လရိပ် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန် နေရောင်က စူးခနဲ ဖြစ်သွားတာမို့
လက်ကိုမြှောက်ပြီး မျက်လုံးကို ကာလိုက်
သည်။
သူမ နိုးနိုးချင်း ခေါင်းကလည်းပေါက် ကွဲထွက်မတတ်ကိုက်နေတာမို့အိပ်ရာချက်ချင်းမထသေးဘဲ ခေါင်းကို လက်နဲ့ ဖိလိုက်ရင်းမနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ပေမယ့် အဖြစ်အပျက်တွေကို ဝိုးတိုးဝါးတာသာ မှတ်မိသည်။
သံစဉ် ရဲ့ အကြံပေးစကားတွေ.. တစ်ခွက်ပြီးတစ်ခွက် သောက်ခဲ့တဲ့အရက်တွေ.. ပြီးတော့ မရပ်မနားမြည်နေတဲ့ ဖုန်းသံ…
ဖြည်းဖြည်းချင်းစဉ်းစားရင်းမှ မနေ့ညက သူမကို စားသောက်ဆိုင်ကနေ လွှမ်း ကိုယ်တိုင် ပြန်ခေါ်လာခဲ့တာကို မှတ်မိလာတာမို့ လွှမ်းပြန်ရောက်နေပြီမှန်းသိလိုက်သည်။
လရိပ် အိပ်ရာပေါ်ကနေ အားယူပြီး ထထိုင်လိုက်ပြီး သူမဝတ်ထားတဲ့ ဝတ်စုံကိုငုံ့ကြည့်မိတော့ မနေ့ကသူမ အပြင်ထွက်တုန်းက ဝတ်သွားတဲ့
အဝတ်အစား မဟုတ်တာမို့ တစ်ယောက်ထဲ
တွေးရင်းသူမရဲ့ပါးတွေက နီရဲလာရသည်။
လရိပ် ရှက်နေတဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုလည်းဝေ့ဝိုက်ကာ ကြည့်လိုက်ပေမယ့်လွှမ်းကို မတွေ့ပေ။
အဲဒီအချိန်မှာ နှင်းလုံးက အိပ်ရာပေါ်ကို ခုန်တက်လာပြီး သူမလက်ဖမိုးကို သူ့ကိုယ်လုံးနဲ့ ပွတ်လာတာမို့ လရိပ် သူ့ကိုချီပြီး အိပ်ခန်းထဲကနေထွက်လိုက်ကာ လွှမ်းကိုရှာလိုက်ပေမဲ့ ဧည့်ခန်းထဲမှာလည်း မရှိပေ။
အဲ့ဒီအစား စားပွဲပေါ်မှာ မနက်စာနဲ့အတူ စာတစ်စောင်ကို သေသေသပ်သပ် ချထားတာတွေ့လိုက်ရသည်။
လရိပ် စားပွဲနားကို လျှောက်သွားလိုက်ပြီး ပြင်ပေးထားတဲ့ မနက်စာကို ကြည့်လိုက်တော့
ဆန်ပြုတ်တစ်ပန်းကန်ရယ် သစ်သီးတွေကို
သေချာစိတ်ထည့်ထားတဲ့ပန်းကန်ရယ်
ပေါင်မုန့်မီးကင်ပန်းကန်ရယ်ကို သေသေချာချာ ပြင်ထားပေးပြီး...
ဆန်ပြုတ်ပန်းကန်ဘေးနားမှာတော့ စာရွက်လေးတစ်ရွက်ကို သေသေသပ်သပ် ခေါက်ကာတင်ထားသည်။
လရိပ် နှင်းလုံးလေးကို ချီထားရာကနေ အောက်ချလိုက်ပြီး စာရွက်ကို ယူကာဖွင့်လိုက်တာနဲ့
လွှမ်းရဲ့ သပ်ရပ်ရပ် ရေးထားတဲ့ လက်ရေးညီညီလေးတွေပေါ်လာသည်။
^ကိုယ်..ဒီမနက် အရေးပေါ်ကိစ္စတစ်ခု
ရှိလို့ အလုပ်ကို အစောထွက်သွားပြီ...
ဆန်ပြုတ်ကို နည်းနည်းပြန်နွှေးပြီး..
ပူပူနွေးနွေးစားလိုက်နော် ဗိုက်မဆာစေနဲ့...
ဆေးတွေကိုစားပွဲပေါ်မှာထားပေးခဲ့တယ်..အချိန်မှန်သောက်
တစ်ခုခုရှိရင် ကိုယ့်ကို ဖုန်းဆက်ပါ..^
လရိပ် ဖတ်ပြီး စာရွက်လေးကို ပြန်ခေါက်လိုက်အချိန်မှာပဲသူမ ဖုန်းမြည်လာမို့ ကောက်ကိုင်လိုက်တော့ သူမရဲ့အယ်ဒီတာ ဖြစ်နေသည်။
"ဟယ်လို..လရိပ်! သတင်းကောင်း! မင်းရဲ့..
'အိမ်ပြန်ခရီး' ဝတ္ထုဇာတ်လမ်းကို တီဗီဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ကမ်းလှမ်းလာတယ်! "
"ရင်းနှီးမြှုပ်နှံမဲ့ သူကလည်း ပိုက်ဆံအများကြီးထည့်ထားတယ်..အဲ့တာ ဒီနေ့မွန်းလွဲမှာ အဲ့ဟာနဲ့ပတ်သတ်ပြီး မိတ်ဆက်ပွဲရှိတယ်..မင်းမဖြစ်မနေ လာရမယ်နော်!"
ဖုန်းတစ်ဖက် ထွက်လာတဲ့ အယ်ဒီတာ အစ်မရဲ့ အသံက စိတ်လှုပ်ရှားနေပြီး ပျော်ရွင်နေပုံပေါ်ကာ အနည်းငယ် အဖျားခတ်တုန်ယင်နေသလို..
ရုတ်တရက် ကြားလိုက်ရတဲ့ သူမလည်း
အံ့သြသွားရသည်။
ဒီကိစ္စက အရမ်းရုတ်တရက် ဖြစ်လာတာကြောင့် သူမစိတ်ထဲမှာ အံဩဝမ်းသာသွားရသလို အဲ့အချိန် စိတ်ထဲမှာ ပထမဆုံးပေါ်လာတာကဒီသတင်းကို လွှမ်းကိုအရင်ဆုံး ပြောပြချင်တာပင်။
အဲ့ဒါကြောင့် သူမကို အယ်ဒီတာအမက မှာစရာရှိတာမှာပြီး ဖုန်းချသွားတာနဲ့ လွှမ်းကို ချက်ချင်းဖုန်းခေါ်လိုက်ပေမယ့် ဖုန်းထဲက မအားသေးကြောင်း အသိပေးချက်အသံ သာထွက်ပေါ်လာသည်။
တစ်ခါ…
နှစ်ခါ…
သုံးခါ…
နောက်ဆုံးတော့ အကြိမ်အတော်များများခေါ်ပြီးနောက်မှာ သူမ ဖုန်းကိုချလိုက်ပြီး လက်လျှော့လိုက်သည်။
သူမ ဆိုဖာ ပေါ်မှာထိုင်ရင်း စားပွဲပေါ်က ဖုန်းမျက်နှာပြင်ကို ငေးကြည့်နေမိကာ စိတ်ထဲမှာတော့ ပါတီပွဲနေ့က မြင်ခဲ့ရတဲ့မြင်ကွင်းက
သူမအတွေးထဲ ပြန်ပေါ်လာခဲ့သည်။
လွှမ်းက သူမဘက်ကို တစ်ချက်တောင် မလှည့်ကြည့်ဘဲ ထွက်သွားခဲ့ပြီးတော့ သူ့ဘေးမှာရပ်ကာ လက်တွဲထားတဲ့ နန်းသစ္စာ...........
လိုင်းမအားသေးတဲ့ ဖုန်းနဲ့ ထိုနေ့က ကိစ္စတွေကို ပြန်တွေးရင်း သူမရဲ့ ခုနက ပျော်ရွင်မှုတွေတောင် ဘယ်ရောက်သွားမှန်းမသိပေ။
နောက်ဆုံး လရိပ်သက်ပြင်းတစ်ချက်ချလိုက်ပြီး
အတွေးထဲကရုန်းထွက်လိုက်ကာ နေ့လည် ပွဲမှာ
ဝတ်ဖို့ သင့်တော်မဲ့ အဝတ်အစားရှာဖို့ သာပြင်လိုက်သည်။
အခန်းထဲက ဗီရိုတံခါး ဖွင့်လိုက်တာနဲ့ အထဲမှာ သူမတစ်ခါမှ မမြင်ဖူးတဲ့အဝတ်အစားတွေပါရောက်နေတာမို့လွှမ်း အဝတ်အစားအသစ်တွေထပ်ဝယ်လာပြန်ပြီထင်သည်။
ဗီရိုထဲက အဝတ်တိုင်းက အရမ်းလှပပြီးအရည်အသွေးကလည်း အလွန်ကောင်းသည်။
လရိပ် သေချာအချိန် ပေးပြီး အဆင်ပြေဆုံး
ဖြစ်မဲ့တစ်ထည်ကိုရွေးလိုက်သည်။
~~~~~~~
'အိမ်ပြန်ခရီး'စာအုပ်ကို တီဗီဇာတ်လမ်းတွဲ ရိုက်ကူးဖို့ကိစ္စနဲ့ပတ်သတ်တဲ့ ပွဲကို အင်ပါယာ Hotel ရဲ့ အပေါ်ဆုံးထပ်မှာ လုပ်မှာမို့ သူမ နေ့လည်3နာရီအမှီ ဟိုတယ်ကို ထွက်ခဲ့လိုက်သည်။
လရိပ် အရိုးရှင်းဆုံး ဖြစ်တဲ့ အဝါ ရောင်ဖျော့ဖျော့ ဝတ်စုံကို ရွေးဝတ်လာခဲ့သည်။
သူမက အထဲကို မဝင်ခင် ဝင်ပေါက်မှာ
ခဏရပ်ပြီး စိတ်လှုပ်ရှား နေတာကို အနည်းငယ်သက်သာစေဖို့ အသက်ပြင်းပြင်းရှူလိုက်ကာ
ကိုယ့်ကိုယ်ကို အားပေးရင်းမျက်နှာပေါ်မှာ အပြုံးတစ်ခု ဖန်တီးလိုက်ပြီးမှ အထဲကိုဝင်ခဲ့လိုက်သည်။
သူမ အထဲရောက်တော့ လူတိုင်းက သူ့အဖွဲ့နဲ့သူ
စကားပြောနေကြသည်။လရိပ်လည်း မျက်လုံးကို ဘေးဘယ်ညာကြည့်ရင်း အယ်ဒီတာအမကိုသာ အရင်လိုက်ရှာလိုက်သည်။
"လရိပ်.."
အဲ့အချိန် အယ်ဒီတာအစ်မ သူမကို မြင်သွားပုံရပြီး လက်လှမ်းပြကာခေါ်လာသည်။
"လရိပ်..ဒီကိုမြန်မြန်လာ.. ရင်းနှီးမြှုပ်နှံသူတွေနဲ့ မိတ်ဆက်ပေးမယ်.."
လရိပ်လည်းပြုံးလိုက်ပြီး အယ်ဒီတာ အစ်မစကားပြော နေတဲ့ ဝိုင်းဘက်ကို ဖြည်းဖြည်းလေး လျှောက်သွားလိုက်သည်။
"ဒါက ဒီဝတ္ထုရဲ့ မူရင်းစာရေးဆရာမ လရိပ်မြူပါ.."
အစ်မက စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလာသလို လရိပ်လဲ အစ်မ မိတ်ဆက်ပေးတဲ့သူကိုနှုတ်ဆက်ဖို့ကြည့်လိုက်တော့...
နန်းသစ္စာ..သူမက အပြာရင့်ရောင် ဂါဝန်အရှည်ကို ဝတ်ထားပြီး ရင်းနှီးမြှုပ်နှံသူကိုယ်စားလှယ်အဖြစ် ရပ်နေသည်။
လရိပ် အဝေးက လှမ်းကြည့်ချိန်က နန်းသစ္စာက
လူအုပ်ကြားထဲမှာမို့ သေချာမမြင်ရဘဲ အခုမှသာ သူမဖြစ်နေမှန်းသိလိုက်ရတာဖြစ်သည်။
လရိပ်ရဲ့ အံဩ သွားတဲ့ ပုံကို သူမက ခဏစိုက်ကြည့်လာပြီးမှ မျက်နှာမှာ ယဉ်ကျေးသိမ်မွေ့တဲ့အပြုံးပြုံးလာပြီး...
"တို့..မင်းအကြောင်း ကြားဖူးတာကြာပြီ..
ရေးသားကောင်းပြီး ဝတ္ထုတွေကလည်း
အရမ်းကောင်းတယ်ဆိုတဲ့အကြောင်းကိုလေ.."
"တွေ့ရတာဝမ်းသာပါတယ်နော်..မလရိပ်မြူ"
ပြောပြီး နန်းသစ္စာက လက်ကမ်းပေးလာသည်။
သူမရဲ့ချီးကျူးစကားသံထဲမှာ အထက်စီးဆန်တဲ့ အသံကပေါ်လွင်နေသည်။
လရိပ် စိတ်ထဲမပါဘဲ လူမှုရေးအရသာ သူမလက်ကို ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်ကာ...
"ကျွန်မရဲ့အလုပ်ကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် မနန်းသစ္စာ..."
သူမပြောလိုက်တော့ နန်းသစ္စာက ပိုပြုံးလိုက်ပြီး..
"ရပါတယ်..ဒီပရောဂျက်က အလားအလာအရမ်းကောင်းတယ်..အောင်မြင်ဖို့ မျှော်လင့်ပါတယ်.."
အဲဒီအချိန် ကင်မရာဖလက်ရှ်တွေ တောက်ပလာကာ
"ကင်မရာဘက်ကို ကြည့်ပေးပါ... နည်းနည်းပို
နီးနီးကပ်ကပ် ရပ်ပေးပါ.."
ဓာတ်ပုံဆရာကပြောလာတာမို့ လရိပ်ဟာ
နန်းသစ္စာနဲ့ ဘေးချင်းယှဉ်ရပ်ပြီး ဓာတ်ပုံရိုက်
ရတဲ့အခြေအနေ ဖြစ်သွားသည်။
ဓာတ်ပုံရိုက် နေရင်း နန်းသစ္စာက သူမကြားရရုံ အသံတိုးတိုးလေးနဲ့ ....
"ဒါနဲ့ လရိပ်မြူက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတယ်လို့ ကြားတယ်နော် အဲဒီလိုနောက်ခံမရှိဘဲ
ဒီလိုမျိုးနေရာရဖို့ဆိုတာ မလွယ်ဘူးနော်.
တော်လိုက်တာ"
လရိပ် နန်းသစ္စာ ရဲ့စကားကြောင့် မျက်နှာပေါ်က အပြုံးတွေတောင့်ခဲသွားပြီးမှ....
"မနန်းသစ္စာက အရမ်းချီးကျူးလွန်းနေပါပြီ.."
သူမ အသံကိုမနည်း တည်ငြိမ်အောင် ထိန်းပြီး ပြန်ပြောလိုက်သည်။
"ဒါနဲ့ လွှမ်းက မင်းကို အရမ်းဂရုစိုက်တယ်လို့လည်း ကြားတယ် သူက အမြဲတမ်း အရမ်းဂရုစိုက်တတ်တာပဲ..အထူးသဖြင့် အကူအညီလိုအပ်တဲ့လူတွေကိုဆိုသနားပြီး ပိုဂရုစိုက်
တတ်တယ်.."
နန်းသစ္စာရဲ့ အဲ့ဒီစကားဟာ ဘာကိုဆိုလိုချင်တာလဲဆိုတာ လရိပ် နားလည်ပေမဲ့ သူမ ပြန်လဲမပြောနိုင်တာမို့ ဘာမှမပြောဘဲသာနေလိုက်သည်။
ဓာတ်ပုံရိုက်ပြီးတာနဲ့ လရိပ် နန်းသစ္စာနားကနေ ချက်ချင်း ထွက်လာပြီး ရှန်ပိန်တစ်ခွက်ယူကာ လူရှင်းတဲ့ထောင့်တစ်နေရာမှာ သွားရပ်လိုက်ပြီးမှ အသက်ကိုဝဝရှူချလိုက်သည်။
သူမရဲ့ မွန်းကြပ်နေတဲ့စိတိတွေအနည်းငယ်ရှင်းသွားမှ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့.
လွှမ်းဆီက ဖုန်းဝင်ထားတဲ့ missed call တွေကို မြင်လိုက်ရသည်။
သူမ ပြန်ခေါ်လိုက်ရမလားလို့ ခဏတုံ့ဆိုင်းနေလိုက်ပြီးနောက်ဆုံးပြန်မခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
လရိပ် ဖုန်းကိုပိတ်ချလိုက်ကာ ရှန်ပိန်ခွက်ကိုဖြည်းဖြည်းချင်းသောက်ရင်း ခန်းမထောင့်မှာ မှာသာ တစ်ယောက်ထဲ ရပ်နေလိုက်ရင်း ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်လိုက်မိသည်။
ဒီလို ခမ်းနားလှတဲ့ ဒီနေရာမှာ..သူမကတော့ အဲဒီပတ်ဝန်းကျင်နဲ့ မရောနှောနိုင်တဲ့ အစက်လေးတစ်စက်လို ဖြစ်နေသည်။
သူမနဲ့ ခြေလှမ်းဆယ်လှမ်းလောက်အကွာမှာ နန်းသစ္စာ နဲ့လူအနည်းငယ်တို့စကားပြောနေကြပြီးသူမနဲ့သူတို့ရဲ့ ရယ်မောသံတွေက နားထဲကို ထင်ရှားစွာ ဝင်လာသည်။
နန်းသစ္စာက စကားပြောတဲ့အခါ တည်ငြိမ်သလို
သူမရဲ့ လှုပ်ရှားပုံတိုင်းက ချမ်းသာပြီး အထက်တန်းလွှာပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတစ်ယောက်မှန်း ပေါ်လွင်စေသည်။
အခုလဲ သူမက ခေါင်းကိုအနည်းငယ်ငုံ့ပြီး
လူတွေရဲ့ချီးကျူးမှုကို ယဉ်ယဉ်ကျေးကျေး လက်ခံနေသည်။
သူမရဲ့ ပုံစံက အရမ်းမာနကြီးတဲ့ပုံလည်း မပေါ်သလိုကိုယ့်ကိုယ်ကို နှိမ့်ချလွန်းတဲ့ပုံလည်း မဖြစ်နေပဲ လုံးဝကို ပြည့်စုံလွန်းနေသည်။
လရိပ် လက်ထဲက ခွက်ကို ပိုပြီးတင်းတင်းဆုပ်ထားလိုက်မိသည်။
အခုအချိန် ခဏလေးမှာပင် သူမ ရုတ်တရက် နားလည်သွားတာကသူမနဲ့ နန်းသစ္စာကြားက ကွာခြားချက်ဟာ မွေးဖွားလာတဲ့မိသားစုနဲ့ နောက်ခံအခြေအနေတင် မဟုတ်ပဲ....
သူမတို့ရဲ့ အကျင့်စရိုက်၊ အနေအထိုင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု တွေမှာပါ ကွာခြားနေတာပင်။
အဆင်ပြေချမ်းသာတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့သူတွေရဲ့ သဘာဝအတိုင်းရှိ
နေတဲ့ ယုံကြည်မှုနဲ့ တည်ငြိမ်မှုတွေက...သူမဘယ်လောက်ပဲ ကြိုးစားကြိုးစားလုပ်ယူလို့
မရတဲ့အရာတွေပင်။
တစ်ချိန်ကတော့ သူမ မိုက်မိုက်မဲမဲ ယုံကြည်ခဲ့တာကအချစ်ဆိုတာအားလုံး တန်းတူညီမျှရှိသလို..လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ထက် တခြားအရာတွေက အရေးမကြီးဘူးလို့ ထင်ခဲ့သည်။
ဒါပေမယ့် အခုတော့ သူမ နားလည်လိုက်ပြီ အရင်က စီးပွားရေးလောကက လူတွေ သူမကိုကြည့်တဲ့အခါ အဓိပ္ပာယ်မဲ့တဲ့အပြုံးလေးတွေ
နဲ့ ကြည့်ခဲ့တာ ဘာကြောင့်လဲဆိုတာ..
သူတို့က သူမကို အိမ်မွေးငှက်လေးတစ်ကောင်ကို ကြည့်သလို ကြည့်ခဲ့ကြတာပဲ..
လရိပ်တွေးရင်း နန်းသစ္စာကိုသာ ကိုသာ
ငေးကြည့်နေမိသည်။
စကားပြောရင်း ပေါ်လာတဲ့ ရုတ်တရက်အပြုံးလေးကပင် အပြစ်အနာအဆာမရှိအောင် ပြည့်စုံလွန်းနေသည်။
' လိုက်ဖက်တဲ့စုံတွဲ' ဆိုတာ ဒီလိုမျိုးကိုပြောတာဖြစ်လောက်မည်။
ကြည့်လိုက်တာနဲ့ကို ကောင်းကင်က ဖန်တီးပေးထားတဲ့ ဖူးစာဖက်မှန်း သိသာလွန်းအောင်လိုက်ဖက်နေတာမျိုးပင်။
သူမ နဲ့တော့ မဟုတ်သလို..ဘယ်တော့မှလည်း သူမ ဖြစ်လာနိုင်မှာမဟုတ်လောက်ပေ။
နှစ်တွေကြာလာတော့ သူမဟာ ကိုယ့်ကိုယ်ကို တိုးတက်လာပြီလို့ ထင်ခဲ့ဖူးသည်။
ဝိုင်အမျိုးအစားတွေကို ဘယ်လိုမြည်းရမလဲဆိုတာ သင်ယူခဲ့သလို..ဓားနဲ့ခက်ရင်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာလည်း သင်ယူခဲ
သည်။
ညစာစားပွဲတွေမှာ အဆင်မပြေတဲ့အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တွေကိုပါ သင်ယူခဲ့ပေမယ့်...
သူမရဲ့ အဲ့ဒီကြိုးစားမှုတွေအားလုံးဟာ နန်းသစ္စာလို သူမျိုးနဲ့ ယှဉ်တော့ ရယ်စရာကောင်းလောက်အောင် အချည်းနှီးဖြစ်နေသည်။
လရိပ် ကိုယ့်လက်တွေကို ငုံ့ကြည့်လိုက်မိသည်။
လက်တွေကအနည်းငယ်ကြမ်းနေပြီလက်သည်းတွေကိုလည်း ရိုးရိုးရှင်းရှင်းပဲအတိ ညှပ်ထားသည်။ဘာအလှဆင်မှုမှလည်း မရှိပေ။
ဒီလက်တွေဟာ ဆင်းရဲတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ လက်တွေ...
အပေါ်ကိုတက်နိုင်ဖို့ ကိုယ့်ဘာသာ အစွမ်းကုန်ကြိုးစားခဲ့ရပေမယ့် လက်တွေမှာတော့မြေကြီးနံ့ မပျောက်သေးတဲ့သူတစ်ယောက်ရဲ့ လက်တွေ....
လရိပ် အဲဒီလက်တွေကို ငေးကြည့်ရင်း စိတ်ထဲမှာ တိတ်တိတ်လေး ရေရွတ်လိုက်မိတာက..
"ငါ… ကိုယ့်နေရာကိုယ် သိသင့်ခဲ့တာပေါ့.."
အခန်းမှတ်ချက်များ (0)