Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၉)

မနက်ခင်းနေရောင်ခြည်က မီးဖိုချောင်ပြတင်းပေါက်မှတဆင့် ဖြာကျနေသည်။

စံအိမ် ညက တစ်ညလုံး ငိုထားရသဖြင့် မျက်ခွံလေးများက မို့ နေကာ ပန်းရောင်သန်းနေသော နှုတ်ခမ်းပါးလေးက တင်းတင်းစေ့ထား‌၏။

"ဒုန်း... ဒုန်း "

လှေကားမှ ဆင်းလာသော ခြေသံကြားသည်နှင့် စံအိမ့် ကိုယ်လေး တောင့်ခနဲ ဖြစ်သွားသော်လည်း လှည့်မကြည့်ပဲ ကော်ဖီခွက်ကို ဆက်ဖျော်နေလိုက်သည်။

"ဂွပ်..."

ကော်ဖီခွက်ကို စားပွဲပေါ်သို့ အနည်းငယ် ဆောင့်ချလိုက်သံကြောင့် သခင် မော့ကြည့်လိုက်လျှင် စံအိမ်က မျက်နှာကို တစ်ဖက်လွှဲထားပြီး မနက်စာပန်းကန်များကို ချပေးနေကာ သူ့အား လုံးဝ အဖက်မလုပ်။

"စံအိမ်..."

သခင် ခေါ်လိုက်သော်လည်း စံအိမ်က မကြားချင်ယောင်ဆောင်ကာ မီးဖိုချောင်ဘေစင်ဘက်သို့ လှည့်ထွက်သွားရန် ပြင်လိုက်တာကြောင့် သခင် မျက်မှောင်ကြုတ်လိုက်ကာ ...

"ငါ ခေါ်နေတယ်လေ "

သခင်က စိတ်မရှည်စွာဖြင့် ထိုင်ရာမှ ထလိုက်ပြီး စံအိမ့်လက်ကောက်ဝတ်ကို လှမ်းဆွဲကာ သူ့ဘက်သို့ အတင်း လှည့်စေလိုက်သည်။

"လွှတ်..."

စံအိမ်က ရုန်းလိုက်ပြီး မျက်နှာကို ငုံ့ထားလျှင် ...

"မင်း ငါ့ကို စိတ်ကောက်နေတာလား"

အနည်းငယ်ရယ်သံစွက်နေတဲ့ အသံနှင့် မေးလိုက်၏။

ညက ကိစ္စကြောင့် သူ့ကို တော်တော်တင်းနေမှာ သိတာ‌ေပါ့။

"ကျွန်မမှာ စိတ်ကောက်ခွင့် ရှိလို့လား ... အဆင့်မြင့် အိမ်ဖော်တစ်ယောက်က သခင့်ကို စိတ်ကောက်ရဲပါ့မလား"

စံအိမ်က ခေါင်းကို မော့ကာ သခင့်မျက်လုံးကို စူးစူးရဲရဲ ပြန်ကြည့်ရင်း ရွဲ့ပြောလိုက်လျှင် ထိုပုံစံလေးက သခင့်ရင်ကို ဒိန်းခနဲ လှုပ်ခါသွားစေ၏။

"အာ... မင်းက စကားတတ်လာပြီပဲ ... မနေ့ညက ငါ တခြားမိန်းမတစ်ယောက်ကို နမ်းတာ မြင်ပြီး မင်း သဝန်တိုနေတာလား"

သခင်က စံအိမ့်ခါးကို ဆွဲယူလိုက်ပြီး မီးဖိုချောင် ကောင်တာ နှင့် သူ့ကြားတွင် ဖိပိတ်ထားလိုက်သည်။ စံအိမ် နောက်သို့ ဆုတ်စရာ နေရာမရှိတော့ သခင့် ရင်ခွင်ကျယ်ကြီးအောက်တွင် သူမ ကိုယ်လုံးလေးက ညပ်သွားတော့၏။

"သ... သဝန်မတိုပါဘူး ... ရှင် ကြိုက်တဲ့မိန်းမကို ကြိုက်သလို နမ်း... ကျွန်မ ဂရုမစိုက်ဘူး"

စံအိမ်က နှုတ်ခမ်းကို ကိုက်ကာ မျက်နှာလွှဲရင်း ငြင်းလိုက်လျှင် သခင် သူမ မေးဖျားလေးကို လက်ညှိုးနှင့် ဆွဲမော့လိုက်ကာ သူ့မျက်နှာနှင့် တစ်တန်းတည်း ဖြစ်အောင် လုပ်လိုက်သည်။

"တကယ်လား... ဂရုမစိုက်ဘူးဆိုရင် ဘာလို့ မျက်ရည်ဝဲနေတာလဲ"

သခင့်လေသံက တိုးညင်းပြီး ဆွဲဆောင်မှုရှိလွန်းနေကာ သူက

စံအိမ့် နှုတ်ခမ်းပါးလေးကို စိုက်ကြည့်နေပြီး ညက ရေမွှေးနံ့ပြင်းပြင်းတွေနှင့် မတူဘဲ စံအိမ့်ထံမှ သင်းပျံ့သော ဆပ်ပြာနံ့သင်းသင်းလေးက သူ့စိတ်ကို ဖမ်းစားနေပြန်သည်။

"ဖယ်... ဖယ်ပါ... ကျွန်မ အလုပ်လုပ်ရဦးမယ်"

စံအိမ် ရင်တွေ တဒိန်းဒိန်း ခုန်လာကာ သခင့် မျက်နှာက နီးကပ်လွန်းသဖြင့် သူ့ဝင်သက်ထွက်သက်နွေးနွေးက သူမ ပါးပြင်ကို လာရိုက်ခတ်နေ၏။ သခင်က မဖယ်ပေးသည့်အပြင် သူမဘေးတစ်ဖက်တစ်ချက်ရှိ ကောင်တာပေါ်သို့ လက်ထောက်လိုက်ပြီး သူမကို အုပ်မိုးထားလိုက်ကာ ...

"မင်းက အိမ်ဖော်ဆို... အိမ်ဖော်အလုပ်က သခင် ခိုင်းတာ လုပ်ပေးရမှာလေ။ ငါ အခု မနက်စာ မစားချင်သေးဘူး... အချိုပွဲ အရင်စားချင်နေတယ်"

"ရှင်... ဘာ... ဘာပြောတာလဲ..."

စံအိမ် မျက်လုံးလေး ပြူးသွားကာ အလန့်တကြားအော်လိုက်လျှင် သခင်က နှုတ်ခမ်းစွန်းကို ကွေးညွှတ်လိုက်ပြီး စံအိမ့် နားရွက်နားသို့ ကပ်ကာ လေသံတိုးတိုးဖြင့်...

"မနေ့ညက ဟိုမိန်းမကို ငါနမ်းတုန်းက မင်း သဝန်တိုနေတာမလား။ မင်းကိုလည်း အဲ့ဒီလို နမ်းပေးရမလား..."

"ရှင်... လူယုတ်မာ... ဖယ်..."

စံအိမ် ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲသွားပြီး သခင့်ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။ သို့သော် သခင်ကိုယ်လုံးကြီးက နည်းနည်းမျှ မရွေ့။သူက စံအိမ့် နှုတ်ခမ်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ငုံ့ဆင်းလာလျှင်

စံအိမ် မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။

ရင်ခုန်သံတွေ ဗြောင်းဆန်နေကာ သူ့နှုတ်ခမ်းက သူမနှုတ်ခမ်းနှင့် ထိလုနီးပါး ဖြစ်သွားပြီးမှ ရပ်တန့်သွား၏။

သူ သးမကို နမ်းချင်နေမိသည်။ သူမကို မုန်းရမည့်အစား ဒီနှုတ်ခမ်းလေးကို တပ်မက်နေမိသည့် သူ့စိတ်ကို သူ ဒေါသထွက်သွားရပြန်သည်။

"ရွှတ်..."

သခင်က စံအိမ့် နဖူးကို သူ့နှုတ်ခမ်းဖြင့် ခပ်ပြင်းပြင်းလေး ဖိကပ်နမ်းလိုက်ပြီး ချက်ချင်း ခွာလိုက်ကာ ...

"မှတ်ထား စံအိမ်... မင်းက ငါ့အရုပ်ပဲ ... ငါ စိတ်ပါမှ ကစားမယ်။ မင်းဘက်က စိတ်ကောက်ခွင့် သဝန်တိုခွင့် မရှိဘူး"

သခင်က ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားပြီး ထမင်းစားပွဲတွင် ဝင်ထိုင်ကာ ကော်ဖီကို မသောက်ဘဲ တစ်ချိုက်တည်း မော့ချလိုက်သည်။

စံအိမ်မှာတော့ မီးဖိုချောင် ကောင်တာကို မှီလျက်သား ရင်ဘတ်ကို ဖိရင်း ကျန်ရစ်ခဲ့ကာ သူမ နဖူးပေါ်တွင် ကျန်ရစ်ခဲ့သော သခင့် အနမ်းနွေးနွေးရဲ့ အထိအတွေ့က ဒေါသများကို အရည်ပျော်စေပြီး ရင်ခုန်သံစည်းချက်များက ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြီ ဖြစ်သည်။

______________

Royal Lotus ကုမ္ပဏီ၏ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ။

သခင်က စံအိမ့်ကို အိမ်သို့ စောစောပြန်ခေါ်လာပြီး အလှပြင်ဆိုင်မှ ဝန်ထမ်းများကို အိမ်အရောက်ခေါ်၍ ပြင်ဆင်ခိုင်းလေသည်။

"ဟင် "

အလှပြင်ပြီးသည်နှင့် သခင်က စံအိမ့်ရှေ့သို့ ဝတ်စုံတစ်စုံ ချပေးလာကာ ချပေးလာသည့် ဝတ်စုံက အနက်ရောင် ကတ္တီပါ ရင်ပြတ်ဂါဝန်ရှည်ကြီး။ ကျောပြင်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်နေပြီး ခါးအထက်နားထိ ခွဲထားသော ဒီဇိုင်းက အရမ်းဆက်စီကျလွန်းလှသည်။

"သခင်... ဒီဝတ်စုံက အရမ်းဟိုက်လွန်းနေတယ်... စံအိမ် မဝတ်ရဲ..."

"မင်းမှာ ငြင်းခွင့်မရှိဘူး ...ဝတ်ဆို ဝတ်လိုက်"

သခင် အမိန့်ပေးသံမာမာဖြင့် ပြောလိုက်သော်လည်း မျက်လုံးများကတော့ မိတ်ကပ်လိမ်းခြယ်ထားပြီး လှရက်လွန်းနေသော

စံအိမ့်မျက်နှာလေးထံမှ မခွာနိုင်အောင် ဖြစ်နေရသည်။

စံအိမ် သူပေးတဲ့ ဝတ်စုံကို လဲပြီး အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် သခင်က မှန်တင်ခုံရှေ့၌ ရပ်စောင့်နေရာ သူမကို မြင်လိုက်သည်နှင့် သခင့်မျက်ဝန်းများ အရောင်လက်သွားတော့သည်။

ဖြူဝင်း နေသော အသားအရေနှင့် တစ်ကိုယ်လုံးပြစ်ချက်မရှိတဲ့အလှတရားက ယောက်ျားသားတိုင်းကို ဖမ်းစားနိုင်စွမ်း ရှိနေ၏။

"လှည့်လိုက်..."

သခင်က လေသံတိုးတိုးဖြင့် ပြောလျှင် စံအိမ် ကျောပေးလိုက်၏။

ဂါဝန် ဇစ်က ခါးလယ်လောက်အထိသာ ရှိပြီး ကျန်တဲ့ ကျောပြင်တစ်ခုလုံးက ဖွေးဥနေအောင် ပေါ်နေကာ သခင်က စံအိမ့်အနောက်နားသို့ တဖြည်းဖြည်း တိုးကပ်လာလေသည်။

သူ့လက်ချောင်းအေးအေးလေးများက စံအိမ့် ကျောပြင်သားအိအိလေးကို မတော်တဆလိုလိုနှင့် ထိတွေ့သွားရာ စံအိမ် တွန့်ခနဲ ဖြစ်သွားပြီး ကြက်သီးမွေးညင်းများ ထသွားရသည်။

"သ... သခင်..."

"ငြိမ်ငြိမ်နေ..."

သခင့်အသံက အက်ရှရှ။ သခင် စံအိမ့် ကျောပြင်ပေါ်သို့ လက်ဖဝါးဖြင့် ဖွဖွလေး ပွတ်ဆွဲလိုက်ပြီးမှ ဂါဝန်ဇစ်ကို ဖြည်းဖြည်းချင်း ဆွဲတင်ပေးလိုက်သည်။ ဇစ်ဆွဲတင်လိုက်တိုင်း သူ့လက်ချောင်းများက သူမ ကျောရိုးတလျှောက် ထိတွေ့သွားသည်မှာ ရည်ရွယ်ချက်ရှိရှိပင်။

သူမ နားရွက်ဖျားလေးနားသို့ သခင့် နှုတ်ခမ်းများ ရောက်ရှိလာပြီး...

"ဒီည မင်း သိပ်လှနေတယ် စံအိမ်... ငါ့စိတ်တွေ မထိန်းနိုင်လောက်အောင်ပဲ..."

သခင့်စကားကြောင့် စံအိမ် ရင်ထဲ ဒိန်းခနဲ။

ကြောက်လန့်မှုအစား ထူးဆန်းသော ရင်ခုန်သံတစ်ခုက နေရာယူလာပြန်၏။

_______________

ဧည့်ခံပွဲခန်းမကြီးထဲတွင် မီးရောင်စုံများဖြင့် စည်ကားနေကာ

သခင်က စံအိမ့်ခါးကို တင်းတင်းဖက်ထားပြီး ဧည့်သည်များနှင့် မိတ်ဆက်ပေးနေသည်။ ယောက်ျားသားအများစု၏ အကြည့်က စံအိမ့်ထံသို့ ရောက်နေကြသည်ကို သခင် သတိထားမိ၏။

အထူးသဖြင့် စံအိမ့်ရဲ့ ဖွေးဥနေသော ကျောပြင်နှင့် လှပသော ခန္ဓာကိုယ်အချိုးအစားကို မက်မက်မောမော ကြည့်နေကြခြင်းပင်ဖြစ်သည်။

"CEO နေမင်းသခင်... ခင်ဗျား အမျိုးသမီးက တကယ့် နတ်သမီးလေးပဲဗျာ..."

စီးပွားရေးမိတ်ဖက် သူဌေးကြီးတစ်ဦးက စံအိမ့်လက်ကို လှမ်းဆွဲပြီး နှုတ်ဆက်ရန် ပြင်လိုက်ကာ ထိုလူရဲ့ လက်က စံအိမ့် လက်ဖမိုးကို ကိုင်ရုံမကဘဲ လက်မောင်းသားလေးကိုပါ ပွတ်သပ်လိုက်သလို ဖြစ်သွားလျှင်စံအိမ် လန့်ပြီး လက်ကို ရုတ်လိုက်မိသည်။

"အို..."

ထိုစဉ်မှာပင် သခင့်လက်တစ်ဖက်က စံအိမ့်ပခုံးကို ဆွဲဖက်လိုက်ပြီး ထိုသူဌေးကြီးရှေ့သို့ ကိုယ်ကို အနည်းငယ် ကွယ်လိုက်ကာ...

"ကျေးဇူးပါပဲ ဦးမောင်မောင်... ဒါပေမယ့် ကျွန်တော့်မိန်းမက

ရှက်တတ်လို့ လက်ဆွဲနှုတ်ဆက်တာ သိပ်မကြိုက်ဘူးဗျ"

သခင့်အသံက ယဉ်ကျေးသလိုလိုနှင့် မာထန်နေကာ မျက်လုံးများကလည်း ထိုလူကို စားမတတ် ဝါးမတတ် ကြည့်နေ၏။

"လာ... စံအိမ်... ဟိုဘက်သွားရအောင်"

သခင်က စံအိမ့်ကို လူအုပ်ကြားထဲမှ ဆွဲထုတ်ပြီး လူရှင်းသော လသာဆောင် ဘက်သို့ ခေါ်သွားကာ စံအိမ့် လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသော သခင့်လက်များက တုန်ယင်နေလေသည်။

"သခင်... နာတယ်... ဘာဖြစ်လို့လဲ"

လသာဆောင်အရောက်တွင် သခင်က စံအိမ့်ကို နံရံဘက်သို့ တွန်းကပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သူမကို ဖိပိတ်ထားလိုက်သည်။

"မင်း ငါ့ကို ပြော... မင်း ဘာလို့ အဲ့ဒီလူကို ပြုံးပြတာလဲ"

"ဟင်... ကျွန်မ မပြုံးပါဘူး... သူက နှုတ်ဆက်လို့..."

"မင်းရဲ့ အဲ့ဒီ အပြစ်ကင်းချင်ယောင်ဆောင်နေတဲ့ မျက်နှာကို ငါမုန်းတယ် ...တခြားကောင်တွေ မင်းကို ကြည့်နေတာလည်း ငါမုန်းတယ် မင်းအသားကို သူများထိတာလည်း ငါမုန်းတယ်"

သခင် အော်ဟစ်လိုက်ရင်း စံအိမ့် မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။

"သခင်... ရှင်... ရှင် မူးနေပြီလား"

စံအိမ် ကြောက်လန့်တကြား မေးလိုက်သော်လည်း သခင့်မျက်လုံးများက သူမ နှုတ်ခမ်းပါးလေးဆီသို့ ရောက်နေ၏။

"ဟုတ်တယ်... ငါမူးနေပြီ။ မင်းကြောင့် ငါရူးတော့မယ် စံအိမ်..."

ပြောပြောဆိုဆိုနှင့် သခင် သူမ နှုတ်ခမ်းများကို အငမ်းမရ ဖိကပ်နမ်းရှိုက်လိုက်သည်။ ဒီတစ်ခါ အနမ်းက အရင်ကလို ကြမ်းတမ်းနေတာမျိုးမဟုတ် နူးနူးညံ့ညံ့နှင့် ပြင်းပြသော အနမ်းမျိုး။

"အွန်း..."

စံအိမ် ရုန်းကန်ရန် ပြင်လိုက်သော်လည်း သခင့်လက်တစ်ဖက်က သူမ ခါးသိမ်သိမ်လေးကို ဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲသို့ အတင်းသွင်းထားကာ ကျန်လက်တစ်ဖက်က သူမ ဆံနွယ်များထဲသို့ သွင်းပြီးမျက်နှာလေးကို မော့စေလေသည်။

သူ့နှုတ်ခမ်းများက သူမနှုတ်ခမ်းလွှာများကို ညင်ညင်သာသာ စုပ်ယူလိုက် ခပ်ကြမ်းကြမ်း ဖိကပ်လိုက်ဖြင့် စည်းချက်ညီညီ လှုပ်ရှားနေကယ စံအိမ့် နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ခုန်လှုပ်

နေရသည်။ သူ့အနမ်းတွေအောက်မှာ သူမ ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျချင်သလို ဖြစ်လာ၏။

အတန်ကြာမှ သခင်က နှုတ်ခမ်းကို ခွာလိုက်ကာ နှစ်ယောက်စလုံး အသက်ရှူသံများ ပြင်းနေကြပြီး သခင်က စံအိမ့် နဖူးကို သူ့နဖူးဖြင့် ထိကပ်ထားရင်း မျက်လုံးချင်း စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ အပြုံး၊ မင်းရဲ့ အကြည့်၊ မင်းရဲ့ ခန္ဓာကိုယ်... အကုန်လုံးက ငါတစ်ယောက်တည်း ပိုင်တာ။ နောက်တစ်ခါ တခြားကောင်ကို ပြုံးပြရင် အဲ့ဒီကောင်ရော မင်းရော အသေပဲ"

သခင့်လေသံက မာထန်နေသော်လည်း သူ့လက်မက စံအိမ့် နှုတ်ခမ်းလေးကို ဖွဖွလေး ပွတ်သပ်ပေးနေ၏။ စံအိမ်တော့ ဘာမှ ပြန်မပြောနိုင်ပဲ သခင့် ရင်ခွင်ထဲတွင် သူမ ရင်ခုန်သံများကို ထိန်းချုပ်ဖို့ ကြိုးစားနေရသည်။

"ပြန်မယ်..."

သခင်က သူ့ကုတ်အင်္ကျီကို ချွတ်ပြီး စံအိမ့် ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ကာ သူမ ပခုံးကို ဖက်ပြီး ပါတီမှ ပြန်ထွက်လာခဲ့၏။

ကားပေါ်ရောက်သည်အထိ စံအိမ့် လက်ကို မလွှတ်ဘဲ တင်းတင်းဆုပ်ကိုင်ထားလေသည်။

အပိုင်း (၁၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၈) နောက်အခန်း - အပိုင်း (၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ