"ကောင်လေး.. ရေချိုးတော့မလို့လား..ငွေ့ ရေစပ်ပေးထားတယ်. မြန်မြန်ချိုးလိုက်နော်...."
"ဟင့်အင်း...."
ငွေ့ ရေစပ်နေတုန်း ရေချိုးခန်းထဲကို ဝင်ပြီး ရေမချိုးဘူးဆို၍ ငွေ့ ကြောင်ရက်သား ငေးကြည့်လိုက်ပါတော့သည်။ ထိုသို့ကြည့်နေတုန်း သူက ပြုံးစိစိငုံကြည့်လာပြီး ငွေ့၏ နူတ်ခမ်းလေးတွေကို အပိုင်သိမ်းလိုက်၏။ထိုအခါ ငွေ့ရည်လည်း အလိုက်သင့် ပြန်လည်နမ်းရှိုက်ရင်း နှစ်ယောက်သား အနမ်းခြင်းဖလှယ်လိုက်ပါတော့လေသည်။
သမီးလေး ငိုသံကြားတော့မှ နှစ်ယောက်သား အနမ်းတွေတစ်ခန်းရပ်လိုက်၏။မင်းခန့်ကတော့ ရေချိုးခန်းထဲမှာ ကျန်ခဲ့ပြီး ငွေ့ကတော့ ထွက်လာခဲ့သည်။သူမတို့ကို မတွေ့ရတာကြောင့် အိပ်ရာက နိုးနိုးချင်း ဝမ်းနည်းပက်လက်နှင့် ငိုနေတာမြင်ရတော့ ရင်ထဲမကောင်းပေ။
ငွေ့ရည်ကို မြင်တာနဲ့ သမီးလေးက ဝမ်းနည်းတကြီး ပို၍ ငိုယိုကာ တောက်တောက်နဲ့ လက်လေးကမ်းပြီး လာတော့လေသည်။ငွေ့ရည်လည်း သမီးလေး အိပ်ယာပေါ်ကနေ ပြုတ်ကျမှာဆိုး၍ ဗိုက်ကို ပိုက်ပြီး ခပ်မြန်မြန်ပင် သမီးဆီကို ရောက်လာခဲ့ပြီး ပွေ့ဖက်ထားလိုက်တော့သည်။
"မေမေ့ သမီးလေးသနားပါတယ်...ဖေဖေနဲ့မေမေကို မတွေ့လို့ ဝမ်းနည်းသွားတာပဲ...ဖေဖေနဲ့မေမေက ဆိုးတယ်နော်...''
သမီးလေးက အငိုမတိတ်တာကြောင့် သနားတာနဲ့ မထွက်တော့သည့် နို့ကို တိုက်လိုက်၏။နို့ပါးစပ်ထဲရောက်သွားတော့ သမီးက ခဏ အငိုတိတ်သွားသော်လည်း နို့မထွက်တော့ စိတ်တွေတိုပြီး ကျွတ်ကျွတ် ညံအောင် အော်ငိုပါတော့သည်။ဒီတော့ သမီးအဖေလည်း ရေချိုးခန်းထဲ ထွက်လာပါတော့၏။
"သမီး ဘာလို့ ဒီလောက်ငိုနေရတာလဲ...ဗိုက်အောင့်နေလို့များလား..ငွေ့..''
"မဟုတ်ပါဘူး ကောင်လေးရယ်...နို့မထွက်လို့ စိတ်တိုပြီး ငိုနေတာ...သမီးက ကောင်လေးလိုပဲ တအားစိတ်ကြီးတာပဲ..''
"ကိုယ့်သမီးပဲ..ကိုယ်နဲ့တူရမှာပေါ့..အဖေတူသမီးလေး..ဖေဖေ့ချစ်သမီးချောလေး...''
မင်းခန့် ငွေ့ရည်ရဲ့လက်ထဲက အမုန်းလေးကို နမ်းရင်း ပြောလိုက်သည့်အခါ ငွေ့ရည် ပြုံးနေတော့၏။
"ကဲပါ..နောက်မှ နမ်းတော့နော်.....အဝတ်အစားလဲတော့..တော်ကြာ အအေးပတ်ပြီး ဖျားသွားမယ်..''
"စိတ်ပူတာလား...''
"အွန်း...''
"ချစ်ဖို့ကောင်းလိုက်တာ...''
"အစထဲက သိပြီးသားပါနော်...''
ငွေ့ရည်ပြောတာကို မင်းခန့်သဘောတွေကျနေတော့သည်။ငွေ့ရည်ကလည်း သူ့ကိုကြည့်ပြီး ပြန်ပြုံးပြလာသည်။
ဒီအမျိုးသမီးလေးကို သူ ရူးမတက်ချစ်ရပါသည်။ဝေးသွားဖို့ လက်တစ်ကမ်းအလိုမှာ နှလုံးသားတွေ ကြွေမွပျက်စီးသွားသည့်အလား ..။ ထိုလက်တစ်ကမ်းအကွာအဝေးကို ပြန်လည်ဖမ်းဆုပ်ခွင့်ပေးတဲ့ ငွေ့ကို သူ့ဘဝနှင့်ရင်းပြီး ချစ်ပါသည်။
"အဲလောက်ကြီးကျတော့ ရှက်တောင်လာပြီ...အကျီမြန်မြန်ဝတ်တော့ကွာ...ငွေ့ ဗိုက်ဆာပြီ...''
"ခဏလေးပဲစောင့်နော်...''
မင်းခန့် အဝတ်အစားလဲပြီး ငွေ့ရည်ကို အချီမခံဘဲ အမုန်းလေးကို သူသာ ချီလိုက်၏။ငွေ့ကို ကျန်လက်တစ်ဖက်က ခါးလေးကိုကိုင်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ငွေ့ ခြေလှမ်းတွေ မြန်တော့ သူ့ မနည်းပြောရလေသည်။ထိုအခါ ငွေ့က သူ့ကို မောင်ကဲပိုတဲ့..။ပြောပြီး သူ့ကို မော့၍ ပြုံးပြလာသည်။သူ့ရဲ့ဂရုစိုက်မှုက အကဲပိုသွားလည်း မတက်နိုင်ပါ။ဒါက ငွေ့ကို ချစ်လို့ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေပဲလေ။
အရင်က ငွေ့က သူ့ကို ထမင်းပြင်ပေး ဟင်းထည့်ပေးရသည်။အခုတော့ သူက ငွေ့ ရည် ကိုယ်ဝန်ရှိလာထဲက ငွေ့ကို မလုပ်တော့ပါ။ငွေ့အတွက်ပါ အကုန်လုပ်ကိုင်ပေးတဲ့အပြင် သမီးကိုပါ ထမင်းခွံ့ရင်း သူ ထမင်းစားလေသည်။
သမီးလေးတုန်းက အထီးကျန်စွာ နေလာခဲ့သမျှ အတိုးချပြီးများ လုပ်ပေးသလား မှတ်ရတယ်..။အစစရာရာ ငွေ့ကို ဂရုစိုက်သည်။သမီးကိုလည်း ချစ်လိုက်တာလည်း လွန်ရောပဲ... ။အိမ်ကို လာတိုင်း မိုးညက စစနေတော့ မိုးညလာရင် မျက်နှာက မှောင်မဲလို့ရယ်..။ငွေ့ကတော့ ကောင်လေးကို ကြည့်ပြီး ရယ်မိပါသည်။
"ဒီတစ်ပတ် ငွေ့ကို မိုးကုတ်လိုက်ပို့ပေးပါလား.. အားမှပါ..မအားရင်လဲ လိုက်ပါနဲ့နော်...''
ငွေ့ရည် ထမင်းစားရင်း သူ့ကိုကြည့်ရင်း ပြောလိုက်သည်။
"အားတာပေါ့..ငွေ့နဲ့သမီးအတွက်ဆို နေ့တိုင်းအားတယ်...''
"အဟင်း..''
"ဘာရယ်တာ...''
"ဒီအတိုင်း ကိုကိုရဲ့စကားကို သဘောကျလို့ပါရှင့်...''
မင်းခန့် သူမစကားကို နားထောင်ရင်း ရယ်လိုက်မိသည်။ ထို့နောက်
"ငွေ့က ကိုကိုပြောတာကို မယုံဘူးလား...''
"သေချာတာပေါ့...''
သွားတန်းလေးတွေပေါ်အောင် ရယ်ပြီးပြောလာတဲ့ ငွေ့ကိုကြည့်ရင်း မင်းခန့်လည်း လိုက်ရယ်၏။
မူမူနဲ့ပိုးလေးကတော့ မင်းခန့်နဲ့ငွေ့ရည်တို့ မိသားစုလေးကို ကြည့်ပြီး ပျော်နေကြသည်။ကွာရှင်းမလို ဖြစ်ခဲ့တုန်းက သူတို့တွေ ငိုခဲ့ရသေးသည်။မမလေးအပေါ် သိပ်ကြင်နာတဲ့ အစ်ကိုလေးနဲ့ အစ်ကိုလေးအပေါ် လိုချင်တာရှိရင် ကိုကိုလို့ ခေါ်တဲ့ မမလေးကြောင့် သူတို့တွေမှာ တရုတ်ဇာတ်လမ်းတွဲထဲက မင်းသားမင်းသမီးကို ကြည့်နေသလိုပဲ..။သူတို့ အတွေးနဲ့ပြုံးရယ်ပြီး ထမင်းဝိုင်းကို နှစ်ယောက်သား သိမ်းလိုက်ကြတော့သည်။
"ငွေ့ နွားနို့သောက်ဖို့ အချိန်ကျပြီ..''
"အွန်း...''
ငွေ့ရည် မင်းခန့် လက်ထဲက နွားနို့ကို တကျိုးထဲ ကုန်အောင် သောက်လိုက်ပါတော့တယ်။သူမက နွားနိူ့ ကြိုက်တဲ့ သူဆိုတော့ အဆင်ပြေလေသည်။မင်းခန့် ချော့တိုက်ချိန်တောင် မရှိပါ။
ဖေဖေပြောတာ သူ့ကိုယ်ဝန်တုန်းက မေမေ့ကို နွးနို့တိုက်ချိန်ဆို တအားချော့ရတယ်တဲ့...။အဲအချိန်က မေမေ ချစ်ဖို့ကောင်းဆုံးအချိန်တဲ့..။သူ့အလှည့်ကျတော့ အဲဖီလင်ကို ဘာမှန်းတောင် မသိရပါလား..။
"ကောင်လေး..ကောင်လေးက သမီးလေးလိုချင်လား..သားလေးလိုချင်လားဟင်...''
"ငွေ့ပေးတဲ့ ကလေးတွေ ဘာလေးဖြစ်ဖြစ် အကုန်လိုချင်တယ်...ဒါပေမယ့် သမီးဆိုရင် အန္တရာယ်များလို့ သားလေးဆို ပိုကောင်းမယ်...သမီးတစ်ယောက် သားတစ်ယောက်ဆို ကိုယ့်တို့ ပြည့်စုံသွားတာပေါ့..''
"ကောင်လေး လိုချင်တာကို မွေးပေးမယ်နော်..''
ငွေ့ရည် မင်းခန့်ရင်ခွင်ထဲကို တိုးလိုက်ရင်း ဆိုလိုက်၏။သူတို့နှစ်ယောက်ရဲ့ ဘေးမှာရှိနေတဲ့သမီးလေးကတော့ အိပ်ပျော်နေတာ ပါးစပ်လေးဟလို့.. ။ညတိုင်း ဒီလူသားလေးရဲ့ နွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးထဲ အိပ်စက်အနားယူရတာ ကြည်နူးစရာအတိ..။
အနည်းငယ်စူထွက်နေသော သူမရဲ့ ဗိုက်ကလေးကို ကိုင်လျက် ငွေ့ရည် အိပ်ပျော်တဲ့ ကောင်လေး တို့သားဖနှစ်ယောက်ကိုကြည့်ရင်း နူတ်ခမ်းတစ်စုံက သူ့အလိုလို ပြုံးရောင်သမ်းလာခဲ့တယ်..။သမီးလေးက ကောင်လေးရဲ့ ရင်ခွင်ထဲမှာ တိုးဝင်အိပ်ပျော်နေသည်မှာ သေးသေးလုံးလုံးလေးနဲ့ ကြောင်ပေါက်ကလေးလိုပင် ချစ်စရာကောင်းလေရဲ့..။
ကောင်လေးက ငွေ့ရည်အတွက် ခင်ပွန်းကောင်းတစ်ယောက်၊သမီးလေးနဲ့ အပြင်လောကကို ရောက်မလာသေးတဲ့ ကလေးလေး အတွက်ပါ ဖခင်ကောင်းတစ်ယောက် ဖြစ်သည်။အသေးစိတ်ကအစ အစစရာရာ ဂရုစိုက်တာကြောင့် ငွေ့ရည်မှာ ကောင်လေးအတွက် သမီးလေးနဲ့မခြားတဲ့ ကလေးတစ်ယောက်လို ဖြစ်နေတော့သည်။
"ငွေ့ တစ်ခုခုဆို ထမလုပ်နဲ့...မမူနဲ့ မပိုးလေးကို ခေါ်ခိုင်းလိုက်နော်...ခြံထဲလည်း တစ်ယောက်ထဲ လမ်းဆင်းမလျှောက်နဲ့ ..သမီးကိုလဲ မချီနဲ့... ကိုယ်မှာတွေ မမေ့နဲ့နော်...''
"အင်းပါ ..တသွေမသိမ်း နားထောင်ပါ့မယ်ရှင့်...''
မင်းခန့် သမီးလေးကို နမ်းလိုက်ပြီး မမူလက်ထဲက ထည့်ပေးလိုက်၏။ပြီးတာနဲ့ ငွေ့ရည်ရဲ့ ဗိုက်ပူလေးကို မုဆိုးဒူးထောက်လိုက်ပြီး နမ်းလိုက်၏။ အပြင်နဲ့အထဲက သူ့ရင်သွေးလေးတွေကို နမ်းတာနဲ့ သူ့ချစ်ဇနီးလေး၏ ပါး ဘယ်ညာကို ထပ်ခါတစ်လည်းလည်း နမ်းလိုက်ပါတော့သည်။ထို့နောက်မှ နူတ်ခမ်းလေးကို ထိကပ်နမ်းရှိုက်လိုက်တော့သည်။
"ကိုကို..အသက်ရှူကြပ်တယ်..''
"ဆောရီး..ကိုအားပါသွားတယ်..''
ငွေ့ရဲ့ ကိုကိုလို့ ခေါ်သံလေးက သူ့နှလုံးအရည်ပျော်မတက်ပါပဲ။နားဝင်ချိုတဲ့ အသံလေး စက္ကန့်မလပ်တောင် ကြားချင်မိသား..။
"ကိုကို မှာတာတွေ မမေ့နဲ့နော်..''
"အင်း...''
"ကိုကို စိတ်ချမယ်နော်...''
"အင်းပါ...''
"ကိုကို စိတ်မပူချင်ဘူးနော်..''
"အင်းပါလို့ ဆိုနေ..''
မင်းခန့် အလုပ်သွား အလုပ်ကပြန် ငွေ့ရည်ကို ပွေ့ဖက်ပြီး အလွမ်းသယ်ရတာနဲ့..။အနည်းငယ်စူနေသော ငွေ့ရည်ရဲ့ ဗိုက်လေးကို နမ်းရသည်နဲ့.။အရမ်းလည်နေပြီဖြစ်တဲ့ သမီးလေးကို နမ်းရတာနဲ့ တစ်နေ့တာကို အပျော်တွေနဲ့ ကုန်ဆုံးစေသည်မှာ နေ့ရက်တိုင်းပင်..။
မိုးကုတ်မြို့ကို ဝင်လာပြီဆိုထဲက အရင်ဆုံး ကောင်လေးကို အင်းကြီးနဲ့ ဖောင်တော်ဦးဘုရား ကို လိုက်ပို့ပေးမယ်လို့ စိတ်ထဲမှာ တွေးပြီး ပြုံးလိုက်မိသည်။ကိုကို ငွေ့ရည်ဆီကိုရောက်မလာခင် တစ်ယောက်ထဲဖြတ်သန်းတုန်းက စိတ်တွေမွန်းကြပ်လာရင် ကောင်းကင်ပြာလို ပြာလဲ့နေသော ရေပြင်ရယ်ကြီးရဲ့ အလှကို ငေးမောကြည့်ရင်း ဘဝအမောတွေ ဖြေခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်..။
"ငွေ့ မွေးရပ်မြေကို ရောက်တော့ အရမ်းပျော်တာပဲလား...''
"အင်း...''
"ဒီမှာ နေချင်လား...''
"ဟင့်အင်း...''
"ဘာလို့လဲ... ''
"ငွေ့အတွက် ဝမ်းနည်းမှုတွေပြည့်နှက်နေလို့ မနေချင်ဘူး...''
"ကိုယ့်ကြောင့် ဝမ်းနည်းသွားလား...''
"ဟင့်အင်း...အတိတ်တွေကို မေ့ထားလိုက်တာကြာပြီ...''
မင်းခန့် သူ့စကားကြောင့် ငွေ့ရည် ဝမ်းနည်းသွားမှာကို စိတ်ပူမိသွားသည်။မျက်နှာကလေး မျက်ရည်မဆိုနဲ့ မျက်နှာလေး ညိုးသွားတာကိုတောင် မတွေ့မြင်ချင်ပါ..။ထို့ကြောင့်
"ငွေ့...မိုးကုတ်မြို့ရဲ့ အင်းကြီးကန်ကြီးက တအားလှတယ်လို့ ကိုယ်ကြားဖူးတယ်...မနက် ကိုယ်တို့သွားကြမလား...''
"ငွေ့က စဥ်းစားထားပြီးသားပါနော်..အင်းကြီးကန်တင်မဟုတ်ဘဲ ဖောင်တော်ဦးဘုရားကိုလည်း လိုက်ပို့ပေးမယ်...နောက်ထပ် သွားချင်တဲ့ နေရာရှိရင်လည်း ငွေ့ကိုပြောနော်...''
ငွေ့ရည်တို့ အိမ်လေးကတော့ ပင့်ကူအိမ်တွေ မှိုင်းတွေနဲ့ဆိုတော့ မင်းခန့် တစ်ယောက်ထဲ ရှင်းလင်းရလေသည်။တစ်အိမ်လုံး ရှင်းပြီးတာနဲ့ စားသောက်ဖို့အတွက် ဝယ်ရ ချက်ပြတ်နေရတာနဲ့ အိမ်ရှင်မကြီးလို ဖြစ်နေတဲ့ မင်းခန့်ကိုကြည့်ရင်း ငွေ့ရည် ရယ်မောပါတော့သည်။
မနက်မိုးလင်းတာနဲ့ ဖောင်တော်ဦးဘုရားကို အရင်သွားဖူးကြသည်။တစ်ယောက်ထဲ မဟုတ်ဘဲ ကိုယ်ပိုင်မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း ဖူးမြော်ရလို့ ပီတိအပြုံးတွေ သူမရဲ့ မျက်နှာထက်၌ အပြည့်အလျံပင်..။
"အင်းကြီးကန်ရဲ့ အလှကတကယ်လှတာပဲ...အဲတာကြောင့် စာဖွဲ့ပြီးတင်စားကြတာပေါ့နော်...''
"အင်းပေါ့...''
"ကိုယ့်ရဲ့ ငွေ့လောက် မလှတာတော့ စိတ်မကောင်းစရာပဲ...''
"သူ သိပ်ပြောတက်တာပဲ...''
ငွေ့ရည်မှာ ချွဲသံချိုချိုလေးနဲ့ ပြောရင်း သူရင်ခွင်ထဲ တိုးဝင်မှီလိုက်တော့သည်။သူမရဲ့ ကလေးဆန်သည့် အပြုအမူလေးကြောင့် မင်းခန့် သမီးကို ပေါင်ပေါ်တင်ထားရင်း ငွေ့ရည်ကိုပါ တင်းကြပ်စွာ ပြန်ဖက်ထားလိုက်တောသည်။ထို့နောက် မင်းခန့် ဆိုလိုက်သည့် စကားသည်မှာ..။
"အရမ်းချစ်တယ် ငွေ့ရယ်...''
"အချစ်က ပန်းတို့လိုတစ်ပွင့်ကြွေတိုင်းတစ်ပွင့်သစ် အချစ်မျိုး ဖြစ်မှာ သိပ့်ကြောက်တာပဲ ကောင်လေးရယ် ...''
"ကိုယ့်ရင်ခုန်သံတွေ အသစ်သစ်တွေ ဖြစ်ပေါ်လာခဲ့ရင်တောင် အဲ့ရင်ခုန်သံတွေက ငွေ့ကြောင့်ပဲဆိုတာ သိစေချင်တယ်...ကိုယ့်ရဲ့ အချစ်တွေက ငွေ့ရှိရာဘက်ကိုဘဲ အမြဲထာဝရ စီးဆင်းနေမှာ..သမီးနဲ့တောင် ကျိန်တွယ်ပြီး ပြောရဲပါတယ်..''
"မကျိန်ပါနဲ့ ငွေ့ ယုံတယ်သိလား...''
ငွေ့ရည်တို့ တစ်နေ့လုံး လျောက်လည်ပြီး အိမ်ပြန်ရောက်တော့ သမီးလေးက ခရီးပမ်းသွားတော့ အစောကြီး အိပ်ပျော်သွားလေသည်။ငွေ့ရည်လည်း အိပ်ချင်လာတာနဲ့ သူ့ကိုပါ အိပ်ယာထဲ ဝင်လှဲခိုင်းလိုက်တော့သည်။သူ့လက်မောင်းပေါ် ခေါင်းလေး တင်ပြီး မင်းခန့်ရဲ့ နူတ်ခမ်းကို လက်ညိုးနဲ့ ထိကပ်ပြီးနောက် ငွေ့ရည် မင်းခန့်ရဲ့ နူတ်ခမ်းကို စတင်နမ်းလိုက်သည်။
နူတ်ခမ်းနှစ်ခု ထိကပ်နေတာ ပြန်ပြီး ဖယ်ခွာတော့မည့်အချိန်မှာ မင်းခန့် ငွေ့ရည်ကို မလွတ်ပေးဘဲ အနမ်းရှည်ကြီးကို အချိန်ကြာမြင့်စွာ နမ်းရှိုက်နေသည်။
"အမုန်းတွေ ကြားကနေ သူတို့နှစ်ဦးရဲ့ အချစ်တွေကဟာ ချိုမြိန်မှုတွေနဲ့အတူ ဖူးပွင့်လာတဲ့ လှပတဲ့ အချစ်ပန်းလေးတစ်ပွင့်သာ...''
ပြီးပါပြီ
အခန်းမှတ်ချက်များ (0)