Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၂၆

အိမ်ကြီးထဲမှာပဲ လရိပ်ရဲ့ဘဝက ဖြတ်သန်းနေရပြီးနေ့ရက်တိုင်းဟာ ပြောင်းလဲခြင်းမရှိဘဲ အတူတူပင်။

ဇိမ်ခံမှုတွေ ကြွယ်ဝမှု တွေ ရှိ နေပေမယ့် ဗလာဖြစ်နေပြီး မမြင်ရတဲ့ စောင့်ကြည့်မှုတွေနဲ့ ပြည့်နှက်နေသည်။

အိမ်တော်ထိန်းက အချိန်မှန် တစ်နေ့သုံးနပ် အစားအစာတွေ လာပို့ပေးသလိုအစားအစာတိုင်းကလည်း လှပသေသပ်ပြီး အရသာရှိ

ပေမယ့် သူမကတော့ စားချင်စိတ် လုံးဝမရှိပေ။

နေကမ္ဘာလွှမ်း မရှိတဲ့အချိန်မှာ သူမဟာ ဝိညာဉ်

မရှိတဲ့ အရုပ်တစ်ရုပ်လို ဒီခမ်းနားလှပတဲ့ လှောင်အိမ်ကြီးထဲမှာ တိတ်တိတ်လေး ရှင်သန်နေခဲ့သည်။

သူပြန်လာပြီဆိုရင်တော့ သူမအတွက် လေထုက ပိုပြီး မွန်းကျပ်လာသည်။

သူက သူမ အနားအတူလာထိုင်ပြီး ပန်းချီဆွဲတာကို ကြည့်နေတတ်သလိုတစ်ခါတလေ သူမကို အစား အသောက်တွေအတင်းခွံ့ကျွေးတတ်သည်။

သူမကို ဖက်သည်၊ နမ်းသည်၊ တစ်ချိန်က သူမရဲ့နှလုံးသားကို လှုပ်ခတ်စေနိုင်ခဲ့တဲ့ ချိုမြိန်သောစကားတွေကို နားနားကပ်ပြီး တိုးတိုးလေးပြောတတ်သည်။သူမ ဘာမှမတုံ့ပဲ‌နေတာတောင်

သူကပြောနေတတ်သည်။

...

လရိပ် အခန်းထဲမှာ တစ်ယောက်ထဲထိုင်ပြီးဖုန်းကြည့်နေမိသည်။

ဒါဟာ သူ သူမကို ဆက်လက်ခွင့်ပြုထားတဲ့ အခွင့်အရေး အနည်းငယ်ထဲက တစ်ခုဖြစ်သည်။

ဒါပေမဲ့ သူမရဲ့ မက်ဆေ့ချ်တိုင်း၊ ဖုန်းခေါ်ဆိုမှုတိုင်းကတော့ စောင့်ကြည့်ခံနေရဆဲပင်။

သူမ ဖုန်းကြည့်နေရင်း ရုတ်တရက်သတင်းတစ်ခုတက်လာခဲ့သည်။

** နေကမ္ဘာလွှမ်း ..Sun လုပ်ငန်းစုရဲ့ CEO

လွှမ်းက နန်းသစ္စာ ကို ကိုယ်ဝန်စစ်ဆေးရန် ဆေးရုံသို့ ကိုယ်တိုင်လိုက်ပို့ခဲ့မကြာခင်သတင်းကောင်းကြားရတော့မလား**

လရိပ်သတင်းခေါင်းစဉ်ကို ဖတ်ပြီး ဖုန်းမျက်နှာပြင်မှာ ရွေ့လျားနေတဲ့ သူမလက်

ချောင်းများ လေထဲမှာ ရပ်တန့်သွားခဲ့သည်။

ထိုသတင်းခေါင်းစဉ်အောက်မှာတော့ ကြည်လင်ပြတ်သားသောဓာတ်ပုံများစွာပါတင်ထားသည်။

ပထမဓာတ်ပုံက ဆေးရုံဝင်ပေါက်မှာ ရိုက်ထားတာဖြစ်ပြီး နေကမ္ဘာလွှမ်းက နန်းသစွာကို ကားပေါ်ကဆင်းတဲ့အခါ ဂရုတစိုက် ကူပေးနေတဲ့ ပုံဖြစ်ပြီး သူ့လက်တစ်ဖက်နဲ့လည်း သူမခေါင်းမထိအောင် ကာပေးထားသည်။

ဒုတိယဓာတ်ပုံက ဆေးရုံ လျှောက်လမ်းမှာ ရိုက်ထားဖြစ်ကာ သူကကိုယ်ကို အနည်းငယ်ကိုင်းညွတ်ထားပြီး နန်းသစ္စာပြောတာကို နားထောင်နေကာ နှုတ်ခမ်းထောင့်မှာတော့ အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။

ကိုယ်ဝန်တဲ့လား...ကလေးတဲ့လား...

ဟက်..သူမတို့နှစ်ယောက်လည်း အရင်က ကလေးအကြောင်း ပြောခဲ့ဖူးကြသည်ကို

သူမ သတိရသွားမိသည်။

သူမတို့နှစ်ယောက် လသာဆောင်ပေါ်ထိုင်ပြီး ကြယ်တွေကို ကြည့်နေခဲ့ကြရင်း သူက သူမကို ဖက်ထားပြီး မေးစေ့ကို သူမခေါင်းပေါ်တင်ထားကာ...

"လရိပ် နောင်ကျရင်ကိုယ်တို့သမီးလေးတစ်ယောက် မွေးကြမယ်နော် မင်းလို လှပြီး မျက်လုံးလေးတွေက ကြယ်တွေလို

တောက်ပတဲ့ သမီးလေးပေါ့"

အဲဒီတုန်းက တော့သူမက ရယ်ပြီး သူ့ကို လက်နဲ့ရိုက်ကာ...

"ဘယ်သူက ရှင်နဲ့ကလေးမွေးချင်လို့လဲ"

လရိပ်အဲ့လို ပြောခဲ့ပေမယ့် အဲ့တုန်းက သူမရင်ထဲမှာ ချိုမြိန်မှုတွေနဲ့ ပြည့်နေခဲ့သည်။

"သားလေးဆိုလည်း ရပါတယ်.. ကိုယ်လို ဉာဏ်ကောင်းပြီး နောင်ကျရင် မေမေကို

ကာကွယ်ပေးနိုင်တဲ့ သားလေးပေါ့"

လရိပ် ထိုစကားများကို နားထဲမှာ ပြန်ကြားယောင်မိရင်း ဖုန်းက သူမရဲ့တုန်ယင်နေတဲ့လက်ထဲကနေ လွတ်ကျပြီး နူးညံ့တဲ့ကော်ဇောပေါ်သို့ ကျသွားသည်။

သူမ ရင်ဘတ်ကို လက်နဲ့ဖိထားပြီး အသက်ရှူမဝသလို ဖြစ်လာပေမဲ့ မျက်ရည်တစ်စက်တောင်

မကျခဲ့ပေ။

စိတ်ပျက်အားငယ်မှုထက် ပိုနက်ရှိုင်းတဲ့ ဟာလာဟင်းလင်းဖြစ်မှုတစ်ခုက

သူမရင်ထဲမှာ ပေါ်လာခဲ့သည်။

အဲ့အချိန်မှာပဲ အခန်းတံခါး ပွင့်လာပြီး

နေကမ္ဘာလွှမ်းက နွားနို့တစ်ခွက်ကို

ကိုင်ကာ အခန်းထဲဝင်လာခဲ့သည်။

သူက အနက်ရောင်ဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး နက်ကတိုင်ကိုလည်း သပ်သပ်ရပ်ရပ် ချည်ထားကာ သူ့ပုံစံက အရှိန်အဝါအပြည့်ဖြစ်နေသည်။

သူက သူမ မျက်နှာက ဖြူဖျော့နေပြီး ဖုန်းက ကော်ဇောပေါ်ကျနေတာကို မြင်လိုက်တာနဲ့ သူ့မျက်လုံးများ မှောင်ကျသွားပြီး ဖုန်းကို ကောက်ယူလိုက်တော့ ဖုန်း မျက်နှာပြင်က ဖွင့်ထားဆဲဖြစ်တဲ့ သတင်းခေါင်းစဉ်ကို သူတွေ့လိုက်သည်။

ဒါပေမဲ့ သူ့မျက်နှာအမူအရာက ဘာမှမပြောင်းလဲပဲ...

"နွားနို့ပူတုန်း သောက်လိုက်.."

ပြောရင်း ခွက်ကို သူမထံ လှမ်းပေးလာတာကြောင့် လရိပ် မယူဘဲ ခေါင်းမော့ကာ ခံစားချက်မဲ့ပြီးဗလာကျင်းနေတဲ့ မျက်လုံးတွေနဲ့

သာသူ့ကိုကြည့်နေလိုက်သည်။

သူက တော့ ဘာမှမဖြစ်သလို သူမဘေးမှာ ထိုင်ပြီး ပခုံးကို ဖက်ဖို့ လက်လှမ်းလိုက်တာကြောင့် လရိပ် ရှောင်လိုက်ပြီး သူ့ကိုကြည့်ကာ ရုတ်တရက်အသံ တိုးတိုးလေးနဲ့ ရယ်လိုက်သည်။

တဖြည်းဖြည်းနဲ့ ထိုရယ်သံက ပို ကျယ်လာပြီး

နောက်ဆုံး မျက်ရည်တွေက သူမရဲ့ ဖြူဖျော့နေတဲ့ပါးပြင်ပေါ် အဆက်မပြတ် စီးကျလာကာ...

"နေကမ္ဘာလွှမ်း... ရှင်က တကယ်ရက်စက်တာပဲ.."

"ရှင်က တကယ်ရက်စက်တယ်"

ပြောရင်း သူမရဲ့ရယ်သံက ရပ်သွားကာ ထိန်းချုပ်ထားတဲ့ ငိုရှိုက်သံတွေသာ ကျန်ခဲ့သည်။

သူမစကားကြောင့် နေကမ္ဘာလွှမ်းက မျက်မှောင်ကြုတ်ကာလက်လှမ်းပြီး

သူမကို အတင်းဆွဲဖက်လိုက်သည်။

လရိပ် ဒီတစ်ခါ သူ့ရင်ခွင်ထဲမှာ မရုန်းတော့ပဲ သူမခန္ဓာကိုယ်က အေးစက်တောင့်တင်းနေပြီး သူ့ရင်ဘတ်ကိုမှီကာ တည်ငြိမ်ပြင်းထန်တဲ့ သူ့နှလုံးခုန်သံကိုသာ နားထောင်နေသည်။

တစ်ချိန်က ဒီရင်ခွင်ဟာ သူမအတွက် အနွေးထွေးဆုံး ခိုလှုံရာဖြစ်ခဲ့ပေမဲ့အခုတော့ သူမရဲ့ဝိညာဉ်ကို ချုပ်နှောင်ထားတဲ့ ထောင်တစ်ခု ဖြစ်လာခဲ့ပြီ။

" ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ"

"ရှင် သူနဲ့လက်ထပ်တာ၊ ကလေးမွေးတာ၊ ပျော်ရွှင်တဲ့မိသားစုတစ်ခု တည်ဆောက်တာကို ကျွန်မက ဒီမှာကြည့်နေရမှာလား"

"ပြီးတော့ ကျွန်မကို လူတွေရှေ့မှာ ဘယ်တော့မှ ထွက်မပြနိုင်တဲ့ မယားငယ်တစ်ယောက်လို ဒီလှောင်အိမ်ထဲမှာ ပိတ်ထားပြီး အသက်ကြီးတဲ့အထိ နေခိုင်းမှာလား"

သူမစကား အဆုံး သူ့ရဲ့ ခန္ဓာကိုယ်က သိသိသာသာ တောင့်တင်းသွားပြီးသူက သူမမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ကာ သူ့ကို တည့်တည့်ကြည့်အောင် အတင်းလုပ်တာကြောင့် သူမ သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တော့...

သူ့မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိနေပြီး နာကျင်မှုတစ်ချက် ဖြတ်သန်းသွားသလိုပင်.. ဒါပေမဲ့ အဲဒါကို ခဏအကြာမှာ ပိုပြင်းထန်တဲ့ ထိန်းချုပ်လိုစိတ်က ဖုံးလွှမ်းသွားသည်။

"နေကမ္ဘာလွှမ်း..."

လရိပ် ပြောပြီး သူ့ဆီကအတင်းရုန်းထွက်လိုက်ကာ သူ့ဘက်ကိုကျောပေးပြီး အသံတိုးတိုးဆက် ပြောလိုက်သည်။

"ကျွန်မ ပင်ပန်းနေပြီ.."

"တကယ်ကို ပင်ပန်းနေပြီ.."

တကယ်လည်း သူမမှာ သူ့ကို မုန်းဖို့အတွက်တောင် အင်အားမရှိတော့သလိုချစ်ဖို့အတွက်လည်း အင်အားမရှိတော့ပေ။

သူမမှာကျန်ရှိနေတာကတော့ အဆုံးမရှိတဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ အေးစက်တိတ်ဆိတ်မှုတွေသာဖြစ်သည်။

••••

လရိပ် ပြတင်းပေါက်ဘေးက တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ နှင်းလုံး နဲ့ အလွန်ဆင်တူတဲ့ ကြောင်ဖြူလေးကို ရင်ခွင်ထဲမှာ ပွေ့ထားပြီး ထိုင်နေမိသည်။

အဲ့အချိန်သူမ အခန်းတံခါးအပြင်ဘက်ကနေ အခန်း စီနီးကပ်လာတဲ့ ခြေလှမ်းသံတွေ ထွက်ပေါ်လာသလို အိမ်တော်ထိန်းရဲ့ လေးစားရိုကျိုးတဲ့အသံက တံခါးအပြင်မှ ထွက်လာသည်။

"မမလေးလရိပ်..မနန်းသစ္စာက မမလေးနဲ့တွေ့ဖို့ လာပါတယ်"

လရိပ် တံခါးလော့မချထားကြောင်းတာ အထဲကနေပြန်ပြောလိုက်သည်။

နန်းသစ္စာက အခန်းထဲဝင်လာပေမဲ့ လရိပ် လုံးဝမလှုပ်သလို သူ့ကို မျက်လုံးနဲ့တောင် မော့မကြည့်ခဲ့ပေ။

နန်းသစ္စာက သေသေသပ်သပ် ချုပ်လုပ်ထားတဲ့ ဝတ်စုံကို ဝတ်ထားပြီး အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ဝင်လာခဲ့သည်။

သူရဲ့မျက်လုံးတွေက အခန်းတစ်ခုလုံးကို လှည့်ကြည့်ပြီး နောက်ဆုံးသူမရဲ့ရင်ခွင်ထဲက ကြောင်ဖြူလေးပေါ် ရောက်လာကာ....

"အို... တကယ်တူတဲ့ အစားထိုးတစ်ကောင်ကို ရှာတွေ့ထားတာပဲ"

"လွှမ်းက မင်းအပေါ် တကယ်သံယောဇဉ်ရှိသေးတာပဲနော်"

ပြောရင်း သူမက လရိပ်ရှေ့ကိုဖြည်းဖြည်းလျှောက်လာပြီး အပေါ်စီးမှ ငုံ့ကြည့်လာကာ...

"ဒါပေမဲ့ အစားထိုးခံက အစားထိုးခံပဲလေမဟုတ်လား"

ပြောရင်း နန်းသစ္စာက လက်တစ်ဖက်နဲ့ သူမရဲ့ဗိုက်အောက်ပိုင်းကို ညင်သာစွာ ထိလိုက်ပြီးမျက်နှာပေါ်မှာ ဖုံးကွယ်လို့မရတဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုတွေ ပေါ်လာကာ...

"ဒါကတော့ Sun လုပ်ငန်းစုရဲ့ တကယ့်အနာဂတ်ပဲ."

"ဆရာဝန်က ပြောတာတော့ သားလေးတဲ့"

လရိပ် သူ့စကားတွေကြောင့် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး သူမမျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

"မနနန်းသစ္စာ ဒီနေ့ ဒီကိုလာတာ ဒီအရာတွေကို လာကြွားဖို့ပဲလား"

သူမရဲ့အသံက နူးညံ့နေပေမဲ့ အေးစက်စက်အရှိန်တစ်ခု ပါဝင်နေပြီး ကြားရသူရဲ့ရင်ထဲကို တုန်လှုပ်သွားစေနိုင်သည်။

နန်းသစ္စာကတော့ သူမရဲ့တုံ့ပြန်မှုကို အလွန်ကျေနပ်သွားပုံရပြီး အပြုံးက ပိုတောက်ပလာကာ....

"ကြွားတာလား မဟုတ်ပါဘူး.. နင့်နေရာနဲ့နင် သိအောင် စေတနာနဲ့ သတိလာပေးတာပါ"

"လွှမ်းရဲ့ နှလုံးသားထဲမှာ ငါတစ်ယောက်တည်းပဲ ရှိတယ်အရင်ကလည်း ငါပဲ၊ အခုလည်း ငါပဲ၊ နောင်လည်း ငါပဲဖြစ်နေအုံးမှာ"

"နင်ကတော့ သူ့ဘဝထဲမှာ ဖြတ်သွားတဲ့လူတစ်ယောက်ပဲ..သူက ကစားရတာ ငြီးငွေ့သွားတဲ့ အရုပ်တစ်ရုပ်ပဲ"

နန်းသစ္စာက ကိုယ်ကိုပိုကိုင်းလိုပ်ပြီးသူမမျက်နှာနားကို တိုးကပ်လာကာ..

"လွှမ်းက ဒီကလေးကို ဘယ်လောက်တောင် မျှော်လင့်နေလဲ သိလားသူက ကလေးနာမည်တောင် စဉ်းစားပြီးပြီ..."

"တော်တော့"

လရိပ် သူ့စကားကို ဖြတ်ပြောလိုက်ပြီး နန်းသစ္စာရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တာကြောင့်နန်းသစ္စာက အော်ဟစ်ပြီး လက်ကို ပြန်ဆွဲဖို့ ကြိုးစားသော်လည်း လရိပ်အားထည့်ပြီး ဖမ်းဆုပ်ထားတာမို့ သူမရုန်းနိုင်ပေ။

လရိပ်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေပြီးသူမ နန်းသစ္စာရဲ့လက်ကို ဆွဲယူပြီး အနားမှာရှိတဲ့ ကော်ဖီစားပွဲထောင့်ကို ဖိကပ်ထားလိုက်တာကြောင့်...

ချွန်ထက်တဲ့စားပွဲထောင့်က နန်းသစ္စာရဲ့ ဗိုက်ဖောင်းဖောင်းနဲ့ အလွန်နီးကပ်နေသည်။

တကယ်လို့ လရိပ်သာ အနည်းငယ်ပိုတွန်းလိုက်ရင် ထိုစားပွဲထောင့်က သူမရဲ့ဗိုက်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သည်။

"မနန်းသစ္စာက ဒီကလေးကို ဒီလောက်တောင် လာကြွားရတာ သဘောကျတယ်ဆိုရင်..."

"အခု ကျွန်မ နည်းနည်းလေးပိုပြီး ဖိလိုက်ရင်..."

ပြောရင်းသူမရဲ့အကြည့်က ဖြည်းဖြည်းချင်း အပေါ်တက်လာပြီး နန်းသစ္စာရဲ့ ကြောက်လန့်နေသောမျက်နှာပေါ် ကျရောက်သွားကာ အေးစက်စက် ပြုံးလိုက်ပြီးမှ...

"ရှင့်ဗိုက်ထဲက Sun လုပ်ငန်းစုရဲ့ အနာဂတ်အမွေဆက်ခံသူကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်လား"

နန်းသစ္စာရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး အော်ဟစ်ကာဗိုက်ကို အလိုလိုကာထားရင်း တစ်ကိုယ်လုံး တုန်ယင်လာသည်။

"ရူးနေတာလား! နင်က အရူးပဲ!"

"လရိပ်မြူ နင်အရူးပဲ! ငါ့ကလေးကို ထိရဲရင် လွှမ်းက နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး!"

လရိပ် သူ့စကားကြောင့် သူမလက်ကို ရုတ်တရက် လွှတ်လိုက်ပြီး အေးစက်စက်

ရယ်လိုက်ကာ...

"ကျွန်မ အရူးဆိုတာ သိတယ်မလား..အဲ့တာ‌ ကြောင့် နောက်ထပ်ကျွန်မကို လာမစမ်းသပ်နဲ့"

ပြောပြီးသူမက ကြောင်ဖြူလေးကို ပြန်ပွေ့ပြီး အမွေးတွေကို ညင်သာစွာ ပွတ်သပ်လိုက်ကာ..

"အခု ကျွန်မမျက်စိရှေ့ကနေ ထွက်သွားပါ"

နန်းသစ္စာက ကြောက်ကြောက်လန့်လန့်နဲ့ နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ကော်ဇောနဲ့ ခလုတ်တိုက်ပြီး လဲကျ

လုမတတ် ဖြစ်သွားခဲ့သည်။

မိတ်ကပ်တွေ ပျက်ကုန်ပြီး ဆံပင်တွေလည်း ရှုပ်ပွ နေကာတင့်တယ်မှုနဲ့ တည်ငြိမ်မှုတွေ

လုံးဝပျောက်ကွယ်သွားခဲ့သည်။

"စောင့်ကြည့်နေ"

နန်းသစ္စာက အံ့ကြိတ်ပြီး ပြောလာသည်။

"ဒီနေ့ နင်လုပ်ခဲ့တာကို လွှမ်း သိအောင် ငါပြောမယ်"

လရိပ် ကတော့သူ့စကားကို မျက်တောင်တောင် မခတ်ဘဲ...

"ပြောလိုက်ပါ...ပိုကောင်းသွားတာပေါ့"

"နင်!!!"

နန်းသစ္စာက သူမကို ကြိမ်းဝါးပြီး အခန်းထဲက ပြန်ထွက်သွားခဲ့သည်။

လရိပ် အခန်းအပြင်ဘက်က နန်းသစ္စာရဲ့ ခြေသံ ပျောက်ကွယ်သွားတဲ့အခါမှ တင်းကျပ်စွာ ဆုပ်ထားတဲ့လက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီးသူမရင်ခွင်ထဲက ကြောင်ဖြူလေးကို ငုံ့ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"နေကမ္ဘာလွှမ်းက ဒီလိုအရူးမမျိုးကိုမှ ချစ်တာပဲ..."

« ရှေ့အခန်း - အခန်း-၂၅ နောက်အခန်း - အခန်း ၂၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ