သူမတို့အဖွဲ့ဆိုင်ထဲဝင်လာတာနဲ့ စားသောက်ဆိုင်ရဲ့မန်နေဂျာက အနားကို ခြေလှမ်းမြန်မြန်နဲ့လျှောက်လာပြီး နှုတ်ဆက်ကာ သူ့မျက်လုံး တွေက နန်းသစ္စာဆီ ချက်ချင်းရောက်သွားပြီး ရိုရိုသေသေ ပြုံးလျက်...
"မနန်းသစ္စာတို့အတွက် သီးသန့်ခန်း ပြင်ဆင်ပြီးပါပြီ...ဒီဘက်ကို ကြွပါရှင့်"
နန်းသစ္စာကပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ကနေ လျှောက်သွားသည်။သူမရဲ့ လျှောက်သွားပုံက ဒီနေရာဟာ သူမပိုင်တဲ့နေရာလိုမျိုးပင်။
လရိပ်ကတော့ လူအုပ်ကြားထဲကနေသာ လေးလံတဲ့ခြေလှမ်းတွေနဲ့ ဖြည်းဖြည်းချင်းလိုက်လာခဲ့လိုက်သည်။
သီးသန့်အခန်းက အပြင်အဆင်ကအစ အဆင့်အတန်းမြင့်မားကာလုံးဝကို luxury
ဆန်နေသည်။
စားပွဲပေါ်မှာ တင်ပေးထားတဲ့ တူရယ် ဇွန်းရယ်ထည့်ထားတဲ့အိတ်ကတောင် ရွှေရောင်ဖောင်းကြွစာလုံးလေးတွေနဲ့ တကယ်ကို အသေးစိတ် လုပ်ထားမှန်းသိသာလှသည်။
လရိပ် အတတ်နိုင်ဆုံး လူသိပ်သတိမထားမိတဲ့နေရာမှာ ထိုင်ချင်တာမို့ ထောင့်နားကထိုင်ခုံကို ရွေးထိုင်ဖို့လုပ်လိုက်ပေမဲ့...ဒါရိုက်တာက
သူမကို တကယ့်နေရာမှာလာ ထိုင်ခိုင်းသည်။
"ဆရာမ လရိပ်က အဓိကဇာတ်ညွှန်းရေးသူပဲကို ဘယ်လိုလုပ် ထောင့်မှာထိုင်လို့ရမလဲ?"
ဒါရိုက်တာက ပြောပြီး သူမလက်ကိုဆွဲကာ
နေရာချပေးလိုက်တာမို့ သူမငြင်းချိန်ပင်မရလိုက်။
လေးထောင့်စားပွဲကြီးရဲ့ ထိပ်ဆုံးမှာ နန်းသစ္စာက ထိုင်နေပြီး သူမ ဘေးမှာဒါရိုက်တာထိုင်ဖို့ နေရာချန်ထားကာ လရိပ်ကိုတော့ သူတို့ရဲ့ ညာဘက်မှာ ထိုင်ခိုင်းလာသည်။
အကုန်ထိုင်ပြီးသွားချိန် ဝန်ထမ်း လေးကမီနူး
လာပေးပေမယ့် နန်းသစ္စာကတော့မီနူးကိုတောင် မကြည့်ဘဲ...
"ရတယ်..မကြည့်တော့ပါဘူး..CEO လွှမ်း ပုံမှန်မှာစားတဲ့ဟာတွေပဲ ယူခဲ့လိုက်ပါ.."
လရိပ် ခွက်ကိုကိုင်ထားတဲ့ လက်ကို မသိမသာ တင်းတင်းဆုပ်လိုက်မိသည်။
ခဏအကြာမှာတော့ အလွန်ဈေးကြီးတဲ့ဟင်းပွဲ တွေ အစားအစာတွေတစ်ပွဲပြီးတစ်ပွဲ ရောက်လာကာ အကုန်လုံးကတော့ လှပစွာ ပြင်ဆင်ထားကြသည်။
လရိပ် နည်းနည်းစီစားကြည့်ပေမယ့် ပါးစပ်ထဲမှာ ဖယောင်းဝါးနေရသလိုပင် ဘာအရသာမှ
မခံစားရပေ။
နန်းသစ္စာကတော့ ဝိုင်ခွက်ကို မကြာခဏ မြှောက်သောက်နေပြီး သူမရဲ့ လှုပ်ရှားပုံတိုင်း
မှာ အထက်တန်းစားမိသားစုက အမျိုးသမီးတစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့မှုနဲ့ တည်ငြိမ်မှုတွေ ပြည့်နှက်နေသည်။
ဒါရိုက်တာကလဲ ဝိုင်ခွက်ကိုမြှောက်လိုက်ပြီး...
"မနန်းသစ္စာနဲ့ CEO လွှမ်းတို့က တကယ်ကိုလိုက်ဖက်တဲ့ ဖူးစာဖက်တွေပဲနော်.."
နန်းသစ္စာကထိုစကားကိုကြားတော့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး....
"အခုလိုချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်.."
အဲဒီအချိန်မှာပဲ အခန်းတံခါး ပွင့်လာကာ
မန်နေဂျာက အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့ အသက်အလယ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နဲ့အတူ ဝင်လာတာကြောင့်....
"ဟုတ်မန်နေဂျာ ဘာများဖြစ်လို့လဲရှင့်.."
နန်းသစ္စာက တူချလိုက်ပြီး မေးလိုက်တော့
ထို မန်နေဂျာက ခေါင်းကို အနည်းငယ်ငုံ့ပြီး ပြုံးလိုက်ကာ အလွန်ရိုရိုသေသေ ပုံစံနဲ့...
"ဒီနေ့ ကျွန်တော်တို့ရဲ့ သခင်မလေး ရောက်နေတယ်လို့ ကြားလို့ CEOက ဧည့်သည်တွေကို ဧည့်ခံဖို့ ၁၉၈၂ ခုနှစ်ထုတ် နှစ်ချို့ဝိုင် တစ်ပုလင်း အထူးမှာပေးထားတာ လာပို့ပေးတာ
ပါဗျ.."
"သခင်မလေး!!"
အဲ့စကားကို ကြားတော့အခန်းထဲက သူတွေအားလုံး တစ်ချိန်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။
လရိပ်လည်းလက်ထဲက ဇွန်းက ပန်းကန်ထဲကို လွှတ်ကျသွားရသည်။
အဲ့ထဲမှာ ထုတ်လုပ်သူက အရင်ဆုံး သဘောပေါက်သွားဟန်တဲ့ ပြုံးလိုက်ပြီး
ခွက်ကို ချက်ချင်းမြှောက်လိုက်ကာ...
"ဂုဏ်ယူပါတယ် မနန်းသစ္စာ..ကြည့်ရတာ မကြာခင် မင်္ဂလာသတင်းကြားရတော့မှာထင်တယ်"
"ဟုတ်တယ် အခုကတည်းက Sun group ကဝန်ထမ်းတွေကသခင်မလေးလို့ ခေါ်နေပြီဆိုတော့ မင်္ဂလာဆောင်မယ့်ရက်ကလည်း မဝေးတော့ဘူးထင်တယ်"
လက်ထောက်ဒါရိုက်တာကလည်း ပြုံးပြီး
ဝင်ပြောလာသည် ။
နန်းသစ္စာက ဟန်ဆောင်နှိမ့်ချတဲ့အပြုံးနဲ့ပြုံးလိုက်ပြီး လရိပ်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်လာကာ မျက်လုံးထဲမှာ အနိုင်ရသူတစ်ယောက်ရဲ့ ကျေနပ်မှု ပေါ်နေသည်။ပြီးမှ သူက မန်နေဂျာဘက်လှည့်လိုက်ပြီး...
"မန်နေဂျာကလည်း အရမ်းအားနာစရာကောင်းပါတယ်..သခင်မလေးလို့မခေါ်ပါသေးနဲ့အုံးကျွန်မတို့က မင်္ဂလာမဆောင်ရသေးပါဘူး"
သူမကအဲ့ ဒီလိုပြောလိုက်ပေမယ့် ငြင်းဆန်တဲ့ပုံစံတော့ လုံးဝမရှိပေ။တစ်ဖက်လှည့်နဲ့ မဂ်လာပွဲကိုကြေညာနေသလိုပင်။
မန်နေဂျာကပြုံးလိုက်ပြီး....
"အခုကတည်းက မိသားစုလို ဖြစ်နေပြီပဲ...သခင်မလေးလို့ ခေါ်တာမစောပါဘူးဗျာ CEOလွှမ်းကလည်း သခင်မလေးကို အရမ်းချစ်တာ အားလုံးသိနေတာပဲ.."
"ပြီးခဲ့တဲ့တစ်ခါ သခင်မလေးမွေးနေ့ပွဲအတွက်တောင် ဒီဆိုင်ကို ကိုယ်တိုင် သုံးကြိမ်တိုင်တိုင် လာကြည့်ခဲ့တာမလား..."
လရိပ် အဲ့စကားတွေကိုနားထောင်နေရင်းစကားလုံး တိုင်းကသူမရဲ့နှလုံးသားကို ဓား
တွေ နဲ့ ထိုးနှက်နေသလိုပင်။
မန်နေဂျာက ဝိုင်ပုလင်းကိုထားခဲ့ပြီးပြန်ထွက်သွားတာနဲ့..ထုတ်လုပ်သူက စပြီးခွက်ကိုထပ်မြှောက်လိုက်ကာအကုန်လုံးကို...
"ကဲအားလုံးပဲ အနာဂတ် Sunသခင်မလေးအတွက် ဂုဏ်ပြုလိုက်ကြရအောင်လေ"
"Sun သခင်မလေးအတွက်!!.."
အားလုံးကခွက်တွေမြှောက်လိုက်ကြကာ တစ်ပြိုင်နက်တည်း လိုက်ပြောကြပြီး အခန်းထဲမှာတော့ပျော်ရွှင်နေတဲ့အငွေ့အသက်တွေနဲ့ပြည့်နှက်သွားသည်။
ဒါပေမဲ့ လရိပ်အတွက်တော့ အသက်ရှူဖို့တောင် ခက်လာသလိုခံစားလာရတာမို့သူမ တိတ်တိတ်လေး ထရပ်လိုက်ပြီး သန့်စင်ခန်းဘက်ကို လျှောက်လာခဲ့လိုက်သည်။
သူမရဲ့ နောက်ဆုံးကျန်နေတဲ့ ဂုဏ်သိက္ခာလေး
မပျက်ခင် ဒီနေရာကနေ ခဏထွက်သွားဖို့ လိုတာမို့ပင်။
သန့်စင်ခန်းထဲရောက်မှလရိပ် အသက်ပြင်းပြင်းရှူလိုက်ပြီး ပူလောင်နေတဲ့မျက်နှာကိုရေအေးနဲ့သစ်ချလိုက်ကာမှန်ထဲက ကိုယ့်ကိုယ်ကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါ စိတ်မပြိုလဲဘူး... ဒီနေရာမှာတော့လုံးဝ
မပြိုလဲဘူး…"
ခဏအကြာသူမအခန်းထဲကို ပြန်ဝင်လာတဲ့အခါ မှာတော့ နန်းသစ္စာ မရှိတော့ပေ။
ထိုအခါမှသာ လရိပ်အတွက် အခန်းထဲက အငွေ့အသက်ကလည်း နည်းနည်း ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
လရိပ် သူမနေရာမှာ ပြန်ထိုင်လိုက်တော့ သူမရှေ့မှာ ဝိုင်ခွက်ကို ဖြည့်ထားတာ တွေ့လိုက်ရသည်။
ဖန်ခွက်ထဲက အနီရောင်ဝိုင်တွေကိုကြည့်ပြီး
သူမက ခွက်ကိုယူကာ တစ်ခါတည်း အကုန်သောက်ချလိုက်တော့ပြင်းရှရှဝိုင်တွေက လည်ချောင်းထဲကနေဆင်းသွားပြီး အစာအိမ်
ထဲမှာပါ မီးတောက်သွားသလို ပူလာသည်။
ဒါပေမဲ့ ကောင်းတယ်..အနည်းဆုံး ခဏလောက်တော့ ရင်ထဲက အေးစက်နေတဲ့နာကျင်မှုကို ဖုံးကွယ်ပေးနိုင်တယ်မလားးး
"ဆရာမ လရိပ် အရမ်းမြန်မြန် မသောက်ပါနဲ့...အရမ်းမူးသွားလိမ့်မယ်"
စာရေးဆရာမအငယ်လေး စိုးရိမ်နေတဲ့အသံနဲ့ သတိပေးလာပေမဲ့ လရိပ် ပြုံးပြီး နောက်တစ်ခွက် ထပ်ငှဲ့လိုက်သည်။
ဒီတစ်ခါတော့ ချက်ချင်းမသောက်ဘဲ ခွက်ကို ဖြည်းဖြည်းလှုပ်ရင်း အလင်းရောင်အောက်မှာ ဝိုင်တွေလှုပ်ရှားနေတာကို ကြည့်နေမိသည်။
အဲ့အချိန် အနားက ထုတ်လုပ်သူက အသံလျှော့ပြီး သူမအနားကိုကပ်ကာ...
"ဒါက CEOလွှမ်း အရင်ထဲက မနန်းသစ္စာအတွက် ထားပေးထားတဲ့ဝိုင်လို့ ပြောတယ်..
ဒီနေ့ နန်းသစ္စာသာမပါလာရင် ဒီလိုအကောင်းစားဝိုင်ကိုတောင် ကျွန်တော်တို့ သောက်ခွင့်ရမှာမဟုတ်ဘူး.."
လရိပ် ဒီစကားကြောင့်ထပ်ပြုံးလိုက်မိသည်။
ဒီတစ်ခါတော့ အဲဒီအပြုံးတွေထဲမှာ အရွဲ့တိုက်မှုနဲ့ မတတ်နိုင်တော့တဲ့ အားလျော့မှု တွေ ပြည့်နေသည်။
ဒုတိယခွက်သောက်ပြီးနောက် သူမ ခေါင်းနည်းနည်းမူးလာပေမဲ့ တစ်ခွက်ပြီးတစ်ခွက်ဆက်သောက်နေမိသည်။
5ခွက်လောက် ရောက်တဲ့အချိန်မှာ တော့အခန်းထဲက လူအများစု ပြန်သွားကြပြီဖြစ်ကာ
ကျန်နေတဲ့လူအနည်းငယ်ကလည်းစု ထိုင်ပြီး ဇာတ်ညွှန်းအကြောင်း တိုးတိုးလေး ဆက်ပြောနေကြတာမို့ဘယ်သူမှ သူမဘယ်လောက်ထိသောက်ထားပြီးပြီလဲဆိုတာ မသိကြပေ။
သူမဘာတွေ တွေးနေတယ်ဆိုတာလည်း ဘယ်သူမှ မသိပေ။
လရိပ် ခွက်ထဲက ဝိုင်ကို ငေးကြည့်ရင်း အမြင်တွေဝေဝါးလာရကာအဲဒီဝိုင်ထဲမှာ လွှမ်းရဲ့ မျက်လုံးတွေ ကို မြင်နေရသလိုပင်။
တစ်ချိန်က သူမကြောင့်ပြန် တောက်ပလာခဲ့တဲ့အဲ့ဒီမျက်လုံးတွေကအခုတော့ တခြားမိန်းမတစ်ယောက်အတွက် နူးညံ့နေသည်။
လွန်ခဲ့တဲ့ငါးနှစ်က သူပြောခဲ့တာတွေကို သူမပြန်ကြားယောင်နေမိသည်။
"လရိပ် တစ်နေ့နေ့မှာ ကိုယ်ပြန်မြင်နိုင်လာရင် မင်းနဲ့လက်ထပ်မယ်"
အဲ့လိုပြောခဲ့တဲ့သူက ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ဘာအကြောင်းပြချက်မှ မပေးဘဲ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ချင်နေပြီ။
အချစ်ဆိုတာ ဒီဝိုင်ခွက်လိုပဲ ဖြစ်နေတာလား..
အရသာပြင်းပြီး မွှေးပေမယ့် နောက်ဆုံးတော့ ကုန်သွားရတာပဲ။
သူမအတွေးတွေက အတိတ်ထဲ နစ်မြုပ်နေမိသည်။သူမတို့အတူတူ မိုးရေထဲ လမ်းလျှောက်ခဲ့တာတွေ…
တစ်ယောက်ကိုတစ်ယောက် ဖက်ထားခဲ့တာတွေ…
သူမ နေမကောင်းတဲ့ညတွေမှာတစ်ညလုံး သူဘေးမှာ ထိုင်ပေးခဲ့တာတွေ…အခုတော့ အားလုံးက အိပ်မက်လို ဖြစ်သွားပြီ။
မျက်ရည်နဲ့သောက်ထားတဲ့ အရက်ရှိန်ကြောင့် သူမရဲ့အမြင်တွေ ဝေဝါးနေသည်။
လရိပ် ရုတ်တရက် တိုးတိုးလေးရယ်လိုက်မိကာရယ်နေရင်းနဲ့ မျက်ရည်တွေကတော့ တိတ်တိတ်လေး စီးကျလာသည်။
တချို့လူတွေကဘဝထဲကိုခဏ လာပြီး ပြန်ထွက်သွားကြသလို..တချို့ဇာတ်လမ်းတွေကလည်း ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပေ။
သူမက မီးလောင်မယ်ဆိုတာ သိသိနဲ့ မီးတောက်ထဲကို ပျံဝင်ခဲ့တဲ့ ပိုးဖလံတစ်ကောင်လို ချစ်ခဲ့မိတာ...
ဒါပေမဲ့ သူကတော့နောက်ဆုံး ပိုလုံခြုံတဲ့လမ်းကို ရွေးခဲ့တာပင်။မိသားစုရဲ့ အစီအစဉ်တွေ..သူနဲ့ အဆင့်အတန်း.. မိသားစုနောက်ခံ ကိုက်ညီတဲ့အချစ်ကို ရွေးခဲ့တာ...
တဖြေးဖြေးနဲ့ ဝိုင်ပုလင်းက အလွတ်ဖြစ်သွားခဲ့သည်။လရိပ်ဝိုင် ပုလင်း အလွတ်ကို ငေးကြည့်ရင်း..အဲဒါက အခုသူမရဲ့ နှလုံးသားနဲ့ တော်တော်တူနေတယ်လို့ ခံစားလိုက်ရသည်။
တစ်ချိန်က အချစ်တွေနဲ့ ပြည့်နေခဲ့တဲ့နေရာမှာ အခုတော့ ဗလာကျင်းမှု ပဲ ကျန်တော့သည်။
အဲဒီအချိန်မှာပဲသူမ ဖုန်းမျက်နှာပြင် လင်းလာကာမသိတဲ့နံပါတ်တစ်ခုက စာပို့လာတာမို့သူမဝင်ဖတ်ကြည့်လိုက်တော့....
"လရိပ်မြူ..လွှမ်းနဲ့ ငါအခု တတိယထပ်က လသာဆောင်မှာ ရှိနေတယ်.."
လရိပ် အဲဒီစာကို ကြည့်လိုက်တာနဲ့ဘယ်သူပို့တာလဲဆိုတာ တန်းသိလိုက်သည်။
နန်းသစ္စာပင်..သူမ မသွားချင်ဘူး..တကယ်ကို မသွားချင်ဘူး..တကယ်လို့သွားလိုက်ရင် ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်လိမ့်မယ်။
ဒါပေမဲ့ သူမခြေထောက်တွေကတော့ သူမစိတ်ကို သစ္စာဖောက်ကာတံခါးဘက်ကို ဦးတည်နေမိသည်။
သိချင်စိတ်တွေက တဖြည်းဖြည်းနဲ့တိုးလာခဲ့သည်။သူမ တကယ်သိချင်မိသည်အခုအချိန်မှာ လွှမ်း ဘာလုပ်နေမလဲ....နန်းသစ္စာနဲ့ ဘာတွေပြောနေမလဲဆိုတာ...
နောက်ဆုံးသူမ မထိန်းချုပ်နိုင်တော့ပဲ တတိယထပ်ကို တက်လာခဲ့လိုက်သည်။
ထောင်ချောက်မှန်း သိသိနဲ့ အထဲကို ခုန်ဝင်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်း မိုက်မဲတယ်ဆိုတာသိပေမဲ့ ခြေလှမ်းတွေကတော့ ရပ်တန့်လို့မရခဲ့ပေ။
နန်းသစ္စာသုံးတဲ့နည်းလမ်းတွေက ရိုးလွန်းပြီး သိသာလွန်းပေမဲ့တကယ်ကို ထိရောက်နေပုံရသည်။
လရိပ် ဓာတ်လှေကားထဲက ထွက်လိုက်တဲ့အခါ
ခံစားလိုက်ရတဲ့ အေးစက်တဲ့လေထုက အရက်ကြောင့် မျက်နှာတွေပူနေတာကို အနည်းငယ် ပြေလျော့သွားစေပေမဲ့ ရင်ထဲက ပူလောင်နေတဲ့မီးကိုတော့ မငြိမ်းနိုင်ပေ။
သူမ အံကို တင်းတင်းကြိတ်ပြီး ခြေလှမ်းတွေကို ပိုမြန်လိုက်ကာ ထိုနေကာကို အမြန်သွားလိုက်သည်။
အခန်းမှတ်ချက်များ (0)