာမို့ သာ
သူမရဲ့အိမ်တံခါးကိုခေါက်တဲ့အခါ
တော်တော်နဲ့မဖွင့်!!
သို့ပေမဲ့ သူတောင်းပန်ချင်နေတဲ့
စိတ်တစ်ချို့ကြောင့် ယခုနေမှမဟုတ်ရင်
ရင်ခံသွားနိုင်တဲ့အခါ
အိမ်တံခါးနားပိုမိုနားကပ်ကာအိမ်ထဲက
အသံတစ်ချို့ကိုတော့နားစွင့်မိသည်။
ဘာသံမှထွေထွေထူးထူးမကြားရ!
“ခါး ခါး ခါးရေ ခါးရေ.....ခါး ခါး"
ခေါ်လေ ခေါ်လေ သူ့နားကလဲ
တံခါးနားနစ်ဝင်သထက်နစ်ဝင်ကာ
အထဲကိုပိုမိုနားစင့်ရတာအမော!!
“ခါးရေလို့ ဟာ!!! ဟာ!!!!......”
သူနားကပ်နေတုန်း အထဲကနေတံခါးကို
ဆောင့်ဖွင့်ချလိုက်တာမို့ သာ တစ်ကိုယ်လုံး
တံခါးကိုကပ်ထားတဲ့အတွက် အရှိန်လွန်ကာ
ခပ်ဆတ်ဆတ်မျက်နှာထားနဲ့သူမပေါ်
အရှိန်နဲ့ပြေးကပ်သွားရလေ၏။
နှစ်ယောက်သားထပ်လျက်ပြုတ်ကျသွားတာမို့ သာကအပေါ်မှာဖြစ်ကာ ခါးကအောက်မှာ
သူ့ဗလတွေကြားပြားပြားလေး!
တော်သေးတယ် ဖျပ်ခနဲရှောင်မိတဲ့ခါးကြောင့်
သားရဲ့နှုတ်ခမ်းတွေက ဦးတည်ချက်လွဲကာ
ပါး အစပ်နားမှာပဲထိကပ်သွားမိတဲ့အခါ!!
အခန်းမှတ်ချက်များ (0)