Bububai ဝတ္ထု Tenant Boy (အိမ်ငှားကောင်လေး) အခန်းစာရင်း

အပိုင်း၆

“သာ....."

သဲ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ သာ့အိမ်ကို

ဒီတစ်ရက်တော့လာခဲ့မိလေသည်။

ဒိကြားထဲ ကိုယ်တစ်ယောက်ထဲသူ့ကို

စိတ်ဆိုးစိတ်ကောက်နေပေမဲ့ သူကတော့

ကိုယ့်ကိုရှိတယ်လို့ဝောာင် သဘောထားရဲ့လားမသိ!!

သူနဲ့ကိုယ်က ကိုယ့်စနက်ကြောင့်ပဲ

စေ့စပ်ဖို့အထိဖြစ်သွားခဲ့ပေမဲ့ ကိုယ်ဟာ

ဟိုးအရင်ထဲကသူ့ရင်ထဲမှာမရှိမှန်း

သတိထားမိခဲ့လေ၏။

မိန်းကလေးမှန်တာမို့ ကိုယ့်ကိုမကြည်ဖြူတဲ့

ယောင်္ကျားတစ်ယောက်အနား ကပ်တွယ်ရတာ

ရှက်စရာကောင်းတာမှန်ပေမဲ့ သဲကတော့

သာ့ကိုငယ်ငယ်ထဲကကြိုက်ခဲ့ရသည်မို့

အခုလို နီးစပ်ပြီးချိန်မှတော့ လက်မလွှတ်ချင်!

ဒါ့ကြောင့် ရ‌သလောက်အခွင့်အရေးကိုတော့

အမိအရဖမ်းဆုပ်ထားချင်သည်။

သာနဲ့ဒီရက်ပိုင်းမတွေ့ဖြစ်တာက

သဲရဲ့မိဘတွေက သဲတို့နှစ်ယောက်ရဲ့ကိစ္စကို

ဒီထက်အခြေအနေတိုးတက်အောင်

အထက်လမ်းနဲ့ ယတြာခြေ ဘာညာ

စုံစိနေအောင် မာမီကလုပ်ပေးတာမို့

သဲကိုယ်တိုင်လဲဝင်ပြီး ယတြာကျေအောင်

ပံ့ပိုးပေးရ၏။

ထို့ကြောင့် မလာဖြစ်ခဲ့တဲ့အခါ အခုနေ

လာပြန်တော့ တွေ့လိုက်ရတာက

သော့ခတ်ထားတဲ့ခြံတံခါးကြီးသာ!

သာ့ဖုန်းကိုဆက်တိုက်ခေါ်နေပေမဲ့

မကိုင်တာက သဲကိုများဘလော့ထားတာထား?? မဟုတ်ရင်တစ်ခုခုလား??

‌မရတဲ့အဆုံးချောင်းကြည့်ကြည့်တော့

အိမ်တွင်းတံခါးကလဲ သော့ခတ်ထားပြန်ကာ

ခြံတွင်းအပြင်အဆင်တွေကနည်းနည်းတော့

ရိုးရှင်းနေသည်။

သာ,ကပန်းပင်တွေကြိုက်တတ်တာမို့

ယောင်္ကျားလေးတန်မဲ့စိုက်ပျိုးထားတဲ့

ပန်းအိုးလေးတွေ ၄ ၅ အိုးလောက်

ခြံထဲစီထားတတ်လေ၏။

သို့ပေမဲ့ယခုကတော့တစ်ခြံလုံးထဲမှာ

ပန်းပင်တွေမရှိသလို တစ်ခြားအလှဆင်ထားတဲ့ အရာလေးတွေလဲမရှိတော့!!

ဘယ်တွေများရောက်ကုန်တာလဲ??

ဒါရိုက်ခေါ်နေပေမဲ့ မကိုင်တဲ့ဖုန်းက

တစ်ခုခုထူးဆန်းတာမို့ သဲ လူပြောင်းခေါ်ကြည့်တဲ့အခါ သာ့အမေကတော့သဲမို့

တန်းခနဲကိုင်လေသည်။

“သဲလေး ဘာဖြစ်လို့လဲသမီး??...."

တစ်ဖက်ကအသံကြောင့် သဲအသံကို

နှိမ့်ထားကာဖြင့် နူးညံ့တဲ့အသံနေအသံထားကို

ပြောင်းလိုက်ရင်းမှ

“ဟွန်း!!!!!!! မာမီ သဲလေ ကိုကို့ကိုဖုန်းတွေ

ခေါ်တာခေါ်လို့မရလို့ အဲ့တာကိုကို

အဲ့အိမ်မှာများရောက်နေလားဟင်....."

“မရောက်ပါဘူး သမီးလေးရဲ့

သားကမာမီတို့ဆီမလာတာတောင်

တစ်ပတ်ကျော်လောက်ရှိပြီ....သူဘယ်တွေများရောက်နေပါလိမ့်??...."

“အဲ့တာဆိုကိုကိုက အခုအဲ့အိမ်မှာ

မရှိဘူးဆိုတော့ သူ့gymရုံမှာများ

ရှိနေမလားမသိဘူးနော် မာမီ....”

“မာမီလဲမပြောတတ်ပါဘူးသဲလေးရယ်

သာက သူ့ကိုဘယ်နေရာရောက်နေလဲ

မေးရင်ကြိုက်တာမှမဟုတ်တာ....အဲ့တော့

မာမီလဲတကူးတကတော့မမေးဖြစ်တော့ဘူး...."

မမေးပေးဘူးဆိုတာသိသွားတာမို့

သဲ ဖုန်းကိုချလိုက်ရင်းမှ မဲ့ရွဲ့ကြည့်ကာ

“ဟွန့် အဖွားကြီး ကိုယ့်သားချောချော

တစ်ယောက်လုံးဘယ်ရောက်နေလဲတောင်

မမေးဘူး....သူမို့လို့စိတ်ချလက်ချ

လွှတ်ထားရဲတယ် အခုခေတ်ကောင်မတွေက

လွယ်တာမဟုတ်ဘူး ငါ့သာ,ကချောချောလေး

တော်ကြာ မတော်တရော်တွေနဲ့တွေ့ရင်.....

မဖြစ်ပါဘူး မျက်နှာလေးပဲဖြစ်ဖြစ်

တွေ့ရအောင် gym ရုံကိုလိုက်သွားဦးမှပါ....”

ဇွဲမလျော့သေးတဲ့သဲကတော့ အိတ်ကို

သေချာပြင်လွယ်ကာ မကြာခင်သူမအပိုင်

ဖြစ်လာတော့မဲ့လူနဲ့အတူ gymရုံကို

သွားရန်ဆုံးဖြတ်လိုက်သည်။

မအားလို့သာမတွေ့ဖြစ်တာ ဒီရက်တွေမှာ

သူ့ကိုတွေ့ချင်တာ ထိန်းမရသိမ်းမရ!!

.....

နည်းနည်းဝေးတာမို့ ကားငှားစီးရင်းမှ

{THAR MA NYA FITNESS CLUB}

ဆိုတဲ့ သာပိုင်သော gym ရုံကြီးရှေ့

ရောက်လာခဲ့၏။

သို့ပေမဲ့ ရင်ထဲနွမ်းသွားတာက

gymဟာလဲပိတ်ထားဆဲမို့ပါပဲ!!

အနီးကပ်သွားရင်းကြည့်ကြည့်တဲ့အခါ

မှန်ဘောင်တစ်ချို့ကာထားတာမို့အထဲကို

မြင်ရတဲ့မြင်ကွင်းကသဲကိုအံ့ဩသွားစေသည်။

gymပစ္စည်းတွေတစ်ခုမှရှိမနေတော့တာမို့ပင်!!

ကိုယ်ပဲမျက်စိမှားတာလားပြန်ကြည့်တော့လဲ

ထိုနည်းလည်းကောင်း!!

တဟင်ဟင်နဲ့ကိုယ့်ဘာသာစိတ်ညစ်နေချိန်

ဘေးနားမှာလူလာရပ်တာမို့ သဲ လန့်သွား၏။

အန်တီကြီးတစ်ယောက်မို့ သဲကြောင်သွားတော့ သူမကသဲကိုသေချာစိုက်ကြည့်ကာ

“သမီးက ဒီမှာgymလာဆော့တာနဲ့တူတယ်

ရုံပိုင်ရှင်က ဒီကနေပြောင်းပြီးတစ်နေရာကို

ရွှေ့သွားပြီလေ ဘယ်ကိုလဲတော့မသိဘူး

နေရာသိချင်ရင် သူ့ဖုန်းကိုဆက်ခိုင်းထားတယ်

အဲ့မှာ သူ့ဖုန်းနံပါတ်လေ....."

အန်တီကြီးညွှန်ပြရာ စာရွက်ဖြူလေးဆီ

သွားရင်းမှကြည့်လိုက်တော့ လက်ရေးစာ

ဖြစ်ကာ gymရုံကိုပြောင်းရွှေ့သွားကြောင်းနဲ့ နေရာကိုလူကိုယ်တိုင်မေးမြန်း‌နိုင်ကြောင်း

ဖုန်းနံပါတ်နဲ့အတူ ချန်ပေးသွားလေသည်။

သဲ အခြေအနေတွေကိုနားမလည်နိုင်

ဖြစ်သွားပြန်တာမို့ ဖုန်းထုတ်ကာ

သာ့ရဲ့အမေကို ခေါ်လိုက်ပြန်ရင်းမှ

ထိုအကြောင်းကိုလဲအကြောင်းကြားမိ၏။

အခုနေ သဲတော့ပူထူနေတာပဲသိတော့သည်။

🏠🏠🏠🏠

“ကျစ် နားငြီးလိုက်တာ....."

ခုံမှာထိုင်ရင်း ဘာကြောင်းညာကြောင်း

သတင်းလေးနားထောင်မလို့ပေမဲ့

ဆူညံသံတွေကြောင့် ခါးရဲ့ညနေခင်းက

ပုံမှန်နေ့တွေလိုမသာယာတော့!

ကိုယ်တစ်ယောက်ထဲရှိတဲ့ခြံထဲမှာ

ယောင်္ကျားသားတစ်ယောက်ရောက်လာတာမို့

ခါးအရင်ကလို ဆိုင်ကိုစောမသိမ်းပဲနဲ့

ညနေစောင်း နေဝင်မှသိမ်းဖြစ်တာများ၏။

တစ်ယောက်ထဲနေထိုင်စားသောက်တာပေမဲ့လဲ

ခါးကသူများဆီကဝယ်စားရတာကို

မကြိုက်တတ်တာမို့ အိမ်ပြန်ရောက်မှ

ကိုယ်စားချင်တာဝယ်ပြီးချက်စားနေကျ!!

အခုနောက်ပိုင်း ဆိုင်သိမ်းနောက်ကျတော့

ခါးဟာ ရောက်ရင်ရောက်တဲ့အချိန်

အမြန် အမောတကောချက်ပြုတ်ပြီးမှ

စားသောက်ရတာဆိုတော့

အားလုံးချက်ပြီးရင် မောနေရလေပြီ!!

ဆိုင်ကလဲသူ့ဟာနဲ့သူရောင်းရသည်မို့

အကူတစ်ယောက်နဲ့ခါးပဲရှိသည်ဖြစ်ရာ

သူကဖြန့်ပြ ပြန်ခေါက်ပေမဲ့

တစ်ထည်ရောင်းရဖို့ စကားလှလှနဲ့

လူစိတ်ဝင်စားအောင်ပြောရတာခါးအလုပ်၊

တစ်ခါတစ်ခါလက်ပေါက်ကပ်တဲ့လူတွေ

ကြုံရပေမဲ့ ဈေးသည်ဆိုတာဒီလိုတွေ

ကြုံရစမြဲမို့ သည်းခံပြီးအာစိုက်ရောင်းရတဲ့အခါ လူရှုပ်လေ ပိုပင်ပန်းလေ!!

တစ်ခါတစ်လေ သူရောခေါက်ကိုယ်ရောခေါက်နဲ့ နေ့လည်စာလွတ်တဲ့ရက်တွေ ဒုနဲ့ဒေး!

ဒါပေမဲ့လဲ အရောင်းအဝယ်ရှိနေတုန်း

ရှာဖွေထားရမည်မို့ ခါးရော‌သူမရော

မညည်းညူပဲလုပ်ဖြစ်ကြသည်။

တစ်နေကုန် ဈေးထဲမှာပြောဆိုပြရောင်းနဲ့

ပင်ပန်းလာတဲ့ခါးအဖို့ အိမ်ရောက်ရင်တော့

အေးဆေးနားချင်ပေမဲ့ ဒီနေ့တော့

ဆူညံသံတွေကြောင့်လူကဘယ်လိုမှ

နေလို့မရတော့!!

နာရီကြည့်တော့လဲ ညတောင်

၈နာရီထိုးတော့မှာမို့ ဒါဟာလူတွေ

စားသောက်နားချိန်ဖြစ်နေပြီလေ....။

“ချ အစ်ကိုတို့ အဲ့ဒီ့ဝိတ်တုံးတွေကိုက

နံရံထောင့်လေးမှာထားပေး....ပြေးစက်က

ဟိုဘက်ကို‌မျက်နှာမူပြီးချပေး ငါ့ညီတို့က

အဲ့အပိုပစ္စည်းတွေကိုဟိုနားထားပေး..

မှန်ကိုက ဒီမှာပဲကပ်ထောင်လိုက်မယ်

ပြီးမှပဲစကူဆွဲလိုက်တာပေါ့.....yoga ဖျာတွေကိုက ဟိုပေါ်မှာထားပေး...နောက်အဲ့တာတွေ@#$$$+$+($....."

ခိုင်းသံကတွတ်ထိုးနေသလို နောက်က

ပြောဆို ပစ္စည်းချနေသံတွေကလဲ

ဆူညံလို့နေလေသည်။

ရသေလာက် သည်းခံကြည့်ပေမဲ့

မရတော့သည်မို့ ခါး ‌ဘေးနားချထားတဲ့

ဆံကုတ်နဲ့ဆံပင်တွေကိုသိမ်းညှပ်ကာ

အင်္ကျီကိုသေချာပြုပြင်ရင်းမှ အိမ်ထဲက

ထွက်လာခဲ့၏။

“ဒီမှာ မင်းအဲ့ဘက်ကကိစ္စ‌တွေက

ဒီနေ့ဘယ်ချိန်မှပြီးမှာလဲ?? ဒို့ပြန်လာချိန်

၅နာရီထဲကတတွတ်တွတ်နဲ့ရှုပ်နေတာ

အခုထိမပြီးနိုင်သေးဘူးလား ဒီမှာ

သူများနားချိန်ရောက်နေပြီ.....”

“ခင်ဗျားနားနိုင်လို့နားတာနားလေ

ကျွန်တော်တို့ကမနားနိုင်လို့မနားရသေးတာ

ခင်‌ဗျား မြန်မြန်ပြီးစေချင်ရင် အမြင်မတော်

လိုအပ်တာဝင်လုပ်လိုက်ပေါ့ အိမ်ရှင်ပဲကို

ကိုယ့်အိမ်ငှားအကူအညီလိုနေတာတော့

ကူညီပေးသင့်တာပဲမလား??...."

ကိုယ့်ဝောာင်ပြန်ပြီးအမိန့်ပေးနေတာမို့

ခါး နှုတ်ခမ်းကိုက်ကာ မျက်စောင်းထိုး၍

“ကိုယ့်ဟာကိုယ်တောင်တနေကုန်မနားတမ်း

လုပ်နေရတာကို မင်းအလုပ်ဝင်ကူပေးဆိုတော့

ဒို့ကိုမင်းအလုပ်သမားများအောင့်မေ့နေတာလား??....မင်းရဲ့ဒီပစ္စည်း‌တွေဒို့ခြံထဲ

ရောက်လာတာတင် မင်းအတွက်တော်ဝောာ်

ကံ‌ကောင်းနေပြီမို့ စိတ်မပြောင်းခင်

အဲ့ဘက်ကဆူညံ‌သံတွေကိုမြန်မြန်

လက်စသတ်လိုက်တော့....”

ပြောချင်ရာပြောပြီးထွက်သွားတဲ့

မျက်နှာကိုကြည့်ရင်းမှ အမှတ်တမဲ့တော့

ပြုံးမိသွားသည်။

ညနေချိန်တွေ့ရတာဟာရှားသည်မို့

အခုလိုစေ့စေ့ကြည့်လိုက်ရတော့လဲ

သူ့အတွက် အားတစ်ချို့ဖြစ်ထွန်းရလေ၏။

တစ်မျိုးပဲ!!!

🏠🏠🏠🏠

“သား မင်းဘယ်တွေရောက်နေတာလဲ??

အိမ်ကိုလဲသော့ခတ်ထားတယ် သားရဲ့အားကစားရုံကိုသွားတော့လဲ ပြောင်းသွားပြီတဲ့

သားအခုဘယ်တွေရောက်နေတာလဲ??

မာမီတို့စိတ်ပူတယ်....."

သဲကတဂျီဂျီလုပ်လွန်းလို့ ဒေါ်မြတ်သာ

လှမ်းမေးရခြင်းဖြစ်သည်။

ကိုယ့်သားဟာ မဟုတ်တာလုပ်မည့်သူ

မဟုတ်တာမို့ ကျန်တဲ့ကိစ္စယုံပေမဲ့

အိမ်ထောင်ရေးနီးလာမှ ယခုလို

ကိစ္စမျိုးကြုံရတော့ နည်းနည်းတော့

စိုးရိမ်မိလေ၏။

“ကျွန်တော်ဒီတိုင်းစိတ်အေးချမ်းမဲ့

နေရာတစ်ခုမှာသွားနေနေတာမာမီ....

ကျွန်တော့ဆီကို နွေသဲမာခဏခဏ

လာနေတာကျွန်တ်ောမကြိုက်ဘူး

ဒါကြောင့် သူလဲမသိမဲ့နေရာတစ်ခုမှာ

ကျွန်တော်ခဏအနားယူနေတာ....."

ကြည့်ကောင်းအောင်ပြောလိုက်တော့

တစ်ဖက်ကမာမီ့အသံတိတ်သွားရင်းမှ

သက်ပြင်းသဲ့သဲ့ချကာ

“အဲ့လိုတော့အဲ့လိုဆိုပေမဲ့ ကိုယ်နဲ့စေ့စပ်ထားတဲ့ မိန်းကလေးကိုအကြာကြီးစောင့်ရအောင်

မလုပ်ပါနဲ့မာမီ့သားရယ် တစ်ဖက်ကိုအရမ်း

အားနာဖို့ကောင်းတယ် ဟိုဘက်ကသူတို့သမီး

မင်္ဂလာပွဲကိုဘယ်လိုလုပ်ချင်တယ်ပြောလာတိုင်း မာမီတို့ဘက်ကမျက်နှာပျက်ရတယ်လေ သားကမင်္ဂလာပွဲအကြောင်း

တစ်ခွန်းမှမှမဟတာ....”

“ကျွန်တော်မှမင်္ဂလာမဆောင်ချင်တာ မာမီ

စေ့စပ်ပွဲဆိုတာ အချိန်မရွေးဖျက်လိုက်လို့ရပေမဲ့ လက်ထပ်တာကမတူဘူး....ကျွန်တော့ဘဝကို ဒီအသက်အရွယ်မှာအိမ်ထောင်ရေး

ဆိုတဲ့အချုပ်အနှောင်ထဲမထည့်ချင်သေးဘူး.....မာမီတို့နားလည်ပေးပါ.....”

ငယ်ငယ်ရွယ်ရွယ် နှစ်ဆယ်စွန်းစွန်းလေးသာမို့

သူသဘောမတူတဲ့ကိစ္စတွေကို

အတင်းကြီးဖိအားမပေးချင်!

သဲလေးနဲ့ကိစ္စမှာလဲ သားသဘောမပါတာ

သိပေမဲ့ နှစ်ဖက်မိဘမြင်သွားပြီးတဲ့

ပုံရိပ်တွေကြောင့် မထူးဇာတ်ခင်းလိုက်ရတာမို့

သူမကတော့ သားကိုအတင်းကြီးဖိအားမပေး!!

သူ့ဘဝ သူ့အိမ်ထောင်ရေး အချိန်တန်

ဖူးစာဖက်နဲ့သာညားရမှာမို့ ဘယ်ကိစ္စမှ

အတင်းကြီးစီစဉ်ထားဖို့မလို!

အခုလဲ တစ်ဖက်ကသားရဲ့အဖြေကြောင့်

ဒေါ် မြတ်သာ သက်ပြင်းခပ်လေးလေး

ချလိုက်မိရင်းမှ

“အင်းပါ မာမီ့သားသဘောပေါ

ဒါပေမဲ့ သဲလေးနဲ့သားကြားမှာ

ရိုးရှင်းတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူး

ဆိုတာတော့သားသတိထားပေးနော်

ကျန်တာမာမီလက်ခံပေမဲ့ သားတို့နှစ်ယောက်လုံး လူပြောစရာဖြစ်မဲ့

ကိစ္စမျိုးတွေတော့ မာမီလက်မခံဘူး.....”

တစ်ခါထဲမှာနေတာမို့ သာ့မျက်ဝန်းထဲ

ထူးထူးဆန်းဆန်းဘေးအိမ်ကသူမကို

ပြေးမြင်မိကာ ရင်ထဲဒိန်းခနဲဖြစ်သွား၏။

“ဟဲ့သား ကြားလား?...."

“ကြားတယ်မာမီ ဒါပဲနော် ဒယ်ဒီ့ကိုနည်းနည်း

ကြည့်ကောင်းအောင်ပြောပေးထားပါဦး...."

“အေးပါ...."

ဖုန်းချသွားပြီး သာ အိမ်ရှေ့မှာပဲ

ခဏမတ်တတ်ရပ်ကာ ခြံကြီးရဲ့စင်္ကြန်ဘေး

အစီအရီစိုက်ပျိုးထားတဲ့ ပန်းပင်တွေကို

ဒီတ်ိုင်းပဲ‌ငေးကြည့်နေမိသည်။

“ကျစ် ညီမတို့အဲ့လိုပြောလို့မရဘူးလေ

အထုပ်တင်လိုက်တာမှန်ပေမဲ့ အစ်မဘက်မှာ

ဒီနေ့ထိလက်ထဲအထုပ်ရောက်သေးတာမှ

မဟုတ်တာ တန်ဖိုးကလဲနည်းနည်းနောနော

မဟုတ်ဘူး ၁၇သိန်းဖိုး ညီမတို့ဘက်က

ပိုက်ဆံရပြီးပြီမို့ ပေါ့လို့ရပေမဲ့ အစ်မက

ကာယကံရှင်လေ ဘယ်လိုလုပ်စိတ်အေးအေး‌ ‌ထားပြီးပြောလို့ရမှာလဲ??....."

တစ်ခါမှအသံကျယ်ကျယ်မကြားခဲ့

ဖူးတာမို့ သာ ဖျက်ခနဲငဲ့ကြည့်မိတော့

သူမကတော့ ဒေါကြီးမာန်ကြီးနဲ့အိမ်ထဲက

ခပ်ဆတ်ဆတ်ထွက်လာကာ သူမအိမ်ရှေ့

စင်္ကြန်လမ်းကိုလျှောက်၍ ဖုန်းပြောနေခြင်းဖြစ်၏။

ဒီနေ့ဆိုင်သိမ်းတာစောတာမို့ သူမကို

ပိုတွေ့ခွင့်ရကာ ယခုလဲအိမ်ထဲကနေ

ထူးထူးဆန်းဆန်းထွက်ပြီးဖုန်းပြောတဲ့

သူမက နားထင်ကချွေးစတွေကို

သုတ်ဖယ်တာမို့ သာ အိမ်ထဲကိုငဲ့ကြည့်တဲ့အခါ

မီးပျက်နေတာတွေ့ရလေသည်။

ဒါကြောင့်ကိုး!!

ထမိန်စမလိုက် တစ်ဖက်ကိုသူ့အထုပ်

မရောက်သေးကြောင်း ရှင်းပြလိုက်နဲ့

အလုပ်တွေရှုပ်နေတဲ့သူမကို အိမ်ရှေ့က

ခုံတန်းလျားရှည်ကြီးမှာထိုင်ကာဖြင့်

သဘောတကျငေးကြည့်နေမိလေ၏။

တဖြေးဖြေးနဲ့သူသတိထားမိလာတာဟာ

သူမရဲ့ပုံရိပ်တွေကို အခုလိုငေးကြည့်နေရတာကို သဘောကျတတ်လာခြင်းဖြစ်လေသည်။

သူရောကိုယ်ရော တစ်နေကုန်မတွေ့ရပေမဲ့

ပြန်လာတဲ့အချိန် ခဏလေးသူမမျက်နှာ

တွေ့လိုက်ရရင်တောင် သူ့စိတ်ထဲအေးချမ်းနေတတ်တာမျိုး!!

လေအတိုးမှာ လွင့်ခါသွားတဲ့ဆံနွယ်တွေနဲ့အတူ ပန်းနုရောင်မျက်နှာလေးကို

ဘေးတိုက်ကြည့်ရင်းမှ သူမမသိခင်

ဖိုတိုတစ်ပုံရှပ်ခနဲရိုက်ယူလိုက်မိ၏။

“ဟုတ်ပြီ မနက်ဖြန်တစ်ရက်ထပ်စောင့်မယ်

တစ်ပတ်လဲပြည့်ပြီမို့ အစ်မအထုပ်

လက်ဝယ်မရောက်လာခဲ့ရင်တော့ အဲ့ဒီ့

၁၇သိန်းလုံးညီမတို့ဘက်ကပြန်လျော်ပေးရမယ်....”

“........"

“မလျော်ပေးဘူးပြောလို့မရဘူးလေ

မလျော်နိုင်ရင်အစောထဲကငွေကြိုမယူနဲ့လေ

ညီမတို့ဆီကအာမခံလို့အစ်မကလဲ ကိုယ့်ရဲ့

ချွေးနဲစာကိုပုံအပ်ပြီးတန်းလွှဲပေးလိုက်တာ

ကားဂိတ်ကလဲ အစ်မပြောတဲ့ကားဂိတ်ကို

မတင်ပဲ ညီမတို့ကြုံရာဂိတ်ကိုတင်လိုက်တဲ့အတွက် ညီမတို့အပြစ်တွေအများကြီးပါတယ်နော် အဲ့တော့အစ်မပြောသလိုပဲ

မနက်ဖြန်နေလို့မှ အစ်မအထုပ်မရောက်ရင်

အဲ့တန်ဖိုးအတိုင်း ပစ္စည်းမဆို ပိုက်ဆံမဆို

ပြန်လျော်ပေးပါ......"

ဘယ်အရာမဆိုတိကျတဲ့သူမရဲ့

မျက်နှာကျက အခုလဲပြတ်ပြတ်သားသား

ဆိုရင်း သူ့ဘက်ကိုလှည့်ကြည့်လာတာမို့

မျက်နှာချင်းပက်ပင်းတိုးလေသည်။

မျက်နှာလေးရဲခနဲဖြစ်သွားပေမဲ့

မသိသလို အထဲကိုခပ်သုတ်သုတ်ပြန်ဝင်သွားတာမို့ သာတစ်ယောက်အားမနာနိုင်ပဲ

ပြုံးတုံးတုံးသာဖြစ်‌သွားရလေ၏။

သူတော့ထူးဆန်းနေပါပြီ

« ရှေ့အခန်း - အပိုင်း၅ နောက်အခန်း - အပိုင်း၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ