လရိပ် မြို့ထဲကို ပြန်လာတဲ့ကားပေါ်မှာ ထိုင်ရင်း ကားပြတင်းပေါက်အပြင်က ကျန်ခဲ့တဲ့ ရှုခင်းတွေကို ငေးကြည့်နေမိသည်။
နန်းသစ္စာက သူမလက်ကောက်ဝတ်ကို ဆွဲလိုက်လို့ ဖြစ်လာတဲ့ နီရဲနေတာက အခုအရောင်ပြောင်းသွားပြီး အညိုအမည်းစွဲတဲ့ ဒဏ်ရာ
တွေ ဖြစ်လာသည်။
လရိပ် လက်ကောက်ဝတ်ကနည်းနည်းနာလာတာမို့ အဲဒီနေရာကို လက်နဲ့ ဖြည်းဖြည်းချင်းပွတ်နေမိသည်။
ကားမောင်းတဲ့ ဒရိုင်ဘာက အသက်အလယ်ပိုင်းလောက်ရှိပြီး တစ်လျှောက်လုံး ဘာမှမပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေတာမို့လရိပ်အတွက်ပိုအဆင်ပြေစေကာ သူမ စိတ်ကို ခဏလောက် အနားပေးထားလိုက်သည်။
သူမ အခန်းကို ပြန်ရောက်တဲ့အခါမှာတော့ အရာအားလုံးက တိတ်ဆိတ်နေကာတစ်အိမ်လုံးမှာနှင်းလုံးလေးရဲ့ လမ်းလျှောက်နေတဲ့ ခြေသံသေးသေးလေးပဲ သာထွက်ပေါ်နေသည်။
....
လွှမ်းက တော့ထုံးစံအတိုင်း သုံးရက်လောက်ကြာတာတောင်သူမဆီကို ဖုန်းလဲ မဆက် စာလဲမပို့ဘဲ အဆက်အသွယ်လုံးဝမလုပ်ပေ။
လေးရက်မြောက်နေ့ မနက်အစောပိုင်းမှာတော့ အယ်ဒီတာ အစ်မ ကသူမဆီ ဖုန်းဆက်လာသည်။
သူမရဲ့ဝတ္ထုကို ရင်းနှီးမဲ့သူက ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏကို တိုးပေးထားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ကျင်းပမယ့် ဇာတ်ညွှန်းဆွေးနွေးပွဲကို သူမကို တက်ရောက်စေချင်တယ်လို့ ပြောလာသည်။
အဲ့အချိန် လရိပ် ဖုန်းကိုကိုင်ထားရင်း စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးနေသည်။
ဒါက သူမရဲ့အလုပ်ဖြစ်လို့ ငြင်းလို့မရဘူးဆို ပေမဲ့ နန်းသစ္စာနဲ့ ထပ်တွေ့ရမယ် ဆိုတာကို တွေးမိတော့ သူမ အပြင်ပန်းမှာ တည်ငြိမ်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ပေ။
နောက်ဆုံး လရိပ်စိတ်လျှော့ချလိုက်ပြီးသူမက ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းကာ အပြာရင့်
ရောင်အင်္ကျီနဲ့ စတိုင်ပန့်တစ်ထည်သာ ပေါ့ပေါ့ပါးပါးရွေး ဝတ်လိုက်သည်။
ဆံပင်ကိုလည်း ရိုးရိုးရှင်းရှင်း အမြင့်စည်း စည်းထားလိုက်ကာသူမ မှန်ကြည့်လိုက်တော့
မှန်ထဲက သူမရဲ့ပုံစံက ရိုးရှင်းပြီး တည်ငြိမ်နေပေမယ့် သူမရဲ့စိတ်ထဲမှာ ဘယ်လောက်ရှုပ်ထွေးနေတယ်ဆိုတာတော့ သူမကလွဲပြီး ဘယ်သူမှမသိနိုင်လောက်ပေ။
......
လရိပ် အစည်းအဝေးခန်းထဲ ရောက်တော့အခန်းထဲမှာ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာတွေ ရောက်နေကြပြီဖြစ်သည်။
နန်းသစ္စာက ထိပ်ဆုံးနေရာမှာ ထိုင်နေပြီးသူမဝင်လာတာမြင်တော့ သူမကို ပြုံးပြလာတာကြောင့် လရိပ် လူမှုရေးအရ ပြန်ပြုံးပြလိုက်ရသည်။
အစည်းအဝေးက အစပိုင်းမှာ တော့အဆင်ပြေပြပြီးသွားခဲ့သည်။
သူမရဲ့ ဇာတ်လမ်းကို ဒါရိုက်တာက သဘောကျကာချီးကျူးသလို ဇာတ်လမ်းအပေါ် သူ့အမြင်နဲ့ ရိုက်ကူးမယ့်ပုံစံတွေကို ရှင်းပြလာသည်။
လရိပ်လည်း သူမရဲ့ အလုပ်ထဲမှာ သေချာစိတ်နစ်ပြီး ဒါရိုက်တာသိချင်တဲ့ မေးခွန်းတွေကို ကျွမ်းကျင်စွာ ပြန်ဖြေပေးသလိုလိုအပ်တဲ့နေရာတွေမှာလည်း သူမ အကြံပြုချက်တွေ ပေးကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သူမ တစ်လျှောက်လုံး နန်းသစ္စာဘက်ကိုတောင် လုံးဝ မကြည့်ခဲ့ပေ။
နန်းသစ္စာက စကားဝိုင်းကို အကြိမ်ကြိမ် အခြားအကြောင်းအရာလွှဲပြီး ပြောဖို့ ကြိုးစားလာပေမယ့် လရိပ် အမြဲရှောင်ပြီး စကားကို ဇာတ်ညွှန်းနဲ့ ပတ်သက်တာတွေပဲ ပြန်ရောက်အောင် ထိန်းထားနိုင်ခဲ့သည်။
အစည်းအဝေးနားချိန်ရောက်မှပဲ သူမ စိတ်အေးသွားတော့သည်။သူမ ပြီးသွားပြီလို့ထင်ခဲ့လိုက်ပေမဲ့ နန်းသစ္စာ ကအနားကို ရောက်လာကာ သူမကိုရှောင်လွှဲလို့မရအောင် တိုက်ရိုက်ပြောလာခဲ့သည်။
"မလရိပ်မြူ ခဏလောက် စကားပြောလို့ရမလား..."
နန်းသစ္စာ ရဲ့အပြုံးက ပုံမှန်လို့ထင်ရပေမဲ့ မျက်လုံးတွေကတော့ မသိမသာ အေးစက်နေသည်။
လရိပ် ခဏလောက်တွန့်ဆုတ်နေပြီးမှ သူမ
လူတွေအများကြီးရှေ့မှာ မလိုအပ်တဲ့ပြဿနာ
မဖြစ်ချင်တာမို့ ခေါင်းညိတ်လိုက်ကာ လက်ခံလိုက်သည်။
သူမ လက်ခံလိုက်တာနဲ့ နန်းသစ္စာက ရှေ့ကနေ အရင်ထွက်သွားတာမို့ လရိပ်လဲနောက်က နေလိုက်လာလိုက်သည်။
သူမတို့ နှစ်ယောက်လုံး အစည်းအဝေးခန်းဘေးက နားနေခန်းထဲကို ဝင်လိုက်ပြီးမှ နန်းသစ္စာက
တံခါးကိုလော့ချ လိုက်ပြီး သူမကို ကြည့်ကာ...
"မနေ့က ရေကန်ဘေးမှာ ဖြစ်ခဲ့တာကို စိတ်ထဲ
မထားပါနဲ့.."
သူ့အသံက နူးညံ့ပေမယ့် အနိုင်ရထားသူတစ်ယောက်ရဲ့ အပြုံးနဲ့ အထက်စီးဆန်မှုတွေက ထင်ရှားနေသည်။
လရိပ်လည်း အေးစက်စက်ပြန်ပြုံးပြလိုက်ပြီး...
"မနန်းသစ္စာက သရုပ်ဆောင်တာ တကယ်တော်တာပဲ..ရုပ်ရှင်မင်းသမီးသာဆို အကယ်ဒမီရလောက်တယ်...."
သူမတုံ့ပြန်လိုက်တဲ့စကားကိုကြားတော့ နန်းသစ္စာက ပိုပြီးပြုံးလာကာ...
"ဘဝဆိုတာ နေရာတိုင်းမှာ ဇာတ်ခုံတစ်ခုပဲ..
ဒါကြောင့်ဘယ်အချိန် ဘယ်လိုအခန်းကဏ္ဍကို သရုပ်ဆောင်ရမလဲဆိုတာ ကြိုသိ နေဖို့ပဲ အရေးကြီးတာ.."
ပြောရင်း သူက လရိပ်အနားကိုဖြည်းဖြည်းချင်းတိုးလာကာ အသံကိုလျှော့လိုက်ပြီးလှောင်ပြုံးလေးနဲ့....
"ဒီရက်ပိုင်း လွှမ်းက တို့ကို အရမ်းဂရုစိုက်နေတာတို့အတွက်လည်း အရမ်းစိတ်ပူနေတာ.."
လရိပ် ကတော့ နန်းသစ္စာစကားကို တုန်လှုပ်သွားတာစိတ်တိုသွားတာမျိုးအမူအရာမပြဘဲ အေးစက်စက်နဲ့ တုံ့ပြန် လိုက်သည်။
"မနန်းသစ္စာက တကယ်ကို အားနေတဲ့ပုံပဲ.. ကျွန်မကို ဒီလေးပြောဖို့ကိုတောင် ဒီလိုအစည်းအဝေးသေးသေးလေးကို ကိုယ်တိုင်
တက်တာဆိုတော့ကျွန်မအတွက်တော့ တကယ်ဂုဏ်ယူစရာပါပဲ..."
လရိပ်ပြောရင်း လက်သည်းတွေကို လက်ဖဝါးထဲစိုက်ဝင်လုမတတ် လက်သီးကို ကျစ်ကျစ်ပါအောင် ထပ်ဆုပ်လိုက်ပြီး...
"သူ့ရဲ့ အာရုံစိုက်မှုရဖို့ ရှင် ဘယ်လိုနည်းလမ်းပဲသုံးသုံး ကျွန်မဂရုမစိုက်ဘူး ..စိတ်လဲမဝင်စားဘူး ဒါပေမဲ့ ကျွန်မရဲ့အလုပ်ကိုတော့ အသုံးချပြီး ပြဿနာမရှာပါနဲ့.."
"ရှင်လို ပညာတတ် လုပ်ငန်းရှင်တစ်ယောက်က ပိုပြီး အလုပ်ကိစ္စနဲ့ လူမှုရေးကိစ္စကို မရောဘဲ လူကြီးလူကောင်းဆန်မယ်လို့ ယုံကြည်ပါတယ်"
နန်းသစ္စာက ရယ်သလိုပြုံးလိုက်ပြီး...
"စာရေးဆရာမပီပီ အရမ်းအကဲဆတ်တာပဲ စိတ်မပူပါနဲ့... ကျွန်မက ရှင့်အလုပ်ကို တကယ်သဘောကျတာပါ..."
"ဟုတ်ကဲ့ပါ အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ အခုလဲ ပြောစရာမရှိတော့ဘူးဆိုတော့ ကျွန်မကို အရင်သွားခွင့်ပြုပါအုံး.."
လရိပ်ပြေညပြီး လှည့်ထွက်ဖို့လုပ်လိုက်ပေမဲ့
နန်းသစ္စာက သူမလက်ကို လှမ်းဆွဲလိုက်ပြီး တားလိုက်ကာ...
"နေပါအုံး အလျင်မလိုပါနဲ့..တို့ နောက်ထပ် အရေးကြီးတာတစ်ခု ပြောစရာရှိသေးတယ်.."
လရိပ် နန်းသစ္စာကို စိုက်ကြည့်လိုက်ပြီး...
"ပြောစရာရှိတာအမြန်ပြောပါ...ကျွန်မအပြင်ပြန်ထွက်ချင်နေပြီမို့"
"ဟုတ်ပါပြီ..အခုလာမယ့်စနေနေ့က လွှမ်းအဖိုးရဲ့ အသက် ၈၀ ပြည့်မွေးနေ့ပဲ...အဲ့ဒီ မွေးနေ့ပွဲမှာ လွှမ်းနဲ့တို့ လက်ထပ်တော့မယ်ဆိုတာ အဖိုးက တရားဝင်ကြေညာပေးလိမ့်မယ်.."
လရိပ်ဒီစကားကိုကြားလိုက်ရချိန် ရှေ့တုန်းကလို စိတ်မတင်းထားနိုင်တော့ဘဲ သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားရသည်။
ထိုအခါမှ နန်းသစ္စာက သူမလိုချင်တာရသွားတဲ့ အနိုင်ရသူတစ်ယောက်လို ပြုံးလိုက်ကာ...
"တို့နှစ်မိသားစုရဲ့လက်ထပ်ပွဲက မွေးကတည်းက သတ်မှတ်ပြီးသားလေ..ကြားထဲက အချိန်တွေမှာ အဖြစ်အပျက်လေးတချို့ ဖြစ်ခဲ့တာပဲရှိတယ်..အဲ့တာနဲ့ပဲ လက်ထပ်ပွဲက ပျက်စီးမသွားနိုင်ဘူးလေ.."
"အရမ်းဝမ်းလည်းနည်းမနေပါနဲ့...ဒီနေ့က တစ်နေ့မှာတော့ ရောက်လာမယ်ဆိုတာ ကျွန်မတို့နှစ်ယောက်လုံး သိပြီးသားမလား..မလရိပ်မြူလဲ အစထဲက ပြင်ဆင်ထားပြီးသားမလား ဒီလိုအခြေအနေမျိုးကို.."
လရိပ် အဲဒီမိန်းမရဲ့ မုန်းစရာကောင်းတဲ့မျက်နှာကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ကြည့်လိုက်ပြီး အသံကို တုန်မသွားအောင်ထိန်းရင်း...
"လွှမ်းက တကယ်ပဲ ရှင်နဲ့ လက်ထပ်ဖို့ ရွေးချယ်ထားတယ်ဆိုရင် ကျွန်မ လက်လွှတ်ပေးမယ်.."
"တကယ်လား..."
နန်းသစ္စာက သူမ ဒီလိုအလွယ်တကူ အလျှော့ပေးမယ်လို့ မထင်ထားတဲ့ပုံပံပေ။
ကြည့်ရတာ သူမက တစ်ခုခုတော့သေချာပေါက်တုံ့ပြန်လိမ့်မယ်လို့ထင်ထားပုံပေအခုသူမရဲ့ တုံ့ပြန်လာတဲ့ပုံကိုကြည့်ပြီး မယုံသလို မျက်ခုံးပင့်လိုက်ကာ....
"မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာပြီး နောက်ဆုံး လွှမ်းရဲ့ အကာအကွယ်အောက်ကို ရောက်လာနိုင်ခဲ့တာကို တကယ်ပဲ လက်လွှတ်နိုင်ပါ့မလား"
လရိပ်ကတော့ သူမကိုယ်သူမ လိပ်ပြာလုံတာမို့..
"ကြည့်ရတာ မနန်းသစ္စာက တစ်ခုခုကို အထင်လွဲနေပုံပဲ ...ရှင်သိထားဖို့က ကျွန်မ
ကလွှမ်းနဲ့ တွဲခဲ့တဲ့တစ်လျှောက်လုံးသူ့ရဲ့
အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကို ဘယ်တုန်းကမှ
မမက်မောခဲ့သလို..စိတ်လဲမဝင်စားခဲ့ဘူး.."
"သူက တကယ်ပဲ ရှင်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ကျွန်မကရှင်တို့နှစ်ယောက်ကြား ဝင်ရှုပ်မှာမဟုတ်သလို..ငိုယိုပြီးလဲ မတားဘူး ပြီးတော့ မသမာတဲ့နည်းလမ်းတွေသုံးပြီးလည်း သူ့ကို ဆွဲထားဖို့စိတ်ကူးလဲမရှိဘူး.."
"ဒါက သူ့ရဲ့ရွေးချယ်မှုဆိုရင်… ကျွန်မ ရှင်တို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးမယ်.."
သူမစကားအဆုံး နန်းသစ္စာလင်းကမျက်နှာ အနည်းငယ်ပျက်သွားသည်။
သူက လရိပ်ဆီက ဒီလို တုံ့ပြန်မှုနဲ့အဖြေတွေကို
မကျေနပ်ဟန်နဲ့...
"ကိုယ့်ကိုယ်ကို စွန့်လွှတ်ပေးလိုက်တဲ့ပုံစံနဲ့ အရမ်းကိုမိမိုက်နေပြီလို့ ထင်နေတာလား.."
လရိပ်ပြုံးလိုက်ကာ ခေါင်းခါလိုက်ပြီး...
"ရှင်သိထားရမှာက ကျွန်မက ကိုယ့်ကိုယ်ကို စွန့်လွှတ်ပြီး အောက်ကျခံပြီး သူများဆီကသနားခံဖို့ စိတ်ကူးမရှိဘူး.. အချစ်ဆိုတာ
လူနှစ်ယောက်ကြားက ကိစ္စပါ..တစ်ဖက်ထဲကပဲအတင်းအကျပ် ချည်နှောင်ထားလို့မရဘူး.."
"အပြောတွေ စကားလုံးတွေကတော့ မိုက်နေတာပဲ ....လက်တွေ့တော့မသိဘူး.."
နန်းသစ္စာက အထင်အမြင်သေးမှုတွေ ပြည့်နှက် နေတဲ့အသံနဲ့ ပြောလာသည်။
"အဲဒီအချိန်ကိုရောက်လာရင်သာ ဒီနေ့ပြောခဲ့တာတွေကို မမေ့ပါနဲ့လို့ပဲ မျှော်လင့်ပါတယ်"
ပြောပြီး နန်းသစ္စာက လှောင်ပြုံးတစ်ချက်ပြုံးကာ လှည့် ထွက်သွားခဲ့သည်။
လရိပ်လဲ အများကြီးဘာမှထပ်မ တွေးနေတော့ဘဲ စိတ်တင်းကာ နန်းသစ္စာထွက်သွားပြီးတာနဲ့သူမပါ ထွက်လာခဲ့လိုက်သည်။
......
အစည်းအဝေးကဒုတိယပိုင်းပြန်စတော့ မွန်းလွဲပိုင်းအထိ ဆက်သွားသည်။လရိပ်လဲ စိတ်ထဲ အလုပ်ကိစ္စကလွဲပြီး ကျန်တဲ့ကိစ္စလုံးဝမတွေးမိအောင်ပင်အလုပ်မှာစိတ်နစ်ထားလိုက်သည်။
နောက်ဆုံးမှာ ဒါရိုက်တာက ဇာတ်ညွှန်းကို နောက်ဆုံးအကြိမ် ပြန်ပြင်ဆွေးနွေးပြီးမှ
ပွဲကပြီးသွားသည်။
"ကဲ...အားလုံး ပင်ပန်းသွားကြပါပြီ.."
နန်းသစ္စာက ပြီးတာနဲ့ ထလိုက်ပြီး....
"ဒီနေ့ဆွေးနွေးမှုက တကယ်အကျိုးရှိပါတယ် အကုန်လုံး ပင်ပန်းခဲ့ကြပြီဆိုတော့နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ ကြိုမှာထားပြီးပြီ..အားလုံး ညစာအတူစားစားပြီးမှပြန်ကြရအောင်လေ.."
လရိပ်တော့ စာအုပ်ကို ချက်ချင်းပိတ်လိုက်ပြီး စာရွက်တွေကို သိမ်းလိုက်ကာ...
"ကျွန်မတောင်းပန်ပါတယ်..ဒီနေ့နည်းနည်းနေမကောင်းလို့ အရင်ပြန်နှင့်လိုက်ပါမယ်ရှင့်.."
"ဆရာမ..လရိပ် မသွားလို့မရဘူးလေ..ရှင်က အဓိကဇာတ်ညွှန်းရေးသူပဲဟာကို.."
ထုတ်လုပ်သူ ဒါရိုက်တာက ပြောရင်း သူမလက်ကို ဆွဲတားလိုက်သလို..နောက်ထပ် အမျိုးသမီးစာရေးဆရာမလေးကလည်း....
"ဟုတ်တယ်၊ ဟုတ်တယ်...အမက ပုံမှန်ဆို အရမ်းတိတ်တိတ်နေတတ်တာကျွန်မတို့က အမဆီကနောက်ထပ်အများကြီး မေးပြီးစကားတွေပြောချင်သေးတာလိုက်ခဲ့ပါ.."
"ကျွန်မ တကယ်ခေါင်းကိုက်နေလို့ပါနောက်မှပေါ့.."
လရိပ် လွတ်အောင်ကြိုးစားလိုက်ပေမယ့် သူမကို အကုန်လုံးက ဝိုင်းထားနေကြသည်။
နန်းသစ္စာကအနီးနားမှာ ရပ်နေပြီး ပြုံးလိုက်ကာ...
" အားလုံးကလည်း ခေါ်နေကြတာဆိုတော့ ခဏလောက်ပဲဖြစ်ဖြစ် လိုက်ခဲ့လိုက်ပါ.."
နန်းသစ္စာ အသံက နူးညံ့ပေမယ့် မျက်လုံးတွေကတော့ အေးစက်နေကာ အနိုင်ရသူတစ်ယောက်လိုဆက်ပြောလာသည်။
"ဒီစားသောက်ဆိုင်က Sun လုပ်ငန်းစုက ပိုင်တဲ့ဆိုင်ပါ...ပြီးတော့ ဒီတစ်လောမှာလည်းနိုင်ငံခြားက စားဖိုမှူးတစ်ယောက်ကို အထူးဖိတ်ခေါ်ထားပြီး menuအသစ်တွေ ရောင်းချပေးနေတာမို့အကုန်လုံးကို စားစေချင်လို့ပါ..ဒီလိုကြုံဖို့ဆိုတာမလွယ်ဘူးမလား.."
နန်းသစ္စာ စကားကို ထုတ်လုပ်သူက အံ့အားသင့်သွားပြီး ...
"အာ… အခုတလောအရမ်းနာမည်ကြီးနေတာ အဲ့ဆိုင်က Sun group ကပိုင်တာလားကျွန်တော်တောင် အကြိမ်ကြိမ်ဘိုကင်တင်ခဲ့ပေမဲ့ အမြဲပြည့်နေလို့ မရဘူးဖြစ်နေတာ.."
လရိပ်ကတော့ နန်းသစ္စာရဲ့ အပြုံးကို ကြည့်ပြီး
စိတ်မသက်မသာခံစားလိုက်ရသည်။
Sun လုပ်ငန်းစုကပိုင်တဲ့နေရာတဲ့လား..ဒါဟာ နန်းသစ္စာက... သူမကို ဒီနေရာကို ဖိတ်တာဟာ လူတိုင်းရှေ့မှာ သူ့ရဲ့နေရာကို ပြသချင်လို့ပင်။
"လရိပ်ဘယ်လိုမှငြင်းမရတော့တာမို့ မသက်သာတဲ့အဆုံးလိုက်ခဲ့လိုက်ရသည်။
ကားလေးကမြို့လယ်ဘက်ကို တဖြေးဖြေးမောင်းလာခဲ့ကာလရိပ်ကတော့ အလုပ်က
အဖွဲ့နဲ့အတူ စီးလာပြီးကားထဲမှာ ထိုင်ကာ ပြတင်းပေါက်အပြင်ကန်မီးရောင်တွေကို
ငေးကြည့်နေမိသည်။
ဒီအခြေအနေဟာ သူမ ထောင်ချောက်တစ်ခုထဲကို ဝင်သွားနေမှန်း သိနေပေမဲ့ ရှောင်လွှဲလို့မရခဲ့ပေ။
သူမစီးလာတဲ့ ကားလေးက ဟိုတယ်ရှေ့က ကားရပ်နားရာနေရာမှာ ရပ်လိုက်ချိန် လရိပ်ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့
ဇိမ်ခံကားတွေက အစီအရီထိုးရပ်ထားကြသည်။
သူမကားပေါ်ကမဆင်းခင် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။
နန်းသစ္စာ ဒီနေရာ ကို ရွေးချယ်ခဲ့တာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာ သူမ သေချာ
သိနေတာမို့ ရင်ဆိုင်ဖို့သာ အကောင်းဆုံးပြင်ဆင်ထားလိုက်မိသည်။
အခန်းမှတ်ချက်များ (0)