ခါး မနက်ခင်းအစောကြီးနိုးနေသလို
ဘယ်လိုမှဆက်အိပ်လို့မရတော့!!
၁၇သိန်းတန် အထည်ထုပ်ကမြောနေတဲ့အပြင်
ညကကိစ္စကြောင့် လူကပိုလို့ပင်စိတ်ညစ်ရလေသည်။
ယောင်္ကျားဆိုတာအချိန်တန်ရင်ဗီဇက
ပြစမြဲမို့ ညကဖြစ်သွားတဲ့အခြေအနေပေါ်
ဘေးအိမ်ကကောင်လေးကို ခါးဟာအိမ်ပေါ်က နှင်ချချင်နေလေ၏။
သို့ပေမဲ့ သူ့စာချုပ်အတိုင်း ခါးဟာ
တစ်နှစ်မပြည့်သေးတဲ့အချိန်မှာ သူ့ကို
အိမ်ပေါ်ကနေနှင်ချရင် စပေါ်ငွေအပြင်
ထပ်တိုး၂၀ပါလျော်ပေးရနိုင်သည်။
အရင်ကလိုသာဆိုရင် ၂၀ဖိုးပဲထပ်ရှာရမှာပေမဲ့ ခါးဟာသူ့စပေါ်ငွေကို ပစ္စည်းဝယ်တဲ့ထဲ
ထည့်လိုက်တဲ့အခါ အခု ခါးခေါင်းပူရမဲ့
ပိုက်ဆံက ၅၇သိန်းဖြစ်သွားလေ၏။
ထို့ကြောင့်မနေ့ညကဆို အဲ့ပိုက်ဆံကြောင့်ရော သူ့ကြောင့်ရောခါးဟာတစ်ညလုံး
အိပ်မပျော်!!
တစ်သက်လုံးကြွေးပူမရှိခဲ့ဖူးပေ!!
အဒေါ်ရှိထဲကလဲ စုထားတာလေးနဲ့ပဲ
တစ်နိုင်တစ်ပိုင် ဆိုင်ငှားဖွင့်ရင်းနောက်ပိုင်း
လက်နိုင်ပြီဆိုမှ တဖြေးဖြေးတိုးချဲ့ခဲ့တာမို့
စီးပွားရေးနဲ့ပတ်သတ်၍ ဘာသောကမှမရှိ!
အခုကတော့ မဟုတ်တော့ပေ!!
“ခါး ခါး......”
တွေးနေတုန်းခေါ်သံကျယ်နဲ့အိမ်ရှေ့က
ခေါ်နေတာမို့ ခါးမျက်ခုံးလေးတွေ
စုကျုံ့သွားရလေသည်။
ဒါဟာ ဟိုကောင်လေးအသံပဲ....၊
“ခါး ခါး ခါးရေ ခါးရေ ခါး ခါး....."
မထူးမချင်းတိတ်မဲ့ပုံမရှိတာမို့
ခါးစိတ်ထဲကဒေါသတွေကိုသိသိသာသာ
လာဆွပေးနေသလိုပါပဲ!!
အခုနေ ဖြစ်နိုင်ရင်သူ့မျက်နှာတောင်
မမြင်ချင်ပေမဲ့ ပတ်ဝန်းကျင်ဆိုတာရှိသေးတာမို့ ခါး နောက်ဖေးကအခုမှယူလာတဲ့ထမင်းအိုးပူပူကို စားပွဲပေါ်တင်ကာ
အိမ်ရှေ့ကိုစိတ်ပျက်လက်ပျက်ထွက်လာခဲ့မိ၏။
“ခါးရေလို့ ဟာ....ဟာ....."
သူမှီထားမယ်ဆိုတာခါးမထင်မိပေ!!
စိတ်တိုတိုနဲ့တံခါးကိုရွဲ့ပြီးဆောင့်ဖွင့်လိုက်တော့ တစ်ကိုယ်လုံးနီးပါးတံခါးမှာကိုယ်လုံးကပ်ထားတဲ့သူက တံခါးအစားခါးဆီကိုတည့်တည့် ပြေးဝင်လာကာနှစ်ယောက်လုံး
အိမ်ပေါက်ဝမှာတင် ပြစ်စလတ်ခတ်
လဲကျရလေသည်။
ခါး အလျင်အမြန်မျက်နှာလွှဲပြီးရှောင်လိုက်တာမို့ ကံကောင်းစွာနဲ့သူ့နှုတ်ခမ်းတွေက
ခါးဆီအရှိန်ပြင်းပြင်းရောက်လာကာ ခါးရဲ့
နှုတ်ခမ်းပါးအစား ပါးအစပ်နားကိုသာ
ထိကပ်မိသွား၏။
ကံဖယ်လို့ကပ်သီလေးလွဲသွားပေမဲ့
ခါးကတော့သူ့ကိုစိတ်တိုနေသူမို့ ကိုယ်ပေါ်
ကပ်နေတဲ့သူ့ခန္ဓာကိုယ်ကြီးကိုအတင်းပင်
တွန်းထုတ်ကာဖြင့် မတ်တတ်ထရပ်လိုက်ကာ
ကိုယ့်ဘာသာပြုပြင်လိုက်သည်။
တစ်ကိုယ်လုံးလဲပူထူသွားတာမို့ သူ
နမ်းလိုက်မိတဲ့ပါးအစပ်နားကို အကြိမ်ကြိမ်
ပွတ်သပ်တော့ သူကလဲအမြန်ထလာရင်းမှ
ခါးကိုတောင်းပန်တိုးလျှိုးသလိုကြည့်ကာ
“တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး.....”
“တော်ပြီ မင်းဆက်မပြောနဲ့တော့
အခုချက်ချင်းငါ့အိမ်ထဲကနေထွက်သွား....."
ထပ်ရိုက်ရင်လဲအသားနာယုံပဲရှိတော့မည်မို့
ယခုနေ ထိုကောင်လေးကိုသာအိမ်ထဲက
အမြန်နှင်ထုတ်ချင်နေလေ၏။
”နေပါဦး ကျွန်တော်ခါးကို ပြောစရာရှိလို့ပါအယ် မဟုတ်ဘူး ပြောစရာဆိုတာထက်
တောင်းပန်စရာရှိလို့ ဟုတ်တယ် ခါးကို
ကျွန်တော်တောင်းပန်ချင်လို့ပါ....."
သူ့ဘက်ကတိုးလျှိုးတဲ့မျက်ဝန်းတွေနဲ့
ပြောလာပေမဲ့ ခါးကတော့မျက်နှာကြောကို
တင်းထားကာ သူ့ကိုမျက်နှာလွှဲလိုက်၍
“နေပါစေ ဖြစ်ပြီးတဲ့ကိစ္စတွေလဲ
ဖြစ်ပြီးနေပြီမို့ မင်းအခုနေတောင်းပန်ချင်ရင်
ငါ့မျက်စိရှေ့ကနေသာထွက်သွားပါ....
အဲ့တာအကောင်းဆုံးတောင်းပန်ခြင်းပဲ...."
သာ ဘာဆက်ပြောရမှန်းမသိ!!
တောင်းပန်မလို့လာပါတယ်ဆိုမှ
ထပ်ပြီးမျက်နှာပူစရာကိစ္စဖြစ်သွားတဲ့အပြင်
သူမကလဲ ထွက်သွားတစ်လုံးသာ
လက်ကိုင်ထားလေသည်။
“မဟုတ်ဘူး ကျွန်တော်တို့ဒီကိစ္စကိုရှင်းအောင်
ပြောရမယ် ခါးကအိမ်ရှင်တစ်ယောက်အနေနဲ့
ကိုယ့်အိမ်ငှားဆီကနေ ထိကပါးရိကပါး
လုပ်ဝာာမျိုးကိုခံရတယ်ဆိုတာ အရမ်း
စိတ်တိုစရာကောင်းမှာပါ.....ကျွန်တော်လဲ
ညကတော်တော်ကိုလစ်မစ်ကျော်သွားလို့ပါ
ဟိုလိုရည်ရွယ်ပြီးလုပ်လိုက်တာမဟုတ်ပေမဲ့
ခါးဘက်ကတော်တော်ခံပြင်းလို့ကျွန်တော့ကို
ပါးရိုက်လိုက်တာဆိုတော့ ကျွန်တော့မှာ
အပြစ်အများကြီးရှိပါတယ်....."
မျက်နှာမှာရေစက်လက်နဲ့သူက နိုးန်ုးချင်း
သတိရတာနဲ့ခါးကိုလာပြေးပြီးတောင်းပန်တာလား??
အို ဒီလိုဆိုရင်တောင်ခါးကလွယ်လွယ်နဲ့
အရောဝင်လိုက်စရာလား??
ယောင်္ကျားတွေဆိုတာ ရောလိုက်တာနဲ့
လူကိုတန်ဖိုးထားချင်တာမဟုတ်!!
ထို့ကြောင့် ခါးမျက်နှာလွှဲလိုက်၍
“အပြစ်ရှိမှန်းသိရင် နောက်ဆင်ခြင်ပါ
မင်းကြောင့်အမျိုးသမီးတစ်ယောက်ရဲ့
စိတ်ထဲ ခံပြင်းရှက်ရွံ့မှုဖြစ်သွားရတာ
မင်းမှာတော်တော်အားနည်းချက်ရှိနေလို့ပဲ...
ဒါကြောင့်တစ်ခါထဲသတိပေးချင်တာက
နောက်တစ်ခါအရက်ဘီယာသောက်ရင်
ခြံထဲမှာမသောက်နဲ့ တကယ်လို့ခြံထဲသောက်ဖြစ်ရင်တောင် ငါ့အိမ်ဘက်ကိုခြေတစ်လှမ်းတောင်မလှည့်လာခဲ့နဲ့ အခုကိစ္စကိုလဲမင်းကို
warning ပေးတဲ့အနေနဲ့ခွင့်လွှတ်လိုက်ပြီမို့
ဒုတိယအကြိမ်သာ မရှိလာပါစေနဲ့...."
အခြေအနေကတင်းမာနေသေးတာမို့
အခွင့်အရေးကသာ့ဘက်မှာမရှိ!!
သက်ပြင်းချရင်းမှ မျက်ခုံးကနေစီးကျနေတဲ့
ရေစက်တွေကို သပ်ချလိုက်မိသည်။
ထွက်သွားခိုင်းနေပေမဲ့ ကျေနပ်မှုမရသေးတာမို့ သူ့ခြေလှမ်းတွေလေးလံနေ၏။
သူ့ကိုပြန်ကြည့်လာကာမသွားသေးဘူးလား
ဆိုတဲ့ပုံနဲ့မို့ သာ မျက်နှာငယ်နဲ့
သူမကိုကြည့်လိုက်၍
“အိမ်ရှင်ဖြစ်တဲ့ခါးကအဲ့လိုကျွန်တော့ကို
ခါးခါးသီးသီးဖြစ်နေတော့ ကျွန်တော်
မနေတတ်ဘူးလေဗျာ ညကကိစ္စကလဲ
ကျွန်တော်မူးနေလို့ဖြစ်သွားတာပါ ဒါ့ထက်
အစောကနမ်းမိတာကလဲ....."
“ရပြီ နားလည်တယ် အကုန်နားလည်တယ်
မင်းမတော်တဆတွေကိုငါအကုန်နားလည်တယ် ဒါကြောင့် ရပြီ ....."
သိသိသာသာနှင်ထုတ်နေပြီမို့ သာ
မသွားလို့မရတော့ကာ ထွက်သွားရန်ပြင်တော့ သူမဆီဖုန်းကောလ်ဝင်လာလေသည်။
အခွင့်သာသွားသေးတာမို့ သာ,မသွားပဲ
ပေကပ်ကပ်ဆက်နေတော့ သူမကဖုန်းဖြေနေ၏။
”ဟယ်လို....."
“ဟုတ်ကဲ့ အစ်မကခါးလွန်းနွယ်လား??....”
“ဟုတ်ပါတယ် ကျွန်မခါးလွန်းနွယ်ပါ
ဘာကိစ္စများရှိလို့လဲ??.....”
“ကျွန်တော်တို့ ရွှေမြို့ရိုးကားဂိတ်ကပါ
မခါးလွန်းနွယ်အထုပ် ကျွန်တော်တို့
ဂိတ်မှာပျောက်တယ်ဆိုလို့ပါ...."
“ဟုတ်တယ်လေ ကျွန်မဝယ်တဲ့ဆိုင်က
ဝန်ထမ်းတွေက ရွှေမြို့ရိုးဂိတ်ကို
တင်ပေးတယ်ပြောတာပဲ ဒါကြောင့်မနေ့က
ဂိတ်ခွဲကိုတစ်ခေါက်ဆက်တော့ အထုပ်က
ဆက်တိုက်မရောက်ဘူးချည်းပဲပြောနေလို့....."
“အဲ့တာအမှန်ဗျ ကျွန်တော်တို့ဂိတ်မှာ
မခါးလွန်းနွယ်ရဲ့အမည်နဲ့အထုပ်
မရောက်ထားဘူးဗျ.....ရောက်ထားရင်တော့
ပိုင်ရှင်ကသေချာပြန်ရမှာပါဗျ....."
“အဲ့ဝာာတော့ဟုတ်ပေမဲ့ အထုပ်အကြောင်းက
အစ်ကိုတို့ဆိုင်ရှင်နဲ့ပဲဆက်သွယ်ရမှာလေ
ကျွန်မကဝယ်ယူသူဆိုတဲ့အတွက်ကြောင့်
ရောင်းတဲ့ပိုင်ရှင်ဖြစ်တဲ့ အထုပ်တင်ပေးတဲ့
ဆိုင်နဲ့ပဲ အစ်ကိုတို့ဖြေရှင်းရမှာ နစ်နာသူဖြစ်တဲ့ကျွန်မက ဆိုင်ဘက်ကိုရောသေချာ
ပြောပြီးပြီမို့ ကျွန်မအထုပ်မရတဲ့အဆုံးတော့
နစ်နာကြေးငွေ ၁၇သိန်းကိုအစ်ကိုတို့ဘက်က
လျော်ရမှာ....."
“လျော်ရမယ်ဆိုရအောင် ကျွန်တော်တို့ဂိတ်ကို အထုပ်ကရောက်မလာဘူးလေ အထုပ်ရောက်ပြီးမှ တစ်ခုခုလွဲချော်တယ်ဆိုရင်တော့
တစ်မျိုးပေါ့ဗျာ အခုဟာကခင်ဗျားက
ကျွန်တော်တို့ဂိတ်ခွဲက ကလေးတွေကို
ခြိမ်းခြောက်သလိုပြောနေလို့ကျွန်တော်က
လှမ်းပြီးညှိနှိုင်းတာပါ....."
တစ်ဖက်ကစကားကြောင့် ခါး
ဒေါသလက်ကျန်ကပြန်တက်လာရလေသည်။
လျော်ရမှာမို့လျော်ရမှာပြောတာကို
ခြိမ်းခြောက်တာဆိုတဲ့အတွက်ကြောင့်
ခါး စိတ်ထောင်းခနဲဖြစ်သွားကာဖြင့်
“ဒီမှာ ခြိမ်းခြောက်တယ်ဆိုရအောင်
ကျွန်မဘက်က မဟုတ်တာတစ်ခွန်းမှ
ပြောထားတာမဟုတ်ဘူး.....ဆိုင်ရှင်ဘက်ကို
ပြန်မေးပြီး ဘယ်ဂိတ်နဲ့တင်လိုက်တယ်
ပြောလို့ ဖုန်းနံပါတ်မေးပြီးလှမ်းအကြောင်းကြားရုံတင် အဲ့တာကိုအဲ့ဘက်က
မချေမငံတွေပြောနေလို့ ကျွန်မအထုပ်ပျောက်ရင်တော့လျော်ရမှာလို့ပြောလိုက်တာ
အဲ့တာကခြိမ်းခြောက်တာတဲ့လား??
ရှင်စကားကိုစဉ်းစဉ်းစားစားလဲပြောပါဦး....”
“သိပါတယ် ခင်ဗျားဘက်ကလဲနစ်နာသူမို့
ဒီစကားပြောတယ်ဆိုပေမဲ့ ကျုပ်တို့ဘက်ကလဲ ခင်ဗျားအထုပ်မရောက်ပဲနဲ့တော့
သက်သက်မဲ့မလျော်ပေးနိုင်ဘူးလေဗျာ....
အဲ့တော့ခင်ဗျားနဲ့ ဝယ်တဲ့ဆိုင်ရှင်နဲ့သာ
တည့်အောင်ညှိလိုက်ပါ ကျုပ်တို့ဂိတ်တွေက
အဲ့ကိစ္စအတွက် ဘာမှလုပ်မပေးနိုင်ဘူး....."
“တောက် ရှင်တို့ဒီအထုပ်တစ်ထုပ်တောင်
တာဝန်မယူနိုင်ရင် ဂိတ်ဖွင့်မထားနဲ့လေ
တစ်ခုနဲ့တောင်အဖြစ်ရှိအောင်မလုပ်နိုင်ပဲ
ဂိတ်ခွဲဖွင့်ထားတဲ့ဟာတွေက ကြီးကြီးကျယ်ကျယ်ပြောနေသေးတယ် ဘာပဲဖြစ်ဖြစ်
ကျွန်မအထုပ်တိတိပပပျောက်သွားရင်တော့
ရှင်တို့ဂိတ်ရော ဂိတ်ခွဲရောအေးဆေးနေရမယ်
မထင်နဲ့......"
စိတ်တိုလွန်းလို့ဖုန်းကိုပါပေါက်ခွဲပြစ်ချင်ပေမဲ့ လောလောဆယ်အနေအထားမှာတော့
ထပ်လဲမဝယ်နိုင်သည်မို့ အံကိုသာတင်းနေအောင်ကြိတ်ထားကာ ခါးရင်ဘတ်တွေ
အနိမ့်အမြင့်မညီဖြစ်လာရသည်။
တော်တော်အသုံးမကျတဲ့ဟာတွေပါ!!
စိတ်တိုတိုနဲ့တစ်ဖက်လှည့်မိမှ ခါးကို
မျက်တောင်မခတ်မှင်သေသေစိုက်ကြည့်နေတဲ့ တစ်ယောက်ကိုထပ်တွေ့တာမို့ လူက
အတော်ကိုစိတ်ပျက်သွား၏။
သာလဲ သေချာနားထောင်ရင်းမှ
အခြေအနေကိုနားလည်သွားပြီမို့ ဒေါသတွေနဲ့ သူမအရိပ်အကဲကိုကြည့်ကာ နောက်ကိုတော့
ခြေလှမ်းနည်းနည်းဆုတ်လိုက်ကာဖြင့်
“ခါး အထုပ်ကိစ္စဖြစ်တာ ဟိုတစ်ရက်ထဲက
မလား?? ဒါကြောင့် ဖြစ်စဉ်ကိုကျွန်တော့ကို
နည်းနည်းပြောပြပေး.....ကျွန်တော်
တတ်နိုင်သလောက်စဉ်းစားပြီး အထုပ်ကို
လိုက် ပေးကြည့်မယ်......"
စိတ်ရှိတိုင်းသာလုပ်လိုက်ရရင် သူ့ဆံပင်
တစ်မွှေးတောင်ကျန်မှာမဟုတ်ပေမဲ့
ဒီအချိန် ကောက်ရိုးတစ်မျှင်အကူညီရလဲ
မနည်းပြီမို့ စိတ်တွေကိုတစ်ဆစ်ချိုးကာ
ခါး မကြည်မလင်နဲ့သူ့ကိုကြည့်၍
“ပစ္စည်းမှာတာ ဆိုင်ကတော့အထုပ်က
တင်လိုက်ပြီ ရွှေမြို့ရိုးဂိတ်ချဆိုပြီးတော့
အခုအထုပ်က အဲ့ဂိတ်နှစ်ခုလုံးကို
မရောက်ထားဘူးတဲ့ ဆိုင်ကလဲ သူတို့
အဲ့ဂိတ်လို့သေချာရေးပြီးတင်တာမို့
လုံးဝမှားစရာမရှိဘူးပြောတယ်....အဲ့တော့
အဲ့အထုပ်က အခုတစ်ပတ်ကျော်အထိ
ဘယ်ကိုရောက်မှန်းမသိပဲမြောနေတာ.....
ဆိုင်ကိုပြောတော့လဲဂိတ်ကိုပုတ် ဂိတ်ကို
ပြောတော့လဲဆိုင်ကိုပုတ်နဲ့ ကြားထဲက
ရူးချင်တော့တာပဲသိတယ်.....”
အမှန်တကယ်စိတ်ညစ်နေဟန်မို့ သာ
သူမကိုနားလည်သွားကာ အနားကိုတဖန်
တိုးသွားလိုက်၍
“အဲ့တာဆို ခါးပစ္စည်းမှာတဲ့ဆိုင်ရဲ့လိပ်စာကို
တစ်ချက်လောက်ပြောကြည့် ဘာရယ်မဟုတ်ပဲ ကျွန်တော်တတ်နိုင်တာကူညီကြည့်မယ်....."
တကယ်ကူညီချင်ပုံမို့ ခါးဖုန်းထုတ်ကာ
ဆိုင်ရဲ့အကောင့်ကိုသူ့ကိုပြတော့
သေချာမှတ်ရင်းမှ ထွက်သွားလေသည်။
သို့ပေမဲ့ အိမ်တံခါးဝနားရောက်မှ
ပြန်လှည့်ကြည့်ကာဖြင့် မခို့တရို့ပြုံးပြကာ
“တကယ်လို့ တကယ်လို့ပေါ့နော်
ကျွန်တော်အဲ့အထုပ်ပြန်ရခဲ့ရင် ခါး
ကျွန်တော့ကိုတစ်ခုခုလုပ်ပေးရမှာနော်...."
အထုပ်ပြန်ရဖို့သာအဓိကမို့ ခါး
ခေါင်းကိုမတုံ့မဆိုင်းညိမ့်လိုက်မိကာ......။
🏠🏠🏠🏠
ဘာလိုလိုနဲ့ လေးရက်လောက်ကြာသွား၏။
သူမကလဲ မမေးသလို သာလဲဘာမှ
အခြေအနေမပြောမိပဲနဲ့ သူငယ်ချင်းတွေ
အကူအညီနဲ့ရော သူ့အကူအညီနဲ့ရော
ဆိုင်ကတင်လိုက်တဲ့ကားသမားရဲ့ဖုန်းနံပါတ်ကိုရကာ စပါယ်ယာနဲ့ချိတ်မိရင်းမှ
အထုပ်ကိုဘယ်ဂိတ်မှာချခဲ့လဲသိခဲ့ရသည်။
လူကိုယ်တိုင်သွားရတော့မည်မို့ သာ
ဒီနေ့အစောပဲ တစ်ကိုယ်တည်းအိမ်ကနေ
ထွက်ကာ ကားငှားရင်းမှ တစ်ခြားမြို့ကို
ရောက်လာခဲ့ရ၏။
ကြိုတင်ပြီးဖုန်းချိတ်ထားသည်မို့
ဂိတ်က သူ့ကိုစောင့်ကြိုနေလေသည်။
အမည်ကိုသေချာပြန်ဖတ်ကြည့်တော့
ရွှေမြို့တော်ဂိတ်ဖြစ်နေတာမို့ ဆင်တူရိုးမှား
မှားနိုင်မည်ဆိုတာသူသိလေ၏။
အထဲမှာ အထုပ်တွေလက်ခံထားတာမို့
အဲ့ထဲကနေ အကြီးဆုံးအိတ်ကိုကြည့်ကာ
သွားကြည့်မိတော့ အမည်မှာ မခါးလွန်းနွယ်ပဲ
ပါပြီး ဖုန်းနံပါတ်မပါလာ!!
ဂိတ်မှာကလဲ ရွှေမြို့တော်ဂိတ်မို့လို့
ဒါဟာ ဆိုင်ဘက်ကပေါ့ဆမှုပဲဖြစ်လေသည်။
“တော်သေးတာပေါ့ဗျာ ဒီအထုပ်က
ဒီမှာသောင်တင်နေတာ ကြာပြီ
ကျွန်တော်တို့ဂိတ်က ပစ္စည်းတစ်ခုကို
နှစ်ပတ်ထက်ကျော်ရင် တာဝန်မယူတော့ဘူး
တော်သေးတယ် အစ်ကို တစ်ရက်နှစ်ရက်
စောသွားပေလို့....."
ဟုတ်သည်။ နောက်ရက်ကျော်ရင်
ဒီအထုပ်ဟာပိုင်ရှင်မဲ့သွားနိုင်၏။
ဘာလို့ဆို အမည်ပဲပါပြီးမြို့လဲမပါ
ဖုန်းနံပါတ်လဲမပါ....ဆိုင်ဘက်ကလိပ်စာလဲ
မပါသည်မို့ တော်တော်ပေါ့ဆတဲ့ဆိုင်ရဲ့
ညံ့ဖျဉ်းမှုကိုကြည့်ကာ မျက်ခုံးကျုံ့မိသည်။
“အမှန်က ဂိတ်ကရွှေမြို့ရိုးကိုချခိုင်းတာ
အခုကဂိတ်မှားတော့ မြို့ပါမှားပြီး
ချခဲ့ဝာာ အဲ့တော့အကုန်လုံးတိုင်ပတ်ကုန်ရော....”
“ဟုတ်တယ်ဗျာ ပုံမှန်ဆိုအထုပ်မှာ
အမည်နဲ့ဖုန်းနံပါတ်ပါတယ်လေ မဟုတ်လဲ
ဆိုင်ရဲ့လိပ်စာပါရင်ကျွန်တော်တို့
တနည်းနည်းနဲ့ဆက်သွယ်လို့ရတယ်
အခုဟာက ဘာမှလဲမပါဘူး မခါးလွန်းနွယ်
ဆိုတဲ့တစ်လူံးနဲ့တင်ကျွန်တော်တို့လဲ
ဘာမှဆက်လုပ်လို့မရဘူးလေ လာချသွားတဲ့
ကားကိုဆက်မေးတော့လဲ သူတို့က
ချိတ်ဆက်နေကျမဟုတ်တော့ ဘယ်ဆိုင်က
ဘယ်ဟာကမှန်းမသိဘူး အဲ့တာနဲ့ပဲ
ရက်တွေကြာကုန်တော့တာ....."
“ဒါပေမဲ့တော်သေးတာပေါ့ဗျာ မဟုတ်ရင်
နှစ်ဖက်လုံးနစ်နာစရာတွေဖြစ်ကုန်တော့မှာ.....”
“ဟုတ်တာပေါ့ နောက်ဆိုဘယ်ဆိုင်ပဲဖြစ်ဖြစ်
ဂိတ်နာမည်နဲ့ အမည်ဖုန်းနံပါတ်ကို
သေချာရေးခိုင်းအစ်ကိုရေ အခုက
တစ်ထုပ်ဆိုလဲတန်ဖိုးမနည်းဘူး....."
“ဟုတ်တယ်ဗျာ ကျေးဇူးပါပဲ....."
၁၇သိန်းတန်တဲ့ဒီအထုပ်သာ
ပိုင်ရှင်မဲ့ထဲရောက်သွားရင် သူမတော့
ဘယ်လောက်စိတ်ထိခိုက်မလဲ??
အတွေးတို့နဲ့ သာ ကားငှားကာအထုပ်ပါတင်ရင်း ပြန်လာခဲ့လေသည်။
.......
ခါး ဆိုင်သိမ်းပြန်လာ၍ ဟင်းချက်ပြုတ်ပြီးတဲ့အထိ သူ့အိမ်ကသော့ခတ်ထားဆဲ!!
ပုံမှန်ဆိုဒီချိန်အိမ်မှာပဲနေတတ်တဲ့သူက
အခုထိ မလာသေး သေး!! ဟင်!!....။
အတွေးမဆုံးခင် ကယ်ရီဘီးနဲ့အတူ
အထုပ်ကြီးနဲ့ပြန်လာတဲ့သူ့ကိုမြင်တာမို့
ခါး တအံ့တဩတော့ဖြစ်သွားလေ၏။
“ကျေးဇူးပဲအစ်ကိုရေ ကူပြီးတော့
ကျွန်တော့ကိုအိမ်ထဲသွင်းပေးဦးနော်....."
ကယ်ရီသမားနဲ့သူ နှစ်ယောက်ဝိုင်းမပြီး
ချောချောချူချူပင် အထုပ်ကအိမ်ထဲ
ရောက်သွားလေကာ ပိုက်ဆံရှင်းပေးလိုက်သည်။
သူမကိုငဲ့ကြည့်တော့ သူ့ကိုတစ်လှည့်
အထုပ်ကိုတစ်လှည့်ကြည့်ကာဖြင့်
တအံ့တဩပါးစပ်လေးပွင့်ဟလျက်.....
“ဒီအထုပ်က....."
“ဟုတ်တယ် နောက်မှရှင်းပြမယ်
လောလောဆယ် ပင်ပန်းလာပြီဆိုတော့
ဒီဘက်မှာခဏနားပြီး ထမင်းစားဦးမယ်
ရတယ်မလား??...."
“ဟင်...."
“ဟုတ်တယ် ဒီရက်ပိုင်းဝယ်ပဲစားနေရတာ
ငြီးငွေ့တယ် အိမ်ဟင်းထမင်းလေး
စားချင်ဝာာ ကျွေးမယ်မလား??...."
“အင်း ကျွေးရမှာပေါ့....."
ကိုယ့်စကားနဲ့ကိုယ်မို့ ဝမ်းသာတစ်ဝက်
စိတ်ညစ်တစ်ဝက်နဲ့ပဲ သူ့ကိုကျေးဇူးတင်ကာ
ထမင်းကျွေးရန်ပြင်ဆင်လိုက်ရလေ၏။
အခန်းမှတ်ချက်များ (0)